၂၀၂၃ မတ်လ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ CDM တစ်ဦးဝင်လာတိုင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ရင်ဝကို တည့်တည့်ထိမှန်တာဖြစ်တဲ့အတွက် ပြည်သူ့ရင်ခွင်ခိုလှုံရေးကိုတိုးမြှင့် ဆောင်ရွက်ဖို့ ဝန်ကြီးချုပ် တိုက်တွန်း
📌 ၂။ အကြမ်းဖက်စစ်တပ်ဟာ စစ်ဗျူဟာထဲမှာ ထည့်သွင်းပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ အထင်အရှားဖြစ်လာတယ်လို့ လူ့အခွင့်အရေးရာဝန်ကြီးပြောကြား
📌 ၃။ စစ်ကောင်စီဟာ ပအိုဝ်းပြည်သူတွေနဲ့ တိုင်းရင်းသားအားလုံးနဲ့ရန်တိုက်ပေးနေတယ်လို့ဆို
📌 ၄။ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် စစ်တပ်က ကျူးလွန်ကြောင်း ကပစထုတ် ၅.၅၆ကျည်ခွံများနဲ့ ကျည်ဆန်များ အထင်အရှားတွေ့ရှိခဲ့
📌 ၅။ ပညာရေးဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားတွေစီမံခန့်ခွဲခွင့်ရှိတဲ့ဒေသတွေမှာ၄င်းတို့ရဲ့ စီမံခန့်ခွဲမှုနဲ့သွားတဲ့တဲ့ မူကို ကျင့်သုံးနေတယ်လို့ ပညာရေးဒုတိယဝန်ကြီးဆို
📌 ၆။ ဖယ်ခုံမြို့နယ်၊ လယ်ထွန်ကျေးရွာအနီး တောင်ကုန်းပေါ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို အကြမ်းဖက်စစ်အုပ်စု၏ တပ်မ ၆၆ မှ ဝင်ရောက်စီးနင်းပြီး အဖိုးအဘွားဇနီးမောင်နှံနှစ်ဦးကိုအရှင်လတ်လတ် မီးရှို့သတ်ဖြတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ CDM တစ်ဦးဝင်လာတိုင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ရင်ဝကို တည့်တည့်ထိမှန်တာဖြစ်တဲ့အတွက် ပြည်သူ့ရင်ခွင်ခိုလှုံရေးကိုတိုးမြှင့် ဆောင်ရွက်ဖို့ ဝန်ကြီးချုပ် တိုက်တွန်း
မတ်လ ၁၆
မတ်လ ၁၅ ရက် ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည်ဖော်ဆောင်မှု ကော်မတီနှင့် ကြားကာလက ချင်းနိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KPICT) တွေ့ဆုံဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
"စီဒီအမ် တဦးဝင်ရောက်လာတိုင်း ပြည်သူ့ဘက်ကို လှည့်နေတဲ့ သေနတ်ပြောင်းဝတခုလျော့ကျပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ရင်ဝကို တည့်တည့်ထိမှန်တာဖြစ်တဲ့အတွက် သွေးမြေကျမှု အနည်းဆုံးဖြစ်တဲ့ ဒီလုပ်ငန်းစဉ်ကို အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
KPICT ဥက္ကဌ ဆရာကြီး ဦးတူးရှန်က ပြောကြားရာတွင်လည်း"လုပ်ငန်းစဉ်စတင်စဉ်က အောင်မြင်ပါ့မလားတွေးနေခဲ့ပေမယ့် အခုအချိန်မှာ အင်မတန်ရုပ်လုံးပေါ်လာပြီး အောင်မြင်နေကြောင်း၊ တော်လှန်ရေးအတွက် အရေးပါသော လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ မူဝါဒများကို သုံးသပ်ပြီး အောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း"ပြောကြားခဲ့ပါတယ်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြည်သူ့ရင်ခွင် လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ငွေကြေးထောက်ပံ့မှု ဆိုင်ရာ ကဏ္ဍနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်ဟာ စစ်ဗျူဟာထဲမှာ ထည့်သွင်းပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ အထင်အရှားဖြစ်လာတယ်လို့ လူ့အခွင့်အရေးရာဝန်ကြီးပြောကြား
မတ်လ ၁၆ ရက်
မတ် ၁၆ ရက်နေ့ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီတို့ ပူးပေါင်းရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက အခုလိုပြောကြားထားပါတယ်။
"ဒီ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖြစ်ရပ်တစ်ခုထဲ ကြည့်ဖို့မလုံလောက်တော့ဘူး။ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ရေးပြင်ဆင်မှုတွေပိုပြီးလုပ်ဆောင်လာတာကိုတွေ့ရတယ်။ အထူးသဖြင့် ကရင်နီ၊ စစ်ကိုင်း၊ မကွေးတို့မှာ လူအင်အားနဲ့ စစ်ရေး ပြင်ဆင်လာတာတွေကိုသတိပြုဖို့လိုပါတယ်။ ဖြစ်နေတဲ့အရာအားလုံးမှာ စစ်ဗျူဟာ ထဲမှာ ထည့်သွင်းပြီး အရပ်သားပြည်သူတွေကိုသတ်ဖြတ်တာ အထင်အရှားဖြစ်လာတယ်။လူတွေကိုအစုလိုက် အပြုံလိုက် သတ်ဖြတ်နေတာက လူသားမျိုးနွယ်ကို ကျူးလွန်နေတဲ့ ရာဇဝတ်မှုမြောက်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ ၂၀၂၃ ခုနှစ် မတ်လ၁ရက်နေ့မှာ စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာမှာ အရပ်သား၁၇ဦးကို သတ်ဖြတ်မှု၊ မတ်လ၃ရက် ဝက်လက်မြို့နယ် တွင် အရပ်သား၇ဦးကိုသတ်ဖြတ်မှု၊ မတ်လ၄ရက်နေ့မှာ လောင်းလုံမြို့နယ်တွင် အရပ်သား၅ဦးကိုသတ်ဖြတ်မှုနဲ့ မတ်လ၁၁ရက်နေ့မှာ ပင်လောင်းမြို့နယ် နိမ့်နိန်းကျေးရွာမှာ ၂၂ဦးကို သတ်ဖြတ်မှုတို့ကျူးလွန်ခဲ့ပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီဟာ ပအိုဝ်းပြည်သူတွေနဲ့ တိုင်းရင်းသားအားလုံးနဲ့ရန်တိုက်ပေးနေတယ်လို့ဆို
မတ်လ ၁၆ ရက်
မတ် ၁၆ရက်နေ့ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီတို့ပူးပေါင်းရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ PNFC - ဥက္ကဌ ခွန်မြင့်ထွန်းက အခုလိုဆိုခဲ့ပါတယ်။
"ဒီနေ့အခါမှာ ပအိုဝ်းတိုင်းရင်းသား အချင်းချင်းမှာ ပဋိ ပက္ခမဖြစ်အောင် ကြိုးပမ်းကြဖို့လိုပါတယ်။ စစ်ကောင်စီဟာ ပအိုဝ်းပြည်သူတွေနဲ့ တိုင်းရင်းသားအားလုံးကို ရန်တိုက်ပေးနေတာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ပအိုဝ်းတိုင်းရင်းသားအဖွဲ့အစည်း ပေါင်းစုံရှိသော်လည်း ပြည်သူ့စစ်အသွင်ပြောင်း၍ စစ်တပ်ကွပ်ကဲမှုအောက်နေနေရသော ပအိုဝ်းပြည်သူ့စစ်အဖွဲ့ကိုနားလည်သော်လည်း အတိတ်သမိုင်းတွင် ပအိုဝ်းတိုင်းရင်းသားအချင်းချင်း လက်နက်ကိုင်တိုက်ပွဲ စစ်အုပ်စုကြောင့် ဆင်နွှဲခဲ့ရတယ်လို့လည်း ဆိုခဲ့ပါတယ်။
========================
📌📌 ၄။ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် စစ်တပ်က ကျူးလွန်ကြောင်း ကပစထုတ် ၅.၅၆ကျည်ခွံများနဲ့ ကျည်ဆန်များ အထင်အရှားတွေ့ရှိခဲ့
မတ်လ ၁၆
မတ် ၁၆ ရက်နေ့ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီတို့ပူးပေါင်းရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်နီပြည်ရဲတပ်ဖွဲ့က ကိုဘိုဘိုက အခုလိုရှင်းလင်းပြောကြားထားပါတယ်။
"မတ်လ၁၂ရက်နေ့ ညနေမှာ KNDFက သတင်းပို့လို့ စကစကသတ်ဖြတ်လို့ သံဃာတော်နဲ့ အရပ်သားတွေ ရုပ်အလောင်းရှိရာကို ဆရာဝန်နဲ့အတူ သေရတဲ့အကြောင်းအရာကို ကြည့်ပါတယ်။ရုပ်အလောင်းမှာ ကျည်ဖူးရှာပါတယ်။၁၃ရက်နေ့မှာ အခင်းဖြစ်ရာ ဘုန်းကြီးကျောင်းကိုသွားပြီး သေဆုံးရုပ်အလောင်းဘေးမှာ ရှိတဲ့ ကျည်ခွံတွေကို သက်သေအဖြစ် သိမ်းဆည်းပါတယ်။
ဒီကျည်ဆန်တွေဟာ မြန်မာလိုရေးထားတဲ့ကပစထုတ် ကျည်ခွံတွေတွေ့ရတယ်။ရုပ်အလောင်းတွေကို ခွဲစိပ်ချိန်မှာ ၅.၅၆ရဲ့ကျည်ဖူးတွေ တွေ့ရပါတယ်။ဒီကျည်ဖူးအမျိုးအစားဟာ စစ်ကောင်စီကိုင်တဲ့ သေနတ်တွေမှာပဲ တွေ့ရတဲ့ကျည်အမျိုးအစားဖြစ်ပါတယ်"လို့ဆိုပါတယ်။
မတ်လ ၁၁ ရက်နေ့ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နိမ့်နိန်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်တွင် ရုပ်အလောင်း ၂၂လောင်းတွေ့မြင်ခဲ့ရပြီး ရုပ်အလောင်းများတွင် အညိုအမဲစွဲ ဒဏ်ရာများ၊ ချွန်ထက်သော အရာများနဲ့ထိုးသွင်းဒဏ်ရာများ၊ တုံးသော လက်နက်နဲ့ထုနှက်ထားသော ဒဏ်ရာများအပြင် ဆက်တိုက်ပစ်ခတ်ထားသည့် ကျည်မှန်ဒဏ်ရာများ အများအပြားကို စစ်ဆေးတွေ့ရှိရတယ် မတ်လ၁၂ရက် ညပိုင်းစစ်ဆေးတွေ့ရှိချက်များကို ကရင်နီ ကျန်းမာရေးတာဝန်ခံ ဒေါက်တာ ရဲဇော်က ပြောပါတယ်။
========================
📌📌 ၅။ ပညာရေးဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားတွေစီမံခန့်ခွဲခွင့်ရှိတဲ့ဒေသတွေမှာ၄င်းတို့ရဲ့ စီမံခန့်ခွဲမှုနဲ့သွားတဲ့တဲ့ မူကို ကျင့်သုံးနေတယ်လို့ ပညာရေးဒုတိယဝန်ကြီးဆို
မတ်လ ၁၆
ပညာရေးဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားတွေစီမံခန့်ခွဲခွင့်ရှိတဲ့ဒေသတွေမှာ၄င်းတို့ရဲ့ စီမံခန့်ခွဲမှုနဲ့သွားတဲ့တဲ့ မူကို ကျင့်သုံးနေတယ်လို့ ပညာရေးဒုတိယဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက
NSTနှင့် ဆွေးနွေးရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
"ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးကိုသွားမယ်ဆိုပြီးတော့မှ တနိုင်ငံလုံး ဒေသအားလုံးရဲ့ ပညာရေးတွေကို ပညာရေးဝန်ကြီးဌာန NUG ဗဟိုကပဲ ချုပ်ကိုင်စီမံတယ်ဆိုရင် ဘယ်လိုမှလည်း ဖက်ဒရယ်ဒီမိုကရေစီပညာရေးဖြစ်လာမှာမဟုတ်ဘူးလေ။ပညာရေးဘက်ကပြောမယ်ဆိုရင် ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားတွေစီမံခန့်ခွဲခွင့်ရှိတဲ့ဒေသတွေမှာ သူတို့ရဲ့ စီမံခန့်ခွဲမှုနဲ့ပဲ သွားမယ်ဆိုတဲ့ မူ ကျွန်တော်တို့မှာရှိပါတယ်။လက်တွေ့လည်းစီမံဆောင်ရွက်နေပါတယ်။ပြည်နယ်အရေး ၊ တိုင်းရင်းသားအရေးတွေနဲ့ဆိုင်လာတဲ့ကိစ္စတွေကို ကျွန်တော်တို့ဆုံးဖြတ်ချက်ဝင်ပေးတာမလုပ်ပါဘူး"လို့ဆိုပါတယ်။
========================
📌📌 ၆။ ဖယ်ခုံမြို့နယ်၊ လယ်ထွန်ကျေးရွာအနီး တောင်ကုန်းပေါ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို အကြမ်းဖက်စစ်အုပ်စု၏ တပ်မ ၆၆ မှ ဝင်ရောက်စီးနင်းပြီး အဖိုးအဘွားဇနီးမောင်နှံနှစ်ဦးကိုအရှင်လတ်လတ် မီးရှို့သတ်ဖြတ်
မတ်လ ၁၆
မတ်လ ၁၅ ရက်မှာ လတ်တလော စကစတပ်များရဲ့ အကြမ်းဖက်ရက်စက်မှုကို AAPPကအခုလို ဖော်ပြထားပါတယ်။ မတ်လ ၁၂ ရက်နေ့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လယ်ထွန်ကျေးရွာအနီး တောင်ကုန်းပေါ်ရှိ စစ် ဘေးရှောင်စခန်းတစ်ခုကို အကြမ်းဖက်စစ်အုပ်စု၏ တပ်မ ၆၆ မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အသက် ၇၈ နှစ်အရွယ် ဦးလှငြိမ်းနှင့် အသက် ၈၁ နှစ်အရွယ် ဒေါ်မူလူးတို့ ဇနီးမောင်နှံနှစ်ဦးကို တဲနှင့်အတူ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ဖော်ပြပါတယ်။
ထို့ပြင် အသက် ၁၅ နှစ်အရွယ် မောင်ကျော်ဟူးနှင့် အသက် ၄၅ နှစ်အရွယ် ဦးသန်း အောင်တို့နှစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ မတ်လ ၁၃ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏တပ်မှ စစ်ကြောင်းပြန်လည်ထွက်ခွာခဲ့ပြီးနောက် စစ်ဘေးရှောင်စခန်းထဲတွင် ၎င်းတို့လေးဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၁၃၀) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment