၂၀၂၃ မတ်လ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ "လူထုတော်လှန်ရေးကို ဦးဆောင်နေတဲ့ တော်လှန်ရေးအစိုးရတစ်ရပ်အနေဖြင့် အားနည်းချက်တွေ ချက်ခြင်းပြင်ဆင်နိူင်ဖို့ ကြိုးစားနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးပြောကြား
📌 ၂။ နွေဦးတော်လှန်ရေးဟာ တစ်စုတစ်ဖွဲ့ရဲ့ တော်လှန်ရေးမဟုတ်ဘဲ နိုင်ငံသူ၊ နိုင်ငံသားအားလုံးနဲ့ဆိုင်တဲ့ တော်လှန်ရေးဖြစ်တယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အသိပေးပြောကြား
📌 ၃။ “သမိုင်းတစ်လျောက်လုံးရဲ့ အဓိက ရန်သူက အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်အမျိုးမျိုးသာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
📌 ၄။ အာဏာရှင်တွေရဲ့အခိုင်းအစေ မဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပါဝင်လာတဲ့ CDMတွေဟာ ယနေ့ နွေဦးတော်လှန်ရေးမှာ အင်အားအကောင်းဆုံးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြားလိုက်
📌 ၅။ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုအချင်းချင်း ပေါင်းစုနိူင်တဲ့ ယုံကြည်၊ လက်တွဲမှုတွေနဲ့ ပေါင်းစုနိုင်တဲ့ စုပေါင်းလုပ်ဆောင်မှုတွေ အင်မတန်မှအရေးတကြီး လိုအပ်တယ်လို့ဆို
📌 ၆။ NUGPay နှင့် ပြည်သူများ၏ “ကရင်နီအတွက် ခွန်အားတစ်လက်” Campaign တွင် ပထမအကြိမ်မှ ဆဌမ အကြိမ်ထိ ပါဝင်လှူဒါန်းခဲ့သော ပြည်သူများ ဂုဏ်ပြု Post Card ကို ထုတ်ယူနိူင်
📌 ၇။ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စကစတပ်များ မိုင်း၁၀လုံးဖြင့် တိုက်ခိုက်ခံရ၍ နှစ်ဦးသေဆုံးကာအများအပြားဒဏ်ရာရ
📌 ၈။ အုတ်ဖိုမြို့နယ် တာဝါတိုင်ကျေးရွာတွင် နေအိမ်များကိုမီးရှို့၍ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်များတိုက်ခိုက်ခံရ၍ ၆ ဦးသေဆုံး
📌 ၉။ ဘုတလင်နယ် ဆုံကုန်းရွာကို ရွာလုံးကျွတ်နီးပါး အကြမ်းဖက်စစ်တပ်က မီးရှို့ရာမှာ မီးရှို့တဲ့အထဲ အရှင်လတ်လတ် သက်ကြီးရွယ်အို ၇ဦး မီးထဲပါသွား၍ မီးလောင်သေဆုံး
📌 ၁၀။ အကြမ်းဖက် စစ်တပ်က ဗန်းမောက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများတွင် ရွာအတွင်းရှိ ပြည်သူသုံးဦး ထိခိုက်သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ "လူထုတော်လှန်ရေးကို ဦးဆောင်နေတဲ့ တော်လှန်ရေးအစိုးရတစ်ရပ်အနေဖြင့် အားနည်းချက်တွေ ချက်ခြင်းပြင်ဆင်နိူင်ဖို့ ကြိုးစားနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးပြောကြား
"လူထုတော်လှန်ရေးကို ဦးဆောင်နေတဲ့ တော်လှန်ရေးအစိုးရတစ်ရပ်အနေဖြင့် အားနည်းချက်တွေ ချက်ခြင်း ပြင်ဆင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။
မတ်လ၂၆ရက် ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီမှ စီစဥ်ကျင်းပသည့် အင်ဒီယားနားပြည်နယ်ရှိ မြန်မာလူထု တွေ့ဆုံပွဲသို့ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သည့် မိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။
"လူထုတော်လှန်ရေးကို ဦးဆောင်နေတဲ့ တော်လှန်ရေးအစိုးရတစ်ရပ်အနေဖြင့် ကြီးလေးတဲ့တာဝန်များကို ထမ်းဆောင်တဲ့အခါ ကျနော်တို့ဆီမှာလည်း အားနည်းချက်တွေ ချက်ခြင်းပြင်ဆင်နိူင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ နိူင်ငံတကာရောက် ပြည်သူလူထုကလည်း ကျနော်တို့ အားနည်းချက်နဲ့ လိုအက်ချက်များကို အားမနာတမ်း ထောက်ပြအကြံပြုပြောကြားဖို့လိုပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရ အောင်မြင်မှုအနေဖြင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့တွင် နယ်မြေလွှမ်းမိုးမှုတို့ရှိနေပြီး အားနည်းချက်အနေဖြင့် ဒေသခံ ပြည်သူလူထုတို့ကို အပြည့်အဝ ကာကွယ်စောင့်ရှောက်မှုမပေးနိုင်ခြင်းနဲ့PDFရဲဘော်များအားလုံးကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးဖို့လိုအပ်ချက်တွေ ရှိနေတယ်လို့ ယာယီသမ္မတ ကဆိုပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးဟာ တစ်စုတစ်ဖွဲ့ရဲ့ တော်လှန်ရေးမဟုတ်ဘဲ နိုင်ငံသူ၊ နိုင်ငံသားအားလုံးနဲ့ဆိုင်တဲ့ တော်လှန်ရေးဖြစ်တယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အသိပေးပြောကြား
နွေဦးတော်လှန်ရေးဟာ တစ်စုတစ်ဖွဲ့ရဲ့တော်လှန်ရေးမဟုတ်ဘဲ နိုင်ငံသူ၊ နိုင်ငံသားအားလုံးနဲ့ဆိုင်တဲ့ တော်လှန်ရေးဖြစ်တယ်လို့ မတ်လ၂၆ရက်မှာကျင်းပတဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ်ရုံးနှင့် ကိုရီးယားအခြေစိုက် မြန်မာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲတွင် NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ထည့်သွင်းပြောပါတယ်။
"ဒီတော်လှန်ရေးဟာ NUGရဲ့ တော်လှန်ရေးမဟုတ်ဘူး။ တစ်စုတစ်ဖွဲ့ရဲ့ တော်လှန်ရေးမဟုတ်ဘူး။ ကျမတို့နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ ခေတ်သစ် ၊ စနစ်သစ်ကို ထူထောင်မယ့်၊ နိုင်ငံတော် သစ်ကိုထူထောင်မယ့် တော်လှန်ရေး ဖြစ်တယ်ဆိုတော့ အားလုံးနဲ့ဆိုင်တဲ့တော်လှန်ရေး ဖြစ်တယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိုင်ငံတော်အာဏာလုယူပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၃။ “သမိုင်းတစ်လျောက်လုံးရဲ့ အဓိက ရန်သူက အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်အမျိုးမျိုးသာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
“သမိုင်းတစ်လျောက်လုံးရဲ့ အဓိက ရန်သူက အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်အမျိုးမျိုးသာဖြစ်တယ်လို့ မတ်လအတွင်းကျင်းပတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကဆိုပါတယ်။
“သမိုင်းတစ်လျောက်လုံးရဲ့ အဓိကရန်သူက အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်အမျိုးမျိုးပါ။ ဒီအာဏာရှင်တွေက အများအားဖြင့်တော့ ပြည်သူလူထုက သူတို့ကို ထောက်ခံသည်ဖြစ်စေ ၊ မထောက်ခံသည်ဖြစ်စေ လူများစုရဲ့ လူမျိုးရေး Identity နဲ့ ဘာသာရေး Identity ကို အရမ်းအရှေ့တန်းတင်ပြီးတော့ သူတို့အာဏာကို ကျောထောက်နောက်ခံဖြစ်အောင် ကြိုးစားလေ့ရှိတယ်” လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိ အကြမ်းဖက် စစ်အုပ်ဟာ တိုင်းရင်းသားနယ်မြေများတွင်လည်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ကာ ဖိနှိပ်ကြမ်းကြုတ်မှုများလုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၄။ အာဏာရှင်တွေရဲ့အခိုင်းအစေ မဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပါဝင်လာတဲ့ CDMတွေဟာ ယနေ့ နွေဦးတော်လှန်ရေးမှာ အင်အားအကောင်းဆုံးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြားလိုက်
အာဏာရှင်တွေရဲ့အခိုင်းအစေ မဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပါဝင်လာတဲ့ CDMတွေဟာ ယနေ့နွေဦးတော်လှန်ရေးမှာ အင်အားအကောင်းဆုံးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ကပြောပါတယ်။
မတ်လ၂၆ရက်ကျင်းပတဲ့ “မိုမိုလေးများ” ကမ်ပိန်း ကံထူးရှင်ရွေးချယ်ပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကပြောပါတယ်။
"မြန်မာ့ သစ်လုပ်ငန်းက CDM တွေဟာ ဒီကနေ့တော်လှန်ရေးထဲမှာ ဆင်နဲ့တကွ ပါဝင်လာတာဟာ ကျနော်တို့ အတွက်အင်မတန်မှ အားရှိစရာဖြစ်ပါတယ်။ တော်လှန်ရေးထဲမှာ ထောက်ပို့အရသော်လည်းကောင်း၊ အရာရာအားလုံးမှာ အထူးသဖြင့် CDMဆိုတာ အာဏာရှင်ကို ဖီဆန်တဲ့ တော်လှန်ရေးဖြစ်တယ်ဆိုတာပါပဲ။ တခြားတော်လှန်ရေးမှာပါ၏ မပါ၏ဆိုတာထက်ကို အာဏာရှင်တွေရဲ့အခိုင်းအစေ မဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပါဝင်လာတာကိုက ဒါအင်မတန်မှ တန်ဖိုးဖြတ်လို့မရတဲ့ အခင်းအကျင်းတစ်ခုဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ အင်အားအကောင်းဆုံးက CDMဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ တရားမဝင်သစ်ခိုးထုတ်မှုများကို ဟန့်တားဖမ်းဆီးရေးအပြင် သစ်လုပ်ငန်းမှ CDMဝန်ထမ်းများနဲ့ ဆင်များကိုပါ ပြုစုစောင့်ရှောက် ထိန်းသိမ်းလျက်ရှိပါတယ်။
========================
📌📌 ၅။ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုအချင်းချင်း ပေါင်းစုနိူင်တဲ့ ယုံကြည်၊ လက်တွဲမှုတွေနဲ့ ပေါင်းစုနိုင်တဲ့ စုပေါင်းလုပ်ဆောင်မှုတွေ အင်မတန်မှအရေးတကြီး လိုအပ်တယ်လို့ဆို
နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုအချင်းချင်း ပေါင်းစုနိူင်တဲ့ ယုံကြည်၊ လက်တွဲမှုတွေနဲ့ ပေါင်းစုနိူင်တဲ့ စုပေါင်းလုပ်ဆောင်မှုတွေ အင်မတန်မှအရေးတကြီး လိုအပ်တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန် ဦးနိုင်ထူးအောင် ကဆိုပါတယ်။
မတ်လ၂၆ ရက်ကျင်းပတဲ့ တော်လှန်ရေး အလျှင်အမြန် အောင်မြင်ဖို့ လိုအပ်နေတဲ့အကြောင်းအရာများ စကားဝိုင်းမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန် ဦးနိုင်ထူးအောင် ကပြောပါတယ်။
"ဒီတော်လှန်ရေးမှာ ဘုံရည်မှန်းချက်တွေ၊ ဘုံသဘောတူညီချက်တွေ ပေါင်းစုကြတော့မယ့် အခါကျရင် ဘာတွေ လိုအပ်လာသလဲဆိုတော့ ပေါင်းစုနိုင်တဲ့ ယုံကြည်မှုတွေ၊ လက်တွဲမှုတွေ၊ ပေါင်းစုနိူင်တဲ့ စုပေါင်းလုပ်ဆောင်မှုတွေ အင်မတန်မှ အရေးကြီးတာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး နိုင်ငံသစ်ထူထောင်ပါက ခိုင်မာတဲ့ သဘောတူညီချက်တွေ တည်ဆောက်နိုင်ဖို့ လိုအပ်မှာ ဖြစ်တယ်လို့ NUG ကာကွယ်ရေးအတွင်းဝန်က ထပ်လောင်းဆိုပါတယ်။
========================
📌📌 ၆။ NUGPay နှင့် ပြည်သူများ၏ “ကရင်နီအတွက် ခွန်အားတစ်လက်” Campaign တွင် ပထမအကြိမ်မှ ဆဌမ အကြိမ်ထိ ပါဝင်လှူဒါန်းခဲ့သော ပြည်သူများ ဂုဏ်ပြု Post Card ကို ထုတ်ယူနိူင်
NUGPay နှင့် ပြည်သူများ၏ “ကရင်နီအတွက် ခွန်အားတစ်လက်” Campaign တွင်ပထမအကြိမ် မှ ဆဌမ အကြိမ်ထိ ပါဝင်လှူဒါန်းခဲ့သော ပြည်သူများ ဂုဏ်ပြု Post Card ကို ထုတ်ယူနိုင်တယ်လို့ မတ်လ၂၆ ရက်မှာ NUG Payကနေ အသိပေးဆိုပါတယ်။
"NUGPay နှင့် ပြည်သူများ၏ “ကရင်နီအတွက် ခွန်အားတစ်လက်” Campaign တွင် ပါဝင်နိုင်ပါတယ်။ ပထမအကြိမ်မှ ဆဌမ အကြိမ်ထိ ပါဝင်လှူဒါန်းခဲ့သော ပြည်သူများ အနေဖြင့်လည်း ဂုဏ်ပြု Post Card များကိုလည်း ဆက်သွယ် ရယူနိုင်ပါတယ်"လို့ဆိုပါတယ်။
ပြည်သူများ၏ ၇ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် “လက်ရှိတိုက်ပွဲပြင်းထန်နေသော ကရင်နီဒေသ” အတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမှာဖြစ်ပြီး လှူဒါန်းမှုများကို၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ လက်ခံသွားကာ မြေပြင်အရောက် ပေးပို့သွားမှာ ဖြစ်ပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စကစတပ်များ မိုင်း၁၀လုံးဖြင့် တိုက်ခိုက်ခံရ၍ နှစ်ဦးသေဆုံးကာအများအပြားဒဏ်ရာရ
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်စိုင်နိုင်ကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသောစကစတပ်များ မိုင်း၁၀လုံးဖြင့် တိုက်ခိုက်ခံရ၍ နှစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့တယ်လို့ မတ်လ၂၆ရက်မှာ စစ်ရေးသတင်းကို ရွှေဘိုခရိုင်အမှတ်(၂၃)တပ်ရင်းက အသိပေးဆိုပါတယ်။
"မတ်လ၂၅ရက် နံနက်၁၀နာရီ၃၀အချိန် ရွာသာကြီးမှ စိုင်နိုင်ကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စကစတပ်များကို ရွှေဘိုခရိုင်အမှတ်(၂၃)တပ်ရင်းတပ်ခွဲ၁ နှင့် ဒေသခံ ပကဖတပ်ဖွဲ့များပူးပေါင်း၍ မိုင်း၁၀လုံးဖြင့် တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စကစတပ်က နှစ်ဦးသေဆုံး၍ ဒဏ်ရာရရှိသူအများအပြား ရှိနိုင်ကြောင်းဆေးရုံအနီး မျက်မြင်ပြည်သူများမှ ပြောကြားချက်များအရသိရတယ်လို့ ဆိုပါတယ်။
မဟာမိတ်များနှင့် ရဲဘော်များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ အုတ်ဖိုမြို့နယ် တာဝါတိုင်ကျေးရွာတွင် နေအိမ်များကိုမီးရှို့၍ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်များတိုက်ခိုက်ခံရ၍ ၆ ဦးသေဆုံး
ပဲခူးတိုင်း၊ သာယာဝတီခရိုင်အုတ်ဖိုမြို့နယ် တာဝါတိုင်ကျေးရွာတွင် နေအိမ်များကိုမီးရှို့၍ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ၍ ၆ဦးသေဆုံးခဲ့ပါတယ်။
မတ်လ၂၆ ရက်မှာ စစ်ရေးသတင်းကို ပဲခူးတိုင်းစစ်ဒေသခွဲက အတည်ပြုဖော်ပြပါတယ်။
"ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဂမုန်းဆည်အနီးရှိ ဝိုင်းကျေးရွာအုပ်စု တာဝါတိုင်ရွာတွင် နေအိမ်များကို မီးရှို့ဖျက်ဆီး၍ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၅ နှင့် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၅၊တပ်စု ၂ ပူးပေါင်းတပ်ဖွဲ့များက မြွေပွေးစစ်ကြောင်း၊ မြင်းပျံစစ်ကြောင်း (၂)ခုခွဲ၍ မတ်လ၂၆ရက်နံနက် (၈:၁၅)နာရီခန့်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က စက်သေနတ်၊ ၄၀မမ၊ ၆၀မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း လက်နက်ကြီး၊ စက်သေနတ်များဖြင့် ရမ်းသန်း၍ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။
အဆိုပါ တာဝါတိုင်ကျေးရွာတွင် မတ်လ(၂၄)ရက်နေ့၌လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၆)ဦး သေဆုံးကာ အများအပြားဒဏ်ရာရှိခဲ့ပါတယ်။
အထိနာလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် တာဝါတိုင်ကျေးရွာ၊ ဝိုင်းကျေးရွာနှင့် ချောင်းစောက်ကျေးရွာများကို မီးရှို့ဖျက်ဆီး၍ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူလျက်ရှိပါတယ်။
========================
📌📌 ၉။ ဘုတလင်နယ် ဆုံကုန်းရွာကို ရွာလုံးကျွတ်နီးပါး အကြမ်းဖက်စစ်တပ်က မီးရှို့ရာမှာ မီးရှို့တဲ့အထဲ အရှင်လတ်လတ် သက်ကြီးရွယ်အို ၇ဦး မီးထဲပါသွား၍ မီးလောင်သေဆုံး
စစ်ကိုင်းတိုင်း၊ ဘုတလင်နယ် ဆုံကုန်းရွာကို ရွာလုံးကျွတ်နီးပါး အကြမ်းဖက်စစ်တပ်က မီးရှို့ရာမှာ မီးရှို့တဲ့အထဲ အရှင်လတ်လတ် သက်ကြီးရွယ်အို ၇ဦး မီးထဲပါသွား၍ မီးလောင်သေဆုံးခဲ့ပါတယ်။
မတ်လ(၂၅)ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းဘုတလင်မြို့နယ် ဆုံကုန်းကျေးရွာကို စကစတပ်များက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။
မီးရှို့မှုကို မုံရွာန၊မ၊ခ ဘက်ကလာတဲ့စစ်ကြောင်းနဲ့ ဘုတလင်မြို့ပေါ်က စစ်ကြောင်း(၂)ခုပေါင်းပြီး ကျူးလွန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
မီးရှို့မှုကြောင့် နေအိမ်(၂၀၀)ကျော်နဲ့သက်ကြီး အဘိုး(၂)ဦး၊အဘွား(၅)ဦးမီးထဲ အရှင်လတ်လတ် သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၁၀။ အကြမ်းဖက် စစ်တပ်က ဗန်းမောက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများတွင် ရွာအတွင်းရှိ ပြည်သူသုံးဦး ထိခိုက်သေဆုံး
အကြမ်းဖက် စစ်တပ်က ဗန်းမောက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများတွင် ရွာအတွင်းရှိ ပြည်သူသုံးဦး ထိခိုက်သေဆုံးခဲ့ပါတယ်။
မတ်လ၂၆ရက်မှာ စကစတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ဗန်းမောက်တော်လှန်ရေးအင်အားစုက အတည်ပြုဆိုပါတယ်။
"မတ်လ၂၆ရက်နေ့လည် ၁နာရီတွင် ဗန်းမောက်မြို့ ကြောင်လည်ရွာအနီး လေယာဉ်ဖြင့် ဗုံးကျဲသွားခဲ့ပါတယ်။ လူသူအထိအခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။ မတ်လ၂၄ရက်နေ့ နန့်နန့်ထွန်ရွာသို့ လေကြောင်းတိုက်ခိုက်မှုတွင် ရွာအတွင်းရှိ ပြည်သူသုံးဦး ထိခိုက်သေဆုံးကြောင်း သတင်းရရှိပါတယ်"လို့ဆိုပါတယ်။
မတ်လ၂၄ရက်နေ့မှစ၍ ကြောင်လည်၊ နန့်နန့်ထွန်၊ ကြောက်ဆည် စသည့် ဗန်းမောက် အနောက်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ရွာရှိပြည်သူများအား ခြိမ်းခြောက်၍ လမ်းပြလုပ်ခိုင်းခြင်း၊ လူသားတံတိုင်းအဖြစ် အသုံးချခြင်းများ ရှိနေတယ်လို့ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment