၂၀၂၃ မတ်လ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးမှာ နှောင့်နှေးကြန့်ကြာမှု မရှိစေရေး ဖက်ဒရယ်ချာတာနဲ့ လုပ်ငန်းများကို ဆောက်ရွက်နေတယ်လို့ ယာယီသမ္မတဒူဝါလရှီးလအသိပေးပြောကြား
📌 ၂။ ကြားကာလပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုမှ လုပ်ငန်းများအပေါ် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာဖြစ်၍ စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန် ပြည်ထဲရေးဝန်ကြီးဆို
📌 ၃။ မြန်မာပြည်သူအများစုက စစ်အာဏာရှင် များကို လက်မခံနိုင်တဲ့ စစ်တမ်းရလဒ်အရ ဝမ်းသာ စရာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြားလိုက်
📌 ၄။ ဖက်ဒရယ် ဒီမိုကရေစီပညာရေးမူဝါဒ မကြာမီထွက်ရှိမယ်
📌 ၅။ မိုမိုလေးကမ်ပိန်းမှ မိုမိုလက်မှတ် အစောင်အရေပေါင်း (၁၇၀၀)ကျော် ရောင်းချထားပြီးဖြစ်
📌 ၆။ “လွတ်လပ်ခါမှ အမျှဝေမယ်" ဇာတ်လမ်းကိုအမေရိကန်နိူင်ငံမှာပြသမယ်
📌 ၇။ Maesot Refugee Voice က ဒုက္ခသည်အရေးလှုပ်ရှားသူတစ်ဦးကို ထိုင်းအာဏာပိုင်များဖမ်းဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးမှာ နှောင့်နှေးကြန့်ကြာမှု မရှိစေရေး ဖက်ဒရယ်ချာတာနဲ့ လုပ်ငန်းများကို ဆောက်ရွက်နေတယ်လို့ ယာယီသမ္မတဒူဝါလရှီးလအသိပေးပြောကြား
မတ်လ ၇
မတ်လအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာအမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက တော်လှန်ရေးနှင့်ပတ်သက်ပြီး နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကျနော်တို့ တော်လှန်ရေးဟာ လွယ်ကူရမယ်။မှန်ကန်ရမယ်။မြန်ဆန်ရမယ်ဆိုတဲ့ ဒီသုံးချက်တော့ရှိရမယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကို အချိန်ယူပြီးတော့ ရေးဆွဲနေရမယ်ဆိုရင် ကျနော်တို့တော်လှန်ရေးမှာ နှောင့်နှေးကြန့်ကြာနိူင်မယ်။နောက်တစ်ခုက အင်မတန်ရှုပ်ထွေးတဲ့အရာတွေဆိုရင် ဥပဒေပညာရှင်ပဲသိမှာမို့လို့ လုပ်ရ၊ကိုင်ရခက်လိမ့်မယ်။ဒါကြောင့်မို့ဒီလွယ်လွယ်ကူကူဖြစ်တဲ့ ချာတာနဲ့လုပ်ရခြင်းဟာ ကျနော်တို့အတွက် ပိုသင့်လျော်တယ်လို့ မြင်ပါတယ်"လို့ဆိုပါတယ်။
ဆက်လက်ပြီးတော့လည်း လက်နက်ပြပြီး အခွန်ကောက်တာမျိုးကို မလိုလားဘူးလို့ မတ်လ ၇ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၏ ၉ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ အစိုးရက ပြဋ္ဌာန်းအတည်ပြုမယ့် အခွန်ကောက်ဥပဒေဟာ အခွန်ထမ်းပြည်သူလူထုကို အလွန်အမင်း ဝန်ပိစေတာမျိုး အထူး ရှောင်ကြဉ်ရပါလိမ့်မယ်။ ဒါ့အပြင် လူမှုတရားမျှတမှုစံကနေ ကင်းလွတ်တဲ့ အခွန်ကောက်ခံခြင်း နည်းလမ်းတွေကို အထူး ရှောင်ကြဉ်ရပါလိမ့်မယ်။ လက်နက်ပြပြီး အခွန်ကောက်တာမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး။ ဒါဟာ ကျင့်ဝတ် ဖြစ်ပါတယ်။ စံဖြစ်ပါတယ်"လို့ဆိုပါတယ်။ ယနေ့ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေး အာဂျင်ဒါ (agenda) မှာ ပြည်ထောင်စု အခွန်ကောက်ဥပဒေ တင်ပြအတည်ပြုဖို့ ကိစ္စပါဝင်ခဲ့ပါတယ်။
"အတိတ်သမိုင်းကိုပဲ ကြည့်ကြည့် ၊ လက်ရှိ စစ်ကောင်စီ လည်ပတ်နေတဲ့ ယန္တရားစနစ်ကိုပဲ ကြည့်ကြည့် လက်နက်နဲ့ ခြိမ်းခြောက် ငွေတောင်းတာတွေကို လုပ်ဆောင်တာတွေ့ရပါတယ်။ စစ်အာဏာရှင်အစိုးရ အဆက်ဆက်ဟာ လက်နက်ကိုင် ဗဟိုပြုပြီး ဘဏ္ဍာငွေကြေးကို စုဆောင်းပါတယ်။ ဒါဟာ အာဏာရှင်စရိုက် အာဏာရှင်အပြုအမူဖြစ်တာမို့ ၊ ကျွန်တော်တို့ အနေနဲ့လည်း သတိထား ရှောင်ကြဉ်ရပါလိမ့်မယ်"လို့ ယာယီသမ္မတ ကထပ်လောင်းပြောကြားပါတယ်။
========================
📌📌 ၂။ ကြားကာလပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုမှ လုပ်ငန်းများအပေါ် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာဖြစ်၍ စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန် ပြည်ထဲရေးဝန်ကြီးဆို
မတ်လ ၇
မတ်လ ၆ ရက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က အခုလိုပြောကြားခဲ့ပါတယ်။
"တော်လှန်ရေး နှစ်နှစ်ကျော် ကြာလာပြီးဖြစ်ရာ စစ်ကောင်စီဘက်မှ အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်ရေးဆောင်ရွက်နေပြီး ၃၇ မြို့နယ်ကိုလည်း စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အကြမ်းဖက်မှုများကို ပိုမိုတိုးမြှင့်စွာဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ တော်လှန်ရေးတွင် တစ်ဦးနှင့်တစ်ဦး စိတ်ဓာတ်ခွန်အားပေးရန်၊ ထိန်းကျောင်းပေးရန် ဖြစ်ကြောင်း၊ ကြားကာလပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုမှ လုပ်ငန်းများအပေါ် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားလုံးမှလည်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန်"ဝန်ကြီးကဆိုပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်၊ တွဲဘက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ မြန်မာပြည်သူအများစုက စစ်အာဏာရှင် များကို လက်မခံနိုင်တဲ့ စစ်တမ်းရလဒ်အရ ဝမ်းသာ စရာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြားလိုက်
မတ်လ ၇
မတ်လ ၇ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က မြန်မာပြည်သူများ၏သဘောထားနှင့်ပတ်သက်ပြီး အခုလိုအသိပေးဆိုထားပါတယ်။
"မြောက်ကိုးရီးယား ပြည်သူအများစုက သူတို့ အစိုးရဟာ ကမ္ဘာမှာ အကောင်းဆုံး ယူဆနေတုန်းရှိသေးတယ် လို့ ပြောကြပါတယ်။ မြန်မာမှာ စစ်အာဏာရှင်များ အုပ်ချုပ်ခဲ့တဲ့ ကာလကြာလာတာနဲ့အမျှ ဒါတွေအလေ့အထ ဖြစ်သွားမှာ စိုးရိမ်မိပါတယ်။ ဒါပေမယ့် မြန်မာပြည်သူအများပိုင်းက အတွေးအခေါ် အားဖြစ် စစ်အာဏာရှင် များကို လက်မခံနိုင်တဲ့ အကြောင်း မကြာသေးခင်က စစ်တမ်းကောက်ယူတဲ့ ရလဒ်အရ သိရပါတယ်။ ဝမ်းသာ စရာပါ"လို့ဆိုပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးမှာ တစ်ပေါင်းတည်းအတွေးအခေါ် တော်လှန်ရေးပါဆင်နွှဲရမယ်လို့လည်း ဝန်ကြီးကဆိုထားပါတယ်။
========================
📌📌 ၄။ ဖက်ဒရယ် ဒီမိုကရေစီပညာရေးမူဝါဒ မကြာမီထွက်ရှိမယ်
မတ်လ ၇
ဖက်ဒရယ် ဒီမိုကရေစီပညာရေးမူဝါဒ မကြာမီထွက်ရှိမယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက တွေ့ဆုံမေးမြန်းတစ်ခုမှာ ပြောကြားထားပါတယ်။
"ပညာရေးဝန်ကြီးဌာနဟာ ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို မူကြမ်းရေးဆွဲထားပြီးအဲဒီမူကြမ်းကို NUGကလည်းအတည်ပြုထားပြီးပြီ။အဲဒါကို NUCCရဲ့ ပညာရေးကော်မတီနဲ့ဆွေးနွေးနေတယ်"လို့ဆိုပါတယ်။
အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို တိုင်းရင်းသား အဖွဲ့နဲ့ပညာရေးအဖွဲ့ အမြင်သဘောထားများလည်းတောင်းခံထားပြီး မူဝါဒဟာ မကြာမီထွက်လာမယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ မိုမိုလေးကမ်ပိန်းမှ မိုမိုလက်မှတ် အစောင်အရေပေါင်း (၁၇၀၀)ကျော် ရောင်းချထားပြီးဖြစ်
မတ်လ ၇
လက်မှတ်အစောင်ရေ ၃,၀၀၀ ရောင်းချသွားမယ့်မိုမိုလေးကမ်ပိန်းမှ မိုမိုလက်မှတ်ပေါင်း ၁,၇၆၃ စောင် ရောင်းချပြီး ဖြစ်တယ်လို့ မတ်လအတွင်းမှာ မိုမိုလေးကမ်ပိန်းက အသိပေးဖော်ပြပါတယ်။
"ကျနော်တို့ မိုမိုကမ်ပိန်းလေးစတင်ခဲ့တာ အခုဆို တစ်လပြည့်သွားပြီး ခုချိန်ထိ မိုမိုလက်မှတ်ပေါင်း ၁,၇၆၃ စောင် ရောင်းချပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။
မိုမိုလေးကမ်ပိန်းလေးဟာ ပြည်သူ့တော်လှန်ရေးရဲ့ အဓိကဒေါက်တိုင်ဖြစ်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ဆင်ဦးစီးဝန်ထမ်းများနဲ့ ပြည်သူ့ဆင်ကလေးများရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး မျှော်မှန်းလက်မှတ်အစောင်ရေ ၃,၀၀၀ ရောင်းချသွားမှာဖြစ်ပါတယ်။ ရန်ပုံငွေရှာဖွေရေးပွဲတိုင်းမှာ ပြည်သူများက တတ်နိုင်တဲ့ဘက်ကနေ လက်မရွံ့တမ်း ပါဝင်ပေးနေကြတာမို့ မိုမိုကမ်ပိန်းလေးကိုလည်းအားပေးကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၆။ “လွတ်လပ်ခါမှ အမျှဝေမယ်" ဇာတ်လမ်းကိုအမေရိကန်နိူင်ငံမှာပြသမယ်
“လွတ်လပ်ခါမှ အမျှဝေမယ်" ဇာတ်လမ်းကိုအမေရိကန်နိူင်ငံမှာပြသမယ်လို့ မတ်လ၇ရက်နေ့မှာ NYCBC (New York City Burmese Community) ကအသိပေးဆိုထားပါတယ်။
"နွေဦးတော်လှန်ရေးကာလ ဖြစ်ရပ်မှန် ရုပ်ရှင် ဇာတ်လမ်း "လွတ်လပ်ခါမှ အမျှဝေမယ်" ဇာတ်ကားအား အမေရိကန်နိုင်ငံတွင် စတင်ပြသတော့မှာ ဖြစ်ပါတယ်။မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်မှ ထောက်ပံ့ကူညီပေးထားပြီး အမေရိကန်နိုင်ငံတွင် NYCBC (New York City Burmese Community) မှ တာဝန်ယူ စီစဉ်ပြသမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
ကရင်နီ ဒေသတစ်ခုမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ် "လွတ်လပ်ခါမှ အမျှဝေမယ်"ဇာတ်လမ်းကို ဒါရိုက်တာနှင့် ထုတ်လုပ်သူ - ဟာသလူရွင်တော် ကိုစိန်သီး နှင့် ဟာသလူရွှင်တော် ကိုအောင်သော် တို့မှရိုက်ကူးထုတ်လုပ်ခဲ့ပြီး မြေပြင်ရှိ တော်လှန်ရေးရဲဘော်များမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။
"လွတ်လပ်ခါမှ အမျှဝေမယ်" ဖြစ်ရပ်မှန် ဇာတ်လမ်းကို လာမည့် မေလ ၆ ရက် ၂၀၂၃ (စနေနေ့)တွင် နယူးယောက်မြို့ကြီးမှာ ၁၁:၃၀/၁:၃၀/၃:၃၀/၅:၃၀ လေးကြိမ်စတင်ပြသသွားမှာဖြစ်ပြီးရုပ်ရှင်လက်မှတ် တစ်စောင်လျှင် $30 နှုန်းဖြင့် ဆက်သွယ်ဝယ်ယူ အားပေးနိုင်ပြီလို့သိရပါတယ်။
========================
📌📌 ၇။ Maesot Refugee Voice က ဒုက္ခသည်အရေးလှုပ်ရှားသူတစ်ဦးကို ထိုင်းအာဏာပိုင်များဖမ်းဆီး
မတ်လ ၇
Maesot Refugee Voice က ဒုက္ခသည်အရေးလှုပ်ရှားသူတစ်ဦးကို ထိုင်းအာဏာပိုင်များဖမ်းဆီးလိုက်ပါတယ်။ မတ်လ ၆ ရက်နေ့ညပိုင်းက ထိုင်းနိူင်ငံမဲဆောက်မြို့တနေရာမှာ ဖမ်းဆီးခံရတာလို့ သိရပါတယ်။
"မအိသန္တာအောင်က အလှူသွားတာလို့ပြောပါတယ်။အဲဒါ လမ်းမှာ စစ်ဆေးရေးဂိတ်နဲ့တိုးတော့ သူဖမ်းခံလိုက်ရတဲ့အကြောင်းကို အဖွဲ့ကိုလှမ်းပြောတယ်။UNHCRကိုလည်း အကြောင်းကြားထားပါပြီ။သူတို့လိုက်ပါဆောင်ရွက်ပေးမယ်လို့အကြောင်းပြန်ထားပါတယ်"လို့ Maesot Refugee Voiceက အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
လတ်တလောမှာ မအိသန္တာအောင် လက်ကိုင်ဖုန်းကိုသိမ်းဆည်းထားလိုက်ကာ အချုပ်ခန်းမှာထားရှိတယ်လို့ ကာယကံရှင်ကဆိုပါတယ်။ Maesot Refugee Voiceက ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ ထိုင်းနိူင်ငံမဲဆောက်မှာ မျှဝေပေးခြင်းနဲ့ UNHCRကို ဖိအားပေးဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment