၂၀၂၃ မတ်လ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် အာဏာရှင် စနစ်ဆိုးကြီးကို အမြန်ဆုံး ဖယ်ရှားဖို့ စိတ်အားထက်သန်နေကြတယ်လို့ ယာယီသမ္မတ ပြောကြား
📌 ၂။ တရားဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရေး အတွက် အစဉ်လှုံ့ဆော်ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
📌 ၃။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ခု ထူထောင်နိုင်ရန် ပြည်သူလူထု လေးစားယုံကြည်မှုနှင့် ပြည်သူလူထုအားကို ရယူ၍ဖော်ဆောင်နိုင်ပါက အောင်ပွဲမြန်ဆန်မှာဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ပြောကြားလိုက်
📌 ၄။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဓာတ်ပုံ ကမ်ပိန်းတွင် ပါဝင်လှုပ်ရှားရန် ပြည်ထောင်စု ဝန်ကြီး နော်စူဆန်နာလှလှစိုးတိုက်တွန်း
📌 ၅။ UG နဲ့မြို့ပြပြောက်ကျားရဲ့အခန်းကဏ္ဍဟာအရေးကြီးတယ်လို့လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးဆို
📌 ၆။ မြန်မာနိူင်ငံကလူဦးရေ သုံးပုံတစ်ပုံမှာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေ
📌 ၇။ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်က ပေ၅၀ပတ်လည်ထိ ရောက်မှုရှိတဲ့ ကြိုးဆွဲလက်ပစ်မိုင်းကို စတင်မိတ်ဆက်
📌 ၈။ ဝက်လက် LDF Acid ရဲဘော်များမှ လက်လုပ် Refile များထုတ်လုပ်အောင်မြင်
📌 ၉။ အလယ်ပိုင်းတိုင်းတော်လှန်ရေးမဟာမိတ်များ တပ်ပေါင်းစု ( CRC-PLA) သို့ ပြည်သူ့ဘက်တော်သား ရဲမေတစ်ဦး အလင်းဝင်ရောက်
📌 ၁၀။ ကန်နီပျူရွာမှ မြိုင်မြို့ပေါ်သို့ စျေးဝယ်ထွက်လာသော စကစတပ်နှင့် ပျူမိသားစုဝင်များ ကန်နီ နှင့် မြိုင်မြို့ကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် အာဏာရှင် စနစ်ဆိုးကြီးကို အမြန်ဆုံး ဖယ်ရှားဖို့ စိတ်အားထက်သန်နေကြတယ်လို့ ယာယီသမ္မတ ပြောကြား
တိုင်းရင်းသားပြည်သူတရပ်လုံးအနေဖြင့် အာဏာရှင် စနစ်ဆိုးကြီးကို အမြန်ဆုံး ဖယ်ရှားဖို့ စိတ်အား ထက်သန်နေကြတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားလိုက်ပါတယ်။ မတ်လ (၅) ရက်(၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။
"တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း အာဏာရှင် စနစ်ဆိုးကြီးကို အမြန်ဆုံး ဖယ်ရှားဖို့ စိတ်အားထက်သန်နေကြပြီး အသက် ၊ သွေး ၊ ချွေးများဖြင့်ရင်းကာ တော်လှန်ရေးကို ပါဝင်နေကြပါတယ်။ ဒီ ခရီးတွင် ပအိုဝ်းလူမျိုးများအနေဖြင့် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေကြတာ မြင်တွေ့ရသည့်အတွက် အထူးအားရကျေနပ်မိပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီတိုင်းသစ်ပြည်သစ်မှာ ပအိုဝ်းအမျိုးသားရေး ခေါင်းဆောင်မှု အခန်းကဏ္ဍကို ထင်ထင်ရှားရှား မြင်တွေ့ချင်တယ်လို့ ယာယီသမ္မတ ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ တရားဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရေး အတွက် အစဉ်လှုံ့ဆော်ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
တရားဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရေး အတွက် အစဉ်လှုံ့ဆော်ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းဆိုပါတယ်။ မတ်လ ၄ ရက် ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီ အစည်းအဝေး (၃/၂၀၂၃)ကျင်းပရာမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။
"လက်ရှိမြေပြင်အခြေအနေအရ အချို့သောအကြောင်းအရာများသည် စစ်ခုံရုံး၊ စစ်ဥပဒေများအရ အရေးယူဆောင်ရွက်ရနိုင်ပြီး၊ အချို့သော အကြောင်းအရာများသည် ဒေသန္တရ၊ ကြားကာလအခြေအနေများနှင့် လိုက်လျောညီထွေအောင် ဒေသတွင်း စေ့စပ်ညှိနှိုင်းအဖြေရှာရမည့် ကိစ္စရပ်များလည်း ရှိနေကြောင်း၊ လက်ရှိအခြေအနေအရ မိမိတို့သည် ခုခံစစ်၊ တွန်းလှန်စစ်အားဆင်နွှဲနေသည်ဖြစ်သည့် တပြိုင်နက်တည်းတွင် တရားဥပဒေစိုးမိုးမှုရရှိပြီး အသွင်ကူးပြောင်းရေးကာလအတွက် လွန်စွာအရေးကြီးသည့် တရားဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရေးအတွက် အစဉ်လှုံ့ဆော် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း"ဆိုခဲ့ပါတယ်။
ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီအစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ - ၂၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခူးထဲဘူး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်ဗဟန်းထန်၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချစ်ထွန်းနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၃။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ခု ထူထောင်နိုင်ရန် ပြည်သူလူထု လေးစားယုံကြည်မှုနှင့် ပြည်သူလူထုအားကို ရယူ၍ဖော်ဆောင်နိုင်ပါက အောင်ပွဲမြန်ဆန်မှာဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ပြောကြားလိုက်
ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ခု ထူထောင်နိုင်ရန် ပြည်သူလူထု လေးစားယုံကြည်မှုနှင့် ပြည်သူလူထုအားကို ရယူ၍ဖော်ဆောင်နိုင်ပါက အောင်ပွဲမြန်ဆန်မှာဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ မတ် လ ၅ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲမှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးကဆိုပါတယ်။
"နွေဦးတော်လှန်ရေးသည် အရပ်သားပြည်သူများ၏ လူ့အခွင့်အရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းရန်နှင့် စစ်အာဏာရှင်ကို တွန်းလှန်နိုင်သည့် ရည်ရွယ်ချက်ပါဝင်ကြောင်း၊ အုပ်ချုပ်မှုဒေသအတွင်းရှိ အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ခု ထူထောင်နိုင်ရန် မြို့နယ်၊ ဒေသအသီးသီးမှာ အစပျိုးပြီး ပြည်သူလူထု၏ လေးစားယုံကြည်မှုနှင့် ပြည်သူလူထုအားကို ရယူ၍ဖော်ဆောင်နိုင်မည်ဆိုပါက အောင်ပွဲမြန်ဆန်နိုင်မည်ဖြစ်၍ ကြိုးစားလုပ်ဆောင်ကြရန်"ဝန်ကြီးကဆိုပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဓာတ်ပုံ ကမ်ပိန်းတွင် ပါဝင်လှုပ်ရှားရန် ပြည်ထောင်စု ဝန်ကြီး နော်စူဆန်နာလှလှစိုးတိုက်တွန်း
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဓာတ်ပုံ ကမ်ပိန်းတွင်ပါဝင်လှုပ်ရှားရန် ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တိုက်တွန်းဆိုလိုက်ပါတယ်။ မတ်လ ၅ ရက်နေ့မှာ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လူမှု ကွန်ရက်မှာ ဖော်ပြထားပါတယ်။
"ယခုနွေဦးတော်လှန်ရေးတွင်လည်း အမျိုးသမီးများ၏ ဦးဆောင်ပါဝင်မှု အခန်းကဏ္ဍသည် ရှေ့တန်းမှနေ၍ ကြီးမားသည့်အစိတ်အပိုင်းအနေဖြင့် ပါဝင်နေသည်ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ရမှာဖြစ်ပါတယ်။ ထို့အတူ မြန်မာ့လူမှုအသိုင်းအဝိုင်း၌ အမျိုးသမီးများ၏ အခွင့်အရေး တန်းတူညီမျှမှုနှင့် ပါဝင်ပက်သက်မှုအား အထူး အရေးထားဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော် ဖြန့်ဝေရန်လည်း လိုအပ်ပါတယ်။ ထို့ကြောင့် ယခုနှစ်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဓာတ်ပုံ ကမ်ပိန်းတစ်ခုအား ပြုလုပ်သွားရန်ရှိပြီး အဆိုပါ ကမ်ပိန်းတွင် ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့်လည်း ပါဝင်သွားရန် တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်"လို့ဆိုထားပါတယ်။
ယခုလာမည့် ၂၀၂၃ မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပြီး နိုင်ငံတကာ၌ နှစ်စဉ် နှစ်တိုင်း အဆိုပါနေ့တွင် အမျိုးသမီးနှင့် ဂျန်ဒါ အခွင့်အရေးနှင့် တန်းတူညီမျှမှု တို့အတွက် ရည်ရွယ်ကာ လှုပ်ရှားမှုများ ပြုလုပ်လေ့ရှိပါတယ်။ လာမည့် မတ်လ ၈ ရက်နေ့တွင်လည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အား ဂုဏ်ပြုသော အားဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ဂျဲန်ဒါ မူဝါဒ ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် မိမိတို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားအား online webinar အစီအစဉ်ဖြင့်ကျင်းပသွားမှာ ဖြစ်ပါတယ်။
========================
📌📌 ၅။ UG နဲ့မြို့ပြပြောက်ကျားရဲ့အခန်းကဏ္ဍဟာအရေးကြီးတယ်လို့လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးဆို
UG နဲ့မြို့ပြပြောက်ကျားရဲ့ အခန်းကဏ္ဍဟာအရေးကြီးတယ်လို့လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးခွန်ဗဟန်းထန်ကဆိုပါတယ်။ မတ်လ ၅ ရက်နေ့မှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ဒုဝန်ကြီးပြောစကားကို ဖော်ပြချက်အရသိရပါတယ်။
"စစ်မှန်ပြည့်ဝတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့၊ လူ့အခွင့်အရေးပြည့်ဝတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခု တည်ဆောက်ဖို့ဆိုတဲ့နေရာမှာ UG နဲ့မြို့ပြပြောက်ကျားရဲ့ အခန်းကဏ္ဍဟာအရေးကြီးလှပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာကြည့်မယ်ဆိုရင် အမေရိကန်လိုနိုင်ငံကြီးမျိုးမှာ အိုစမာဘင်လာဒင်ကို ဖမ်းဆီးခဲ့တဲ့နေရာမှာ စစ်တပ်အင်အားတစ်ခုထဲနဲ့မဟုတ်ပဲ ဒီနေရာမှာ မြေအောက်သတင်းရယူနိုင်ရေးအဖွဲ့နဲ့ မြို့ပြပြောက်ကျားတွေရဲ့အခန်းကဏ္ဍက ဘယ်လောက်အရေးကြီးသလဲဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။
မတ်လ ၄ ရက်နေ့ဩစတျေးလျနိုင်ငံ ၊ မဲလ်ဘုန်းမြို့၊ ဝင်ဒန်ဗေးလ်၌ ကျင်းပသော "မြို့ပြပြောက်ကျား" လဟာပြင်ရုပ်ရှင်ရုံ အထူးပွဲ ရန်ပုံငွေဈေးရောင်းပွဲမှာNUGလူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးခွန်ဗဟန်းထန်က အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၆။ မြန်မာနိူင်ငံကလူဦးရေ သုံးပုံတစ်ပုံမှာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေ
မြန်မာနိူင်ငံကလူဦးရေ သုံးပုံတစ်ပုံမှာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။ မတ်လ ၅ ရက်နေ့မှာ UN OCHA Myanmar ကဖော်ပြပါတယ်။
"မြန်မာနိုင်ငံတဝှမ်းမှာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ မြင့်တက်နေသလို အကူအညီရောက်ရှိဆောင်ရွက်နိုင်ရေးအခြေအနေတွေကလည်း ပိုမိုဆိုးရွားလာနေပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း လူဦးရေ သုံးပုံတစ်ပုံက လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေပါတယ်"လို့ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ကုလသမဂ္ဂနောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းမှာ အိုးအိမ်စွန့်ခွာနေထိုင်ရသူဦးရေ ၃၆၁,၀၀၀ အထိများပြားလာပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၅ သန်းကျော် ရှိလာပြီ ဖြစ်ပြီး ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၂ သန်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်။
========================
📌📌 ၇။ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်က ပေ၅၀ပတ်လည်ထိ ရောက်မှုရှိတဲ့ ကြိုးဆွဲလက်ပစ်မိုင်းကို စတင်မိတ်ဆက်
ယောဒေသပြည်သူ့ကာကွယ်ရေးတပ်က ပေ၅၀ပတ်လည်ထိရောက်မှုရှိတဲ့ ကြိုးဆွဲလက်ပစ်မိုင်းကို စတင်မိတ်ဆက်လိုက်ပါတယ်။ မတ်လ ၅ ရက်မှာ ထုတ်ကုန်ဖြစ်တဲ့ ကြိုးဆွဲလက်ပစ်မိုင်းကို YPDF'S ကအသိပေးဆိုပါတယ်။
"YSHG ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကတည်းက ကိုယ်တိုင်ထုတ်လုပ်ခဲ့ပါတယ်။ ကုန်ကြမ်းအခက်အခဲကြောင့် ခေတ္တရပ်နားထားခဲ့ပြီး ယခုမှ ပြန်လည် ထုတ်လုပ်နိုင်ခြင်းဖြစ်ပါတယ်။ မကြာခင် ရဲဘော်တွေလက်ထဲကို ဖြန့်ဝေပေးတော့မှာပါ"လို့ဆိုပါတယ်။ KIA က ထုတ်လုပ်ထားသည့် ပုံစံကို မှီငြမ်းပြီး ထုတ်လုပ်ထားခြင်းဖြစ်ပြီး အဓိကအားဖြင့် အနီးကပ်တိုက်ပွဲ အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ ဝက်လက် LDF Acid ရဲဘော်များမှ လက်လုပ် Refile များထုတ်လုပ်အောင်မြင်
ဝက်လက် LDF Acid ရဲဘော်များမှ လက်လုပ် Refileများ ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လအတွင်းမှာ ဝက်လက် LDF Acid က အသိပေးဆိုထားပါတယ်။
"Acid ရဲဘော်ညီကိုများရဲ့ လက်လုပ် Refile လေးတွေ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါပြီ။ အရင်လက ပြုလုပ်ခဲ့တဲ့ Project လေးဟာ ၅လက်စာဆိုပေမယ့် တစ်လက်စာပဲ ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ရရှိသလောက် ပမာဏနဲ့ ဝယ်ယူတပ်ဆင်ပြီး ထုတ်လုပ်ရေးကိုပါ တိုးမြှင့်ထားနိုင်ခဲ့ပါတယ်။ အရင်က လက်နက်ကြီးကိုသာ အဓိကထားထုတ်လုပ်ခဲ့ပေမယ့် ယခုအခါမှာတော့ လက်နက်ငယ် Refile သေနတ်များကို ထုတ်လုပ်နိုင်ခဲ့ပါပြီ"လို့ ဆိုထားပါတယ်။ အဆိုပါ လက်လုပ် Refile တစ်လက်ထုတ်လုပ်မှုကုန်ကျစရိတ် ကျပ် ၆ သိန်းရှိပြီး အကွာအဝေး ၃၀၀ မီတာ၊ပြင်းအား ၁၅၀ မှ ၂၀၀ မီတာအထိရှိတယ်လို့သိရပါတယ်။
========================
📌📌 ၉။ အလယ်ပိုင်းတိုင်းတော်လှန်ရေးမဟာမိတ်များ တပ်ပေါင်းစု ( CRC-PLA) သို့ ပြည်သူ့ဘက်တော်သား ရဲမေတစ်ဦး အလင်းဝင်ရောက်
အလယ်ပိုင်းတိုင်းတော်လှန်ရေး မဟာမိတ်များတပ်ပေါင်းစု ( CRC-PLA) သို့ ပြည်သူ့ဘက်တော်သား ရဲမေတစ်ဦး အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ မတ်လ ၅ ရက်နေ့မှာ အလယ်ပိုင်းတိုင်းတော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစု ( CRC-PLA) က အသိပေးဆိုပါတယ်။
" အလယ်ပိုင်းတိုင်းတော်လှန်ရေး မဟာမိတ်များတပ်ပေါင်းစု(CRC-PLA)သို့ ပြည်သူ့ဘက်တော်သား ရဲမေ တစ်ဦး CDMဝင်ရောက်ခဲ့ပါတယ်။ ဖက်ဆစ်တပ်၏ အနိုင်ကျင့်ဗိုလ်ကျမှုများအား သည်းမခံနိုင်သည့်အဆုံး CRC-PLAနှင့်ဆက်သွယ်ကာ ပြည်သူ့ထံအလင်းဝင်ခဲ့ခြင်းဖြစ်တယ်"လို့ဆိုပါတယ်။
လက်ရှိအချိန်တွင် အဆိုပါရဲမေ၏ ကျန်းမာရေး ၊ လုံခြုံရေးအား CRC-PLAမှတာဝန်ယူထားပေးပြီး ဘေးကင်းလုံခြုံတယ်လို့သိရပါတယ်။ ကျန်ရှိနေသေးသည့် စစ်ကောင်စီလက်အောက်ခံNon-CDMများအနေဖြင့်လည်း ယခုကဲ့သို့ ရုန်းထွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၁၀။ ကန်နီပျူရွာမှ မြိုင်မြို့ပေါ်သို့ စျေးဝယ်ထွက်လာသော စကစတပ်နှင့် ပျူမိသားစုဝင်များ ကန်နီ နှင့် မြိုင်မြို့ကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခံရ
ကန်နီပျူရွာမှ မြိုင်မြို့ပေါ်သို့ စျေးဝယ်ထွက်လာသော စကစတပ်နှင့် ပျူမိသားစုဝင်များ ကန်နီ နှင့် မြိုင်မြို့ကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့သိရပါတယ်။ မတ်လ ၅ ရက်မှာ စစ်ရေးသတင်းကို မြိုင် ပကဖကအတည်ပြုဆိုပါတယ်။
"မတ်လ ၄ ရက်နေ့ ကန်နီပျူရွာမှ မြိုင်မြို့ပေါ်သို့ စျေးဝယ်ထွက်လာသော စကစတပ် နှင့် ပျူမိသားစုဝင်များဟာ ကန်နီ နှင့် မြိုင်မြို့ကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခြင်း | ခြောင်းမြောင်းပစ်ခတ်ချင်းများ နှင့် Drone ဖြင့် Drop Bomb ချခြင်းများတို့ ခံရသဖြင့် ကန်နီပျူရွာသို့ မပြန်တော့ပဲ မြိုင်မြို့တွင်း ညအိပ်ကာ ၅ရက်နေ့ နံနက် ၀၈:၀၀ အချိန်ခန့်တွင် ညောင်ပင်ရွာမြောက်ဘက်လမ်းတွင် ပေပါမိုင်းအားတွေ့ရှိပြီး ၄၀ မမ ဖြင့် ၅ ချက်ပစ်ခတ်ရာ မိုင်းမှာ မကွဲသောကြောင့် မိုင်းနားအရောက်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစတပ်နဲ့ပျူ ၉ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်"လို့ဆိုပါတယ်။
နေ့လည် ၁၂:၂၅ အချိန်တွင် ပေါက်ပြင်းရွာမြောက်ဘက် မိုင်း ၃ ပွိုင့် မိုင်း ၉ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စကစ ဘက်က ၇ ဦးထိခိုက်ဒဏ်ရာရရှိပြီး ကားများဖြင့် မြိုင်ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ ၀၂:၂၉ မိနစ် အချိန်တွင် ကျောင်းကုန်းရွာ နှင့် သံပုရာခြံရွာကြားတွင် စကစတပ်နဲ့ပျူများအား Drop Bomb ၂ လုံးချ၍ တိုက်ခိုက်ခဲ့ရာတွင် စကစတပ်က၂ ဦး၊ ပျူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ခိုက်မှုတွင် မြိုင် ပကဖ ရင်း ( ၂ ) ခွဲ ( ၃ ) ( ၄ ) နှင့် မြိုင် ပကဖ ဗိုလ်လင်းမြွေတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment