၂၀၂၃ မတ်လ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးအင်အားစုတွေအသွင်နဲ့ ဝင်ရောက်လှုံ့ဆော် သွေးခွဲမှုတွေကို သတိကြီးကြီးထားကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ပြောကြား
📌 ၂။ တရားမဝင် အတုအယောင်ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာမည့် လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များဟာ အကြမ်းဖက်စစ်တပ်၏ ကိုယ်စားလှယ်များ၊ ကိုယ်စားပြု ရုပ်သေးရုပ်များသာဖြစ်မယ်လို့ NUG ထုတ်ပြန်
📌 ၃။ (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ရှင်းလင်း
📌 ၄။ အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို ခံခဲ့ရသော ပြည်သူများကို စောင့်ရှောက်ပေးရေးဟာ အရေးကြီးတဲ့လုပ်ငန်းစဥ်တစ်ရပ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၅။ အကြမ်းဖက် စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ်ဇူလိုင်လမှ ၂၀၂၃ ခုနှစ် မတ်လ (၁၃) ရက်နေ့ကာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူငါးဦးနှင့် အထက်သတ်ဖြတ်မှုပေါင်း (၆၄) ကြိမ်တိတိ ကျူးလွန်ခဲ့
📌 ၆။ Norway နိုင်ငံOslo မြို့မှာ မတ်လ၁၈ရက် ရောင်နီလာရာလမ်း ရုပ်ရှင်ပြသမယ်
📌 ၇။ စစ်ကောင်စီက ကျင်းပမယ့်သင်္ကြန်ကို မပါဝင်ဖို့ Dark Shadow (Ygn UG) အဖွဲ့က အသိပေးကြေညာချက်ထုတ်
📌 ၈။ ရေဦးမြို့နယ် မြောက်ပိုင်းပကဖ နှင့်တန့်ဆည် PDFတပ်ရင်းတို့ပူးပေါင်းပြီး ရေဦး-တန့်ဆည်အစပ်မှာ စကစတပ်ကားတစ်စီးကို ခြုံခိုပစ်ခတ်တိုက်ခိုက်
📌 ၉။ သပိတ်စုံသူပုန်ထ ဘန်နာကိုကိုင်ဆွဲကာ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ မှဦးဆောင်၍ လူထူသပိတ်စစ်ကြောင်းချီ တက်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးအင်အားစုတွေအသွင်နဲ့ ဝင်ရောက်လှုံ့ဆော် သွေးခွဲမှုတွေကို သတိကြီးကြီးထားကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ပြောကြား
တော်လှန်ရေးအင်အားစုတွေအသွင်နဲ့ ဝင်ရောက်လှုံ့ဆော် သွေးခွဲမှုတွေကို သတိကြီးကြီးထားကြရမယ်လို့ မတ်လ ၁၄ရက် ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။
"စစ်ကောင်စီအနေနဲ့ တစ်ဖက်က သူတို့ကျင်းပမယ့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကိုလည်း ထွက်ပေါက်သဖွယ် ပြင်ဆင်နေပြီး တစ်ဖက်ကလည်း စိတ်ဓာတ်စစ်ဆင်ရေး နည်းမျိုးစုံသုံးကာ တော်လှန်ရေး အင်အားစုများကိုထိုးခွဲ၊ အင်အားချိနဲ့အောင် လုပ်မယ့် လုပ်ငန်းတွေ၊ ပိုတိုး လုပ်ဆောင်လာတာတွေကို တွေ့နေရပါတယ်။ သူတို့အာဏာရှင်အဆက်ဆက် အသုံးပြုလာတဲ့ နည်းလမ်းတွေကို တော်လှန်ရေး အင်အားစုတွေသာမက ပြည်သူတွေ အားလုံးကလည်း သိရှိပြီး ဖြစ်တာကြောင့် စိတ်ပူပန်စရာ မရှိပေမယ့် တော်လှန်ရေးအင်အားစုတွေ အသွင်နဲ့ ဝင်ရောက်လှုံ့ဆော် သွေးခွဲမှုတွေကိုတော့ သတိကြီးကြီးထားကြရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်အစိုးရရဲ့ PR Team အနေနဲ့လည်း Strategic Communication ပိုင်းမှာ တော်လှန်ရေး အင်အားစုတွေကြား၊ ဝန်ကြီးဌာနတွေ အချင်းချင်းကြားမှာ ပိုမို အချိတ်အဆက်မိမိနဲ့ စီမံဆောင်ရွက်သွားကြဖို့ကိုလည်း ဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၂။ တရားမဝင် အတုအယောင်ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာမည့် လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များဟာ အကြမ်းဖက်စစ်တပ်၏ ကိုယ်စားလှယ်များ၊ ကိုယ်စားပြု ရုပ်သေးရုပ်များသာဖြစ်မယ်လို့ NUG ထုတ်ပြန်
တရားမဝင် အတုအယောင်ရွေးကောက်ပွဲမှ တဆင့် ပေါ်ပေါက်လာမည့် လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များဟာ အကြမ်းဖက်စစ်တပ်၏ ကိုယ်စားလှယ်များ၊ ကိုယ်စားပြု ရုပ်သေးရုပ်များသာဖြစ်မယ်လို့ NUG အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
မတ်လ ၁၅ရက် “အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ရန်ပြင်ဆင်နေသော တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUGကထုတ်ပြန်ခဲ့ပါတယ်။
"အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသော၊ နိုင်ငံတကာဥပဒေများဖြင့် တရားစွဲဆိုခံထားရသော အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာလုယူထားသည့် အချိန်ကာလအတွင်း ထုတ်ပြန်သော အမိန့်များ၊ ညွှန်ကြားချက်များ၊ ဥပဒေများ အားလုံးသည် အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သကဲ့သို့ ၎င်းတို့ဖွဲ့စည်းတာဝန် ပေးအပ်သော အဖွဲ့အစည်းများ အားလုံးသည်လည်း အကြမ်းဖက် လက်အောက်ခံအဖွဲ့အစည်းများအဖြစ်သို့ အလိုအလျောက် ကျရောက်ပြီး ဖြစ်တယ်"လို့ဖော်ပြပါတယ်။
ထို့အပြင်အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်၍ အတင်းအကျပ် လုပ်ပွဲများ ပြုလုပ်ခဲ့ပါကလည်း အဆိုပါ တရားမဝင် အတုအယောင်ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာမည့် လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များသည် ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုသော လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်များ၊ အစိုးရအဖွဲ့များ ဖြစ်လာမည်မဟုတ်ဘဲ အကြမ်းဖက်စစ်တပ်၏ ကိုယ်စားလှယ်များ၊ ကိုယ်စားပြု ရုပ်သေးရုပ်များ၊ ရုပ်သေးအစုအဖွဲ့များသာ ဖြစ်လာမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လည်း ပြည်သူလူထုက လွှဲအပ်ထားသော အုပ်ချုပ်ရေးအာဏာကို စွဲကိုင်ကျင့်သုံးနေသည့် တရားဝင် အစိုးရတရပ်ဖြစ်သည်နှင့်အညီ တရားမဝင်သော အကြမ်းဖက် စစ်အုပ်စု၏ လက်အောက်ခံအဖွဲ့အစည်းများ၊ အလိုတူအလိုပါ အဖွဲ့အစည်းများ၊ အားပေးအားမြှောက် ပြုသည့် အဖွဲ့အစည်းများအားလုံးကို အစိုးရနည်းနာဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် တာဝန်ရှိသောကြောင့် အဆိုပါတာဝန်ကို တော်လှန်ရေးအပေါ်သစ္စာပြုကာ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားလျက် ဆက်လက်ဆောင်ရွက်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာပါတယ်။
========================
📌📌 ၃။ (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ရှင်းလင်း
(၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။
မတ် ၁၄ရက်နေ့၌ ကျင်းပခဲ့သည့် “Panel Discussion: Parliamentary solidarity with MPs at risk” ဆွေးနွေးပွဲသို့ တက်ရောက်၍ အကြမ်းဖက် စစ်တပ်၏ ဥပဒေမဲ့ အာဏာသိမ်းမှုနောက် မြန်မာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ်၌ ကျူးလွန်လုပ်ဆောင်ခဲ့သည့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဒေါက်တာဝင်းမြတ်အေးက ရှင်းလင်းဆိုပညတယ်။
ဘာရိန်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ လေ့လာသူအဖြစ် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က တက်ရောက်လျက်ရှိပါတယ်။
ယင်းဆွေးနွေးပွဲတွင် မတရားဖမ်းဆီးခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခြေအနေများ၊ မိသားစုဝင်များ၊ ဆွေမျိုးများအပေါ် ခြိမ်းခြောက်ဖမ်းဆီးမှုများနှင့် ပိုင်ဆိုင်မှုများ ဖျက်ဆီးသိမ်းယူထားမှုအခြေအနေများ၊ ဖမ်းဆီးပြီးနောက် လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရသည့် ဘီးလင်းမဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း အပါအဝင် တိမ်းရှောင်နေစဉ်အတွင်း ဆေးကုသမှုအခက်အခဲကြောင့် သေဆုံးခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခြေအနေများနှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ထည့်သွင်းဆွေးနွေးတင်ပြခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲများမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၂၅ ဦးအား ဥပဒေမဲ့ ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၈၇) ဦးသည် ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို ခံခဲ့ရသော ပြည်သူများကို စောင့်ရှောက်ပေးရေးဟာ အရေးကြီးတဲ့လုပ်ငန်းစဥ်တစ်ရပ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို ခံခဲ့ရသော ပြည်သူများကို စောင့်ရှောက်ပေးရေးဟာ အရေးကြီးတဲ့လုပ်ငန်းစဥ်တစ်ရပ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့ပါတယ်။
မတ်လ ၁၅ ရက်ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရာမှာဝန်ကြီးကဆိုခဲ့ပါတယ်။
"ယခုအချိန်တွင်အဖွဲ့အစည်းများနှင့်အတူ စစ်ရေး၊ နိုင်ငံရေး၊ စီမံခန့်ခွဲရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို ခံခဲ့ရသော ပြည်သူများကို စောင့်ရှောက်ပေးရေးသည် အရေးကြီးပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊ မြို့နယ်ပြည်သူ့ကာကွယ်ရေး၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် မြေပြင်ရှိအဖွဲ့အစည်းများ အားလုံးက ချိတ်ဆက်ပြီး လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စစ်အာဏာရှင်မရှိသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြပါရန်"ဝန်ကြီးကဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဌာန၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မူဝါဒနှင့်ထုတ်ပြန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင် အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ဦးဆောင်ကာ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ အကြမ်းဖက် စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ်ဇူလိုင်လမှ ၂၀၂၃ ခုနှစ် မတ်လ (၁၃) ရက်နေ့ကာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူငါးဦးနှင့် အထက်သတ်ဖြတ်မှုပေါင်း (၆၄) ကြိမ်တိတိ ကျူးလွန်ခဲ့
အကြမ်းဖက် စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ်ဇူလိုင်လမှ ၂၀၂၃ ခုနှစ် မတ်လ (၁၃) ရက်နေ့ကာလ အတွင်း အပြစ်မဲ့အရပ်သားပြည်သူငါးဦးနှင့် အထက် သတ်ဖြတ်မှုပေါင်း (၆၄) ကြိမ်တိတိ ကျူးလွန်ခဲ့ပါတယ်။
မတ်လ ၁၅ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းရန်ကြိုးပမ်းမှု စတင်ကတည်းက ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း လူငါးဦးနှင့်အထက် သတ်ဖြတ်မှုကို ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၁) ရက်တွင် စစ်ကိုင်းကိုင်း ကနီမြို့နယ် ယင်းရွာတွင် အပြစ်မဲ့အရပ်သား (၃၄)ဦး ကို ရက်စက်စွာ သတ်ဖြတ်မှုဖြင့် စတင်ကျူးလွန်ခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြနေတယ်လို့ဆိုပါတယ်။
ထို့အပြင်၂၀၂၁ ခုနှစ်ဇူလိုင်လမှ ၂၀၂၃ ခုနှစ် မတ်လ (၁၃) ရက်နေ့ကာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူများ ငါးဦးနှင့်အထက် သတ်ဖြတ်မှုပေါင်း (၆၄) ကြိမ်တိတိ ကျူးလွန်ခဲ့ကြောင်း အထောက်အထားများ စုဆောင်းနိုင်ခဲ့ပါတယ်။
အရပ်သားပြည်သူ ငါးဦးနှင့်အထက် သတ်ဖြတ်မှုပေါင်း (၆၄) မှုတွင် ပြည်သူစုစုပေါင်း (၇၆၆) ဦး သတ်ဖြတ်ခံခဲ့ရပြီး ထိုသတ်ဖြတ်ခံရသော ပြည်သူများအနက် အမျိုးသား (၄၈၂) ဦး၊ အမျိုးသမီး (၇၈) ဦး တို့ ပါဝင်ကြောင်း ခွဲခြားနိုင်ခဲ့ပြီး ကျန်သူ (၂၀၆) ဦးတို့ကိုအလောင်းများမှာ ကျားမစစ်ဆေးရန်ပင် မလွယ်တော့သည့် အလောင်းများဖြစ်ခဲ့ပါတယ်။
ကျားမခွဲခြားနိုင်သော အလောင်းအရေအတွက် (၅၅၉) ဦးတွင် အသက် (၆၀) အထက် သက်ကြီးရွယ်အို (၄၂) ဦးနှင့် အသက် (၁၈) နှစ်အောက် ကလေးသူငယ် (၆၂) ဦးတို့ ပါဝင်နေကြောင်း တွေ့ရတယ်လို့ဆိုပါတယ်။
အဆိုပါ ဖြစ်စဉ်များအနက် (၂၃-၁၀-၂၀၂၂) ရက်က (ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါရွာ) တွင်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်သည် အဆိုးရွားဆုံးဖြစ်စဉ် အဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ပြည်သူ (၈၀) ဦးခန့် အစုလိုက် အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။
========================
📌📌 ၆။ Norway နိုင်ငံOslo မြို့မှာ မတ်လ၁၈ရက် ရောင်နီလာရာလမ်း ရုပ်ရှင်ပြသမယ်
Norway နိုင်ငံ Oslo မြို့မှာ မတ်လ၁၈ရက် ရောင်နီလာရာလမ်း ရုပ်ရှင်ပြသမယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၁၅ရက်မှာ ရောင်နီလာရာလမ်း ရုပ်ရှင်ပြသရေးကော်မတီက အသိပေးဆိုပါတယ်။
"Norway နိုင်ငံOslo မြို့ကNordic Black Theatre ကြီးမှာမတ်လ ၁၈ ရက်နေ့ ပြမယ့်"ရောင်နီလာရာလမ်း"ရုပ်ရှင်ကြာချိန်"၁ နာရီ ၄၅မိနစ် ဖြစ်ပါတယ်"လို့ဆိုပါတယ်။
အဆိုပါရုပ်ရှင်ပြသရင်း တော်လှန်ရေးရန်ပုံငွေအတွက် ကော်ပြန့် ၊ စမူဆာနဲ့ အအေး ၊ ပေါက်ပေါက်၊ ကော်ဖီတို့ကိုပါ ရောင်းချသွားမှာ ဖြစ်ပါတယ်။
ရောင်နီလာရာလမ်း ရုပ်ရှင်ဇာတ်လမ်းဟာ ဒါရိုက်တာကိုပေါက်ရဲ့ဘဝ ဇာတ်လမ်းကို ရိုက်ကူးထားပြီး ရရှိလာသော ရုပ်ရှင်ပြသငွေများကို တော်လှန်ရေးအတွက် ပြန်လည်ထောက်ပို့ပေးအပ်သွားမှာ ဖြစ်ပါတယ်။
========================
📌📌 ၇။ စစ်ကောင်စီက ကျင်းပမယ့်သင်္ကြန်ကို မပါဝင်ဖို့ Dark Shadow (Ygn UG) အဖွဲ့က အသိပေးကြေညာချက်ထုတ်
စစ်ကောင်စီက ကျင်းပမယ့်သင်္ကြန်ကို မပါဝင်ဖို့ Dark Shadow (Ygn UG) အဖွဲ့က အသိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မတ်လ၁၅ရက်မှာ Dark Shadow – Ygn UG အဖွဲ့က မကြာခင်ကျရောက်မည့်သင်္ကြန်ကို ပါဝင်ဖျော်ဖြေခြင်း မပြုလုပ်ကြဖို့အတွက် Local Headliners များအား သတိပေးသည့်ပန်ကြားချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီက ပြည်သူများ တော်လှန်ရေး ဆက်လက်မပြုလုပ်နိူင်အောင် အာရုံပြောင်းပျော်ပွဲ၊ ရွှင်ပွဲများ ဖန်တီးကာ လုပ်ဆောင်နေကြောင်း ဖော်ပြပါရှိပါတယ်။
တိုင်းပြည်နာရေးဖြစ်နေချိန်တွင် သင်္ကြန်သည်မအေးချမ်းဘဲ စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများကို ပြည်သူများမမေ့ဘဲ သင်္ကြန်တွင် ပါဝင်ခြင်း မပြုဖို့ ပန်ကြားထားပါတယ်။
========================
📌📌 ၈။ ရေဦးမြို့နယ် မြောက်ပိုင်းပကဖ နှင့်တန့်ဆည် PDFတပ်ရင်းတို့ပူးပေါင်းပြီး ရေဦး-တန့်ဆည်အစပ်မှာ စကစတပ်ကားတစ်စီးကို ခြုံခိုပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မြောက်ပိုင်းပကဖ နှင့်တန့်ဆည် PDFတပ်ရင်းတို့ပူးပေါင်းပြီး ရေဦး-တန့်ဆည်အစပ်မှာ စကစတပ်ကားတစ်စီးကို ခြုံခို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ မတ်လ ၁၅ရက်မှာ ရေဦးပကဖ ကစစ်ရေးသတင်းကို အတည်ပြုဆိုပါတယ်။
"မတ်လ၁၅ရက် မနက်ပိုင်း ရေဦးမြို့နယ်မှာ မြောက်ပိုင်းပကဖ နှင့်တန့်ဆည် PDFတပ်ရင်းတို့ပူးပေါင်းပြီး ရေဦး-တန့်ဆည်အစပ်မှာ စစ်ခွေးကား တစ်စီးကို ပူးပေါင်းပြီး ခြုံခိုပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် စကစတပ်များ ထိခိုက်သွားကြောင်းသိရပြီး ပတ်ဝန်းကျင်ရွာများကို လက်နက်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
========================
📌📌 ၉။ သပိတ်စုံသူပုန်ထ ဘန်နာကိုကိုင်ဆွဲကာ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ မှဦးဆောင်၍ လူထူသပိတ်စစ်ကြောင်းချီ တက်ခဲ့
သပိတ်စုံသူပုန်ထ ဘန်နာကိုကိုင်ဆွဲကာ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ မှဦးဆောင်၍ လူထူသပိတ်စစ်ကြောင်းချီ တက်ခဲ့ကြပါတယ်။
မတ်လ ၁၅ရက် အရာတော်မြို့နယ်ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူလူထုနှင့်အတူ သပိတ်လှုပ်ရှားခဲ့တာလို့ဆိုပါတယ်။
အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီမှဦးဆောင်၍ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ၊ တကသများ ရန်ကုန်၊ နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ အခြေခံပညာ ကျောင်းသားသမဂ္ဂများ ကွန်ရက် အဖွဲ့၀င်များ အတူပူးပေါင်း၍ အရာတော်မြို့နယ်ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူလူထုနှင့်အတူ "သပိတ်စုံသူပုန်ထ " ဘန်နာစာတန်းကိုင်စွဲကာ လူထူသပိတ်စစ်ကြောင်းချီ တက်ခဲ့ကြတယ်လို့ဆိုပါတယ်။
အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီဟာ အခက်အခဲများကြားမှ လူထုသပိတ်ကို ဦးဆောင်ဆင်နွှဲနေတာလည်းဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment