၂၀၂၅ သြဂုတ်လ ၁၆ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းဖက်စစ်တပ်ရဲ့ မက်လုံးတွေနဲ့ သပ်လျိုသွေးခွဲနေတာတွေကို အထူးသတိထားကြဖို့ ကရင်နီပြည်တပ်မတော် စစ်ဦးချုပ် ပြော
📌 ၂။ ညောင်ဦးမြို့နယ်မှာဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၅ ဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိ
📌 ၃။ အကြမ်းဖက်စစ်တပ်ကြောင့် သြဂုတ်လဝက်အတွင်း အသက်မပြည့်သေးတဲ့ကလေးငယ်တွေအပါ အရပ်သား ၃၁ ဦးသေဆုံး
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ငဖဲမြို့နယ်မှာဖြစ်တဲ့တိုက်ပွဲမှာ စစ်သားအလောင်း ၂၀ခန့်နဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိတယ်လို့ AA ပြော
🚩 ၂။ မြောက်ဥက္ကလာ ရဲစခန်းနဲ့ ဒဂုံအရှေ့ပိုင်းက ထွေအုပ်ရုံးကို တော်လှန်ရေးအဖွဲ့တွေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်
🚩 ၃။ ကျောက္ကာရွာဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်သား ၃ဝ ခန့်သေပြီး တဦး အရှင်မိ
🚩 ၄။ ပလမြို့မှာဖြစ်တဲ့ တိုက်ပွဲကြီး ၉ ကြိမ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၅၃ ဦးသေပြီး ၅ဝ နီးပါး ဒဏ်ရာရ
🚩 ၅။ စစ်ကိုင်းမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေပြီး ၇ ဦးဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းဖက်စစ်တပ်ရဲ့ မက်လုံးတွေနဲ့ သပ်လျိုသွေးခွဲနေတာတွေကို အထူးသတိထားကြဖို့ ကရင်နီပြည်တပ်မတော် စစ်ဦးချုပ် ပြော
သြဂုတ်လ (၁၆)ရက်
အကြမ်းဖက်စစ်တပ်ဟာ ရွေးကောက်ပွကြိုအကြောင်းပြပြီး သူတို့ဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်လည် ရယူနိုင်ဖို့ မက်လုံးပေးတာ၊ သပ်လျိုသွေးခွဲပြီး စည်းလုံးညီညွတ်မှုကို ဖြိုဖျက်တာတွေအပါအဝင် ပြည်သူ လူထုကို နည်းအမျိုးမျိုးနဲ့ မြူဆွယ်လာတာတွေကို အထူးသတိထားကြဖို့လိုတယ်လို့ ကရင်နီပြည် တပ်မတော် စစ်ဦးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
မနက်ဖြန် ဩဂုတ်လ ၁၇ ရက်မှာ ကျရောက်မယ့် ၇၇ နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့အတွက်ပြောမယ့် မိန့်ခွန်းမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ မက်လုံးပေးမြူဆွယ်မှုတွေကြောင့် အခြေမခိုင်သေးတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြိုကွဲ ပျက်စီးသွား နိုင်သလို ဖောက်ပြန်လိုတဲ့စိတ်တွေ ပေါ်ပေါက်လာနိုင်တာကြောင့် ကရင်နီပြည် တပ်မတော် စစ်ဦးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က တိုက်တွန်းပြောကြားလိုက်တာလည်းဖြစ်ပါတယ်။
လူ့ဘဝဆိုတာ အတက် အကျရှိသလို တော်လှန်ရေးမှာလည်း အတက်အကျရှိတာကို သတိပြုကြဖို့နဲ့ ရန်သူက ရန်သူအလုပ် လုပ်နေချိန်မှာ မိမိတို့ကလည်း မိမိတို့အလုပ်ကို လုပ်နေရမယ်လို့ ဗိုလ်မှူးချုပ် အောင်မြတ်က ကရင်နီပြည် တပ်မတော်က တပ်မှူးတွေနဲ့တပ်သားတွေ၊ KNDF က တပ်မှူး တပ်သားတွေနဲ့ ကရင်နီပြည်မှာရှိတဲ့ KNDF ရဲဘော်တွေကို ညွှန်ကြားထား ပါတယ်။
တော်လှန်ရေးဆင်နွှဲနေချိန်မှာ လူထုနဲ့တတန်းတည်းရှိနေဖို့လိုပြီး လူထုကိုဆန့်ကျင်တဲ့အလုပ်တွေမလုပ်ဖို့ လူထုကို ယုံကြည်ဖို့လိုသလို မိမိကိုယ်ကိုလည် ယုံကြည်ကြဖို့ ဗိုလ်မှူးချုပ် အောင်မြတ်က ဆက်လက် တိုက်တွန်းထားပါတယ်။
ပြည်သူလူထုဆိုတဲ့နေရာမှာ အချောင်သမားတွေ၊ နိုင်ငံရေးအချောင်သမားတွေ၊ ကိုယ်ကျိုးရှာတဲ့ စီးပွားရေး အချောင်သမား တွေ မပါတဲ့အတွက် အဲဒီအချောင်သမားတွေကို သတိထားဖို့လိုပြီး လူထုကို မှန်မှန်ကန်ကန် ဦးဆောင်ဖို့နဲ့လူ့အခွင့်အရေးကို လေးစာလိုက်နာဖို့ ဗိုလ်မှူးချုပ် အောင်မြတ်ရဲ့ မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။
တဆက်တည်းမှာပဲ ကရင်နီတပ်မတော်ရဲ့ ဥပဒေ စစ်စည်းကမ်း၊ အမိန့်ညွှန်ကြားချက်၊ လူထုဥပဒေ၊ ဓလေ့ထုံးတမ်းဥပဒေ တွေ လိုက်နာကြဖို့၊ ကမ္ဘာအရပ်ရပ်ကပြဌာန်းထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ စာချုပ်တွေ၊ စစ်သုံ့ပန်းဥပဒေ၊ စစ်မြေပြင်မှာ လိုက်နာရမယ့် ကျင့်ဝတ်တွေကို လိုက်နာဖို့၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ဖို့လည်း ဗိုလ်မှူးချုပ် အောင်မြတ်ရဲ့ မိန့်ခွန်းမှာ ပါဝင်ပါတယ်။
တော်လှန်ရေးတပ်တွေဆိုတာ ကြေးစားတပ်မဟုတ်တဲ့ မျိုးချစ်စိတ်နဲ့ဖွဲ့တည်းထားတဲ့တပ်တွေဖြစ်တဲ့အတွက် စည်းကမ်းရှိဖို့၊ အမိန့်နာခံဖို့ အာဏာရှင်ပြုတ်ကျရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးနဲ့ ဖက်ဒရယ်ပန်းတိုင်အတွက် စည်းလုံးညီညွတ်စွာနဲ့ ဆက်လက်တိုက်ပွဲဝင်ကြဖို့ ကရင်နီပြည်တပ်မတော် စစ်ဦးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ ညောင်ဦးမြို့နယ်မှာဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၅ ဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိ
သြဂုတ်လ (၁၆)ရက်
မန္တလေးတိုင်း ညောင်ဦးမြို့နယ်မှာဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၅ ဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ် လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် - PDA က ထုတ်ပြန်ထားပါတယ်။
ညောင်ဦးမြို့နယ်ထဲက စုတည်ရွာနဲ့ ရွာသစ်တောင်ရွာကြား ဘူတာရုံဟောင်းအနီးမှာ ဩဂုတ်လ ၁၄ ရက်နေ့ မနက် ၁၁ နာရီ ခွဲကနေ ၁၂ နာရီအထိ နာရီဝက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီထိတွေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ၁၅ ယောက် သေဆုံးတာကို မျက်မြင်တွေ့ခဲ့ပြီး ဒဏ်ရာရသူတွေ လည်း အများအပြားရှိတယ်လို့ အသိပေးပါတယ်။
တိုက်ပွဲဖြစ်ပြီး နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ လက်ပစ်ဗုံးတလုံး၊ အီနာဂါတလုံး၊ ၅ ပွိုင့် ၅၆ ကျည် ၁၉ တောင့်၊ ၇ ပွိုင့် ၆၂ ကျည် ၁၆ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ PDA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အထိနာသွားတဲ့ စစ်သားတွေဟာ အင်အားပြန်ဖြည့်ပြီး ညနေပိုင်းမှာ ရွာသစ်တောင်ရွာဘက်ကို စစ်ကြောင်း ထပ်ထိုး လာတဲ့အတွက် ပြည်သူလူထုအနေနဲ့ စစ်ရေးသတိရှိကြဖို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် - PDA က တိုက်တွန်း နှိုးဆော် ထားပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်တပ်ကြောင့် သြဂုတ်လဝက်အတွင်း အသက်မပြည့်သေးတဲ့ကလေးငယ်တွေအပါ အရပ်သား ၃၁ ဦးသေဆုံး
သြဂုတ်လ (၁၆)ရက်
အကြမ်းဖက်စစ်တပ်ကြောင့် အခုနှစ် သြဂုတ်လ ၁၅ ရက်နေ့အထိ လဝက်အတွင်းမှာပဲ အသက်မပြည့်သေးတဲ့ ကလေးငယ် တွေ အပါအဝင် အရပ်သားပြည်သူ ၃၁ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။
သြဂုတ်လ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်ကြောင့် အမျိုးသမီး ၁၄ ဦး၊ အမျိုးသား ၁၇ ဦး စုစုပေါင်း ၃၁ ဦးသေဆုံးခဲ့ရတာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ရာမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၇ ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေဟာ မန္တလေးတိုင်းက ၁၄ ယောက်နဲ့ အများဆုံးဖြစ်ပြီး ကချင်ပြည်နယ်က ၈ ယောက်နဲ့ ဒုတိယအများဆုံး ဖြစ်တယ်လို့ AAPP ထုတ်ပြန်ချက်အရသိရပါတယ်။
သေဆုံးသူတွေထဲက ၁၂ ယောက်ဟာ အကြမ်းဖက်စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့်ဖြစ်ပြီး ၈ ယောက်ကတော့ သေနတ်ကျည်ကြောင့် သေဆုံးခဲ့ရတာလို့လည်း အသိပေးထားပါတယ်။
ဒါ့အပြင် အကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP အဖွဲ့အနေနဲ့ သြဂုတ်လ လဝက်အတွင်း အတည်ပြုဖို့ လိုအပ်နေဆဲဖြစ်တဲ့ အရပ်သားပြည်သူ ၈၅ ယောက်ရဲ့စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းထားပြီး အတည်ပြု နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ငဖဲမြို့နယ်မှာဖြစ်တဲ့တိုက်ပွဲမှာ စစ်သားအလောင်း ၂၀ခန့်နဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိတယ်လို့ AA ပြော
သြဂုတ်လ (၁၆)ရက်
မကွေးတိုင်း ငဖဲမြိုနယ် စွန်တက်ကျေးရွာအနီး စစ်တပ်နဲ့ နာရီဝက်ကြာဖြစ်တဲ့ တိုက်ပွဲမှာ စစ်သားအလောင်း ၂၀ ခန့် အပါအဝင် စစ်အသုံးအဆောင်တွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၉၉ လက်အောက်ခံတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် ဩဂုတ် ၁၄ ရက် နေ့လည် ပိုင်းမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။
စစ်ရေး၊ နိုင်ငံရေးနဲ့ နိုင်ငံတကာ စာမျက်နှာတွေမှာ အလူးအလဲ အထိနာနေတဲ့ စစ်ရှုံး ဖက်ဆစ်စစ်တပ်က ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေသူတွေကိုလည်း ရခိုင့်တပ်တော်က လိုက်လံချေမှုန်းတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ရခိုင့်တပ်တော် AA အနေနဲ့ သူတို့ မျှော်မှန်းထားတဲ့ စစ်ရေးရည်မှန်းချက်တွေ အလုံးစုံ အထမြောက်စေဖို့ ရန်သူ စစ်တပ်နဲ့ ရင်ဆိုင်ထားတဲ့နေရာတွေမှာ ရပ်တန့်ခြင်းမရှိသေးတဲ့တိုက်ပွဲတွေနဲ့အတူ အပြီးသတ် သိမ်းပိုက်ရမယ့် မြိုသိမ်းတိုက်ပွဲတွေက ကျန်ရှိနေသေးတဲ့ နေရာတွေမှာ တိုက်ပွဲတွေဆက်ရှိနေဆဲလို့ အသိပေးပါတယ်။
ထို့အတူ ရိုးမတောင်တန်းတလျောက် ရန်သူ့ထိုးစစ်တွေကို ရခိုင်တပ်တော်က ခုခံဆင်နွှဲနေရာ ရခိုင်နဲ့မကွေးတိုင်းအစပ်၊ ရခိုင်နဲ့ ပဲခူးတိုင်းအစပ်၊ ရခိုင်နဲ့ ဧရာဝတီတိုင်းအစပ်နေရာတွေအပြင် ရခိုင့်တပ်တော် လှုပ်ရှားအခြေပြုတဲ့ အခြားနေရာတွေ မှာလည်း တိုက်ပွဲတွေ ရပ်တန့်သွားခြင်း မရှိသေးဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုက်ပွဲတွေမှာ ခုခံစစ်၊ ထိုးစစ်၊ လှုပ်ရှားစစ်၊ ရွေ့လျားစစ်တွေအတူ ဟန်ချက်ညီတိုက်ပွဲတွေကတဆင့် စစ်ရေးရည်မှန်းချက် တွေ အပြည့်အဝ အကောင်အထည်ဖော်တဲ့ တိုက်ပွဲတွေ နေ့တိုင်းဆက်ရှိနေတယ်လို့ သိရပါတယ်။
ရခိုင့်တပ်တော် AA အနေနဲ့ ၂၀၂၃ နှစ်ကုန် နိုဝင်ဘာ ၁၃ ကစပြီး ရခိုင်ဒေသမှာ စစ်ဆင်ရေးတွေဖော်ဆောင်ခဲ့ရာ တနှစ်နဲ့ ၉လ ကျော်လာတဲ့အထိ ရပ်တန့်သွားခြင်းမရှိဘဲ ဒီနေ့ထိ တိုက်ပွဲတွေ ဆင်နွှဲနေတယ်လို့လည်း သိရပါတယ်။
ရခိုင်တပ်တော်အနေနဲ့ လက်ရှိမှာ ချင်းပြည်နယ်ထဲက ပလက်၀နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားနိုင် ပြီး ကျန်ရှိနေသေးတဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့ကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
========================
🚩🚩 ၂။ မြောက်ဥက္ကလာ ရဲစခန်းနဲ့ ဒဂုံအရှေ့ပိုင်းက ထွေအုပ်ရုံးကို တော်လှန်ရေးအဖွဲ့တွေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်
သြဂုတ်လ (၁၆)ရက်
ရန်ကုန်တိုင်း မြောက်ဥက္ကလာမှာရှိတဲ့ ရဲစခန်းနဲ့ ဒဂုံအရှေ့ပိုင်းက အထွေထွေအုပ်ချုပ်ရေးရုံးကို လက်ပစ်ဗုံးတွေ ၆ဝ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျား တော်လှန်ရေးအဖွဲ့တွေက အသီးသီးထုတ်ပြန်ထားပါတယ်။
မြောက်ဥက္ကလာမြို့နယ်မှာရှိတဲ့ အမှတ် ၉ ရဲစခန်းကို ဩဂုတ်လ ၁၄ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်မှာ လက်ပစ်ဗုံးအပါအဝင် ၆၀ မမ ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ The Light of Union အဖွဲ့က ဆိုပါတယ်။
The Light of Union မြို့ပြစစ်ဆင်ရေးအဖွဲ့က မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းနဲ့ သုခမိန်လမ်းထောင့်မှာရှိတဲ့ မြောက်ဥက္ကလာပမြို့နယ် အမှတ် ၉ ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Yangon UG People Army - YUPA တပ်ဖွဲ့ကတော့ မနေ့ ဩဂုတ်လ ၁၅ ရက်နေ့ ည ၇ နာရီ မိနစ် ၄ဝ ဝန်းကျင်မှာ အရှေ့ဒဂုံမြို့နယ်ထဲက မင်းရဲကျော်စွာလမ်းနဲ့ အင်းဝလမ်းအနီးမှာရှိတဲ့ အရှေ့ဒဂုံထွေအုပ်ရုံးကို လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုမှာ ရန်သူစစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိနိုင်တဲ့အတွက် နောက်ဆက်တွဲခြေအနေတွေကို သိရအောင် ဆက်လက် စုံစမ်းနေဆဲလို့ YUPA တပ်ဖွဲ့က အသိပေးပါတယ်။
Yangon UG People Army - YUPA တပ်ဖွဲ့အနေနဲ့ မြို့ပြမစ်ရှင်တွေ ရှိန်မြင့်လုပ်ဆောင်သွားဖို့ရှိတဲ့အတွက် ပြည်သူ လူထုအနေနဲ့ စစ်သားတွေရှိတဲ့နေရာကို မသွားကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၃။ ကျောက္ကာရွာဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်သား ၃ဝ ခန့်သေပြီး တဦး အရှင်မိ
သြဂုတ်လ (၁၆)ရက်
စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ ကျောက္ကာရွာဘက်ကို သာလွန်အင်အားနဲ့ စစ်ကြာင်းထိုးလာတဲ့ စစ်သားတွေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၃ဝ ခန့်သေပြီး တဦး အရှင်ဖမ်းမိခဲ့တယ်လို့ သပြေညိုပြောက်ကျား တပ်ဖွဲ့က ဒီနေ့ ဩဂုတ်လ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဩဂုတ်လ ၈ ရက်နေ့က သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေနဲ့ နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောက္ကာရွှေဂူနီဘုရားအရှေ့မှာရှိတဲ့ စာသင်ကျောင်းထဲမှာ နေရာယူထားတဲ့ စစ်သားတွေနဲ့ ဘုရားမုဒ်ပေါက် မှာ နေရာယူထားတဲ့ တော်လှန်ရေး ရဲဘော်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာဟာ မိနစ် ၃၀ ခန့်ရှိခဲ့ပြီး စစ်သား ၆ ဦးကို အသေရရှိခဲ့တယ်လို့ အသိပေးပါတယ်။
ကျောက္ကာဘောလုံးကွင်း အနောက်ဘက်မှာလည်း မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီး စစ်သား ၄ ကောင် အသေရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲပြီးချိန်မှာ တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁၀ နေ့ နေ့လည် ၃ နာရီ ၁၅ မိနစ်ခန့်မှာလည်း အဲဒီစစ်ကြောင်းနဲ့ ပေါ်တော်မူကျောင်ထဲမှာ ခဏတာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာရှိပြီး ပေါ်တော်မူကျောင်းကနေ ဆုတ်ခွာလာတဲ့ တော်လှန်ရေးရဲဘော်တွေ ရွှေဂူဖြူဘုရားကို ပြန်ရောက်ချိန် ရေနံကုန်းဘက် ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ၄ နာရီ ၁၅ မိနစ်မှာ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ခဲ့ရာမှာတော့ တော်လှန်ရေးရဲဘော်တွေဟာ အကာကွယ်ကောင်းကောင်းနဲ့ အချိန်အတော်ကြာအောင် မဆုတ်တန်းခံပစ်နိုင်ခဲ့တယ်လို့ သပြေညိုပြောက်ကျား တပ်ဖွဲ့က ပြောပါတယ်။
တိုက်ပွဲကြာချိန် ၁ နာရီခန့်ရှိလာချိန်မှာ စစ်တပ်စစ်ကြောင်းဘက်ကနေ လက်နက်ကြီးတွေ စက်တပ်လေထီး paramotor တွေနဲ့ အဆက်မပြတ်ပစ်ခက်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပေမယ့် ဒီတိုက်ပွဲမှာ စစ်သား ၂၀ ခန့် အသေရရှိခဲ့ပြီး တကောင်အရှင်ဖမ်းမိကာ ထိခိုက်ဒဏ်ရာရသူတေါလည်း များခဲ့တယ်လို့ သိရပါတယ်။
မုံရွာကနေ ကျောက္ကာဘက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ အရာတော်မြို့နယ်တိုက်နယ် ၉၊ ၁၀၊ ၁၁ က ပကဖရဲဘော်တွေ၊ မုံရွာမြို့နယ် တိုက်နယ် ၂ နဲ့ ဗျူဟာ ၆၆ တို့ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့ ဩဂုတ်လ ၁၆ ရက်နေ့အထိ စစ်တပ်စစ်ကြောင်းတွေ အရာတော် -မုံရွာလမ်းပိုင်းမှာ ခြေရှုပ်နေဆဲ ဖြစ်တဲ့အတွက် မိဘပြည်သူများအနေနဲ့ အသွားအလာ မလုပ်ကြဖို့ သပြေညိုပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၄။ ပလမြို့မှာဖြစ်တဲ့ တိုက်ပွဲကြီး ၉ ကြိမ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၅၃ ဦးသေပြီး ၅ဝ နီးပါး ဒဏ်ရာရ
သြဂုတ်လ (၁၆)ရက်
တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲကြီး ၉ ကြိမ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၅၃ ဦးသေဆုံးပြီး ၅ဝ နီးပါး ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ် - ၁ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဒီနေ့ ဩဂုတ်လ ၁၆ ရက်မှာ ထုတ်ပြန် လာပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး ပုလောမြို့နယ် ပလမြို့ကို စစ်ကြောင်းထိုးဝင်ရောက်ဖို့ ကြိုးပမ်း လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က တန်ပြန်ထိုးစစ် ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၄ ကနေ ဒီနေ့ ဩဂုတ်လ ၁၆ ရက်မနက်ပိုင်းအထိ ထိတွေ့တိုက်ပွဲကြီး ၉ ကြိမ်နဲ့ ထိတွေ့တိုက်ပွဲငယ် များစွာ ဖြစ်ခဲ့ရာမှာ ရန်သူ စစ်သား ၅၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄၈ ဦးတယ်လို့ အသိပေးပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ စစ်တပ်စစ်ကြောင်းတွေဟာ လေကြောင်းကနေ ၁၁ ကြိမ်၊ ရေတပ်စစ်သင်္ဘောက ၂၆ ကြိမ် ပစ်ကူယူပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၈ ဦး သေဆုံးခဲ့ရပြီး ရဟန်း ၂ ပါး ပျံလွန်တော်မူခဲ့ရတယ်လို့လည်း မြိတ်ခရိုင် အမှတ် - ၁ တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ ပလမြို့တွင်း ပိတ်မိနေတဲ့ အရပ်သားပြည်သူ ၃၂၉ ဦးကို မဟာမိတ်တပ်တွေက ကယ်ထုတ်နိုင်ခဲ့ပေမယ့် တိုက်ပွဲအတွင်းမှာ မဟာမိတ်တပ်ပေါင်းစုဘက်က ပြည်သူ့ကာကွယ်ရေး PDF ရဲဘော် ၃ ဦးနဲ့ ကရင်အမျိုးသားကာကွယ်ရေး တပ် - KNDO က ရဲဘော်တဦး အသက်စွန့်လွှတ်ခဲ့ရပြီး ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေမှာ ရန်သူစစ်သားတွေသုံးတဲ့ ပစ္စတိုတလက်၊ MA-1 ရိုင်ဖယ် ၂လက်၊ RPG-7 တလက်၊ ဗုံးသီးတွေနဲ့ ဒရုန်းတစင်း ကို တော်လှန်ရေးမဟာမိတ်တပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
မဟာမိတ်တပ်ပေါင်းစုဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၄ နဲ့ ၃၅ နည်းဗျူဟာ လက်အောက်ခံတပ်ရင်း တွေ၊ တနင်္သာရီတိုင်းစစ်ဌာနက ဒရုန်းတပ်ရင်း၊ တနင်္သာရီတိုင်းပကဖ၊ ပုလောမြို့နယ် ပကဖ၊ ပလဖ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် - KNDO တပ်ရင်း - ၇၊ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
========================
🚩🚩 ၅။ စစ်ကိုင်းမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေပြီး ၇ ဦးဒဏ်ရာရ
သြဂုတ်လ (၁၆)ရက်
စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာမှာ စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားတယ်လို့ YOUNG WOLF PDF က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဩဂုတ်လ ၁၁ ရက်နေ့မှာ စစ်ကိုင်းမြို့နယ်ထဲက ကျားမင်းကြီးကျေးရွာမှာ တပ်ဆွဲ ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ဩဂုတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တို့မှာ စစ်ကိုင်းမြို့နယ် ဆားတောင်ရဲစခန်းကလာတဲ့ စစ်သားတွေနဲ့ ရဲတွေကို ထွက်ကြိုချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ၂ ရက်ဆက် မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ အကြမ်းဖက် စစ်သား ၃ ဦး သေဆုံး ၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိ အခိုက်မရှိ ဘူးလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment