၂၀၂၃ မတ်လ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မဝေးတော့တဲ့ အနာဂတ်မှာ အကြမ်း ဖက်စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာ တရားရေးရာအဖွဲ့တွေနဲ့ တရားစွဲဆို အပြစ်ပေးမှုတွေကို လုပ်ဆောင်နိုင်တော့မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ အသိပေးပြောကြား
📌 ၂။ One Year Plan ရဲ့ ဒုတိယကာလထဲကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် Phase 2 ရဲ့ အားစိုက်ရမယ့် ကဏ္ဍတွေ စနစ်တကျ စီမံလုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
📌 ၃။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ နှင့် ဒေါနစစ်ကြောင်းတို့ ဦးစီး၍ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲကျင်းပ
📌 ၄။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် ERO အဖွဲ့များပူးပေါင်းကာ UK နိုင်ငံ Minister for State (Indo-Pacific) Rt Hon Anne-Marie Trevelyan နှင့် UK the Foreign, Commonwealth & Development Office (FCDO) နှင့်တွေ့ဆုံဆွေးနွေးခဲ့
📌 ၅။ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး
📌 ၆။ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၇ သန်းကျော် ရှိလာပြီ ဖြစ်
📌 ၇။ စစ်အာဏာရှင်အမြစ်ဖြတ်ရေးဆောင်ရွက်ရာတွင် ပါတီအကျိုးထက် ပြည်သူ့အာဏာ ပြည်သူ့ထံသို့ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် အဓိကထားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဆုံးဖြတ်
📌 ၈။ “အတာလည်းလောင်း ခွေးလည်းမောင်း" Thingyan Campaign ဂဠုန်စစ်ကြောင်းစတင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မဝေးတော့တဲ့ အနာဂတ်မှာ အကြမ်း ဖက်စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာ တရားရေးရာအဖွဲ့တွေနဲ့ တရားစွဲဆို အပြစ်ပေးမှုတွေကို လုပ်ဆောင်နိုင်တော့မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ အသိပေးပြောကြား
မဝေးတော့တဲ့ အနာဂတ်မှာ အကြမ်း ဖက်စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာ တရားရေးရာအဖွဲ့တွေနဲ့ တရားစွဲဆို အပြစ်ပေးမှုတွေကို လုပ်ဆောင်နိုင်တော့မယ်လို့ မတ်လ ၂၁ရက်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အသိပေးပြောကြားလိုက်ပါတယ်။
"ပြီးခဲ့တဲ့ တနင်္လာနေ့က ကုလသမဂ္ဂမှာ လုပ်ခဲ့တဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်ဆွေးနွေးပွဲ မတိုင်ခင်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီကို ခုံရုံးတင် အရေးယူနိုင်ဖို့အတွက် မြန်မာအမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းနိုင်ခဲ့တာကို အားရဖွယ်ရာတွေ့ရပါတယ်။ ဒီလို ပြည်တွင်း၊ ပြည်ပအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မဝေးတော့တဲ့ အနာဂတ်မှာ အကြမ်း ဖက်စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာ တရားရေးရာအဖွဲ့တွေနဲ့ တရားစွဲဆို အပြစ်ပေးမှုတွေကို လုပ်ဆောင်နိုင်တော့မှာလည်း ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၀င် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ၀င်းမြတ်အေးက ဘာရိန်းနိုင်ငံ မနားမားမှာ ကျင်းပခဲ့တဲ့ ဂျနီဗာအခြေစိုက် နိုင်ငံတကာ လွှတ်တော်အမတ်များသမဂ္ဂ ညီလာခံမှာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အပြစ်မဲ့အရပ်သားတွေ ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်နေတဲ့ အကြောင်းကို တင်ပြနိုင်ခဲ့ပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ နွေဦးတော်လှန်ရေး ၂ နှစ်တာ ကာလအတွင်းမှာ ရဟန်း သံဃာတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်းများအပါအဝင် ပြည်သူ ၃၂၀၀ နီးပါးကို နည်းပေါင်းစုံနဲ့ သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၂။ One Year Plan ရဲ့ ဒုတိယကာလထဲကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် Phase 2 ရဲ့ အားစိုက်ရမယ့် ကဏ္ဍတွေ စနစ်တကျ စီမံလုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
One Year Plan ရဲ့ ဒုတိယကာလထဲကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် Phase 2 ရဲ့ အားစိုက်ရမယ့် ကဏ္ဍတွေ စနစ်တကျ စီမံလုပ်ဆောင်ဖို့ မတ်လ၂၁ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၃) မှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
"ကျွန်တော်တို့အစိုးရအနေနဲ့ အခုဆိုရင် ကျွန်တော်တို့ ချမှတ်အကောင်အထည်ဖော်နေတဲ့ One Year Plan ရဲ့ ဒုတိယကာလထဲကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် ပထမကာလ Phase 1 ရဲ့ လုပ်လက်စ အလုပ်များကိုလည်း အရှိန်မြှင့် လုပ်ဆောင်ရမှာ ဖြစ်သလို ဒုတိယကာလ Phase 2 ရဲ့ အားစိုက်ရမယ့် ကဏ္ဍတွေမှာ ဘယ်ကဏ္ဍကတော့ ဘယ်လောက်ပြီးစီးပြီ၊ ဘယ်ကဏ္ဍကတော့ ဆက်လက် အားစိုက်ရဦးမယ် စသဖြင့် စနစ်တကျ သုံးသပ်ပြီး စီမံဆောင်ရွက်သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားစုများနဲ့ ပေါင်းစပ် ညှိနှိုင်းပြီးမြောက်အောင်ဆောင်ရွက်ရမယ့်စစ်ရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ စသဖြင့် ကဏ္ဍအလိုက်ကိုလည်း အားစိုက်ကြဖို့ ဝန်ကြီးချုပ်ကထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ နှင့် ဒေါနစစ်ကြောင်းတို့ ဦးစီး၍ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲကျင်းပ
တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ နှင့် ဒေါနစစ်ကြောင်းတို့ ဦးစီး၍ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲကို မတ်လ၂၁ရက်မှာကျင်းပခဲ့တယ်လို့ အသိပေးဖော်ပြပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ နှင့် ဒေါန စစ်ကြောင်းတို့ ဦးစီး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်း ၉ ကြောင်းမှ ရဲဘော်များအား လက်နက်ကြီး အခြေခံနှင့် မွမ်းမံသင်တန်း သင်ကြားပို့ချပေးခဲ့ပြီး မတ်လ၂၁ရက်တွင် သင်တန်း ဆင်းပွဲ အခမ်းအနားအား အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့တယ်"လို့ဆိုပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းများမှ ရဲဘော်များသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ အကြမ်းဖက်အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် ကျဆုံးခဲ့သော သူရဲကောင်းများအား ဦးညွှတ်အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန် ၄ ချက်အား ရွက်ဆိုခြင်း၊ တပ်မဟာ ၆ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဝင် ရဲဘော်ဒေဝမှ သင်တန်းဆင်း ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။
ထို့နောက် စစ်ဒေသခွဲအမှတ် ၃ ၏ တပ်ရေးတာဝန်ခံနှင့် တပ်ထောက်တာဝန်ခံတို့မှ မွမ်းမံသင်တန်းတွင် ဆုရရှိသည့် ရဲဘော်များအား ဆုချီးမြှင့်ခြင်း၊ မွမ်းမံသင်တန်းဆင်း ရဲဘော်နှင့် သင်တန်းတာဝန်ခံတို့မှ ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် မွမ်းမံသင်တန်းနည်းပြဆရာမှ နိဂုံးချုပ်စကားပြောကြားခြင်းတို့ကို အခမ်းအနားအစီအစဥ် တကျ ကျင်းပခဲ့ပါတယ်။
========================
📌📌 ၄။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် ERO အဖွဲ့များပူးပေါင်းကာ UK နိုင်ငံ Minister for State (Indo-Pacific) Rt Hon Anne-Marie Trevelyan နှင့် UK the Foreign, Commonwealth & Development Office (FCDO) နှင့်တွေ့ဆုံဆွေးနွေးခဲ့
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် ERO အဖွဲ့များပူးပေါင်းကာ UK နိုင်ငံ Minister for State (Indo-Pacific) Rt Hon Anne-Marie Trevelyan နှင့် UK the Foreign, Commonwealth & Development Office (FCDO) တို့နှင့် မတ်လ၂၀ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ERO မဟာမိတ်တိုင်းရင်းသားများဖက်မှ K3C အဖွဲ့မှ ကိုယ်စားလှယ်ကြီးများ online meeting တက်ရောက်၍ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အတူ UK NUG ကိုယ်စားလှယ်များဖြစ်ကြသော ဦးမောင်မောင်အောင် နှင့် ဒေါက်တာသက်ကိုကိုတို့ လူကိုယ်တိုင်တက်ရောက်ခဲ့ကြပါတယ်။
ထိုအစည်းအဝေး၌ UK နိုင်ငံနှင့် နိုင်ငံတကာမှ လူသားချင်းစာနာသောအကူအညီများ၊ ကျန်းမာရေးအကူအညီများ အမှန်တကယ် ဒုက္ခရောက်နေသော ပြည်သူ့ထံ အလျှင်အမြန်ချောမောစွာရောက်ရှိရေး၊ လက်တွေ့အကောင်အထည် ဖော်နိုင်မည့်နည်းလမ်းများနှင့် ကြိုတင်ပြင်ဆင်ထားမှုများကို အဓိကထားပြီးဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးမှုများသည် အာဆီယံဥက္ကဌအဖြစ် လက်ရှိဆောင်ရွက်နေသော အင်ဒိုနီးရှားနိုင်ငံ၏ လူသားချင်း စာနာမှုအကူအညီပေးခြင်းဆိုင်ရာ inclusive mechanism နှင့် UN special envoy ၏ inclusive humanitarian forum ဖြစ်မြောက်ရေးအတွက် တို့နှင့်လဲချိတ်ဆက်ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၅။ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး
ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ မတ်လ၂၁ရက်မှာ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က အသိပေးဆိုပါတယ်။
"ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MoU) ကို မတ်လ (၂၁) ရက်နေ့က Victoria Base တွင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ နွေဦးတော်လှန်ရေးကာလ ပြီးဆုံးချိန်ထိ စစ်အာဏာရှင် အမြစ်ဖြတ် တိုက်ထုတ် တော်လှန်ရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရေးတို့အတွက် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား သဘောတူညီချက်ရယူကာ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်"လို့ဆိုပါတယ်။
နားလည်မှု စာချွန်လွှာကို ချင်းအမျိုးသားတပ်မတော် (CNA) မှ စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဌာန တာဝန်ရှိသူများ၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ ဗဟိုဦးဆောင်ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးနှင့် တပ်ဖွဲ့တာဝန်ရှိသူများ တက်ရောက် လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၆။ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၇ သန်းကျော် ရှိလာပြီ ဖြစ်
ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၇ သန်းကျော် ရှိလာပြီ ဖြစ်တယ်လို့ မတ်လ၂၁ရက်မှာ UN OCHA က အသိပေးဖော်ပြခဲ့ပါတယ်။
"မြန်မာနိုင်ငံတစ်ဝန်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ မြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းက မြို့နယ်အများအပြားမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ အပါအဝင် တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တာကြောင့် နေရပ်စွန့်ခွာရသူတွေ၊ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးတွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၃ခုနှစ် မတ်လ (၁၃) ရက်နေ့အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၇ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
အဆိုပါ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူများအထဲက လူဦးရေ ၁ ဒသမ ၄ သန်းနီးပါးဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်ပြီး၊ အများဆုံးအနေနဲ့ နိုင်ငံရဲ့အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းကဖြစ်ကာ နေရပ်စွန့်ခွာတိမ်းရှောင်သူဦးရေ ၉၄၃,၁၀၀ နဲ့ ၄၀၉,၄၀၀ အသီးသီးရှိပါတယ်။
========================
📌📌 ၇။ စစ်အာဏာရှင်အမြစ်ဖြတ်ရေးဆောင်ရွက်ရာတွင် ပါတီအကျိုးထက် ပြည်သူ့အာဏာ ပြည်သူ့ထံသို့ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် အဓိကထားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဆုံးဖြတ်
စစ်အာဏာရှင်အမြစ်ဖြတ်ရေးဆောင်ရွက်ရာတွင် ပါတီအကျိုးထက် ပြည်သူ့အာဏာ ပြည်သူ့ထံသို့ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် အဓိကထားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဆုံးဖြတ်ခဲ့ပါတယ်။
မတ်လ ၂၁ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးကို မနက် ၉ နာရီမှစတင်ကာ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က အမှာစကားပြောကြားရာတွင် “ဗမာအပါအဝင် ညီနောင်တိုင်းရင်းသားများ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက် မတရားဖမ်းဆီးခံထားရတဲ့ ကျနော်တို့ရဲ့ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒုတိယဥက္ကဋ္ဌဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ပြီး နိုင်ငံအတွက်အရေးပါတဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ stakeholders များ စုံညီစွာနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး ပြည်ထောင်စုအရေးကို အနှစ်သာရအရပါ ပြောင်းလဲနိုင်ရေးအတွက် ကျရာကဏ္ဍကနေ နည်းလမ်းစုံနဲ့-ဖြောင့်မတ်မှန်ကန်တဲ့ စေတနာ၊ ခိုင်မာတောင့်တင်းတဲ့ စည်းလုံးမှု၊ ရဲရင့်တည်ကြည်တဲ့သတ္တိတို့နဲ့ ဆက်လက်လျှောက်လှမ်းသွားကြပါစို့”ဟု တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ဗဟိုရေးရာကော်မတီများက အစီရင်ခံစာများ တင်သွင်းခြင်း၊ တိုင်းနှင့်ပြည်နယ် ဗဟိုကော်မတီဝင်များက အစီရင်ခံစာများ၊ စာတမ်းများ တင်သွင်းခဲ့ကြသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းကောက်ယူရေးအဖွဲ့ကလည်း လုပ်ငန်းဆောင်ရွက်ထားမှု အစီရင်ခံစာကို တင်သွင်းခဲ့သည်။ အစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီး တင်သွင်းလာသော အစီရင်ခံစာများ၊ အကြံပြုချက်များ အားလုံးကို မှတ်တမ်းတင်ခဲ့ပါတယ်။
ဒုတိယဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)၊ ဒုတိယဥက္ကဌ ဦးဝင်းမြင့်(နိုင်ငံတော်သမ္မတ) အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်ရန်၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေးဆောင်ရွက်ရာတွင် ပါတီအကျိုးထက် ပြည်သူ့အာဏာ ပြည်သူ့ထံသို့ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် အဓိကထားပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် တိုင်းရင်းသားလူမျိုးများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားရန်စသည့် အချက်များပါဝင်သည့် ဆုံးဖြတ်ချက် (၁၁) ချက်ကို ကန့်ကွက်သူမရှိအတည်ပြုခဲ့ပါတယ်။
အစည်းအဝေးကို ပြည်နယ်နှင့်တိုင်းအသီးသီးက အဖွဲ့ချုပ်ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုအလုပ်ကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီဝင်များနဲ့ ဖိတ်ကြားထားသော အဖွဲ့ချုပ် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၈။ “အတာလည်းလောင်း ခွေးလည်းမောင်း" Thingyan Campaign ဂဠုန်စစ်ကြောင်းစတင်
"အတာလည်းလောင်း ခွေးလည်းမောင်း" Thingyan Campaign ဂဠုန်စစ်ကြောင်းစတင်လိုက်ပါတယ်။ မတ်လ ၂၁ ရက်မှာ ဂဠုန်စစ်ကြောင်းက အသိပေးဖော်ပြပါတယ်။
"ကျွန်တော်တို့ ဂဠုန်စစ်ကြောင်းရဲ့ Campaign လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီCampaignလေးကတော့ "အတာလည်းလောင်း ခွေးလည်းမောင်း" Thingyan Campaign လေးဘဲ ဖြစ်ပါတယ်။ ဒီ Campaignလေး မှာတော့ ကျွန်တော်တို့စစ်ကြောင်းရဲ့ သင်္ကြန်မဏ္ဍပ်မှာ ရဲဘော်များနှင့် အတူတူ ရေလာကစားဖို့ မဏ္ဍပ်Ticket လေးများ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
Ticket များကို Page Messenger မှာ တိုက်ရိုက်ဝယ်ယူနိုင်ကာTicket များကို ဂဠုန်စစ်ကြောင်းအနေနဲ့နိုင်ငံ(၁၁)နိုင်ငံမှာ ရောင်းချသွားမှာဖြစ်ပြီး ကျန်ရှိသောနိုင်ငံများမှ ဝယ်ယူလိုပါက Page Messenger မှာ တိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment