၂၀၂၃ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ “တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတို့ရှိ ငလျင်ဒဏ်ခံစားနေကြရသောပြည်သူများထံသို့အမျိုးသားညီညွတ်ရေးအစိုးရ ဝမ်းနည်းကြောင်း သဝဏ်လွှာ”ပေးပို့
📌 ၂။ အာဏာရှင်စနစ်နဲ့မဟာလူမျိုးကြီးဝါဒကြောင့် တိုင်းရင်းသားပြည်သူ လူထုအကြား ပျက်ယွင်းခဲ့တဲ့ ယုံကြည်မှုကို တည်ဆောက်ယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ယာယီသမ္မတ ပြောကြား
📌 ၃။ အီတလီနိုင်ငံ၊ ရောမမြို့မှာ ပင်လုံစာချုပ် ချုပ်ဆိုခြင်း အထိမ်းအမှတ်နေ့ တွေ့ဆုံပွဲကိုပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်မယ်
📌 ၄။ စစ်အာဏာရှင်အောက်တွင် မြန်မာ ကလေးငယ်များ၏ အနာဂတ်သည် မရေမရာရှိနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆို
📌 ၅။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးဝန်ကြီးဌာန နှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
📌 ၆။ အမျိုးသမီး ၂,၇၇၈ ဦးကို ဖမ်းဆီးထားတယ်လို့ မြန်မာ့ အမျိုးသမီး သမဂ္ဂက ထုတ်ပြန်
📌 ၇။ မြင်းခြံမြို့မှ ထွက်ခွာလာသောစကစတပ်များလိုက်ပါလာတဲ့ အိမ်စီးကားတစ်စီးကိုမိုင်းခွဲတိုက်ခိုက်
📌 ၈။ ဖလံကိုင်းမှ ပြန်လာသော စကစတပ်ထောက်ပို့ယာဥ်တန်းကို မြိုင်မြို့နယ်ကိုင်းတောမ လမ်းပိုင်းတနေရာတွင် သစ်ပင်ပေါ် မိုင်းများချိတ်ဆွဲ၍ ဖောက်ခွဲတိုက်ခိုက်ရာ စကစဘက်က၁၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
📌 ၉။ မိုးဗြဲမြို့နယ်တွင် စကစတပ်နဲ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ ခမရ (၄၂၂) တပ်မှ ပစ်ခတ်သော လက်နက်ကြီးပစ်ကူကျည်ဆန် ၄င်းတို့လူအချင်းချင်း ပြန်လည်ထိမှန်၍ စကစတပ်ကငါးဦးသေဆုံး
📌 ၁၀။ CDM လှုပ်ရှားမှု ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအ နား CDM တစ်ထောင်ကျော်တက်ရောက်
📌 ၁၁။ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာအတွင်း တပ်စွဲထားသော စကစတပ်များရှိရာကို ဒရုန်းနဲ့တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ “တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတို့ရှိ ငလျင်ဒဏ်ခံစားနေကြရသောပြည်သူများထံသို့အမျိုးသားညီညွတ်ရေးအစိုးရ ဝမ်းနည်းကြောင်း သဝဏ်လွှာ”ပေးပို့
ဖေဖော်ဝါရီ ၈ ရက်
“တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတို့ရှိ ငလျင်ဒဏ်ခံစားနေကြရသောပြည်သူများထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝမ်းနည်းကြောင်း သဝဏ်လွှာ”ပေးပို့ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ “တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတို့ရှိ ငလျင်ဒဏ်ခံစားနေကြရသောပြည်သူများထံသို့ ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာ”ကို ဖော်ပြခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့၌ တူရကီနိုင်ငံ Gaziantep ပြည်နယ်ရှိ Nurdagi အရှေ့ဘက် ၂၃ ကီလိုမီတာအကွာ၊ အနက် ၂၄.၁ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်သွားသော ပြင်းအား ၇.၈ အဆင့်ရှိသည့် ငလျင်သည် တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းဒေသများသို့ သက်ရောက်မှုရှိခဲ့ပြီး အဆိုပါ ငလျင်ဒဏ်ကြောင့် ပြည်သူ ၈,၀၀၀ နီးပါး သေဆုံးခဲ့ရကာ၊ ၄၀,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံ ထောင်ပေါင်းများစွာလည်း ပြိုကျပျက်စီး ဆုံးရှုံးခဲ့သည်ဟု သိရှိရပါတယ်လို့ဆိုပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူများအားလုံး၏ ကျန်ရစ်သူမိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ဒဏ်ရာရရှိသူများလည်း အမြန်ဆုံးပြန်လည်သက်သာကောင်းမွန်လာစေရေး မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးနှင့် အတူ ဆုတောင်းမေတ္တာပို့သပေးလျက်ရှိပါကြောင်း သိစေလိုပါတယ်လို့ဖော်ပြပါတယ်။
နောက်ဆက်တွဲငလျင်များဖြစ်ပေါ်လာနိုင်ချေကြောင့် အသက်အန္တရာယ်ရှိနေသည့်ကြားကပင် မိမိတို့၏ အသက်ကိုမငဲ့ကွက်ပဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ပေးနေကြသော လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ အချင်းချင်း အပြန်အလှန် ကူညီဖေးမခြင်း အားဖြင့် သဘာဝဘေးရန်ကို ညီညွတ်စွာ အံတုရင်ဆိုင်နေကြသော ပြည်သူများ၊ အခက်အခဲများစွာကြားကပင် စနစ်ကျသော ဦးဆောင်မှုဖြင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မှုပေးနေသော တူရကီနှင့် ဆီရီးယားနိုင်ငံမှ တာဝန်ရှိသူများ နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အချိန်မဆိုင်းပဲ ပေးပို့ကူညီကြသော နိုင်ငံတကာအဖွဲ့အစည်းများအားလုံးကို လေးစားဂုဏ်ယူစွာဖြင့် ကျေးဇူးတင် ရှိအပ်ပါတယ်။
တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံရှိ ပြည်သူများအားလုံး လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော သဘာဝ ဘေးအန္တရာယ်၏ ဖိစီးမှုများကို အမြန်ဆုံးအောင်မြင်ကျော်လွှားနိုင်ကြပါစေကြောင်းနှင့် နောက်နောင်တွင်လဲ သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်၊ လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာကိုပေးပို့အပ်ပါတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြပါတယ်။
========================
📌📌 ၂။ အာဏာရှင်စနစ်နဲ့မဟာလူမျိုးကြီးဝါဒကြောင့် တိုင်းရင်းသားပြည်သူ လူထုအကြား ပျက်ယွင်းခဲ့တဲ့ ယုံကြည်မှုကို တည်ဆောက်ယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ယာယီသမ္မတ ပြောကြား
ဖေဖော်ဝါရီ ၈
အာဏာရှင်စနစ်နဲ့မဟာလူမျိုးကြီးဝါဒကြောင့် တိုင်းရင်းသားပြည်သူ လူထုအကြား ပျက်ယွင်းခဲ့တဲ့ ယုံကြည်မှုကို တည်ဆောက်ယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီလအတွင်းကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတကပြောပါတယ်။
"အာဏာရှင်စနစ်နဲ့မဟာလူမျိုးကြီးဝါဒကြောင့် တိုင်းရင်းသားပြည်သူ လူထုအကြား ပျက်ယွင်းခဲ့တဲ့ ယုံကြည်မှုကို အခုအချိန်မှာ တည်ဆောက်ယူဖို့ အချိန်အခါကောင်း တရပ်ဖြစ်ပြီး အာဏာရှင်စနစ်နှင့် အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်ဖယ်ရှားဖို့ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး တိုင်းရင်းသားပြည်သူလူထုရဲ့ လိုလားမှုကို အလေးထားလျက် ညီညွတ်မှုရှိကာ ကျွန်တော်တို့အကြား ချိတ်ဆက်ဆောင်ရွက်မှုကို ပြသဖို့ အချိန်ကျရောက်နေပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးမှာ KNU၊KIAအပာအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ရေး၊နိူင်ငံရေးများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၃။ အီတလီနိုင်ငံ၊ ရောမမြို့မှာ ပင်လုံစာချုပ် ချုပ်ဆိုခြင်း အထိမ်းအမှတ်နေ့ တွေ့ဆုံပွဲကိုပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်မယ်
ဖေဖော်ဝါရီ ၈
အီတလီနိုင်ငံ၊ ရောမမြို့မှာ ပင်လုံစာချုပ် ချုပ်ဆိုခြင်း အထိမ်းအမှတ်နေ့ တွေ့ဆုံပွဲကိုပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်မယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ Myanmar Community in Italyက အသိပေးဖော်ပြပါတယ်။
"ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ တနင်္ဂနွေနေ့၊ အီတလီနိုင်ငံ၊ ရောမမြို့မှာ ပင်လုံစာချုပ် ချုပ်ဆိုခြင်း အထိမ်းအမှတ်နေ့ တွေ့ဆုံပွဲကို.ကျင်းပသွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်ကာ မိန့်ခွန်းပြောကြားပြီး အီတလီရောက်မြန်မာများနှင့် ရင်းနှီးခင်မင်စွာ တွေ့ဆုံသွားမှာဖြစ်တယ်"လို့ဖော်ပြပါတယ်။
ဒါ့အပြင် တက်ရောက်လာသူများ၏ မေးခွန်းများကိုလည်းဝန်ကြီးက ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။ တွေ့ဆုံပွဲသို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် အီတလီရောက် မြန်မာများအနေဖြင့် မေးမြန်းလိုသည့် မေးခွန်းများကို ရေးသားပေးပို့ထား နိုင်တယ်လို့ Myanmar Community in Italyကဆိုပါတယ်။
========================
📌📌 ၄။ စစ်အာဏာရှင်အောက်တွင် မြန်မာ ကလေးငယ်များ၏ အနာဂတ်သည် မရေမရာရှိနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆို
ဖေဖော်ဝါရီ ၈
စစ်အာဏာရှင်အောက်တွင် မြန်မာ ကလေးငယ်များ၏ အနာဂတ်သည် မရေမရာရှိနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။ ဖေဖော်ဝါရီ ၇ ရက် နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၃ ခုနှစ်အတွက် UNICEF Executive Board ၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကဆိုပါတယ်။
"စစ်တပ်အနေဖြင့် မကြာသေးမီကာလအတွင်းကပင် မြို့နယ် (၃၇) ခုကျော်တွင် Martial Law ထုတ်ပြန်ခဲ့ရာ လိုအပ်သူများထံ ထောက်ပံ့ကူညီမှုအစီအစဉ်များ ရောက်ရှိရေးမှာ ပိုမိုကန့်သတ်တားဆီး ခံရနိုင်ချေရှိကြောင်း၊ ထို့အတူ စစ်တပ်အနေဖြင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်လုပ်ရပ်များကို ပိုမိုဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိသောကြောင့် ကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်ချက်မှာလည်း မြင့်တက်နေမည်သာဖြစ်ကြောင်း၊ စစ်အာဏာရှင်အောက်တွင် မြန်မာ ကလေးငယ်များ၏ အနာဂတ်သည် မရေမရာရှိနေပြီးစစ်အာဏာရှင် ချုပ်ငြိမ်းမှသာ ဤမရေမရာ ရှိမှုများမှ ကာကွယ်ပေးနိုင်မည်ဖြစ်၍ မိမိတို့ ကြိုးပမ်းအားထုတ်များကို တက်နိုင်သည့်ဘက်မှ အားလုံးဝိုင်းဝန်းကူညီရန် မေတ္တာရပ်ခံပါကြောင်း"သံအမတ်ကြီးကဆိုပါတယ်။
လက်ရှိမှာကလေးငယ်များအပါအဝင် မြန်မာနိုင်ငံရှိ လူဦးရေ ၁.၅ သန်းကျော်ဟာ မိမိတို့ရဲ့ နေအိမ် အသိုက်အဝန်းတွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ယူနီဆတ်မြန်မာကထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးဝန်ကြီးဌာန နှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
ဖေဖော်ဝါရီလ ၈ ရက်
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးဝန်ကြီးဌာန နှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ ဖေဖော်ဝါရီ ၈ ရက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးဝန်ကြီးဌာန နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကိုကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုဝန်ကြီး Ja Htoi Pan၊ ဧရာဝတီတိုင်းဒေကြီးလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ ပညာရေးနဲ့စပ်လျဥ်း၍ ဆွေးနွေးခဲ့ကြပြီးတွေ့ဆုံဆွေးနွေးပွဲအား နေ့လည် (၁၃: ၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါတယ်။
========================
📌📌 ၆။ အမျိုးသမီး ၂,၇၇၈ ဦးကို ဖမ်းဆီးထားတယ်လို့ မြန်မာ့ အမျိုးသမီး သမဂ္ဂက ထုတ်ပြန်
ဖေဖော်ဝါရီ ၈ ရက်
အမျိုးသမီး ၂,၇၇၈ ဦးကို ဖမ်းဆီးထားတယ်လို့ မြန်မာ့ အမျိုးသမီး သမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့သတင်းထုတ်ပြန်ချက်အရတော်လှန်ရေးကာလ ၂ နှစ်အတွင်းမှာစကစကအမျိုးသမီး ၂,၇၇၈ ဦးကို ဖမ်းဆီးထားတယ်လို့ မြန်မာ့ အမျိုးသမီး သမဂ္ဂက ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂,၇၇၈ ဦးထဲမှာ ရန်ကုန်မြို့က ၇၅၈ ဦးနဲ့ အများဆုံး ဖြစ်ပြီးတော့ ဒုတိယအများဆုံး အဖမ်းခံရတဲ့ မန္တလေးမြို့က ၃၉၃ ဦးနဲ့ တတိယ အများဆုံး အဖမ်းခံရတဲ့ စစ်ကိုင်းတိုင်းက ၃၃၇ ဦး အထိ ရှိခဲ့တယ်လို့ဖော်ပြပါတယ်။ ဒါ့အပြင်မတရား ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးတွေထဲက ၂၀၀ ကျော်ဟာ သာမာန် အရပ်သူတွေ ဖြစ်တယ်ဆိုတာကိုလည်း မြန်မာ့ အမျိုးသမီး သမဂ္ဂက ဖော်ပြထား ပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေထဲမှာ ပညာရေးဌာနက ၃၆၅ ဦး၊ ပါတီနိုင်ငံရေး လုပ်သူနဲ့ တက်ကြွ လှုပ်ရှားသူ ၉၂ ဦး၊ ကျန်းမာရေး ကဏ္ဍက ၅၁ ဦးနဲ့ အနုပညာရှင်၊ မီဒီယာ၊ NGO၊ တရားစီရင်ရေး ကဏ္ဍ၊ လွှတ်တော်ကိုယ်စားလှယ်တွေထဲက ၁၀ ဦး ပါရှိတယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၇။ မြင်းခြံမြို့မှ ထွက်ခွာလာသောစကစတပ်များလိုက်ပါလာတဲ့ အိမ်စီးကားတစ်စီးကိုမိုင်းခွဲတိုက်ခိုက်
မြင်းခြံမြို့မှ ထွက်ခွာလာသောစကစတပ်များလိုက်ပါလာတဲ့ အိမ်စီးကားတစ်စီးကိုမိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စစ်ရေးသတင်းကို ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ ကအတည်ပြုဆိုပါတယ်။
"ဖေဖော်ဝါရီ ၇ ရက်ညနေ ၅ နာရီ ၃၀ အချိန် မြင်းခြံမြို့မှ ထွက်ခွာလာသော အိမ်စီးကားတစ်စီးဟာစကစတပ်များတင်ဆောင်လာသည်ကို သတင်းအရ မြင်းခြံ-နဘူးအိုင်လမ်းပိုင်းတစ်နေရာတွင်ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ မှ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ မိုင်းပေါက်ကွဲ၍စကစတပ်များဘက်မှ အသေအပျောက်ရှိနိုင်သော်လည်း အရေအတွက်အတိအကျကိုစုံစမ်းနေဆဲဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၈။ ဖလံကိုင်းမှ ပြန်လာသော စကစတပ်ထောက်ပို့ယာဥ်တန်းကို မြိုင်မြို့နယ်ကိုင်းတောမ လမ်းပိုင်းတနေရာတွင် သစ်ပင်ပေါ် မိုင်းများချိတ်ဆွဲ၍ ဖောက်ခွဲတိုက်ခိုက်ရာ စကစဘက်က၁၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
ဖလံကိုင်းမှ ပြန်လာသော စကစတပ်ထောက်ပို့ယာဥ်တန်းကို မြိုင်မြို့နယ်ကိုင်းတောမ လမ်းပိုင်းတနေရာတွင် သစ်ပင်ပေါ် မိုင်းများချိတ်ဆွဲ၍ ဖောက်ခွဲတိုက်ခိုက်ရာ စကစဘက်က၁၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဖေဖော်ဝါရီ ၈ ရက် မနက် ၈ နာရီခွဲအချိန်မှာ မဟာမိတ်များနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ မြိုင် ပကဖကအတည်ပြုဆိုပါတယ်။
"ဖေဖော်ဝါရီ ၈ရက် မနက် ၈နာရီခွဲအချိန့်ခန့်တွင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ရင်း၁ ၊ တပ်ခွဲ(၁) ၊ တပ်ခွဲ(၄)-စက်ြာ ၊ မုန်တိုင်းတပ်ဖွဲ့နှင့်MUGDFတပ်ဖွဲ့တို့ ပူပေါင်း၍ ဖလံကိုင်းမှ ပြန်လာသော စကစတပ်ထောက်ပို့ကားတန်းကို သစ်ပင်ပေါ်တွင် အသင့်ထောင်ထားသော လခြမ်းမိုင်း ၆ လုံးဖြင့် Well2 ကိုင်းတောမ လမ်းပိုင်းတနေရာတွင် တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
မိုင်းများပေါက်ကွဲ၍ကားတန်း၏ ရှေ့ဆုံး FAWကားအတွင်းသို့ ကွက်တိဝင်ရောက်ပေါက်ကွဲခဲ့ကာ ၎င်း ကားပေါ်တွင် စကစတပ်ကအယောက် ၂၀ခန့် လိုက်ပါလာကြောင်းသိရပါတယ်။ မိုင်းထိ၍ စကစတပ်ကအနည်းဆုံး ၁၃ ဦးခန့်ပြင်းထန်ဒဏ်ရာရရှိကြောင်း သတင်းရရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၉။ မိုးဗြဲမြို့နယ်တွင် စကစတပ်နဲ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ ခမရ (၄၂၂) တပ်မှ ပစ်ခတ်သော လက်နက်ကြီးပစ်ကူကျည်ဆန် ၄င်းတို့လူအချင်းချင်း ပြန်လည်ထိမှန်၍ စကစတပ်ကငါးဦးသေဆုံး
မိုးဗြဲမြို့နယ်တွင် စကစတပ်နဲ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ ခမရ (၄၂၂) တပ်မှ ပစ်ခတ်သော လက်နက်ကြီးပစ်ကူကျည်ဆန် ၄င်းတို့လူအချင်းချင်း ပြန်လည်ထိမှန်၍ စကစတပ်ကငါးဦးသေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်မှာ စစ်ရေးသတင်းကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ ၁၀၀၁ တပ်ရင်းကအသိပေးဆိုပါတယ်။
"ဖေဖော်ဝါရီ (၈) ရက်အကြမ်းဖက်စစ်ကောင်စီတပ်များသည် မိုးဗြဲမြို့သို့ တင့်ကား (၁) စီးအပါအဝင် စစ်အင်အားအမြောက်အများ ဖြည့်တင်းလျှက်ရှိပါတယ်။ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ KNDF B-03 နှင့် လွိုင်ကော် PDF တို့ပူးပေါင်းပြီးနံနက် (၉း၀၀) နာရီမှ ညနေ (၄း၃၀) နာရီအထိတိုက်ပွဲပြင်းထန်ခဲ့ပါသည်။တိုက်ပွဲတွင် ဖယ်ခုံစကစတပ်၊ မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်၊ ဝှါရီဆူးပလိုင်တွင်တပ်စွဲထားသော စကစတပ်များမှ လက်နက်ကြီးများပစ်ကူခဲ့ရာ စကစမှ ပစ်ကူသော တာဝေးပစ်လက်နက်ကြီးများအနက် (၃) လုံးသည် စကစများတပ်စွဲရာ စက်တော်ရာတောင်ပေါ်ကို တ-ည့်မစွာကျရောက်ပေါက်ကွဲခဲ့တယ်"လို့ဆိုပါတယ်။
စကစတပ်ကလက်နက်ကြီးပစ်ကူကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ အနည်းဆုံး (၅) ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းကို မြေပြင်သတင်းအရ အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၁၀။ CDM လှုပ်ရှားမှု ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအ နား CDM တစ်ထောင်ကျော်တက်ရောက်
ဖေဖော်ဝါရီ ၈ ရက်
CDM လှုပ်ရှားမှု ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအ နား CDMတစ်ထောင်ကျော်တက်ရောက်ခဲ့ပါတယ်။ ဖေဖော်ဝါ ရီလ ၈ ရက် (ဗုဒ္ဓဟူးနေ့)မှာ ကျရောက်တဲ့ CDM လှုပ်ရှားမှု ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအ နားကို zoom meeting နဲ့ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
"အကုန်CDM တွေချည်းပဲတက်ကြတာ zoomတစ်ခုက လူတစ်ထောင်ပြည့်သွားတယ်။နောက်တစ်ခုက သုံးရာဆိုတော့တစ်ထောင်ကျော်ပေါ့။ CDM တွေအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောသွားတာတွေကတော့အားရစရာတွေပါ"လို့အခမ်းအနားတက်ရောက်တဲ့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
အခမ်းအနားကို PSSTF က ဦးဆောင်ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဒေါ်ဖြူဖြူသင်းနှင့် အနုပညာရှင်များ၊ CDMဝန်ထမ်းများတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၁၁။ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာအတွင်း တပ်စွဲထားသော စကစတပ်များရှိရာကို ဒရုန်းနဲ့တိုက်ခိုက်
ဖေဖော်ဝါရီ ၈ ရက်
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာအတွင်း တပ်စွဲထားသော စကစတပ်များရှိရာကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၈ ရက် သစ်ကျင်းကြီးကျေးရွာအတွင်း တပ်စွဲထားသောစကစတပ်များကို တိုက်ခိုက်ခဲ့တယ်လို့ သပြေညိုပြောက်ကျားတပ်ဖွဲ့ ကဆိုပါတယ်။
"ဖေဖော်ဝါရီ၈ရက် သစ်ကျင်းကြီးကျေးရွာအတွင်း တပ်စွဲထားသော စကစတပ်များရှိရာ ခိုအောင်းနေကျဖြစ်သော လှိုင်ဂူ/အခိုင်အမာတပ်ချထားသာ တပ်စခန်းများသို့ Drone ဖြင့် ဗုံးသီး( ၃ )လုံးချ တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ စစ်ဆင်ရေးကိုသပြေညိုပြောက်ကျားတပ်ဖွဲ့၊ A.M.T မြေပြင်ပြောက်ကျားတပ်ဖွဲ့၊လှော်တပ်အင်အား 126 တို့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
ယခုတင်ပြတဲ့ သတင်းတွေကို ရေဒီယို အန်ယူဂျီသတင်းထောက် မင်းမင်းက ပေးပို့တာ ဖြစ်ပါတယ်ခင်ဗျာ
No comments:
Post a Comment