13th APL 2023 - Morning Daily News by Radio NUG


၂၀၂၃ ဧပြီလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို လွယ်လွယ်နဲ့ သွေးခွဲလို့ မရနိုင်ဘူးလို့ ယာယီသမ္မတ ပြောကြားလိုက်

📌 ၂။ အကြမ်းဖက်စစ်ကောင်စီက ကန့်ဘလူမြို့နယ်တွင် လူမဆန်စွာ လေကြောင်းက တိုက်ခိုက်ခြင်း ကနဦး အစီရင်ခံစာ NUG ထုတ်ပြန်

📌 ၃။ အကြမ်းဖက်စစ်တပ်က လိမ်ညာမှုတွေနဲ့ ဝါဒဖြန့်နေမှုတွေကို  အားမပေးကြဖို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတိုက်တွန်း

📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၅။ စကစရဲ့စစ်သားတွေဟာ သေလူတွေလို နေနေရပြီး တပ်တွင်း  မပြိုကွဲအောင် စောင့်ကြည့်ထိန်းချုပ်နေရတဲ့ အနေအထားဖြစ်တယ်လို့ဆို

📌 ၆။ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့ရသော အရပ်သားပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အလံတိုင်တစ်ဝက်အသီးသီးချ

📌 ၇။ ဗန်းမောက်မြို့အနောက်ဖက် ပင်ဟင်းခါး-သာယာကုန်းရွာထဲသို့ ဂျက်ဖိုက်တာဖြင့် စကစတပ်က လေကြောင်းတိုက်ခိုက်၍ နေအိမ်အချို့ ထိခိုက်ပျက်စီးပြီး ရွာသားငါးဦး ထိခိုက်ဒဏ်ရာရ

📌 ၈။ သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်အတွင်း စကစတပ်များ မိုင်းနှစ်ကြိမ်ထိ၍ ၁၅ဦးသေဆုံး

📌 ၉။ တောင်သာမြို့နယ် တပင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများ ညောင်ဦး-မြင်းခြံလမ်းပေါ် ပစ်ခတ်တိုက်ခိုက်ခံရ၍ သေဆုံးကာ သေနတ်၃လက် ကာကွယ်ရေးတပ်များရသွားခဲ့

📌 ၁၀။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်ရှိ တပ်ရင်း(၂၈) ရဲတပ်ရင်းအား ရှော့တိုက်ဒုံး ၆၀မမ ၁၂၀မမ ဗုံးသီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး စခန်းရှိအဆောက်အအုံများပေါ်တိုက်ရိုက်ထိမှန်

၁၁။ ဟားခါးမြို့နယ်USDP ပါတီရုံးနှင့် ပိုင်ဆိုင်မှုအားလုံး ပြည်သူပိုင်အဖြစ်သိမ်းကြောင်း CDF-Hakha Councilကြေညာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို လွယ်လွယ်နဲ့ သွေးခွဲလို့ မရနိုင်ဘူးလို့ ယာယီသမ္မတ ပြောကြားလိုက်


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို လွယ်လွယ်နဲ့ သွေးခွဲလို့ မရနိုင်ဘူးလို့ ဧပြီ ၁၁ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁၄ / ၂၀၂၃) အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။


"ပြည်သူတွေဟာ သူတို့ဖြတ်သန်းလာတဲ့ ဘ၀လမ်းကြောင်းမှာ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေ၊ ခါးသီးမှုဒဏ်တွေကို ကောင်းကောင်း သိထားခဲ့ကြပြီးသားဖြစ်သလို၊ သူတို့ရဲ့ အကွက်ကျကျ ယုတ်မာမှုတွေကိုလည်း သိမြင်ခံစားဖူးကြသူတွေသာဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်ကြောင့် ပြည်သူကိုယ်တိုင်မွေးထုတ်ခဲ့တာပါ။  ဒီလိုလူတွေကို ပြည်သူနဲ့ သွေးခွဲဖို့ကြိုးစားတာဟာ စစ်ကောင်စီက ပြည်သူကို အထင်သေးတာပဲဖြစ်ပါတယ်။ ဒါကြောင့်  ပြည်သူကို အထင်မသေးပါနဲ့၊ လွယ်လွယ်နဲ့ သွေးခွဲလို့ မရနိုင်ပါဘူး ဆိုတာကိုတော့ ဒီနေရာကနေ သတိပေးချင်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီက ကန့်ဘလူမြို့နယ်တွင် လူမဆန်စွာ လေကြောင်းက တိုက်ခိုက်ခြင်း ကနဦး အစီရင်ခံစာ NUG ထုတ်ပြန်


အကြမ်းဖက်စစ်ကောင်စီက ကန့်ဘလူမြို့နယ်တွင် လူမဆန်စွာ လေကြောင်းက တိုက်ခိုက်ခြင်း ကနဦး အစီရင်ခံစာကို အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဧပြီ၁၂ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။


"ဧပြီ၁၁ရက် မြန်မာစံတော်ချိန် နံနက်(၀၇း၄၅) အချိန်နှင့် ညနေပိုင်း(၀၅း၃၀) အချိန်တို့တွင် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသို့ လေကြောင်းမှ ()ကြိမ်လာရောက်ပစ်ခတ်ခြင်းတွင် သတင်းပေးပို့မှုများအရ အရပ်သား ပြည်သူ (၆၂) ဦးသေဆုံးပြီး (၇၀) ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်"လို့ဖော်ပြပါတယ်။


သေဆုံး၊ ထိခိုက်ဒဏ်ရာရကြသူအများစုမှာ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်နှင့်ကလေးသူငယ်များ ပါဝင်နေပြီး လက်ရှိအချိန်အထိ ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။


သေဆုံးသူများ၏ ရုပ်အလောင်းများ အတည်ပြုခွဲခြားရန် အခက်အခဲရှိနေခြင်းနဲ့ ဒေသခံကျေးရွာသားများနှင့် ဆက်သွယ်ချိတ်ဆက်မှု ရရှိရန် အခက်အခဲဖြစ်နေခြင်း၊ စားနပ်ရိက္ခာနှင့်ဆေးဝါး အရေးပေါ် လိုအပ်လျက်ရှိနေခြင်းတို့ကိုလည်း ရင်ဆိုင်နေရတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်တပ်က လိမ်ညာမှုတွေနဲ့ ဝါဒဖြန့်နေမှုတွေကို  အားမပေးကြဖို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတိုက်တွန်း


အကြမ်းဖက်စစ်တပ်က လိမ်ညာမှုတွေနဲ့ ဝါဒဖြန့်နေမှုတွေကို အားမပေးကြဖို့ ဧပြီ၁၂ရက်နေ့မှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။


"ပဇီကြီးရွာက ကလေးတွေ ဗုံးကြဲသတ်ဖြတ် မခံရစဥ်က ပုံတွေဆိုပြီး ပြန့်နေပါတယ်။ ပုံတွေက ကရင်နီပြည်မှာ အလှူလုပ်တုန်းက ပုံတွေပါ။ ဝါဒဖြန့်တာဖြစ်ဖြစ် တခြားဘယ်လိုရည်ရွယ်ချက်မျိုးဖြစ်ဖြစ် မမှန်ကန်တဲ့ပုံတွေနဲ့ ဘယ်လိုမှ မလုပ်ဆောင်သင့်ပါဘူး။ အဖြစ်မှန်အတိုင်းဘဲ  တရားမျှတမှုကို ဖော်ဆောင်ကြရအောင်။ အကြမ်းဖက်စစ်တပ်က လိမ်ညာမှုတွေနဲ့ ဝါဒဖြန့်နေမှုတွေကို ကိုယ့်ဖက်က မမှန်ကန်တဲ့ သတင်းအချက်အလက် ဓါတ်ပုံတွေနဲ့ အားမပေးကြပါနဲ့"လို့ ဝန်ကြီးကဆိုထားပါတယ်။


အကြမ်းဖက်စစ်တပ်ရဲ့ လော်ဘီများကလည်း တာ်လီဂရမ်များကနေ မမှန်သတင်းများ လတ်တလောမှာ ဖြန့်ဝေလျက်ရှိပြီး ကန့်ဘလူနယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ပြောဆိုနေမှုများရှိနေပါတယ်။


========================


📌📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


ဧပြီ ၁၂ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၃)ကို ကျင်းပခဲ့တယ်လို့သိရပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်‌မောင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး  ဝန်ကြီးဌာနများ၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့  ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်‌မောင်းမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ စကစရဲ့စစ်သားတွေဟာ သေလူတွေလို နေနေရပြီး တပ်တွင်း  မပြိုကွဲအောင် စောင့်ကြည့်ထိန်းချုပ်နေရတဲ့ အနေအထားဖြစ်တယ်လို့ဆို


စကစရဲ့စစ်သားတွေဟာ သေလူတွေလိုနေနေရပြီး တပ်တွင်း  မပြိုကွဲအောင် စောင့်ကြည့်ထိန်းချုပ်နေရတဲ့ အနေအထားဖြစ်တယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်က ပြောပါတယ်။


ဧပြီ၁၂ရက်မှာ စကစတပ်တွေရဲ့ အခြေအနေကို ဒုဝန်ကြီး ဂျာထွယ်ပန်က သုံးသပ်ပြောပါတယ်။


"စကစ စစ်သားတွေ suicide အနေအထားနဲ့ ဒုကမ္ဘာစစ်က နာဇီတို့ ဂျပန်စစ်သားတို့လို သေလူတွေလိုနေနေရတယ်။ တပ်တွင်း မှာ မပြိုကွဲအောင် ဂျင်းတွေသွတ်သွင်းပြီး စောင့်ကြည့်ထိန်းချုပ်နေရတဲ့ အနေအထားပါ။  မြေပြင်မှာ အထိနာလွန်းလို့ လေကြောင်းအားကိုးနဲ့ပဲ ဆက်မိုက်ရိုင်းနေတဲ့ အနေအထားကို အားလုံးအသိပဲဖြစ်ပါတယ်။ မင်းအောင်လှိုင် လုပ်လိုက်လို့ မြန်မာတပ်မတော်ရဲ့သမိုင်းမှာ တခါမှမကြုံဖူးတဲ့ အားနည်းအထိနာမှုကိုရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဒီတစ်ကြိမ်က အကောင်းဆုံးနဲ့ နောက်ဆုံးအခွင့်အရေးပါ"လို့ဆိုပါတယ်။


ဒါ့အပြင့်တော်လှန်ရေးကိုဆက်လက်ပြီး တတ်နိုင်တဲ့ဘက်ကနေ လူထုပါဝင်ပေးဖို့ဆိုထားပြီး စကစရဲ့ သန္ဓေမမှန် တပ်မတော်ဟာ နှစ်ပေါင်းများစွာတည်ဆောက်ထားတာဖြစ်ပေမယ့် ကျောက်ဆောင်တပ်မတော်မဟုတ်ဘူးလို့ ဒုဝန်ကြီးက ထပ်လောင်းဆိုပါတယ်။


========================


📌📌 ၆။ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့ရသော အရပ်သားပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အလံတိုင်တစ်ဝက်အသီးသီးချ


ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့ရသော အရပ်သားပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အလံတိုင်တစ်ဝက်အသီးသီးချခဲ့ကြပါတယ်။


ဧပြီ၁၂ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းများမှာ အလံတိုင်တစ်ဝက်ချခြင်း အခမ်းအနားကို ဆောင်ရွက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့ရသော အရပ်သားပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အလံတစ်ဝက်ချ အလေးပြုခြင်းကို ဧပြီ ၁၂ရက်နံနက်အစောပိုင်း အချိန်တွင် လုပ်ဆောင်ခဲ့ကြပါတယ်။


အလားတူပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းကလည်း လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့ရသော အရပ်သားပြည်သူများ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အလံတစ်ဝက်ချ အလေးပြုခြင်းပြုခြင်းကို ဧပြီ၁၂ရက်ညပိုင်းအချိန်တွင် ပြုလုပ်ခဲ့ကြပါတယ်။


၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် အရပ်သားများ ရပ်ရွာအရေး စုစည်းတိုင်ပင်နေသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသို့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ပါတယ်။

 

အဆိုပါ လေကြောင်းမှ တိုက်ခိုက်ခံရသည့် ဖြစ်စဥ်အတွင်း  ထိခိုက်ကျဆုံးခဲ့ရသော ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်  PDF ပကဖ  တပ်ရင်းတပ်ဖွဲ့နှင့် စစ်ကြောင်းများအားလုံး ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အထိပြည်သူ့တော်လှန်ရေးအလံတော်ကို တိုင်ဝက်ချ အလေးပြုကြရန် ကာကွယ်ရေးဝန်ကြီးဌာနကညွှန်ကြားထားပါတယ်။


========================


📌📌 ၇။ ဗန်းမောက်မြို့အနောက်ဖက် ပင်ဟင်းခါး-သာယာကုန်းရွာထဲသို့ ဂျက်ဖိုက်တာဖြင့် စကစတပ်က လေကြောင်းတိုက်ခိုက်၍ 

နေအိမ်အချို့ ထိခိုက်ပျက်စီးပြီး ရွာသားငါးဦး ထိခိုက်ဒဏ်ရာရ


ဗန်းမောက်မြို့အနောက်ဖက် ပင်ဟင်းခါး-သာယာကုန်းရွာထဲသို့ ဂျက်ဖိုက်တာဖြင့် စကစတပ်ကလေကြောင်းတိုက်ခိုက်၍ နေအိမ်အချို့ ထိခိုက်ပျက်စီးပြီး ရွာသားငါးဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။


ဧပြီ ၁၂ရက် နေ့လည် :၃၀ ချိန်တွင် ဗန်းမောက်မြို့အနောက်ဖက် ပင်ဟင်းခါး-သာယာကုန်းရွာထဲသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲသွားတာလို့ ဗန်းမောက်တော်လှန်ရေး အင်အားစုကဆိုပါတယ်။


"ဧပြီ၁၂ရက် နေ့လည် :၃၀ ချိန်တွင် ဗန်းမောက်မြို့အနောက်ဖက် ပင်ဟင်းခါး-သာယာကုန်းရွာထဲသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲသွားရာ နေအိမ်အချို့ ထိခိုက်ပျက်စီးပြီး အိမ်ထဲရှိ ရွာသားငါးဦး ထိခိုက်ဒဏ်ရာ ရရှိပါတယ်"လို့ဆိုပါတယ်။


အဆိုပါထိခိုက်သူထဲမှ တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိပါတယ်။


အလားတူ လေကြောင်းတိုက်ခိုက်မှုမျိုးကို မတ်လ၂၄ရက်တွင် နန့်နန့်ထွန်-ကျောက်ဆည်ရွာ၊ မတ်လ၂၆ရက် တွင် ကြောင်လည်ရွာနဲ့ ဧပြီ ၈ရက်တွင် ကြောင်လည်ရွာတို့ကို တိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၈။ သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်အတွင်း စကစတပ်များ မိုင်းနှစ်ကြိမ်ထိ၍ ၁၅ဦးသေဆုံး


သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်အတွင်း စကစတပ်များ မိုင်းနှစ်ကြိမ်ထိ၍ ၁၅ဦးသေဆုံးခဲ့တယ်လို့ ဧပြီ၁၂ရက်မှာ စစ်ရေးသတင်းကို တကောင်းပကဖက အတည်ပြုဆိုပါတယ်။


"သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်အတွင်း ၄မိုင်ရွာနှင့် ၆မိုင်ရွာကြားတွင် အင်းနက်မှ ထွက်လာသော ၁၂ဘီးကား ၂စီးအား မိုင်း ၃လုံးဖြင့် မနက် ၅နာရီ ၁၀မိနစ်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားနောက်ပိုင်းထိမှန်ပြီး ရမ်းခါသွားကာကားပေါ်မှ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။ ၎င်းကား၂စီးအား နောင်လုံသံတံတားအနီးတွင် ၅နာရီ၁၅မိနစ်အချိန်၌ ထပ်မံ မိုင်း၃လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ရှေ့ကားခေါင်းခြမ်းအား ဒဲ့ထိမှန်ပြီး မီးလောင်ပျက်စီးသွားပါတယ်"လို့ဆိုပါတယ်။


စစ်ဆင်ရေး ၂ခုတွင် စကစမှ ၁၅ယောက်ခန့်သေဆုံးခဲ့ပြီး တကောင်းမြို့တွင်းမှာ နာရေးကား ၃စီးဖြင့် လာရောက်‌သယ်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။


စကစဘက်က ထိခိုက်ဒဏ်ရာရသူ ငါးဦးလည်း ခြေ၊ လက်များ ထိခိုက်၍ ဆုံးရှုံးသွားတယ်လို့ဖော်ပြပါတယ်။ အဆိုပါတိုက်ခိုက်မှုဟာ ကန့်ဘလူအတွက် လက်တုံပြန်ခြင်းလည်း ဖြစ်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၉။ တောင်သာမြို့နယ် တပင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများ ညောင်ဦး-မြင်းခြံလမ်းပေါ် ပစ်ခတ်တိုက်ခိုက်ခံရ၍ သေဆုံးကာ သေနတ်၃လက် ကာကွယ်ရေးတပ်များရသွားခဲ့


တောင်သာမြို့နယ် တပင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများညောင်ဦး-မြင်းခြံလမ်းပေါ် ပစ်ခတ်တိုက်ခိုက်ခံရ၍ သေဆုံးကာ သေနတ်၃လက် ကာကွယ်ရေးတပ်များရသွားခဲ့ပါတယ်။


ဧပြီ၁၂ရက်မှာ စစ်ရေးသတင်းကို Burmese Guerrilla Force-BGF ကအသိပေးဆိုပါတယ်။


ဧပြီလ ၁၀ ရက်နေ့တွင် တပင်ကန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ဦးလိုက်ပါသော ကားကို ညောင်ဦး-မြင်းခြံလမ်းရှိ ကျောဇီ-တမိုက်သာ အကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


တပင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါအားလုံးသေဆုံးခဲ့ပြီး ကာဘိုင် လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၁၀။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်ရှိ တပ်ရင်း(၂၈) ရဲတပ်ရင်းအား ရှော့တိုက်ဒုံး ၆၀မမ ၁၂၀မမ ဗုံးသီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး စခန်းရှိအဆောက်အအုံများပေါ်တိုက်ရိုက်ထိမှန်


စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်ရှိ တပ်ရင်း(၂၈) ရဲတပ်ရင်း အား ရှော့တိုက်ဒုံး ၆၀မမ ၁၂၀မမ ၊ဗုံးသီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး စခန်းရှိအဆောက်အအုံများပေါ်တိုက်ရိုက်ထိမှန်ခဲ့တယ်လို့ ဧပြီ၁၂ရက်မှာ စစ်ရေးသတင်းကို အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်က အသိပေးဆိုပါတယ်။


"ကန့်ဘလူ ပြည်သူလူထုအား ရက်စက်စွာသတ်ဖြတ်သည့်လုပ်ရက်ကို လက်တုန့်ပြန်သည့်အနေဖြင့် ဧပြီ ၁၁ရက် (၁၁)နာရီဝန်းကျင်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်ရှိ တပ်ရင်း(၂၈) ရဲတပ်ရင်းအား ရှော့တိုက်ဒုံး ၆၀မမ ၁၂၀မမ ဗုံးသီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး စခန်းရှိအဆောက်အအုံများပေါ် တိုက်ရိုက်ကျခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါရဲတပ်ရင်း အဆောက်အအုံများအပေါ် တိုက်ရိုက်ကျရောက်ပေါက်ကွဲ၍ စကစတပ်ဖွဲ့ဝင်များ အထိနာခဲ့ပြီး စကစဘက်က လက်နက်ကြီး ပြန်လည်ပစ်ခတ်၍ ရွာထဲသို့ လက်နက်ကြီးနှစ်လုံးကျကာ ကလေးငယ်တစ်ဦးသေဆုံးခဲ့ရပါတယ်။


ဧပြီ၁၁ရက် မွန်းလွဲပိုင်းကလည်း ကနီမြို့နယ် အလယ်ကျွန်းပျူရွာက စကစတပ်စခန်းကို ရှော့ဒုံးများနဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၁၁။ ဟားခါးမြို့နယ်USDP ပါတီရုံးနှင့် ပိုင်ဆိုင်မှုအားလုံး ပြည်သူပိုင်အဖြစ်သိမ်းကြောင်း CDF-Hakha Councilကြေညာ


ဟားခါးမြို့နယ် USDP ပါတီရုံးနှင့် ပိုင်ဆိုင်မှုအားလုံး ပြည်သူပိုင်အဖြစ်သိမ်းကြောင်း CDF-Hakha Council ကြေညာလိုက်ပါတယ်။ ဧပြီ၁၂ရက်မှာ CDF-Hakha Councilက အမိန့်အမှတ် (/၂၀၂၃)ကို အသိပေးဖော်ပြပါတယ်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ကာ အာဏာရူးရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ဟားခါးမြို့နယ်အတွင်းရှိ ပါတီ၏ ရုံးနှင့်အခြားသော ပိုင်ဆိုင်မှုအားလုံးကို ယနေ့မှစ၍ ပြည်သူပိုင်အဖြစ် သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ 


တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား CDF-Hakha Councilကလိုအပ်သလို စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဤအမိန့်ကြေညာစာကို ထုတ်ပြန်လိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment