၂၀၂၃ မတ်လ ၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တိုင်းရင်းအားလုံးလိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းရေးနဲ့ မိမိနေရာ မိမိအုပ်ချုပ်ရေးကို အနှောင့်အယှက်ဖြစ်နေတာက အကြမ်းဖက်စစ်တပ်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ ရည်မှန်းထားတဲ့ အချိန်ကာလအတွင်း တော်လှန်ရေး အမြန်ပြီးဆုံး အောင်မြင်ဖို့အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၃။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ယူကေခရီးစဥ်နှင့် အမေရိကန်ပြည်ထောင်စုခရီးစဥ်များ ထုတ်ပြန်
📌 ၄။ ပြည်သူ့ရဲတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရန် လိုအပ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ပြောကြား
📌 ၅။ စစ်သုံ့ပန်းများကိုကိုင်တွယ်ရာတွင်လည်း လူ့အခွင့်အရေးများအား ထိခိုက်မှုမရှိစေဘဲ ကိုင်တွယ်ရန် လိုအပ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
📌 ၆။ အသတ်ခံခဲ့ရသော စစ်ကိုင်းမြို့နယ် တာတိုင်ရွာ မှအမျိုးသမီး ၃ ဦး၏ ကျန်ရစ်မိသားစုထံ NUG အစိုးရက စာနာမှုအကူညီများကို လက်ရောက်ပေးအပ်
📌 ၇။ မတ်လအတွင်း အသွားအလာသတိပြုကြဖို့ ရေးမြို့ပြည်သူလူထုကို ရေးဘီလူးအဖွဲ့အသိပေး
📌 ၈။ ကန့်ဘလူခရိုင်အတွင်းရှိ ချပ်သင်း၊ ပင့်သာနှင့် အောက်တဲရွာတို့အား အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တိုင်းရင်းအားလုံးလိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းရေးနဲ့ မိမိနေရာ မိမိအုပ်ချုပ်ရေးကို အနှောင့်အယှက်ဖြစ်နေတာက အကြမ်းဖက်စစ်တပ်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
တိုင်းရင်းအားလုံးလိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းရေးနဲ့ မိမိနေရာ မိမိအုပ်ချုပ်ရေးကို အနှောင့်အယှက်ဖြစ်နေတာက အကြမ်းဖက်စစ်တပ်ဖြစ်တယ်လို့ မတ်လအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။
"ကျနော်တို့တော်လှန်ရေး နှစ်၇၀ ကျော်လုံးမှာ တိုင်းရင်းသားအားလုံးလိုချင်တာက ကိုယ်ပိုင်ပြဌာန်းရေး၊ မိမိနေရာ မိမိအုပ်ချုပ်ရေးကို အနှောင့်အယှက်ဖြစ်နေတာက စစ်တပ်ဖြစ်ပါတယ်။ ဒီစစ်တပ်ရှိနေသမျှ ပြည်သူလူထု အားလုံးမျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီမထူထောင်နိုင်ပါဘူး။ အဲဒီတော့အရေးအကြီးဆုံးကတော့ စစ်တပ်ကို ကျနော်တို့ဖယ်ရှားဖို့ဖြစ်ပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို လုယူအကြမ်းဖက်ခဲ့ပြီး နိုင်ငံတော် အကြီးအကဲများကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။ လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်း သုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်းတစ်သောင်း ကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
========================
📌📌 ၂။ ရည်မှန်းထားတဲ့ အချိန်ကာလအတွင်း တော်လှန်ရေး အမြန်ပြီးဆုံး အောင်မြင်ဖို့အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ရည်မှန်းထားတဲ့ အချိန်ကာလအတွင်း တော်လှန်ရေး အမြန်ပြီးဆုံး အောင်မြင်ဖို့အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မတ်လ ၆ရက် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁/၂၀၂၃) အစည်းအဝေးကျင်းပရာမှာ ပြောပါတယ်။
"တော်လှန်ရေးကာလကြာလေလေ ပြည်သူတွေ နစ်နာဆုံးရုံးမှု များလေလေဖြစ်တဲ့အတွက် မိမိတို့ရည်မှန်းထားတဲ့ အချိန်ကာလအတွင်း တော်လှန်ရေး အမြန်ပြီးဆုံး အောင်မြင်ဖို့ အချိန်ကိုက်ဆောင်ရွက်နိုင်ဖို့ အင်မတန် အရေးကြီးကြောင်း၊ မိမိတို့ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး ၂ နှစ်တာကာလအတွင်းမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများကို ခွန်အားအဖြစ် ပြောင်းလဲအသုံးချကာ တော်လှန်ရေးအောင်မြင်သည်အထိ မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် အားလုံးအတူ လက်တွဲကြိုးပမ်းသွားကြဖို့ တိုက်တွန်းလိုကြောင်း" ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးမှ (၆/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို တင်ပြခဲ့ပါ တယ်။ အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ယူကေခရီးစဥ်နှင့် အမေရိကန်ပြည်ထောင်စုခရီးစဥ်များ ထုတ်ပြန်
နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ယူကေခရီးစဥ်နှင့် အမေရိကန်ပြည်ထောင်စုခရီးစဥ်များကို မတ်လ ၆ရက်နေ့မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဖေဖော်ဝါရီလအတွင်း ယူကေနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးစဥ်များ သွားရောက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဥ်များအတွင်းတွင် သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံခြားဝန်ကြီးဌာနများမှ ဝန်ကြီး၊ ဒုဝန်ကြီးနှင့် အခြားသော တာဝန်ရှိသူများ၊ လွှတ်တော်အမတ်များ နှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဖော်ပြပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ယူကေနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုသို့ ဒုတိယအကြိမ် သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ယူကေ နိုင်ငံခြားရေးဝန်ကြီး (Secretary of State for Foreign, Commonwealth and Development Affairs) James Cleverly နှင့် ယူကေနိုင်ငံခြားရေးဝန်ကြီးရုံးခန်းတွင် တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အနေနှင့် ယူကေနိုင်ငံ၏ အသစ်ချမှတ်လိုက်သော စီးပွားရေးအရေးယူပိတ်ဆို့မှုများနှင့် UNSC တွင် ယူကေနိုင်ငံ၏ ဦးစီးဦးဆောင်ပြုမှုများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့တယ်လို့ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် ယူကေနိုင်ငံခရီးစဥ်အတွင်း လွတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့ရာ Labour Party မှ လွှတ်တော်အမတ် နှင့် All Party Parliamentary Group on Burma အဖွဲ့၏ ဥက္ကဌ လည်းဖြစ်သူ Rushanara Ali နှင့်ဖေဖော်ဝါရီလ ၆ ရက်နေ့က တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ လူနည်းစုများ အခွင့်အရေးအပါအဝင် အခြားသော အကြောင်းအရာများကို ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် Labour Party လွှတ်တော်အမတ်နှင့် Shadow Minister for Asia and the Pacific ဖြစ်သူ Catherine West နှင့်လည်း ဖေဖော်ဝါရီလ ၆ ရက်နေ့က ဆက်လက် တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုတွင် မြန်မာ့နွေဦးတော်လှန်ရေးအတွက် ယူကေပါလီမန်မှ ပိုမိုတိုးမြှင့် ထောက်ခံရေး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဝါရှင်တန်ဒီစီရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရုံးခွဲဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်လာသည့် အမေရိကန်ပြည်ထောင်စု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya နှင့် တွေ့ဆုံ၍ နှုတ်ဆက်စကားပြောကြားခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဒုနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် တွေ့ဆုံခဲ့တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၄။ ပြည်သူ့ရဲတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရန် လိုအပ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ပြောကြား
ပြည်သူ့ရဲတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရန်လိုအပ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။ မတ်လ ၆ ရက် ကျင်းပတဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာဝန်ကြီးကပြောပါတယ်။
"ယခုအချိန်သည် စစ်ရေးအရ၊ နိုင်ငံရေးအရ ဆောင်ရွက်နေသည့်အတွက် စစ်ရေးဘက်၌ ကာကွယ်ရေးဝန်ကြီးဌာနမှ အရှိန်အဟုန်တိုးမြှင့်၍လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ တိုးချဲ့နယ်မြေများရရှိရေး နှင့် ထိန်းချုပ်နယ်မြေများ၌ နယ်မြေများကို ခိုင်ခိုင်မာမာထိန်းချုပ်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရေးသည် အရေးကြီးကြောင်း၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းနိုင် ရန်လိုအပ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။
ဆက်လက်၍ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ ဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် ရှင်းလင်းခဲ့ပြီး၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ရုံးလုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်၊ တွဲဘက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၅။ စစ်သုံ့ပန်းများကိုကိုင်တွယ်ရာတွင်လည်း လူ့အခွင့်အရေးများအား ထိခိုက်မှုမရှိစေဘဲ ကိုင်တွယ်ရန် လိုအပ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
စစ်သုံ့ပန်းများကို ကိုင်တွယ်ရာတွင်လည်း လူ့အခွင့်အရေးများအား ထိခိုက်မှုမရှိစေဘဲ ကိုင်တွယ်ရန်လိုအပ် တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။ မတ်လ ၅ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန နှင့် လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေး အခမ်းအနားမှာ ဝန်ကြီးကထည့်သွင်းပြောပါတယ်။
"လူ့အခွင့်အရေးနှင့်စပ်ဆိုင်သော ဗဟုသုတများကို ပေးနေရာ တရားရုံးဝန်ထမ်းများအားလည်း ထိုဗဟုသုတများအား ဝေမျှလိုကြောင်း၊ အချုပ်ထောင်များ၊ စစ်သုံ့ပန်းများကို ကိုင်တွယ်ရာတွင်လည်း လူ့အခွင့်အရေးများအား ထိခိုက်မှုမရှိစေဘဲ ကိုင်တွယ်ရန်လိုအပ်ရာ MoJ နှင့် MoHRသည် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လာကြောင်း၊ မိမိတို့ဝန်ကြီးဌာန (၂)ခုအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ် (၄)ရပ်ရှိပါကြောင်း"ဆိုခဲ့ပါတယ်။
ဆက်လက်၍ တရားရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ တရားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင်ရှိသော အကျဉ်းထောင်များအား ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်စရာများ များစွာရှိနေပါကြောင်း၊ ထိုကိစ္စများတွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် မိမိတို့ တရားရေးဝန်ကြီးဌာနတို့ကြား ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်းဆွေးနွေးချက်အပေါ် ဝန်ကြီးဌာနနှစ်ခုမှ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၆။ အသတ်ခံခဲ့ရသော စစ်ကိုင်းမြို့နယ် တာတိုင်ရွာ မှအမျိုးသမီး ၃ ဦး၏ ကျန်ရစ်မိသားစုထံ NUG အစိုးရက စာနာမှုအကူညီများကို လက်ရောက်ပေးအပ်
အသတ်ခံခဲ့ရသော စစ်ကိုင်းမြို့နယ် တာတိုင်ရွာ မှအမျိုးသမီး ၃ ဦး၏ ကျန်ရစ်မိသားစုထံ NUG အစိုးရက စာနာမှုအကူညီများကို လက်ရောက်ပေးအပ်ခဲ့တယ်လို့ မတ်လ ၆ရက်မှာ စစ်ကိုင်းခရိုင် ဆေးအဖွဲ့က အသိပေးဆိုပါတယ်။
"စကစတပ်များရဲ့ ယုတ်မာရက်စက်စွာ အသတ်ခံခဲ့ရသော စစ်ကိုင်းမြို့နယ် တာတိုင်ရွာ မှအမျိုးသမီး ၃ ဦး၏ ကျန်ရစ်မိသားစုထံ အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက စာနာမှုအကူညီများကို လက်ရောက်ပေးအပ်ပြီး နှစ်သိမ့်အားပေးခဲ့ပါတယ်"လို့ဆိုပါတယ်။
မတ်လ ၁ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းက တာတိုင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးမတ်လ ၂ ရက်နေ့ နံနက်ပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာချိန်တွင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁၄ ဦး စုစုပေါင်း ပြည်သူ ၁၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ပြီး လမ်းတစ်နေရာတွင် သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၇။ မတ်လအတွင်း အသွားအလာသတိပြုကြဖို့ ရေးမြို့ပြည်သူလူထုကို ရေးဘီလူးအဖွဲ့အသိပေး
မတ်လအတွင်း အသွားအလာသတိပြုကြဖို့ ရေးမြို့ပြည်သူလူထုကို ရေးဘီလူးအဖွဲ့အသိပေးဆိုလိုက်ပါတယ်။ မတ်လအတွင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အသိပေးပြောကြားထားပါတယ်။
"ဒီလထဲအသွားလာသတိပြုကြပါ။ မွန်ပြည်နယ် အသဲတို့ပျော်ပွဲရွှင်ပွဲမှာ ဝင်ပါပေးကြသလို တော်လှန်ရေး မှာကူညီပေးကြရင်တော့ ဒီပွဲမကြာဘူး"လို့ဆိုပါတယ်။ လက်ရှိမှာ ရေးဘီလူးအဖွဲ့ဟာ ရေးမြို့အတွင်း စစ်ဆင်ရေးမကြာခဏဆင်နွှဲသလို စကစတပ်များ အထိနာကျဆုံးခဲ့ပါတယ်။
========================
📌📌 ၈။ ကန့်ဘလူခရိုင်အတွင်းရှိ ချပ်သင်း၊ ပင့်သာနှင့် အောက်တဲရွာတို့အား အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီး
ကန့်ဘလူခရိုင်အတွင်းရှိ ချပ်သင်း၊ ပင့်သာနှင့် အောက်တဲရွာတို့အား အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ မတ်လ ၆ ရက်နေ့မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကအသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ ချပ်သင်း၊ ပင့်သာနှင့် အောက်တဲရွာတို့အား အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများက မတ်လ ၄ ရက်နှင့် ၅ ရက်တို့တွင် မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။
မတ်လ ၄ ရက်က ကန့်ဘလူခရိုင်၊ ကိုးတောင်ဘို့တိုက်နယ်ရှိ အောက်တဲရွာအား နံနက် ၆ နာရီခွဲတွင် စစ်ကောင်စီ လက်အောက်ခံ ခြေလျင်တပ်ရင်း - ၁၃၇ က အင်အား ၅၀ ကျော်ဖြင့် ကျေးရွာအား စီးနင်းကာ မီးရှို့ ဖျက်ဆီးခဲ့သည့်အတွက် ပြည်သူပိုင် နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
ကန့်ဘလူခရိုင်၊ ချပ်သင်းတိုက်နယ်၊ ချပ်သင်းရွာကိုလည်း မတ်လ ၄ ရက်က စစ်ကောင်စီတပ်များနှင့် ပျူစောထီးများက ၎င်းတို့ စတည်းချနေသည့် နေအိမ်အပါ ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးသည့်အတွက် အုတ်တိုက် ခုနစ်လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။ ပင့်သာ (တည်ပင်) ရွာကိုလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၂၀၀ ကျော်က မတ်လ ၄ ရက်နှင့် ၅ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ် ၅၁ လုံးနှင့် လယ်ယာသုံးပစ္စည်းများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးများက ကိုးတောင်ဘို့၊ ချပ်သင်းနှင့် ပင့်သာတိုက်နယ်အတွင်း စစ်ကြောင်းထိုး ပစ်ခတ် မီးရှို့မှုများ ဆက်တိုက်ပြုလုပ်နေ သည့်အတွက် ယင်းတိုက်နယ်များမှ ဒေသခံ အပြစ်မဲ့ပြည်သူ ၃၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment