၂၀၂၃ ဧပြီလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ လုယူထားတဲ့ အာဏာကို မထိန်းသိမ်းနိုင်တော့ဘဲ အရှုံးကို တုံ့ပြန်ဖို့အတွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့ ယာယီသမ္မတပြောကြား
📌 ၂။ စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းတော့မှာဖြစ်လို့ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံကြရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၃။ အပြစ်မဲ့ပြည်သူအားလုံးအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူမယ်လို့ NUCCထုတ်ပြန်
📌 ၄။ ကာကွယ်ရေးဝန်ကြီးဌာန ၏ လမ်းညွန်ချက်နဲ့အညီ တော်လှန်ရေးအလံအား တမူးPDFတပ်ရင်း၄ တိုင်တဝက်ချ
📌 ၅။ ကန့်ဘလူ ပဇီကြီးကျေးရွာကို လေကြောင်းဖြင့်တိုက်ခိုက်ခံ့ခြင်းအပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်ဆို
📌 ၆။ မြန်မာစစ်တပ်အား လက်နက်မရောင်းရန် နိူင်ငံတကာကို ကနေဒါသံရုံးတောင်းဆို
📌 ၇။ “တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ က နေတာလဲ”ဘန်နာကို ရန်ကုန်မြို့တနေရာမှာ လူငယ်များချိတ်ဆွဲ
📌 ၈။ အမေရိကန် ဆန်ဖရန်စစ္စကိုဘေးဧရိယာမှာကျင်းပတဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါများအား ရှုတ်ချကြောင်း လူထုဆန္ဒထုတ်ဖော်ပွဲ လူအင်အား ၁၀၀ နီးပါး လာရောက်
📌 ၉။ “ကန့်ဘလူနှင့် ခါးစည်းခံမြန်မာပြည်သူများအတွက် ဆုတောင်းဆန္ဒဖော်ထုတ်ပွဲ အမေရိကန်နိူင်ငံ နယူးယော့ခ်မှာ ကျင်းပမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ လုယူထားတဲ့ အာဏာကို မထိန်းသိမ်းနိုင်တော့ဘဲ အရှုံးကို တုံ့ပြန်ဖို့အတွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့ ယာယီသမ္မတပြောကြား
ဧပြီ၁၂ရက်
အကြမ်းဖက်စစ်ခေါင်းဆောင်ဟာလုယူထားတဲ့ အာဏာကို မထိန်းသိမ်းနိုင်တော့ဘဲ အရှုံးကို တုံ့ပြန်ဖို့အတွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၄ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။
"အတင်းအကျပ် လုယူထားတဲ့ အာဏာကို မထိန်းသိမ်းနိုင်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ အရှုံးကို တုံ့ပြန်ဖို့အတွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ထဲမှာ အဆိုးဆုံးကတော့ ပြည်သူနဲ့ ပြည်သူ့ဘက်တော်သားတွေကြားမှာ အထင်အမြင်လွဲမှားမှုတွေရအောင် လုပ်ဆောင်နေတာပါပဲ။ သူ့ရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် နဂိုရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံကနေ ထွက်ခွာကုန်ကြတာကို ပြည်သူအားလုံး အမြင်ပဲဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင်ဟာ နွေရာသီကာလမှာ ပြည်သူတွေကို လျှပ်စစ်မီးလုံလောက်အောင် မပေး၀ေနိုင်တာကိုအကြောင်းပြုပြီး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပြည်သူကြားကို သွေးကွဲစေမယ့် စကားလုံးတွေကို သူတို့သြဇာခံ မီဒီယာတွေကတဆင့် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေပါသေးတယ်"လို့ ဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် (၂၉၆၅၀)ဦး သေဆုံးပြီး (၁၁၂၃၀)ဦး ထိခိုက်ဒဏ်ရာ ရသည် အထိ ချေမှုန်းနိုင် ခဲ့ပြီးဖြစ်ပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းတော့မှာဖြစ်လို့ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံကြရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဧပြီ၁၂ရက်
ဧပြီ၁၁ရက်တွင်ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံကြရန်တိုက်တွန်းမှုကို အခုလိုပြောကြားခဲ့ပါတယ်။
"စစ်ရေးအရှိန်မြင့်လာမှုနဲ့အတူ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူမဆန်တဲ့ လုပ်ရပ်တွေအပေါ်မှာ ဆက်လက် ပူးပေါင်းလိုခြင်း မရှိကြတော့တဲ့ တချို့သော စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့ဘက်ကို ပြောင်းလဲ ခိုလှုံလာကြတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ဒီလို ခိုလှုံလာသူတွေ၊ ခိုလှုံဖို့ ကြိုးစားနေသူတွေအတွက်ကို ကျွဣ်တော်တို့ဘက်က အဆင်အပြေဆုံး ဖြစ်အောင် ဝိုင်းဝန်းကြိုးစားစီစဉ်ပေးကြရမှာ ဖြစ်ပါတယ်။ လူမဆန်လွန်းတဲ့ စစ်ကောင်စီကတော့ ဒီနှစ်အတွင်းကို ကာကွယ်ရေးအတွက် ကျပ် ဘီလီယံ ၅၆၀၀ ကျော်နဲ့ ဘတ်ဂျတ်ကို အများဆုံးသုံးပြီး လက်အောက် ငယ်သားတွေကို မညှာမတာ စစ်မြေပြင် ပို့ကာ သူတို့အာဏာ တည်မြဲရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို လူမျိုးတွေအတွက် အသက်ပေးပြီး အလုပ်ဆက်လုပ်မလား၊ ပြည်သူ့ရင်ခွင်ခိုလှုံကြမလားဆိုတာကတော့ ကာယကံရှင်တွေအနေနဲ့ ဉာဏ်နဲ့ ယှဉ်တွဲ ဆုံးဖြတ်ကြရတော့မယ့် အခြေအနေ ရောက်နေပြီဆိုတာကို နားလည်ကြဖို့ လိုအပ်ပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်သော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များစွာသည် စစ်အာဏာသိမ်းပြီးနောက်တွင် ပြည်သူနှင့် အတူ ရပ်တည်၍ ပြည်သူ့ရင်ခွင်သို့ ကူးပြောင်းခိုလှုံလာလျက်ရှိကြရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၁ ရက်နေ့ အထိ စစ်သည် (၃၂၃၆) ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၉၀၉၁) ဦး၊ စုစုပေါင်း (၁၂၃၂၇) ဦး နှင့်မိသားစုဝင်ဦးရေ ထောင်ကျော် ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၃။ အပြစ်မဲ့ပြည်သူအားလုံးအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူမယ်လို့ NUCCထုတ်ပြန်
ဧပြီ၁၂ရက်
ဧပြီ၁၁ရက်တွင် ကျေးရွာလူနေအိမ်များအား ပစ်မှတ်ထား၍ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့်တိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးရမှုအပေါ် သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို NUCCကထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီ၏လုပ်ရပ်များသည် စစ်ပွဲဆိုင်ရာဥပဒေ (1907 Hague Convention) အပိုဒ် (၂၅)၊ (၂၆)၊ (၂၇) နှင့် ဂျီနီဗာကွန်ဗင်းရှင်း၊ ပရိုတိုကောလ်အပိုဒ် (၁) တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ရုံ သာမက၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုတို့ကို ထပ်မံ ကျူးလွန်ခြင်း လည်း ဖြစ်တယ်လို့ဆိုပါတယ်။
သတ်ဖြတ်မှုများကို အကြမ်းဖက်စစ်အုပ်စုက မြန်မာနိုင်ငံ နေရာအနှံအပြား၊ ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်တကျကျူးလွန်နေခြင်းကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကာ ကြွေလွင့်ခဲ့ကြသော အပြစ်မဲ့ပြည်သူအားလုံးအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပြီး မိမိတို့တိုင်းရင်းသားပြည်သူတရပ်လုံး၏ ပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ မလွဲမသွေရောက်ရှိသည်အထိ ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်းကိုလည်း အလေးအနက် ကတိပြုအပ်တယ်လို့ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက် နံနက် ၇:၄၅ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ ကလေးများအပါအဝင် ရွာသူရွာသားများအား အကြမ်းဖက်စစ်တပ်၏ တံတားဦး လေဆိပ်မှ ဂျက်ဖိုက်တာ တစ်စီးက ဗုံးနှစ်လုံးကျဲချတိုက်ခိုက်ခဲ့ပြီး၊ နောက်ထပ် ငါးမိနစ်ခန့်အကြာ ၇:၅၀ အချိန်တွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးဖြင့် ဒုံးကျည် နှစ်လုံးအပြင် စက်သေနတ်များဖြင့်ပါ ထပ်မံပစ်ခတ်တိုက်ခိုက် ခဲ့ပါတယ်။
========================
📌📌 ၄။ ကာကွယ်ရေးဝန်ကြီးဌာန ၏ လမ်းညွန်ချက်နဲ့အညီ တော်လှန်ရေးအလံအား တမူးPDFတပ်ရင်း၄ တိုင်တဝက်ချ
ဧပြီ၁၁
ဧပြီ၁၂ရက်မှာ တမူးPDFတပ်ရင်း၄က အခုလိုအသိပေးဆိုပါတယ်။
"ဧပြီ၁၁ရက် အင်္ဂါနေ့တွင် အာဏာရူး စစ်ကောင်စီ၏ လူသားမဆန်စွာ လေကြောင်းဖြင့် တိုက်ခိုက်ခံရပြီး အသက်ပေးဆပ်သွားသော ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ တော်လှန်ရေးရဲဘော်များ၊ ပြည်သူများ၊ အရွယ်မရောက်သေးသော ကလေးသူငယ်များအား အလေးပြုနီ ပြုအပ်ပါတယ်"လို့ဖော်ပြပါတယ်။ MoD ၏ လမ်းညွန်ချက်နဲ့အညီ မိမိတို့ တော်လှန်ရေးအလံအား ဧပြီလ (၁၅) နေ့အထိ တိုင်တဝက် ချထားပါမယ်လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် အရပ်သားများ ရပ်ရွာအရေး စုစည်းတိုင်ပင်နေသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသို့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ လေကြောင်းမှ တိုက်ခိုက်ခံရသည့် ဖြစ်စဥ်အတွင်း ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် အရပ်သားများ သေဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်အုပ်စု၏ လူမဆန်မှုကြောင့် ထိခိုက်ကျဆုံးခဲ့ရသော ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် PDF၊ ပကဖ တပ်ရင်းတပ်ဖွဲ့နှင့် စစ်ကြောင်းများအားလုံး ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အထိ ပြည်သူ့တော်လှန်ရေးအလံတော်ကို တိုင်ဝက်ချ အလေးပြုကြရန် ကာကွယ်ရေးဝန်ကြီးဌာနကညွှန်ကြားထားခြင်းဖြစ်ပါတယ်။
========================
📌📌 ၅။ ကန့်ဘလူ ပဇီကြီးကျေးရွာကို လေကြောင်းဖြင့်တိုက်ခိုက်ခံ့ခြင်းအပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်ဆို
ဧပြီ၁၂ရက်
ဧပြီ၁၁ရက်တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ပဇီကြီးကျေးရွာကို လေကြောင်းကနေတိုက်ခိုက်၍ လူအများအပြားသေဆုံးခဲ့မှုအပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်ကဆိုခဲ့ပါတယ်။
ဒါ့အပြင် တာဝန်ရှိတဲ့သူတွေ တာဝန်ခံပေးဖို့ နဲ့သေဆုံးသူများ၏ မိသားစုများအား အလေးအနက် ဝမ်းနည်းကြောင်း ပြောကြားလိုတယ်လို့ဆိုပါတယ်။
လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ အရ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို အဆုံးသတ်ရန်လည်း အတွင်းရေးမှူးချုပ်ကပြောပါတယ်။
========================
📌📌 ၆။ မြန်မာစစ်တပ်အား လက်နက်မရောင်းရန် နိူင်ငံတကာကို ကနေဒါသံရုံးတောင်းဆို
ဧပြီ၁၂ရက်
ဧပြီ၁၂ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက မြန်မာစစ်တပ်အား လက်နက်မရောင်းရန် နိူင်ငံတကာကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာတွင် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သား (၅၀) ကျော် သေဆုံးခဲ့ရပြီး လူပေါင်းမြောက်မြားစွာ ဒဏ်ရာရရှိစေခဲ့သည့် အရပ်သားများအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့ကြောင်း ကြားသိရသဖြင့် ကနေဒါနိုင်ငံက များစွာ ထိတ်လန့်တုန်လှုပ်မိပါတယ်လို့ဆိုပါတယ်။
မြန်မာစစ်တပ်၏ အရပ်သားများအပေါ် ထပ်ဖန်တလဲလဲ၊ ရည်ရွယ်ချက်ရှိရှိ၊ ကျယ်ကျယ်ပြန့်ပြန့်၊ ခွဲခြားမှုမရှိဘဲ အတိုင်းအဆ လွန်စွာ အင်အားသုံးခြင်းကို ကနေဒါနိုင်ငံက ရှုတ်ချလိုက်ပါတယ်။ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့ဖော်ပြပါတယ်။
မြန်မာစစ်တပ်ကို ၎င်းတို့၏ အကြမ်းဖက်မှုများအား ချက်ချင်း ရပ်တန့်ရန် ကျွန်ုပ်တို့ ထပ်မံတောင်းဆိုလိုက်ပြီး နိုင်ငံများ အားလုံးကို မြန်မာစစ်တပ်အား လက်နက်များနှင့် စစ်ဘက်သုံး ပစ္စည်းများ၊ စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းများ ရောင်းချခြင်းနှင့် လွှဲပြောင်းခြင်း၊ နည်းပညာဆိုင်ရာ အကူအညီများပေးခြင်းကို ချက်ချင်း ရပ်တန့်ပစ်ခြင်းဖြင့် မြန်မာပြည်သူများကို ကူညီပေးရန် ဆက်လက် တိုက်တွန်းအပ်ပါတယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ “တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ က နေတာလဲ”ဘန်နာကို ရန်ကုန်မြို့တနေရာမှာ လူငယ်များချိတ်ဆွဲ
ဧပြီ၁၂ရက်
"ဧပြီ ၁၂ မနက်ပိုင်းမှာ ရန်ကုန်မြို့တနေရာတွင် “တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ က နေတာလဲ” ဟူသော ဘန်နာကို Yangon Revolution Force - YRF ၏ Soft Strike Community မှာ လူငယ်ရဲဘော်များမှသွားရောက်ချိတ်ထားခဲ့ပါတယ်။ယင်းစကားသည် အမှန်တရားဘက်တွင် ပြည်သူနဲ့အတူ ရပ်တည်ကြသော အနုပညာရှင်များ ရိုက်ကူးထားသည့် “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ဇာတ်လမ်းမှ ဒိုင်ယာလော့ဖြစ်ပါတယ်"လို့ Yangon Revolution Force - YRFကအသိပေးဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူလူထုအနေဖြင့် တစ်နိုင်ငံလုံးရှိ စစ်ဒဏ်နှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုဒဏ်ကို ခံနေရသော ကျန်ပြည်သူများ၊ တော်လှန်တိုက်ပွဲဝင်နေသော ရဲဘော်များကို ငဲ့ကွက်သောအားဖြင့် စစ်ကောင်စီနှင့် ၎င်းတို့၏ အပေါင်းအပါများ ကျင်းပပြုလုပ်မည့် ပွဲများတွင် သွားရောက် ပါဝင် ဆင်နွှဲခြင်းမပြုကျရန် တောင်းဆိုလိုက်တယ်လို့လည်းဆိုပါတယ်။
========================
📌📌 ၈။ အမေရိကန် ဆန်ဖရန်စစ္စကိုဘေးဧရိယာမှာကျင်းပတဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါများအား ရှုတ်ချကြောင်း လူထုဆန္ဒထုတ်ဖော်ပွဲ လူအင်အား ၁၀၀ နီးပါး လာရောက်
ဧပြီ၁၂ရက်
ဧပြီ၁၁ရက် ညနေပိုင်းမှာ လူထုဆန္ဒထုတ်ဖော်ပွဲကို Free Burma Action Committee - ဆန်ဖရန်ဘေးဧရိယာ အင်အားစုက ဦးဆောင်ကျင်းပခဲ့ပါတယ်။
"ဆန်ဖရန်စစ္စကိုဘေးဧရိယာ Free Burma Action Committee အဖွဲ့က ဧပြီ ၁၁ ကန့်ဘလူနယ်က ပြည်သူများကို စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှုအား ကန့်ကွက်ကြောင်း၊ နိုင်ငံတကာပြည်သူများနှင့်အတူ ရပ်တည်ပြီး စစ်ကောင်စီနဲ့ အပေါင်းအပါများအား ရှုတ်ချကြောင်း လူထုဆန္ဒထုတ်ဖော်ပွဲကို ဆန်ဖရန်အချိန် ဧပြီ ၁၁ ညနေပိုင်းမှာ စုဝေးခဲ့ကြပါတယ်"လို့ဆိုပါတယ်။
ဧပြီ ၁၁ ရက်အမေရိကန် ဆန်ဖရန်စံတော်ချိန် ညနေ ၄ နာရီမှာ အရေးပေါ် စုဝေးကြပြီး ကန့်ဘလူကပြည်သူများ အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်ခံရမှုအား ဆန့်ကျင်ရှုတ်ချ ဆန္ဒထုတ်ဖော်ရာ လူအင်အား ၁၀၀ နီးပါး လာရောက်ကြပြီး နွေဦးတော်လှန်ရေး မြန်မာပြည်သူများနှင့်အတူ ထပ်တူ ရပ်တည်ကြောင်း ထုတ်ဖော်ပြသခဲ့ကြပါတယ်။
ဆန္ဒထုတ်မှုအပြင် အမေရိကန်နဲ့ နိုင်ငံတကာက စစ်ကောင်စီကို တိုးမြှင့်အရေးယူဖို့အရေး၊ ထိရောက်တဲ့ အရေးယူမှုတွေ၊ နိုင်ငံတကာခုံရုံး အမြန်ဆုံး စွဲတင်နိုင်ဖို့ အရေး၊ အကာအကွယ်မဲ့နေတဲ့ ပြည်သူတွေဆီကို တိုက်ရိုက် အကူအညီပေးမှုတွေ အချိန်နဲ့ တပြေးညီ လုပ်ကိုင်နိုင်ဖို့ တိုက်တွန်းနှိုးဆော်တာတွေ ဆွေးနွေးတိုင်ပင်မှုတွေပါ တစ်ပါတည်း လုပ်ကိုင်လျက် ရှိကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၉။ “ကန့်ဘလူနှင့် ခါးစည်းခံမြန်မာပြည်သူများအတွက် ဆုတောင်းဆန္ဒဖော်ထုတ်ပွဲ အမေရိကန်နိူင်ငံ နယူးယော့ခ်မှာ ကျင်းပမယ်
ဧပြီ၁၂ ရက်
ဆုတောင်းဆန္ဒဖော်ထုတ်ပွဲနှင့်ပတ်သက်ပြီး ဧပြီ၁၂ရက်မှာ အမေရိကန်အခြေစိုက် NYCBCကအခုလိုအသိပေးဖော်ပြလာပါတယ်။
အစိုးရအချင်းချင်းမှ အစိုးရအချင်းချင်းသို့ တိုက်ရိုက်အကူအညီပေးမှုများ အလျင်မြန်ဆုံးလုပ်ဆောင်ရန်၊ အကြမ်းဖက်စစ်တပ်အား လေယာဉ်ဆီများရောင်းချနေခြင်းကိုပိတ်ပင်ရန်၊ မြန်မာပြည်အတွင်းစစ်ရာဇဝတ်မှုများကျုးလွန်နေသူတွေကို နည်းလမ်းရှာပြီးနိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) သို့လွှဲပြောင်းပေးရန် အစရှိသဖြင့်မြန်မာပြည်သူများအတွက်အရေးတကြီးတောင်းဆိုရန် ဒို့ပြည်ပရောက်မိသားစုတွေအတူစုရုံးရှေ့ဆက်လုပ်ဆောင်သွားကြမှာဖြစ်တယ်လို့ဆိုပါတယ်။
အခမ်းအနားကို ဧပြီ၁၃ရက် Moore Homestead Playground (US Supermarket အနီး),မှာကျင်းပမှာဖြစ်ပြီး ဆုတောင်းပွဲလာရောက်သူများ၊ အနက်ရောင်အင်္ကျီဝတ်ဆင်ကြမှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment