27th MAR 2023 - Evening Daily News by Radio NUG


၂၀၂၃ မတ်လ ၂၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်နေတဲ့ မင်းအောင်လှိုင် နဲ့ စစ်တပ်ကို ဖယ်ရှားသွားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ လူထုတော်လှန်ရေးအောင်ပွဲအတွက် ကျရာအခန်းကဏ္ဍမှ တာဝန် ကျေပွန်အောင် ထမ်းဆောင်ရင်း ညီနောင်တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ ဆက်လက် လက်တွဲ ကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာပေးပို့

📌 ၃။ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့်ဒေါ်ဇင်မာအောင်တို့ နော်ဝေနိုင်ငံရှိ မြန်မာပြည်ဖွားပြည်သူများနှင့်တွေ့ဆုံ

📌 ၄။ တော်လှန်ရေးအောင်မြင်ဖို့ လုပ်ငန်းများ ဆောင်ရွက် ရာတွင် ချိတ်ဆက်မှုအားကောင်းရန်လိုအပ်တယ်လို့တရားရေးဝန်ကြီး ဦးသိန်းဦးပြောကြား

📌 ၅။ ဖက်ဆစ်စနစ်၊ စစ်တပ်အာဏာရှင်စနစ်ကို စုစုစည်းစည်းနဲ့တော်လှန်မှသာ အောင်မြင်မှာဖြစ်တယ်လို့ ပြည်ထဲရေးဒုတိယဝန်ကြီးပြောကြား

📌 ၆။ မြန်မာစစ်တပ်ကို လက်နက်နဲ့ စစ်ဘက်သုံး ပစ္စည်းကိရိယာများ ထောက်ပံ့ရောင်းချခြင်းမပြုဖို့ နိူင်ငံတကာကို ကနေဒါတိုက်တွန်း

📌 ၇။ ဖက်ဆစ်တော်လှန်ရေးနေ့မှာ တန့်ဆည်အမျိုးသမီးသပိတ်ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ် လှုပ်ရှား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်နေတဲ့ မင်းအောင်လှိုင် နဲ့ စစ်တပ်ကို ဖယ်ရှားသွားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


မတ်လ ၂၇ ရက်


မတ်လအတွင်း တွေ့ဆုံ မေးမြန်းခန်းတစ်ခုမှာ မင်းအောင်လှိုင် နဲ့ စစ်တပ်ကို ဖယ်ရှားသွားမယ်လို့ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားလိုက်ပါတယ်။


"၂၀၂၃ မှာ တော်လှန်‌ရေးကြီးဟာ ကျွန်တော်တို့ စီမံထားသည့်အတိုင်း အရှိန်မြင့်တက်လာနေပြီ ဖြစ်ပါတယ်။ အကြီးမားဆုံး အောင်မြင်မှု က တော့ တော်လှန်ရေး အတွက် ခိုင်မာတောင့်တင်းတဲ့ အုတ်မြစ်တွေ ချပေးနိုင်ခဲ့တာပဲ လို့ ပြောချင်ပါတယ်။ ဒီ အုတ်မြစ်တွေရဲ့ အရေးကြီးဆုံး အပိုင်းကတော့ မင်းအောင်လှိုင် အာဏာသိမ်းခဲ့တဲ့ လုပ်ရပ် မအောင်မြင်အောင် ပြည်သူ တရပ်လုံး ပါဝင်နိုင်ခဲ့မှုပါပဲ။နောက်ထပ် အောင်မြင်မှု တရပ်ကတော့ PDF တွေကို တူမီးတွေ နေရာမှာ စက်သေနတ် တွေ နဲ့ ပြောင်းပေးနိုင်ခဲ့တာပါပဲ။ တော်လှန်ရေးကြီး အောင်ကို အောင်ရမယ်၊ ပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်နေတဲ့ မင်းအောင်လှိုင် နဲ့ စစ်တပ်ကို ဖယ်ရှားသွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အကြမ်းစစ်ကောင်စီတပ်များဟာ ကရင်နီဒေသနဲ့ကရင်ပြည်နယ်တို့မှညအထိနာကျရှုံးလျက်ရှိပြီး စစ်ပန်းနေပြီဖြစ်ပါတယ်။


========================


📌📌 ၂။ လူထုတော်လှန်ရေးအောင်ပွဲအတွက် ကျရာအခန်းကဏ္ဍမှ တာဝန် ကျေပွန်အောင် ထမ်းဆောင်ရင်း ညီနောင်တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ ဆက်လက် လက်တွဲ ကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာပေးပို့


မတ်လ၂၇


မတ်လ ၂၇ ရက်နေ့ (၇၈)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအခုလို ဆိုထားပါတယ်။


လူသတ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်လူတစ်စု ဦးဆောင်သည့် အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ ဥပဒေမဲ့အာဏာသိမ်းယူရန် ကြိုးပမ်းမှု () နှစ်ကျော်ကာလသို့  ရောက်လာပြီဖြစ်သည့်အပြင် နိုင်ငံတစ်ဝှမ်းလုံးတွင် ဥပဒေမဲ့ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ အကျဉ်းချ ထားခြင်း၊ လူနေအိမ်များအား မတရားသိမ်းပိုက်ခြင်း၊ ကျေးရွာ၊ မြို့များအားမီးရှို့ဖျက်ဆီးခြင်းများနှင့် အရပ်သားပြည်သူနေရာများသို့ လေကြောင်းမှတစ်ဆင့် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို စနစ်တကျရည်ရွယ်ချက်ရှိရှိ ပိုမိုကျူးလွန်လုပ်ဆောင်နေပြီး ပြည်သူတို့၏ ခုခံဆန့်ကျင်မှုကို လူမဆန်သော အကြမ်းဖက်မှုများဖြင့် ရပ်တန့်သွားစေရန် ကြိုးပမ်းလျက်ရှိပါတယ်လို့ဆိုပါတယ်။


သို့ရာတွင် နယ်ချဲ့ဖက်ဆစ်များအား ညီညွတ်ခြင်းအင်အားဖြင့် တွန်းလှန်တိုက်ထုတ် အောင်ပွဲဆင်နိုင်သကဲ့သို့  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကြံ့ခိုင်စည်းလုံးမှုအင်အားကို ခိုင်မြဲ သထက် ခိုင်မြဲအောင် တည်ဆောက်လျက် အကြမ်းဖက် ဖက်ဆစ်စစ်တပ်အား မြန်မာ့မြေပေါ်မှ အပြီးတိုင်ကွယ်ပျောက်သွားစေရန် တစိုက်မတ်မတ် ကြိုးပမ်းနေမှုများကြောင့် နိုင်ငံတစ်ဝှမ်း ခုခံ တော်လှန်စစ်များသည်လည်း အောင်ပွဲများစွာရရှိထားပြီးဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များအကြား ဟန်ချက်ညီ သော ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် လူထုတော်လှန်ရေးအောင်ပွဲအား အမြန်ဆုံးရရှိရန် ကြိုးပမ်း နိုင်လိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်တယ်လို့ဆိုပါတယ်။


ခက်ခဲကြမ်းတမ်းသောဒုက္ခများကို မြဲမြံသော ဓိတ်ဓာတ်ခိုင်မာမှုတို့ဖြင့် ယနေ့အထိတိုင် ပါဝင်နေကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ မျှော်လင့်ချက်အား အချိန်တိုတိုအတွင်း အကောင်အထည်ဖော်ဆောင်ပေးနိုင်ရန်အတွက် တည်ဆောက်ထားရှိပြီးသောနားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ကို တိုးမြှင့်ကာ မိမိတို့ဒီမိုကရေစီတော်လှန်ရေးအင်အားစုများက ဆက်လက် ကြိုးပမ်းပေးကြရန် လေးနက်စွာတိုက်တွန်းအပ်ပါသည်။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီအနေဖြင့် လူထုတော်လှန်ရေးအောင်ပွဲအတွက် မိမိတို့၏ ကျရာအခန်းကဏ္ဍမှ တာဝန် ကျေပွန်အောင် ထမ်းဆောင်ရင်း ညီနောင်တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ ဆက်လက် လက်တွဲ ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း ကတိပြုလျက် (၇၈)နှစ်မြောက် ဖက်ဆစ်တော်လှန် ရေးနေ့ သဝဏ်လွှာအား ပေးပို့အပ်ပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့်ဒေါ်ဇင်မာအောင်တို့ နော်ဝေနိုင်ငံရှိ မြန်မာပြည်ဖွားပြည်သူများနှင့်တွေ့ဆုံ


 မတ်လ၂၇


ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့်ဒေါ်ဇင်မာအောင်တို့ နော်ဝေနိုင်ငံရှိ မြန်မာပြည်ဖွားပြည်သူများနှင့်တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တို့သည် မတ်လ (၂၆)ရက်တွင် နော်ဝေနိုင်ငံ Froland မြို့ရှိ မြန်မာ့ နွေဦးတော်လှန်ရေးကို အားပေးထောက်ခံနေကြသည့် မြန်မာပြည်သူပြည်သားများစုပေါင်းကျင်းပသည့် စျေးရောင်းပွဲနှင့် ရန်ပုံငွေရှာဖွေပွဲသို့တက်ရောက်ခဲ့ကြပါတယ်။


တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊  နိုင်ငံတကာရေးရာကိစ္စရပ်များနှင့် ဝန်ကြီးဌာနများ၏ လုပ်ဆောင်ချက် များကို ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးတို့က ပြန်လည်ဖြေကြားခဲ့ပါတယ်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တို့သည် နော်ဝေနိုင်ငံ Froland တွင် ဖွင့်လှစ်ထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထိမ်းအမှတ်ပန်းခြံသို့ သွားရောက်ကာ ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေးသစ်ပင်ကို အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားပြုကာ စိုက်ပျိုးခဲ့ကြပါတယ်။


========================


📌📌 ၄။ တော်လှန်ရေးအောင်မြင်ဖို့ လုပ်ငန်းများ ဆောင်ရွက် ရာတွင် ချိတ်ဆက်မှုအားကောင်းရန်လိုအပ်တယ်လို့တရားရေးဝန်ကြီး ဦးသိန်းဦးပြောကြား


မတ်လ၂၇ ရက်


တော်လှန်ရေးအောင်မြင်ဖို့ လုပ်ငန်းများ ဆောင်ရွက် ရာတွင် ချိတ်ဆက်မှုအားကောင်းရန်လိုအပ်တယ်လို့ပြောပါတယ်။


မတ်လအတွင်းကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီး ဌာန မှ  မြေပြင်တရားသူကြီး များနှင့် တွေ့ဆုံဆွေးနွေးပွဲ အစည်းဝေးအခမ်းအနားမှာ တရားရေးဝန်ကြီး ဦးသိန်းဦးက‌ ပြောဆိုပါတယ်။


 "တော်လှန်ရေး ၂နှစ် ပြည့် ပြီးချိန်တွင် တရားစီရင်ရေးဝန်ထမ်းများအနေဖြင့် တော်လှန်ရေးအောင်မြင်ဖို့ လုပ်ငန်းများ ဆောင်ရွက် ရာတွင် ချိတ်ဆက်မှုအားကောင်းရန်လိုကြောင်း၊မိမိတို့ရည်မှန်းထားသော စံတန်ဖိုးများနှင့်အညီ အောင်မြင် မှု ရရှိရန်မှာ အရေးကြီးကြောင်း တရားစီရင်ရေးတွင် အဓိကထား သည့် စံတန်ဖိုးမှာ တရားဥပဒေစိုးမိုးရေး နှင့် လွတ်လပ်သည့် တရားစီရင်ရေးဖြစ်ဖို့ရန်ဖြစ်ကြောင်း ၊တရားသူကြီးများ အနေ ဖြင့် ထိုစံတန်ဖိုးများနှင့် အညီအောင်မြင်ဖို့ရာ အဓိကထားလုပ်ဆောင်ရန်လိုအပ်ကြောင်း ထိုပန်းတိုင်နှင့်အညီ အောင်မြင်မှု ရရှိဖို့ ရန် ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများရှိနေကြောင်း"ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် ပကဖ၊ ပအဖ ၊ပလဖ စသည့် အဖွဲ့ အစည်းများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အရေးကြီးပြီး ထိုသို့ ချိတ်ဆက်မှုအားကောင်းလေလေ လုံခြုံရေးနှင့် တည်ငြိမ်ရေးကိုပိုမိုထိန်းသိမ်းနိုင်မယ်လို့ တရားရေးဝန်ကြီးကထပ်လောင်းဆိုပါတယ်။


အခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင် အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် တွဲဖက်အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်စတဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၅။ ဖက်ဆစ်စနစ်၊ စစ်တပ်အာဏာရှင်စနစ်ကို စုစုစည်းစည်းနဲ့တော်လှန်မှသာ အောင်မြင်မှာဖြစ်တယ်လို့ ပြည်ထဲရေးဒုတိယဝန်ကြီးပြောကြား


မတ်လ၂၇


မတ်လ၂၇ ရက် PSSTF ကကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားမှာပြည်ထဲရေး ဒုတိယဝန်ကြီး ခူးထဲဘူးက အခုလိုပြောကြားခဲ့ပါတယ်။


"ကျနော်တို့ဟာ မတရားမှုကို ကြုံလာတိုင်းမှာ ပြည်သူတိုင်း၊တော်လှန်ရေးရဲဘော်တိုင်းဟာ တော်လှန်ခဲ့ပါတယ်။မတရား ဖိနှိပ်မှုကို ကြုံလာတိုင်း နေရာတိုင်း၊အချိန်တိုင်းမှာ ဖက်ဆစ်စနစ်ကိုတော်လှန်ခဲ့ပါတယ်။ အလားတူပါပဲ နွေဦးတော်လှန်ရေးဟာလည်း ဖက်ဆစ်စနစ်၊ စစ်တပ်အာဏာရှင်စနစ် ၊ဘယ်အာဏာရှင်စနစ်မဆို ကျနော်တို့ဟာ စုစုစည်းစည်းနဲ့တော်လှန်မှသာ အောင်မြင်မှာ ဖြစ်ပါတယ်။ဒီကနေ့မှာဆိုရင်လည်း CDM ရဲဘော်တွေရော ကဏ္ဍအသီးသီး ကလူထု၊လူတန်းစား များကတော်လှန်နေကြပါတယ်"လို့ ဒုတိယဝန်ကြီးကဆိုပါတယ်။


အဆိုပါအခမ်းအနားမှာ ဆရာသန်းလွင်ဦးက ဖက်ဆစ်စနစ်နဲ့ ဖက်ဆစ်စစ်တပ်ဆိုးဝါးမှုများအကြောင်းကိုဟောပြောခဲ့ပါတယ်။


"တန်းတူညီမျှတဲ့ လူ့ဘောင်အဖွဲ့အစည်းမတည်ထောင်နိူင်သရွေ့ ဖက်ဆစ်စနစ်အမြစ်တွယ်နေတာတွေ့ရပါတယ်။ ယနေ့ ကမ္ဘာမှာ ပျောက်သွားတဲ့ ဖက်ဆစ်ဝါဒဟာ ကျနော်တို့မြန်မာနိူင်ငံက မြန်မာစစ်တပ်မှာသန္ဓေတည်နေတာကို စိတ်မကောင်းစရာတွေ့မြင်နေရပါတယ်"လို့ ဆရာသန်းလွင်ဦးကဆိုပါတယ်။


ဆက်လက်ပြီး CDMer များရဲ့ ရင်တွင်းစကားသံများ၊ တော်လှန်ရေးကဏ္ဍအမေးအဖြေနဲ့ ဖျော်ဖြေရေး ကဏ္ဍတို့ ပါဝင်ခဲ့ပြီး   ဒုတိယဝန်ကြီး ခူးထဲဘူး၊ ဒုတိယဝန်ကြီး ငိုင်းတမ်းမောင်နဲ့ CDMဝန်ထမ်းများ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၆။ မြန်မာစစ်တပ်ကို လက်နက်နဲ့ စစ်ဘက်သုံး ပစ္စည်းကိရိယာများ ထောက်ပံ့ရောင်းချခြင်းမပြုဖို့ နိူင်ငံတကာကို ကနေဒါတိုက်တွန်း


မတ်လ၂၇ ရက်


မတ်လ၂၇ ရက်မှာ ကနေဒါသံရုံးရန်ကုန်က အခုလိုအသိပေးထုတ်ပြန်ခဲ့ပါတယ်။


"စစ်တပ်တစ်တပ်၏ တာဝန်မှာ ပြည်သူများကို ကာကွယ်ရန်ဖြစ်ပါတယ်။မြန်မာစစ်တပ်ကို ၎င်းတို့၏ ရက်စက်သော အကြမ်းဖက်မှုများအား ရပ်တန့်ရန် ကျွန်ုပ်တို့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံများအားလုံးကိုလည်း မြန်မာနိုင်ငံအား လက်နက်များ၊ စစ်ဘက်သုံး ပစ္စည်းကိရိယာများ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းကိရိယာများနှင့် နည်းပညာအထောက်အပံ့များ ရောင်းချခြင်း (သို့) လွှဲပြောင်းခြင်းကို ချက်ချင်း ရပ်တန့်ပစ်ခြင်းဖြင့် မြန်မာပြည်သူများကို ကူညီပေးရန် တိုက်တွန်းလိုက်ပါတယ်"လို့ဖော်ပြပါတယ်။


ကနေဒါနိူင်ငံဟာ မြန်မာနိူင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်နေတဲ့နိူင်ငံတစ်နိူင်ငံအဖြစ်လည်းပါဝင်ပါတယ်။


========================


📌📌 ၇။ ဖက်ဆစ်တော်လှန်ရေးနေ့မှာ တန့်ဆည်အမျိုးသမီးသပိတ်ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ် လှုပ်ရှား


မတ်လ၂၇ ရက်


မတ်လ၂၇ ရက် မနက်ပိုင်းမှာ အမျိုးသမီးများပါဝင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို လှုပ်ရှားခဲ့တယ်လို့ဆိုပါတယ်။


"တန့်ဆည်အမျိုးသမီးသပိတ်ဦးဆောင်၍တန့်ဆည်ပင်မသပိတ်နှင့်အတူ ပြည်သူလူထုအား မတ်လ၂၇ရက် တော်လှန်ရေးနေ့မှာ ဖက်ဆစ်နည်းလမ်းအတိုင်းကျင့်ကြံနေသောစစ်အာဏာရှင်ပေါင်းအပါတို့အားတော်လှန်ဆန့်ကျင်ကြရန်၊ နိုင်ငံရေးပါတီများအနေနဲ့ပြည်သူ့ဆန္ဒအလေးထားကြရန်၊ ပြည်သူကိုမျက်နှာမမူဘဲ ဖက်ဆစ်ရွေကောက်ပွဲအားထောက်တိုင်အဖြစ်ရပ်တည်ပါက ပြည်သူ့ဘက်မရပ်တည်သူ၊ ပြည်သူ့ဆန္ဒဆန့်ကျင်သူ ပြည်သူ့ရန်သူဟု သတ်မှတ်ကြောင်းစတဲ့ ဘန်နာများကိုင်စွဲကာချီတက်ခဲ့ကြတယ်"လို့ဆိုပါတယ်။


တန့်ဆည်မြို့နယ်ဟာ စကစတပ်များ စစ်ကြောင်းထိုးမှုမကြာခဏရှိသော်လည်း လူထုသပိတ်များမပြတ်လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment