၂၀၂၃ မတ်လ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းရင်းသားအဖွဲ့အစည်းအချို့နဲ့ တွေ့ဆုံပြီး အတုအယောင် ငြိမ်းချမ်းရေးညီလာခံကို ဖန်တီးဖို့လုပ်ဆောင်နေတယ်လို့ ယာယီသမ္မတသတိပေး
📌 ၂။ လူမဆန်လွန်းတဲ့ အကြမ်းဖက် စစ်ကောင်စီကိုမြန်မာ့ မြေပေါ်မှာ ခြေမချနိုင်သည်အထိ အမြစ်ဖြတ် တိုက်ခိုက်သွားရမယ့် နှစ်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၃။ လက်နက်ကိုင်အဖွဲ့ အစည်းများနဲ့ တော်လှန်ရေး အင်အားစုများအကြား International Humanitarian Law ကို လိုက်နာနိုင်ရန် ICRC/Suu Foundation တို့နဲ့ လက်တွဲလုပ်ဆောင်ဖို့ NUGအစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြဆွေးနွေး
📌 ၄။ အပြစ်မဲ့ ထိခိုက်ကျဆုံးခဲ့ရတဲ့ ကျန်းမာရေးမိသားစုဝင်တွေနဲ့ ပြည်သူတွေအတွက်တရားမျှတမှု မရမချင်း အဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၅။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့ လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
📌 ၆။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာဖြင့် ကျင်းပနိူင်ခဲ့
📌 ၇။ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို PRA-Magway ဌာနချုပ်စခန်းတွင် ကျင်းပ
📌 ၈။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင်နိုင်ငံရေးပါတီ ၄၀ကို အကြမ်းဖက်စစ်ကောင်စီရဲ့ UECက ဖျက်သိမ်းကြောင်းကြေညာ
📌 ၉။ မန္တလေး-ဗန်းမော်ကားလမ်းအသုံးပြုနေကြသော ပြည်သူများ စကစယာဉ်တန်းများနှင့် ကပ်မလိုက်ရန် တကောင်းပကဖ သတိပေးထုတ်ပြန်
📌 ၁၀။ ကနီမြို့နယ် ရေလည်ကျွန်းပျူရွာအား TIGER FIGHTERS လက်နက်ကြီးအဖွဲ့မှ တာဝေးပစ် လက်နက်ကြီးနဲ့ပစ်ခတ်
📌 ၁၁။ ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုး မြို့ပြစစ်ဆင်ရေးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ကျဆုံးသူဦးရေ(၁၅)ဦး နှင့်အထက်ရှိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းရင်းသားအဖွဲ့အစည်းအချို့နဲ့ တွေ့ဆုံပြီး အတုအယောင် ငြိမ်းချမ်းရေးညီလာခံကို ဖန်တီးဖို့လုပ်ဆောင်နေတယ်လို့ ယာယီသမ္မတသတိပေး
အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းရင်းသားအဖွဲ့အစည်းအချို့နဲ့ တွေ့ဆုံပြီး အတုအယောင် ငြိမ်းချမ်းရေးညီလာခံကို ဖန်တီးဖို့လုပ်ဆောင်နေတယ်လို့ယာယီသမ္မတ ဒူဝါလရှီးလကသတိပေးပြောပါတယ်။ မတ်လ၂၈ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၂ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
"အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းရင်းသားအဖွဲ့အစည်းအချို့နဲ့ တွေ့ဆုံပြီး အတုအယောင် ငြိမ်းချမ်းရေးညီလာခံကို ဖန်တီးဖို့လုပ်ဆောင်နေတာကို တွေ့မြင်နေရပါတယ်။ ဖက်ဆစ်စစ်တပ်ဟာ သူတို့ရဲ့ ပြုမူနေကြ အလေ့အထအတိုင်းပဲ တိုင်းရင်းသားတွေအကြားမှာ နည်းမျိုးစုံနဲ့ သွေးခွဲ သပ်လျှိုဖို့ ကြိုးစားနေတယ်ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပဲ တွေ့မြင်နေရ ပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံး စစ်တပ်ရဲ့ ထောင်ချောက်ကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေရမဲ့ အချိန်လည်းဖြစ်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးကိုလည်း အကြမ်းဖက် စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာထားကြဖို့အတွက် အလေးအနက်တိုက်တွန်း လိုပါတယ်"လို့ ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ KIA၊KNUစတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ လူမဆန်လွန်းတဲ့ အကြမ်းဖက် စစ်ကောင်စီကိုမြန်မာ့ မြေပေါ်မှာ ခြေမချနိုင်သည်အထိ အမြစ်ဖြတ် တိုက်ခိုက်သွားရမယ့် နှစ်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
လူမဆန်လွန်းတဲ့ အကြမ်းဖက် စစ်ကောင်စီကို မြန်မာ့ မြေပေါ်မှာ ခြေမချနိုင်သည်အထိ အမြစ်ဖြတ် တိုက်ခိုက်သွားရမယ့်နှစ်ဖြစ်တယ်လို့ မတ်လ၂၈ရက် ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်ကပြောပါတယ်။
"အစိုးရအဖွဲ့ အစည်းအဝေးမှတဆင့် ပြည်သူတွေဆီကို သတင်းစကား ပါးလိုတာကတော့ တော်လှန်ရေးရဲ့ ခက်ခဲတဲ့ ကာလတွေကို ကျွန်တော်တို့ အတူတကွ ကျော်ဖြတ်ခဲ့ကြတာ ၂ နှစ်ကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်ကတော့ ကျွန်တော်တို့ အစွမ်းကုန် ရုန်းကန်ပြီး လူမဆန်လွန်းတဲ့ ဒီအကြမ်းဖက် စစ်ကောင်စီတွေကို ကျွန်တော်တို့ မြေပေါ်မှာ ခြေမချနိုင်သည်အထိ အမြစ်ဖြတ် တိုက်ခိုက်သွားရမယ့် နှစ်ဖြစ်ပါတယ်။ ဒါကြောင့် ခက်ခဲမှုတွေကို အတူရင်ဆိုင် ကျော်လွှားရင်း အောင်မြင်မှုပန်းတိုင်ဆီ အတူလျှောက်လှမ်းကြရအောင်လို့"ဆိုပါတယ်။
၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေး အဆုံးအဖြတ်ပေးမယ့် နှစ်တစ်နှစ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာထားပါတယ်။
========================
📌📌 ၃။ လက်နက်ကိုင်အဖွဲ့ အစည်းများနဲ့ တော်လှန်ရေး အင်အားစုများအကြား International Humanitarian Law ကို လိုက်နာနိုင်ရန် ICRC/Suu Foundation တို့နဲ့ လက်တွဲလုပ်ဆောင်ဖို့ NUGအစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြဆွေးနွေး
လက်နက်ကိုင်အဖွဲ့ အစည်းများနဲ့ တော်လှန်ရေး အင်အားစုများအကြား International Humanitarian Law ကိုလိုက်နာနိုင်ရန် ICRC/Suu Foundation တို့နဲ့ လက်တွဲလုပ်ဆောင်ဖို့ NUGအစိုးရအဖွဲ့အစည်းအဝေးမှာတင်ပြဆွေးနွေးခဲ့ပါတယ်။ မတ်လ၂၈ ရက် အစိုးရအဖွဲ့ အစည်းအဝေးမှာတင်ပြခဲ့တာ ဖြစ်ပါတယ်။
အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက NUG က အစိုးရ တစ်ရပ်အနေနဲ့ မိမိတို့နဲ့ ချိတ်ဆက်နေတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းများနဲ့ တော်လှန်ရေး အင်အားစုများအကြား International Humanitarian Law ကို နားလည်လေးစားပြီး ပိုမိုခိုင်မာစွာ လိုက်နာနိုင်ရန် ICRC/Suu Foundation တို့နဲ့ လက်တွဲလုပ်ဆောင်ရန် ဆွေးနွေးတင်ပြခဲ့ပါတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ အပြစ်မဲ့ ထိခိုက်ကျဆုံးခဲ့ရတဲ့ ကျန်းမာရေးမိသားစုဝင်တွေနဲ့ ပြည်သူတွေအတွက်တရားမျှတမှု မရမချင်း အဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
အပြစ်မဲ့ ထိခိုက်ကျဆုံးခဲ့ရတဲ့ ကျန်းမာရေးမိသားစုဝင်တွေနဲ့ ပြည်သူတွေအတွက်တရားမျှတမှု မရမချင်း အဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ မတ်လ၂၈ရက်မှာ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဆိုလိုက်ပါတယ်။
"ယနေ့ထက်တိုင် ရဲရဲတောက် တော်လှန်နေကြတဲ့စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာဆန္ဒပြ ပြည်သူတွေကို ဆေးကုပေးနေရင်း စကစလက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့သူနာပြု သင်တန်းသူလေး သမီး သဥ္ဇာဟိန်းဒီနေ့ (၂) နှစ် ပြည့်ပြီ။ အခုဆိုရင် သမီးတို့လိုပဲ အသက်တွေ၊ ဘဝတွေ စွန့်လွှတ်ပြီးရှေ့တန်းမှာ ဆေးကုသပေးနေတဲ့ သူရဲကောင်းတွေအများကြီး ရှိနေပါပြီ။ သမီးတို့လို အပြစ်မဲ့ ထိခိုက်ကျဆုံးခဲ့ရတဲ့ ကျန်းမာရေးမိသားစုဝင်တွေနဲ့ ပြည်သူတွေအတွက်တရားမျှတမှု (Justice) မရမချင်း ...စစ်အာဏာရှင်စနစ်အမြစ် မပြုတ်မချင်း ...အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ဆရာ ကတိပြုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နှစ်တာ မဟာဗျူဟာ စီမံချက်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး စစ်ရေးအရှိန်မြှင့်တင်လျက်ရှိပါတယ်။
========================
📌📌 ၅။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့ လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
မတ်လ၂၈ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၁၃/၂၀၂၃)ကိုကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲသို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ပြည်သူ့ရဲတပ်ဖွဲ့၊ ရဲချုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ တက်ရောက်လာသော မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များက မိမိဒေသရှိ အမှုအခင်းများနှင့်ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းကြကာ ဝန်ကြီးဌာန၏ သက်ဆိုင်ရာတပ်ဖွဲ့ /ဦးစီးဌာနများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ တွဲဖက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာဖြင့် ကျင်းပနိူင်ခဲ့
တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာဖြင့် ကျင်းပနိူင်ခဲ့တယ်လို့မတ်လ၂၈ရက်မှာ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ကအသိပေးဖော်ပြပါတယ်။
"တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်း တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများမှ ဝင်ရောက်ဖြေဆိုခဲ့ကြတယ်"လို့ ဖော်ပြပါတယ်။
စာမေးပွဲဖြေဆိုသည့် ကာလအတွင်းတွင်လည်း ဝင်ရောက်ဖြေဆိုသည့် ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများအတွက် လုံခြုံရေးနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများကို စနစ်တကျစုဖွဲ့ပြင်ဆင်ထားရှိခဲ့ပြီး နယ်မြေခံ စစ်ကြောင်းမှ PDF ရဲဘော် များက တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။
========================
📌📌 ၇။ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို PRA-Magway ဌာနချုပ်စခန်းတွင် ကျင်းပ
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို PRA-Magway ဌာနချုပ်စခန်းတွင် ကျင်းပခဲ့တယ်လို့ မတ်လ၂၈ရက်မှာ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway)က အသိပေးဆိုပါတယ်။
"မတ်လ၂၈ရက် မနက် (၈:၀၀) နာရီတွင် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို PRA-Magway ဌာနချုပ်စခန်းတွင် ကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ ဒေသတွင်းညီနောင်တပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းစစ်ကြောင်းဖြင့် ချီတက်အလေးပြုခဲ့ပြီး ဒေသအသီးသီးမှ မဟာမိတ်တော်လှန်ရေးအဖွဲ့များ ပေးပို့လာသောဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပါတယ်"လို့ဖော်ပြပါတယ်။
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) ကို ၂၈-၃-၂၀၂၁ ခုနှစ်တွင် မကွေးမြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့သည်မှာ (၂) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၈။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင်နိုင်ငံရေးပါတီ ၄၀ကို အကြမ်းဖက်စစ်ကောင်စီရဲ့ UECက ဖျက်သိမ်းကြောင်းကြေညာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင် နိုင်ငံရေးပါတီ၄၀ကို အကြမ်းဖက်စစ်ကောင်စီရဲ့ UECကဖျက်သိမ်းကြောင်းကြေညာလိုက်ပါတယ်။ မတ်လ၂၈ရက် ညပိုင်းအကြမ်းဖက်စစ်ကောင်စီရဲ့ ဝါဒဖြန့်ရုပ်သံ MRTVကတဆင့်ကြေညာသွားခဲ့ပါတယ်။
ကြေညာချက်အရ UEC၏ကြေငြာစာပါ စာပုဒ်၂(ဌ)အရ ဖျက်သိမ်းခြင်းဖြစ်ကြောင်းဆိုထားပြီး အများစုမှာ တိုင်းရင်းသားနိုင်ငံရေးပါတီများပါဝင်ပါတယ်။ ပါတီမှတ်ပုံတင်ရက်ကုန်ဆုံး၍ မှတ်ပုံမတင်သည့်ပါတီ ၄၀ အား အလိုလျောက်ပျက်ပြယ်တယ်လို့ဆိုပါတယ်။
အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီရဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂၉) ရက် ထုတ်ပြန်ကြေညာချက်အရတည်ဆဲဥပဒေများကို ချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားသော စစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည် တရားဝင်မှုမရှိသဖြင့် ၎င်းတို့ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအား မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ခိုင်မာစွာဆန့်ကျင်ကန့်ကွက်နေမည်ဖြစ်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ရာတွင် အားပေး ကူညီသူများအဖြစ် သတ်မှတ်မှာ ဖြစ်တယ်လို့ဆိုထားပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က အမှာစကားပါးထားရာတွင် ပါတီဝင်များ ပါတီပျက်မည်ကို မစိုးရိမ်ဘဲ လုပ်ဆောင်စရာများ ဆက်လက်လုပ်ဆောင်ရန်နှင့် ပြည်သူရှိလျှင်ပါတီ ရှိမည် ဖြစ်ကြောင်း ဆိုထားပါတယ်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒနယ်ပေါင်း ၃၁၅ နယ်၊ အမျိုးသား လွှတ်တော်တွင် မဲဆန္ဒနယ်ပေါင်း ၁၆၁ နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် မဲဆန္ဒနယ် ပေါင်း ၆၁၂ နယ်နှင့် တိုင်းရင်းသားလူမျိုးများဆိုင်ရာမဲဆန္ဒနယ် ၂၉ နယ် ကျင်းပပေးနိုင်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၁၁၁၇ ဦး ကို ရွေးကောက်တင်မြှောက်ခဲ့ရာ အများစုအနိုင်ရရှိသည့် ကိုယ်စားလှယ်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဖြစ်ပါတယ်။
========================
📌📌 ၉။ မန္တလေး-ဗန်းမော်ကားလမ်းအသုံးပြုနေကြသော ပြည်သူများ စကစယာဉ်တန်းများနှင့် ကပ်မလိုက်ရန် တကောင်းပကဖ သတိပေးထုတ်ပြန်
မန္တလေး-ဗန်းမော်ကားလမ်းအသုံးပြုနေကြသော ပြည်သူများ စကစယာဉ်တန်းများနှင့် ကပ်မလိုက်ရန် မတ်လ၂၈ရက်မှာ တကောင်းပကဖက အသိပေးထုတ်ပြန်ပါတယ်။
"မန္တလေး-ဗန်းမော်ကားလမ်းအသုံးပြုနေကြသော မိဘပြည်သူများခင်ဗျာ စကစယာဉ်တန်းများနှင့် လုံးဝ(လုံးဝ)ကပ်လိုက်ခြင်း မပြုလုပ်ကြပါရန် အထူးတောင်းဆိုအပ်ပါတယ်"လို့ဆိုပါတယ်။
ပြည်သူများအနေနဲ့ အသွားအလာဂရုစိုက်ပြီး စည်းကမ်းချက်များ လိုက်နာကာ ပြည်သူ့ကာကွယ်ရေး အင်အားစုများနှင့် ပူးပေါင်းပေးရန် အသိပေးဆိုထားပါတယ်။
========================
📌📌 ၁၀။ ကနီမြို့နယ် ရေလည်ကျွန်းပျူရွာအား TIGER FIGHTERS လက်နက်ကြီးအဖွဲ့မှ တာဝေးပစ် လက်နက်ကြီးနဲ့ပစ်ခတ်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ရေလည်ကျွန်းပျူရွာအား TIGER FIGHTERS လက်နက်ကြီးအဖွဲ့မှ တာဝေးပစ် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ မတ်လ၂၈ရက်မှာ စစ်ရေးသတင်းကို TIGER FIGHTERSက အသိပေးဆိုပါတယ်။
"TIGER FIGHTERS ထုပ်လုပ်ရေးတပ် လက်နက်ကြီးတပ်ဖွဲ့မှ မတ်လ၂၇ရက်နေ့ မနက် ၁၀ နာရီမှာ စစ်အာဏာရှင်ရဲ့ ဒေါက်တိုင်ကြီးဖြစ်တဲ့ ကနီမြို့နယ် ရေလည်ကျွန်းပျူရွာအား TIGER FIGHTERS လက်နက်ကြီးတပ်ဖွဲ့ နှင့်မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ တာဝေးပစ်လက်နက်ကြီးများဖြင့် ပွိုင့် သုံးခုကနေ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိခိုက် ပျက်စီးမှုများကို အတည်ပြုဆဲဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၁၁။ ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုး မြို့ပြစစ်ဆင်ရေးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ကျဆုံးသူဦးရေ(၁၅)ဦး နှင့်အထက်ရှိခဲ့
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုး မြို့ပြစစ်ဆင်ရေးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ကျဆုံးသူဦးရေ(၁၅)ဦး နှင့်အထက်ရှိခဲ့ပါတယ်။
မတ်လ၂၈ရက်မှာ စစ်ရေးသတင်းကို Lion Battalion Commando - ဗျူဟာစစ်ကြောင်းက အသိပေးဆိုပါတယ်။
"မတ်လ၂၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုး မြို့ပြစစ်ဆင်ရေးတိုက်ပွဲတွင်ဗျူဟာမှူး ဗိုလ်အယ်စေးဝါ ဦးဆောင်သောLion Battalion Commando - ဗျူဟာစစ်ကြောင်း နှင့်
ကရင့်တော်လှန်ရေးတပ်ဖွဲ့များ နှင့် အခြားသော PDF ပူးပေါင်းစစ်ကြောင်းများမှ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုးမြို့အခြေစိုက် ခမရ (၅၄၅/ ၅၄၆)၊ ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတားနှင့် ငါးတိုင်အလယ်တန်းစာသင်ကျောင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၊ လက်အောက်ခံ ဖြစ်သောနယ်ခြားစောင့်တပ် BGF နှင့် ရဲများအား မတ်လ၊ ၂၅ ရက်နေ့ မနက်(၇)နာရီ (၃၀)မိနစ်အချိန်မှစ၍ ဗျုဟာမြောက်ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
မတ်လ ၂၅ ရက်နေ့ မှ ၂၆ ရက်နေ့အထိ (၂)ရက်တာတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်မှ ကျဆုံးသူဦးရေ(၁၅)ဦး နှင့်အထက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန် ရရှိသူများပြား၍ တပ်ပျက်ကာ စစ်ကြောင်းလိုက်ထွက်ပြေးမှုများရှိခဲ့ပါတယ်။
အဆိုပါတိုက်ပွဲအတွင်း Lion Battalion Commando - ဗျူဟာစစ်ကြောင်းမှ ရဲဘော် မိုးသက်မောင်မောင်(ခ)အရှည်ကြီး ၊ ရဲဘော် မျိုးမင်းလှိုင်(ခ)မျိုးကြီး နှင့် ရဲဘော် သရဲနီတို့ မြင့်မြတ်စွာကျဆုံးခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment