၂၀၂၃ ဧပြီလ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အောက်ခြေပြဿနာများကို အချင်းချင်း လက်နက်နဲ့ ဖြေရှင်းတာတွေ ဖြစ်ပေါ်နိုင်တာမို့ သတိကြီးကြီးထားပြီး လျင်လျင်မြန်မြန် စီမံဆောင်ရွက်သွားကြဖို့ ဝန်ကြီးချုပ်တိုက်တွန်း
📌 ၂။ ဒေသအလိုက်ချိတ်ဆက်မှုများ ပိုမိုအားကောင်းနိုင်စေရေး ပြည်သူ့ရေးရာကော်မတီ၊ CDM Success Committee နှင့် ကရင်ပြည်နယ်မှ CDMer များ တွေ့ဆုံဆွေးနွေး
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များ ဩစတေးလျနိုင်ငံရောက် မြန်မာတိုင်းရင်းသားညီအစ်ကိုမောင်နှမများအပါအဝင် ဩစတေးလျအစိုးရ တာဝန်ရှိသူအချို့နဲ့ တွေ့ဆုံမယ်
📌 ၄။ မိုးဗြဲတိုက်ပွဲတွင် လေကြောင်းပစ်ကူ လေးကြိမ်လာရောက်ပစ်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီဘက်က (၂၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၂) ဦးအရှင်ဖမ်းခံရ
📌 ၅။ ပြည်သူ့ဝန်ထမ်း CDM များကို အထောက်အပံ့ဖြစ်စေမည့် နွေဦးထီ အပတ်စဉ် (၁၈) ကို ၂၄ နာရီလုံး ထီထိုးလို့ ရပြီလို့အသိပေးကြေညာ
📌 ၆။ တော်လှန်ခွန်အားတွေ ဖြည့်ပေးခဲ့ရာမှာ EOD Programs တွေဟာ အထူးအရေးပါတဲ့ ခွန်အားများ ဖြစ်ခဲ့တယ်လို့ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အောက်ခြေပြဿနာများကို အချင်းချင်း လက်နက်နဲ့ ဖြေရှင်းတာတွေ ဖြစ်ပေါ်နိုင်တာမို့ သတိကြီးကြီးထားပြီး လျင်လျင်မြန်မြန် စီမံဆောင်ရွက်သွားကြဖို့ ဝန်ကြီးချုပ်တိုက်တွန်း
ဧပြီ၂၇ရက်
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုတိုက်တွန်းပြောကြားခဲ့ပါတယ်။
"တချို့နေရာတွေမှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့စုံကို ပြည်သူတွေက ကြောက်နေရတယ်ဆိုတဲ့ သတင်းမျိုးဟာလည်း အတော်စိတ်ပျက်စရာကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တာဝန်ရှိသူတွေအနေနဲ့ ဒီလို အခြေအနေတွေအထိ မဖြစ်ရအောင် ဝိုင်းဝန်းကြိုးစားဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ တချို့အမှုကိစ္စတွေဆိုရင်လည်း ကျွန်တော်တို့ကို အားကိုးတကြီး တိုင်ကြားထားပေမယ့် လပေါင်းများစွာကြာသည်ထိ ကောင်းမွန်စွာ မဖြေရှင်းပေးနိုင်ရင် သူတို့လည်း သည်းမခံနိုင်ဘဲ မီဒီယာမှာ ပြောဆိုတာတွေ၊ အချင်းချင်း လက်နက်နဲ့ ဖြေရှင်းတာတွေ ဖြစ်ပေါ်နိုင်တာမို့ သတိကြီးကြီးထားပြီး လျင်လျင်မြန်မြန် စီမံဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။" လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။
ဒါ့အပြင် အစိုးရအဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် ခုခံတွန်းလှန်စစ်မှာ အားစိုက်ဆောင်ရွက်ရမှာဖြစ်သလို တစ်ဖက်ကလည်း ပြည်သူတွေ အားကိုးယုံကြည်စွာ တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ် ပီသစွာနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ကြိုးစားဆောင်ရွက်ကြဖို့ ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ ဒေသအလိုက်ချိတ်ဆက်မှုများ ပိုမိုအားကောင်းနိုင်စေရေး ပြည်သူ့ရေးရာကော်မတီ၊ CDM Success Committee နှင့် ကရင်ပြည်နယ်မှ CDMer များ တွေ့ဆုံဆွေးနွေး
ဧပြီ၂၇
ဧပြီ၂၅ရက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူ့ရေးရာကော်မတီနှင့် CDM Success Committee တို့သည် ကရင်ပြည်နယ်မှ CDMer များ၊ CDM အရေး ဦးဆောင်သူများနှင့် ဒေသအလိုက် မြေပြင်ချိတ်ဆက်ဆောင်ရွက်နိုင်မှုများ ပိုမိုပြုလုပ်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်အား ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းက “ယနေ့ တော်လှန်ရေးကာလ ၂ နှစ်ကျော်အထိ အားမလျော့ဘဲ CDM လှုပ်ရှားမှုတွင် ဆက်လက် ပါဝင်ကာ တောင့်ခံနေကြသည့် CDMer များအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ စစ်အာဏာရှင် အမြစ်ဖြတ်ရန် ဆက်လက်ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပြီး CRPH အနေဖြင့်လည်း ဘက်ပေါင်းစုံမှ အစွမ်းကုန်ကြိုးစားနေကာ အတတ်နိုင်ဆုံး တာဝန်ကျေအောင် ကြိုးစားလျက်ရှိပါကြောင်း၊ လိုအပ်ချက်များရှိသော်လည်း အားလုံးက အချင်းချင်းအားပေး၍ လက်တွဲညီညီ ချိတ်ဆက် သွားကြရမည်ဖြစ်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ သွားရန် CDMer များ၏ အားအင်သည် အများကြီးလိုအပ်ပါကြောင်း” ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှပြောကြားရာတွင် “ယခုချိန်တွင် နေရာအတော်များများသည် ထိန်းချုပ်နယ်မြေများဖြစ်လာ၍ ယန္တရားများ ကိုယ်ပိုင်လည်ပတ်နေကြပြီး CDM များဖြင့် အကောင်အထည်ဖော်နေကြပြီဖြစ်ရာ Federal Principle များနှင့်အညီ ကိုယ်ပိုင်စီမံပြဋ္ဌာန်းပိုင်ခွင့်ဥပဒေ၊ စီမံအုပ်ချုပ်မှုများသည် မြေပြင်နှင့် အနီးဆုံးဖြစ်ရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ဦးစားပေးဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ယန္တရားများကို အဓိကလည်ပတ်မည့် CDMer များသည် ဖက်ဒရယ်ဆိုင်ရာမူများကို အသေအချာ လေ့လာထားရမည့်အပြင် လိုက်နာကျင့်သုံးဖို့ လိုအပ်ကြောင်း” ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ပြည်သူ့ရေးရာကော်မတီ၊ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က "ယနေ့တွေ့ဆုံမှုသည် မိမိတို့ကော်မတီနှင့် CDM Success Committee တို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို CDM သူရဲကောင်းများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ဖြစ်ကြောင်းနှင့် ပြည်သူ့ရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် CDM ထောက်ပံ့နေမှုများအား ရှင်းလင်း ပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များ ဩစတေးလျနိုင်ငံရောက် မြန်မာတိုင်းရင်းသားညီအစ်ကိုမောင်နှမများအပါအဝင် ဩစတေးလျအစိုးရ တာဝန်ရှိသူအချို့နဲ့ တွေ့ဆုံမယ်
ဧပြီ၂၉ရက်
အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များ ဩစတေးလျနိုင်ငံရောက် မြန်မာတိုင်းရင်းသားညီအစ်ကိုမောင်နှမများအပါအဝင် ဩစတေးလျအစိုးရ တာဝန်ရှိသူအချို့နဲ့ တွေ့ဆုံမယ်လို့သတင်းရရှိပါတယ်။
တွေ့ဆုံပွဲကို NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုဝန်ကြီး ခွန်ဗဟန်းထန်အပါအဝင် သြစတြေးလျနိူင်ငံ NUGကုိယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေတို့တက်ရောက်မှာဖြစ်ပါတယ်။
တွေ့ဆုံပွဲကို မေလ၁၃ရက်နေ့မှ စတင်ကာ ၂၁ရက်၊၂၇ရက်၊၂၈ရက်တို့တွင် Brisbane ၊ Perth၊ Sydney ၊Melbourne တို့မှာကျင်းပမှာဖြစ်ပါတယ်။
ဒါ့အပြင် တက်ရောက်လိုတဲ့ မြန်မာတိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း နွေးထွေးစွာဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၄။ မိုးဗြဲတိုက်ပွဲတွင် လေကြောင်းပစ်ကူ လေးကြိမ်လာရောက်ပစ်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီဘက်က (၂၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၂) ဦးအရှင်ဖမ်းခံရ
ဧပြီ၂၇ရက်
ဧပြီလ (၂၆) ရက်နေ့မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF B-01၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-01 နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
သုံးနာရီကျော် ကြာထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ အထိနာသဖြင့် လက်နက်ကြီးပစ်ကူမှုများ အဆမတန် ပြုလုပ်သည့်အပြင်၊ လေယာဥ်ဖြင့် (၄) ကြိမ်လာရောက်ပစ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
တိုက်ပွဲတွင်း အကြမ်းဖက်စစ်ကောင်စီမှ (၂၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၂) ဦးအရှင်ဖမ်းမိကာ အချို့ စကစတပ်သားများ ထွက်ပြေးခဲ့ရပါတယ်။
========================
📌📌 ၅။ ပြည်သူ့ဝန်ထမ်း CDM များကို အထောက်အပံ့ဖြစ်စေမည့် နွေဦးထီ အပတ်စဉ် (၁၈) ကို ၂၄ နာရီလုံး ထီထိုးလို့ ရပြီလို့အသိပေးကြေညာ
ဧပြီ၂၇ရက်
ဧပြီလအတွင်းမှာ အောင်လံလွှင့်ချီ နွေဦးထီမိသားစုက အခုလိုအသိပေးဆိုပါတယ်။
"နွေဦးထီက နွေဦးတော်လှန်ရေးရဲ့ အဓိက အင်အားတခု ဖြစ်တဲ့ CDM သူရဲကောင်းများကို ထောက်ပံ့ကူညီတဲ့ အစီအစဉ် ဖြစ်တာနှင့်အညီ နွေဦးထီချစ်သူများ၏ အားပေးဝယ်ယူမှုက CDM သူရဲကောင်းများအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ပြည်သူ့ဝန်ထမ်း CDM များကို အထောက်အပံ့ဖြစ်စေမည့် နွေဦးထီ အပတ်စဉ် (၁၈) ကို messenger chat bot မှတဆင့် ၂၄ နာရီလုံး ထီထိုးလို့ ရပါပြီ"လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် NUG အစိုးရ၏ နွေဦးထီ အစီအစဉ်မှ ထောက်ပံ့ငွေများကို ဌာနအသီးသီးသို့ ခွဲဝေထောက်ပံ့ခဲ့ရာ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေခွဲတမ်း စုစုပေါင်း ငွေကျပ် သုံးဆယ့်ကိုးသိန်း တိတိ ကို ကျန်းမာရေး CDM ဝန်ထမ်း (78) ယောက် မှ မျှဝေ ရရှိခဲ့ပါတယ်။
========================
📌📌 ၆။ တော်လှန်ခွန်အားတွေ ဖြည့်ပေးခဲ့ရာမှာ EOD Programs တွေဟာ အထူးအရေးပါတဲ့ ခွန်အားများ ဖြစ်ခဲ့တယ်လို့ဆို
ဧပြီ၂၇ရက်
တော်လှန်ခွန်အားတွေ ဖြည့်ပေးခဲ့ရာမှာ EOD Programs တွေဟာ အထူးအရေးပါတဲ့ ခွန်အားများ ဖြစ်ခဲ့တယ်လို့ ဧပြီ၂၇ရက်မှာ EODကညအသိပေးဖော်ပြပါတယ်။
"၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့က စပြီး ဒီနေ့အထိ PDF များပါဝင်တဲ့ တပ်ပေါင်းစုများ ဖေါ်ဆောင်ခဲ့ကြတာရန်သူ့စခန်းသိမ်း တိုက်ပွဲ - ၄၄ ပွဲ၊လေတပ်စခန်း တိုက်ခိုက်မှု - ၆ ခု၊လက်နက်စက်ရုံများ တိုက်ခိုက်မှု - ၉ ခု၊ ရန်သူ့ ဌာနချုပ်စခန်း တိုက်ခိုက်မှု - ၁၁ ခုထိ ရှိခဲ့ပါတယ်။
တော်လှန်ရေးဟာ အရှိန်အဟုန် ပြင်းပြင်းနဲ့ မောင်းနှင်နေပါပြီ။ ပြည်သူအများက စစ်အာဏာရှင်ရဲ့ လူမဆန်စွာ ရက်စက်မှုတွေကို အားမလျှော့တမ်း တော်လှန်နေကြပါတယ်။
ဒီလို တော်လှန်ခွန်အားတွေ ဖြည့်ပေးခဲ့ရာမှာ EOD Programs တွေဟာ အထူးအရေးပါတဲ့ ခွန်အားများ ဖြစ်ခဲ့ပါတယ်။ အားဖြည့်ခဲ့ကြသူ တော်လှန်ပြည်သူ တစ်ဦးတစ်ယောက် တိုင်းကိုလဲ လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ ဖေါ်ဆောင်နေတဲ့ Spring Inya Condo မှာလဲ ကြိုးစားဝယ်ယူရင်း တော်လှန်ဘဏ္ဏာ ဖြည့်ဆည်းကြဖို့ ထပ်မံ တိုက်တွန်းလိုပါတယ်လို့ဖော်ပြပါတယ်။ Spring Inya Condoကို ၂၀၂၃ ခုနှစ် ဧပြီ၂၉ရက်တွင် စတင်ရောင်းချပေးမှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment