၂၀၂၃ မတ်လ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးကြေငြာခြင်းခံရတဲ့ မြို့နယ်တွေက ပြည်သူလူထုလူမှုဘဝ မလုံခြုံမှုတွေကို ပိုပြီးခံစားလာနေရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်ဒေသခံသုံးဦးသေဆုံးမှုအနောက်မြောက်တိုင်းစစ်ဌာနချုပ်က ကျူးလွန်တယ်လို့ NUG လူ့အခွင့်ရေးရာဝန်ကြီးဌာနထုတ်ပြန်
📌 ၃။ NUGက အသိအမှတ်ပြုတဲ့ ကျောင်းတွေမှာ ပညာသင်ကြားမှုပြီးဆုံးသူတွေကို ကျောင်းသားသမဂ္ဂတွေနဲ့ဆရာ၊ဆရာမ သမဂ္ဂတွေကသဘောတူရင် NUG ကဘွဲ့ပေးမှာဖြစ်တယ်လို့ဆို
📌 ၄။ ဂန့်ဂေါမြို့နယ် စိုင်ဒူးကျေးရွာတွင် ခလရ ၅၀ စစ်ကောင်စီ တပ်သားများကို ဝေဟင်က ဗုံးကြဲတိုက်ခိုက်
📌 ၅။ ဧရာဝတီမြစ်အရှေ့ဘက် ကမ်းကနေ စစ်ကြောင်းထိုးလာသော စကစတပ် စစ်ကြောင်းအင်အား(၃၀၀)နှင့် မြောင်နယ် ရသစ်ရွာ ပြည်သူ့အိမ်များကို မီးရှို့ဖျက်ဆီး
📌 ၆။ တမူး TSG တပ်ရင်း၄မှ အပတ်စဥ် ၁၆ သင်တန်းသားသစ်များခေါ်ယူ
📌 ၇။ မတ်လအတွင်း နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ တော်လှန်ရေးရန်ပုံငွေအတွက် အစားအစာရောင်းချရငွေအမေရိကန်ဒေါ်လာ တစ်သောင်းရှစ်ထောင်ကျော်ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးကြေငြာခြင်းခံရတဲ့ မြို့နယ်တွေက ပြည်သူလူထုလူမှုဘဝ မလုံခြုံမှုတွေကို ပိုပြီးခံစားလာနေရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
မတ်လ ၆
မတ်လအတွင်းကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုဆိုလိုက်ပါတယ်။
"အခုဆိုရင် အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးကြေငြာခြင်းခံရတဲ့ မြို့နယ်တွေက ပြည်သူလူထုတွေအနေနဲ့ လူမှုဘဝမလုံခြုံမှုတွေကို ပိုပြီးခံစားလာနေရပါတယ်။ မြန်မာနိုင်ငံရဲ့ နေရာ အနှံ့အပြားမှာ အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့ သတ်ဖြတ် မီးရှို့တာတွေအပြင် မသမာသူ တွေရဲ့ လုယက်သတ်ဖြတ်မှုတွေကလည်း နေရာတိုင်းလိုလိုမှာ ပေါ်ထွက်လာနေပါတယ်"လို့ဆိုပါတယ်။
အဆိုပါဖြစ်ရပ်များအတွက် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အဓိကထား ဆောင်ရွက်သွားကြရန် ဝန်ကြီးချုပ်ကထည့်သွင်းဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုက စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း ၄၇မြို့နယ်အထိရှိလာပြီဖြစ်ကာ စကစတပ်များရဲ့ အရပ်သားများအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများဟာလည်း တိုးမြင့်လာပါတယ်။
========================
📌📌 ၂။ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်ဒေသခံသုံးဦးသေဆုံးမှုအနောက်မြောက်တိုင်းစစ်ဌာနချုပ်က ကျူးလွန်တယ်လို့ NUG လူ့အခွင့်ရေးရာဝန်ကြီးဌာနထုတ်ပြန်
ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာဖြစ်စဥ်နှင့်ပတ်သက်ပြီး မတ်လ၆ရက်နေ့မှာ NUG လူ့အခွင့်ရေးရာဝန်ကြီးဌာနက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်စဥ်ကိုဖော်ပြပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာသို့ မတ်လ(၃)ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား(၄၀)ခန့်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲကာ လက်နက်ကြီးများဖြင့် အချက် (၂၀)ခန့် ရမ်းသမ်းပစ်ခတ်၍ ဝင်ရောက်ကာ ပြည်သူနေအိမ်များကို လောင်စာဆီများအသုံးပြုမီးရှို့ခဲ့တယ်လို့ဆိုပါတယ်။
ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်(၁၃)နှစ်အရွယ် မောင်ပြည့်ဖြိုးဦး၊ အသက်(၅၀)အရွယ် ဦးဖိုးမင်း၊ အသက်(၆၇)နှစ်အရွယ် ဒေါ်စန်းကြည်တို့ အသက်ဆုံးရှုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ် (၇၀)ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေး တည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေး အရေးယူ နိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ NUG က အသိအမှတ်ပြုတဲ့ ကျောင်းတွေမှာ ပညာသင်ကြားမှုပြီးဆုံးသူတွေကို ကျောင်းသားသမဂ္ဂတွေနဲ့ဆရာ၊ဆရာမ သမဂ္ဂတွေကသဘောတူရင် NUG ကဘွဲ့ပေးမှာဖြစ်တယ်လို့ဆို
မတ်လ ၆
NUG ၏ဘွဲ့ပေးပညာရေးနှင့်စပ်လျဥ်း၍ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကအခုလို ပြောဆိုထားပါတယ်။
"ကျောင်းသားတွေအနေနဲ့ကျောင်းပြီးဆုံးတဲ့အခါ MNOU နဲ့I UC တွေက သင်တန်းပြီးဆုံးကြောင်းလက်မှတ်တွေထုတ်ပေးမယ်။တော်လှန်ရေးထဲမှာပါဝင်တဲ့ ကျောင်းသားသမဂ္ဂတွေနဲ့ဆရာ၊ဆရာမ သမဂ္ဂတွေကသဘောတူရင် NUGကဘွဲ့ပေးမှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲသက်ဆိုင်သူအားလုံးကတော်လှန်ရေးပြီးတဲ့တစ်နေ့နေ့မှာ ဘွဲ့နှင်းသဘင်တပြိုင်နက်ကျင်းပဖို့ သဘောတူထားတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ CDM ကျောင်းသား၊ကျောင်းသူသိန်းနဲ့ချီဆက်လက်ရှိနေရှိပါတယ်။
========================
📌📌 ၄။ ဂန့်ဂေါမြို့နယ် စိုင်ဒူးကျေးရွာတွင် ခလရ ၅၀ စစ်ကောင်စီ တပ်သားများကို ဝေဟင်က ဗုံးကြဲတိုက်ခိုက်
မတ်လ ၆
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စိုင်ဒူးကျေးရွာ သို့ ဝင်ရောက်လာပြီး ပြည်သူပိုင်ပစ္စည်းများကို အတင်း အဓမ္မ ခိုးယူနေသော ခလရ၅၀ စစ်ကောင်စီ တပ်သားများကို ဝေဟင်က ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မတ်လ၆ရက်မှာ Hyper UAV Force မှစစ်ရေးသတင်းကို အတည်ပြုဆိုထားပါတယ်။
" ခလရ၅၀ စစ်ကောင်စီ တပ်သားများကို Hyper UAV Force မှ ၆ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ ဗုံးထိမှန်၍စစ်ကောင်စီ တပ်သား ၂ ဦး ကျဆုံးပြီး ၄ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့HYPER UAV FORCE ကအတည်ပြုထားပါတယ်။
========================
📌📌 ၅။ ဧရာဝတီမြစ်အရှေ့ဘက် ကမ်းကနေ စစ်ကြောင်းထိုးလာသော စကစတပ် စစ်ကြောင်းအင်အား(၃၀၀)နှင့် မြောင်နယ် ရသစ်ရွာ ပြည်သူ့အိမ်များကို မီးရှို့ဖျက်ဆီး
မတ်လ ၆
ဧရာဝတီမြစ်အရှေ့ဘက် ကမ်းကနေ စစ်ကြောင်းထိုးလာသော စကစတပ် စစ်ကြောင်းအင်အား (၃၀၀)နှင့် မြောင်နယ် ရသစ်ရွာ ပြည်သူ့အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းကို မတ်လ၆ရက်မနက်ပိုင်းမှာ ပြည်သူ့တပ်မတော် မြောင်ကအတည်ပြုဆိုထားပါတယ်။
"ဧရာဝတီမြစ်အရှေ့ဘက် ကမ်းကနေ စစ်ကြောင်းထိုးလာသောစကစတပ် စစ်ကြောင်းသည် အင်အား(၃၀၀)နှင့် မြောင်နယ် ရသစ်ရွာ ပြည်သူ့အိမ်များကို မီးတင်ရှို့နေပါတယ်"လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စစ်တပ်နှင့် ဆက်စပ်အဖွဲ့များက နိုင်ငံတစ်ဝှမ်းရှိ အရပ်သားအိမ်ခြေ ၅၅၄၈၄ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ထိုသို့မီးရှို့ဖျက်ဆီးရာမှာစစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်ခြေ ၄၃၂၉၂ လုံး၊ မကွေးတိုင်း ဒေသကြီးတွင် ၈၈၆၃ လုံး၊ ချင်းပြည်နယ်တွင် ၁,၄၈၄ လုံးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အိမ်ခြေ ၁၈၄၅ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။
========================
📌📌 ၆။ တမူး TSG တပ်ရင်း၄မှ အပတ်စဥ် ၁၆ သင်တန်းသားသစ်များခေါ်ယူ
မတ်လ ၆
တမူး TSG တပ်ရင်း ၄ မှ အပတ်စဥ်၁၆ သင်တန်းသားသစ်များခေါ်ယူလျက်တယ်လို့ မတ်လ ၆ ရက်မှာ တမူး TSG တပ်ရင်း၄မှအသိပေးဖော်ပြပါတယ်။
"တမူး TSG တပ်ရင်း4မှ အပတ်စဥ်16 သင်တန်းသားခေါ်ယူလျက်ရှိပါတယ်။အသက်၁၈နှစ်မှ၃၅နှစ်အတွင်း ကျန်းမာရေးကောင်းမွန်သူဖြစ်ရမယ်"လို့ဆိုထားပါတယ်။
ဒါ့အပြင် လျှောက်ထားသူဟာမိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရရှိသူဖြစ်ရမည်ဖြစ်ပြီးတော်လှန်ရေးပြီးဆုံးတဲ့အထိတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ဆိုထားပါတယ်။ စခန်းမှချမှတ်သော စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ပါကတပ်ရင်းသို့ဆက်သွယ်နိူင်ကြောင်းသိရပါတယ်။
========================
📌📌 ၇။ မတ်လအတွင်း နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ တော်လှန်ရေးရန်ပုံငွေအတွက် အစားအစာရောင်းချရငွေအမေရိကန်ဒေါ်လာ တစ်သောင်းရှစ်ထောင်ကျော်ရရှိ
မတ်လ ၆
မတ်လအတွင်း နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ တော်လှန်ရေးရန်ပုံငွေအတွက် အစားအစာရောင်းချရငွေအမေရိကန်ဒေါ်လာတစ်သောင်းရှစ်ထောင်ကျော်ရရှိခဲ့ကြောင်းကို မတ်လ၆ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုရှိ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုထံကသိရပါတယ်။
"နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှအစားအစာ ရောင်းရငွေ၊ အလှူငွေလက်ခံရရှိမှု စုစုပေါင်း $18075 ရရှိပါတယ်။ ချက်ပြုတ်လှုဒါန်းပေးသောအလှူရှင်များ၊ဝယ်သူအားပေးသော မိတ်ဆွေများဝိုင်ဝန်းကူညီသောမိတ်ဆွေများ ကူညီလုပ်အားပေးသော ကျောင်းသား ကျောင်းသူများအားလုံးကိုကျေးဇူးတင်ပါတယ်"လို့နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုကဆိုထားပါတယ်။
အစားအစာမျိုးစုံကို မတ်လ ၅ ရက်နေ့မှာ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုက ရောင်းချခဲ့ရပါတယ်။ နွေဦးလက်ဘက်ရည်ဝိုင်းက ချက်ပြုတ်ရောင်းချလှူဒါန်းမှုများကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ ထောက်ပို့ လုပ်ကိုင်လျက်် ရှိနေတယ်လို့သတင်းရရှိပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment