၂၀၂၃ ဧပြီလ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးအင်အားစု ပဋိပက္ခတွေဖြေရှင်းဖို့ ကြန့်ကြာနေပါက အချို့အင်အားစုတွေကို လက်လွှတ်ဆုံးရှုံးရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်သတိပေး
📌 ၂။ စစ်ကောင်စီဟာ ဒီမိုကရေစီယဉ်ကျေးမှုကို နားမလည်ဘဲ လက်နက်ကိုင်ပြီး အကြောက်တရားနဲ့ပဲ အုပ်ချုပ်ဖို့နားလည်တယ်လို့ပြောကြား
📌 ၃။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ကျူရာကျန်ပူရ်တွင် မြန်မာနိုင်ငံသား ၂၃ ဦးဖမ်းဆီးခံရ
📌 ၄။ မြန်မာပြည်က ယူဆောင်လာသည့် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားချပ် လေလံတင်ရောင်းချမည်
📌 ၅။ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ(BEGSC) က ဦးဆောင်၍ ပညာရေး CDM များ၏ တော်လှန်သင်္ကြန်သပိတ်လှုပ်ရှားမှုကို ဧပြီလ (၅) ရက်နေ့ မှ (၁၂) ရက်နေ့အထိ လှုပ်ရှားဆောင်ရွက်သွားမယ်
📌 ၆။ ရွှေကုက္ကိုလ်အနီးဖြစ်ပွားတဲ့တိုက်ပွဲမှာ BGFနဲ့စကစတပ်များမှ၈၅ယောက် စံချိန်တင်သေဆုံးပြီး လက်နက်မျိုးစုံ(၇၅) လက်ကျော်အထိ အားပါးတရ သိမ်းဆည်းရရှိ
📌 ၇။ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကိုဖြတ်သန်းသွားလာခြင်းမပြုဖို့ စစ်ကြောင်းများက သတိပေးထုတ်ပြန်
📌 ၈။ တူမီးထီ အပတ်စဥ် (၁၁) မှ ရရှိတဲ့ ရန်ပုံငွေ ရူးပီး (၆၈,၅၀၀) တိတိ ကို CDF-Thantlang ထံ ပေးပို့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးအင်အားစု ပဋိပက္ခတွေဖြေရှင်းဖို့ ကြန့်ကြာနေပါက အချို့အင်အားစုတွေကို လက်လွှတ်ဆုံးရှုံးရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်သတိပေး
ဧပြီ၇ရက်
ဧပြီ၆ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၃)တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုသတိပေးပြေကြားခဲ့ပါတယ်။
"ဒီတော်လှန်ရေးမှာလည်း ကျွန်တော်တို့ စိုးမိုးထိန်းချုပ်ပြီး တာဝန်ယူဆောင်ရွက်နေတဲ့ ဒေသ တွေမှာဆိုရင် မြို့နယ်အလိုက် အုပ်ချုပ်ရေးကို တာဝန်ယူနေကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကာကွယ်ရေးကို တာဝန်ယူနေကြတဲ့ ပုဂ္ဂိုလ်တွေအကြား ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေဟာ တော်လှန်ရေး အရှိန်အဟုန် မြင့်အောင် ကြိုးပမ်းနေကြတဲ့ အခုလို ကာလတွေမှာ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာတာ ဖြစ်တာကြောင့် ပြဿနာတစ်ခုချင်းစီအလိုက် အချိန်မီ စုစည်းဖြေရှင်းကြဖို့ လိုမှာဖြစ်ပါတယ်။ ဖြေရှင်းဖို့ ကြန့်ကြာနေမယ်ဆိုရင် တော့ အကျိုးဆက်အနေနဲ့ အချို့အင်အားစုတွေကို ကျွန်တော်တို့ လက်လွှတ်ဆုံးရှုံးရမှာဖြစ်တယ် ဆိုတာကို အစိုးရအဖွဲ့ တာဝန်ရှိသူတွေ သတိပြုစေလိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဟာ တော်လှန်ရေးအင်အားစုများနဲ့ဆက်တိုက်တွေ့ဆုံမှုတို့ပြုလုပ်နေပြီး အောက်ခြေတိုင်ကြားစာများကိုလည်း လက်ခံဖြေရှင်းပေးလျက်ရှိပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီဟာ ဒီမိုကရေစီယဉ်ကျေးမှုကို နားမလည်ဘဲ လက်နက်ကိုင်ပြီး အကြောက်တရားနဲ့ပဲ အုပ်ချုပ်ဖို့နားလည်တယ်လို့ပြောကြား
ဧပြီ၇ရက်
စစ်ကောင်စီ၏ အုပ်ချုပ်ပုံနဲ့ပတ်သက်ပြီး ဧပြီလအတွင်းတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက အခုလို ပြောကြားခဲ့ပါတယ်။
"စကစက ဒီမိုကရေစီယဉ်ကျေးမှုကို တကယ်နားမလည်ဘူးလို့ပဲ မြင်တယ်။ လက်နက်ကိုင်ပြီး အကြောက်တရားနဲ့ပဲ ပြည်သူကို အုပ်ချုပ်ဖို့နဲ့ အာဏာတည်မြဲရေးကိုပဲ နားလည်တဲ့သူတွေလို့ မြင်တယ်။ အရှင်းဆုံးပြောရရင် ကျောင်းသား ကျောင်းသူတွေ၊ ပြည်သူတွေကို နားမျက်စိတွေကို ပိတ်ထားဖို့ ရည်ရွယ်တာဖြစ်တယ်။ ဒီလို နည်းပညာခေတ်နဲ့ လုံးဝကို ဆန့်ကျင်နေတယ်။ ပညာရေးလွတ်လပ်ခွင့်နဲ့ လုံးဝဆန့်ကျင်နေတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်းသုံးထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပြီး လူပေါင်း တစ်သောင်း ကျော်ကိုဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
========================
📌📌 ၃။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ကျူရာကျန်ပူရ်တွင် မြန်မာနိုင်ငံသား ၂၃ ဦးဖမ်းဆီးခံရ
ဧပြီ၇ရက်
မြန်မာနိုင်ငံသား ၂၃ ဦးဖမ်းဆီးခံရတဲ့သတင်းနှင့်ပတ်သက်ပြီး ဧပြီ၇ရက်နေ့မှာ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်က အခုလိုပြောကြားထားပါတယ်။
"ဧပြီ၆ရက်နေ့ညနေပိုင်းက အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ကျူရာကျန်ပူရ်တွင် မြန်မာနိုင်ငံသား ၂၃ ဦး ဖမ်းဆီးရတယ်"လို့ဆိုပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ ယက္ကန်းသည် မိသားစုများဖြစ်တယ်လို့ဆိုပါတယ်။ဖမ်းဆီးခံရသူများထဲမှာ ကလေး - ၇ဦး၊ မ - ၂၊ ကျား-၅ဦး၊ လူကြီး ၁၆ ဦး မ - ၁၀၊ ကျား -၆ဦးတို့ဖြစ်ပါတယ်။
========================
📌📌 ၄။ မြန်မာပြည်က ယူဆောင်လာသည့် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားချပ် လေလံတင်ရောင်းချမည်
အမေရိကန်မှာ ကျင်းပမည့် ထောက်ပို့တော်လှန်သင်္ကြန်နှင့် ရံပုံငွေစျေးရောင်းပွဲတော်မှာ မြန်မာပြည်က ယူဆောင်လာသည့် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားချပ် လေလံတင်ရောင်းချမယ်လို့သိရပါတယ်။ ထိုပွဲနှင့် ပတ်သက်ပြီး ပွဲစီစဥ်သူ NYCBCရဲ့ အမှုဆောင် ဦးနေတင်မြင့်က Radio NUG ကို အခုလိုပြောပြထားပါတယ်။
ဦးနေတင်မြင့် - NYCBC အမှုဆောင်
“ကျွန်တော်တို့ နယူးယောက်စီးတီး ဘားမိစ်ကွန်မြူနစ်တီက ကျင်းပတဲ့ ဧပြီလ ၂၉ ရက်နေ့မှာ တော်လှန်သောသင်္ကြန်ပွဲတော်နဲ့ ရံပုံငွေဈေးရောင်းပွဲတော်ရှိပါတယ်။ အဲ့သည်ရံပုံငွေ ဈေးရောင်းပွဲတော်မှာ ကျွန်တော်တို့ အစီအစဉ်လေးခုအနေနဲ့ တင်ဆက်ဖို့ရှိပါတယ်။ အစီအစဉ် ၁ ကတော့ တော်လှန်သောသင်္ကြန်ဖြစ်တဲ့အတွက် သင်္ကြန်အငွေ့အသက်လေး ရှိအောင် ကလေးသူငယ်တွေက သင်္ကြန်အကနဲ့ ဖျော်ဖြောပါမယ်။ အစီအစဉ် ၂ ကတော့ လက်မှတ်တွေ ရောင်းထားတဲ့ we must win ticket ကို ကံထူးရှင်ရွေးချယ်ပြီးတော့ ကျွန်တော်တို့ သိသာမြင်သာစွာနဲ့ ပရိတ်သတ်တွေရှေ့မှာ မဲဖောက်မှာဖြစ်ပါတယ်။ တတိယအစီအစဉ်အနေနဲ့တော့ မြန်မာပြည်ကနေ တကူးတက သယ်ယူလာတဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားချပ်ပေါ့လေ ၁၆လက်မ ၂၀ လက်မ ရှိတဲ့ ရေဆေးပန်းချီကားချပ်ကို လေလံတင်ပြီးတော့ ရောင်းချမှာဖြစ်ပါတယ်။ ရရှိတဲ့အမြတ်ငွေအားလုံးကို ကျွန်တော်တို့ အမိမြန်မာပြည်မှာရှိတဲ့ တော်လှန်သော အင်အားစုတွေကို အကုန်လုံးလှူဒါန်းမှာ ဖြစ်ပါတယ်။ နံပတ်လေးအချက်ကတော့ အထူးအစီအစဉ်အနေနဲ့ ကဗျာဆရာကြီး မောင်စွမ်းရည်၊ ပြီးတော့ တော်လှန်သေ ကဗျာရွတ်ဆိုတဲ့ ကဗျာဆရာ ကိုအောင်ဝေး၊ ကဗျာဆရာကိုစောဝေတို့ရဲ့ နယူးယောက်ကို တကူးတကရောက်ရှိပြီးတော့ ကျွန်တော်တို့ပွဲမှာ သူတို့ရဲ့တော်လှန်သော ကဗျာတွေကို ရွတ်ဆိုမှာဖြစ်ပါတယ်။ အဲ့အစီအစဉ်လေးခုနဲ့အတူ ကျွန်တော်တို့ကျင်းပမှာဖြစ်ပါတယ်။ ရံပုံငွေဈေးရောင်းပွဲတော်မှာလည်း အစားအသောက်တွေကဗမာအစားအသောက်မျိုးစုံနဲ့ အလှူရှင်တွေကပံ့ပိုးကူညီပြီးတော့ ဖြည့်ဆည်းထားပါတယ်။ ဧပြီလ ၂၉ရက် စနေနေ့ မနက် ၁၁ နာရီကနေ နေ့ခင်း ၃ နာရီထိ ရောင်းချမှာဖြစ်ပါတယ်"
ထောက်ပို့တော်လှန်သင်္ကြန် ရံပုံငွေစျေးရောင်းပွဲတော်မှာ အစားအစာ ၃၆မျိုးကျော်ပါဝင်မှာဖြစ်ပြီး ပွဲတော်အခမ်းအနားတွင် ရရှိလာသော ငွေကြေးများကို နွေဦးတော်လှန်ရေးအတွက် ပြန်လည်စီးဆင်းသွားမှာလည်းဖြစ်ပါတယ်။
========================
📌📌 ၅။ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ(BEGSC) က ဦးဆောင်၍ ပညာရေး CDM များ၏ တော်လှန်သင်္ကြန်သပိတ်လှုပ်ရှားမှုကို ဧပြီလ (၅) ရက်နေ့ မှ (၁၂) ရက်နေ့အထိ လှုပ်ရှားဆောင်ရွက်သွားမယ်
ဧပြီ၇ရက်
"သင်္ကြန်ပွဲကို ခုတုံးလုပ်၍ အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့၏ ယန္တရားအောင်မြင်၍ ငြိမ်ဝပ်ပိပြား အောင်မြင်နေသယောင် ပျော်ပွဲရွှင်ပွဲများပြုလုပ်ရန် ကြိုးပမ်းလျက်ရှိပါတယ်။ ယခုအချိန်သည် တော်လှန်စစ်တွင် စကစ၏ ယုတ်မာရက်စက်မှုများကြောင့် မျက်ရည်ပင်လယ်ဝေနေချိန်ဖြစ်သော်လည်း မြို့ပြလူထုက ပျော်ရွှင်စည်းကားနေသယောင် စစ်အုပ်စုမှ ကြိုးပမ်းလျက်ရှိပါတယ်။ ထို့ကြောင့် စစ်အုပ်စု၏ အပျော်သင်္ကြန်ကို မပူးပေါင်းကြဘဲ တော်လှန်သင်္ကြန်ကိုသာဆင်နွှဲကြရန် တိုက်တွန်းအပ်ပါတယ်"လို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ(BEGSC) ကဖော်ပြပါတယ်။
ထို့ကြောင့် ပညာရေး CDM ထု ဆရာဆရာမ ၊ ကျောင်းသား/သူများ ၊ မိဘများက အပျော်သင်္ကြန်မဆင်နွှဲ တော်လှန်သင်္ကြန်ကိုသာ ဆင်နွှဲကြမှာဖြစ်ပါတယ်။
ပြုလုပ်မည့်ပုံစံမှာProfile Campaignအနေနဲ့ ဆိုလိုဂရမ် ၂ ခုဖြင့် မိမိတို့၏ Profileကို တော်လှန်သင်္ကြန် Profile ချိန်းခြင်းဖြင့် ပူးပေါင်းပါဝင်ကြမှာဖြစ်ပြီးZoom Strikeတွင်(အွန်လိုင်းပြည်သူ့ပညာရေးကျောင်းများ ၊ ဆရာသမဂ္ဂများ ၊ မြို့နယ်များမှ တော်လှန်သင်္ကြန် Profile Changeခြင်း ၊ တော်လှန်သင်္ကြန်မည်သို့မည်ပုံပါဝင်ရမည်ကို ဟောပြောဆွေးနွေးခြင်းများဖြင့် Zoom Strike များပြုလုပ်ကြမှာဖြစ်ပါတယ်။
မြေပြင်သပိတ်တွင်လည်းဆိုလိုဂရမ် ၂ ခုဖြင့် မြေပြင်သပိတ်စစ်ကြောင်းများ ၊ မြေပြင်ပြည်သူ့ပညာရေးကျောင်းများတွင် တော်လှန်သင်္ကြန်ဆင်နွှဲကြရန် ဟောပြောမှုများ ၊ မြေပြင်ကျောင်းက ကျောင်းသား/သူများအတွက် တော်လှန်သင်္ကြန်အစီအစဥ်များ ၊ မြေပြင်ကျောင်းမှ ကျောင်းသား/သူများအတွက် တော်လှန်သင်္ကြန် စတုဒိသာအစီအစဥ်များ ပြုလုပ်၍ တော်လှန်သင်္ကြန်ကို ဆင်နွှဲကြမှာဖြစ်ပါတယ်။
========================
📌📌 ၆။ ရွှေကုက္ကိုလ်အနီးဖြစ်ပွားတဲ့တိုက်ပွဲမှာ BGFနဲ့စကစတပ်များမှ၈၅ယောက် စံချိန်တင်သေဆုံးပြီး လက်နက်မျိုးစုံ(၇၅) လက်ကျော်အထိ အားပါးတရ သိမ်းဆည်းရရှိ
ဧပြီ၇
ဧပြီ၆ရက်နေ့မှာ စစ်ရေးသတင်းကိုLion Battalionဗျုဟာစစ်ကြောင်းက အခုလို အတည်ပြုဆိုပါတယ်။
"ဧပြီ၅ရက်နေ့ မနက်၅ နာရီ၅.၃၀အချိန်မှစ၍ ရွှေကုက္ကိုလ်ဒေသရှိ ဒုစရိုက်လုပ်ငန်းများ၊မာဖီယား ဂိုဏ်းများနှင့်မူယစ်ဆေးဝါးလုပ်ငန်းများအားလုပ်ကိုင်လျှက်ရှိသောအကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF ထိန်းချုပ်ထားသော ရွှေကုက္ကိုလ် ဒေသ ၊ ထီးဝါးပလော၊ ထီးကော်ထောကျေးရွာများအတွင်းတွင်တပ်ဆွဲနေရာယူထားသောအကြမ်းဖက်စစ်ကောင်စီ စစ်တပ်၊ BGF တပ်များအားဗိုလ်အယ်ဆေးဝါးဦးဆောင်သောLion Battalionဗျုဟာစစ်ကြောင်းနှင့်တော်လှန်းရေးပူးပေါင်တပ်များမှဗျုဟာမြောက်ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး အကြမ်းဖက်စစ်တပ်နှင့်BGFတပ်များ၏စခန်းကုန်းများအားသိမ်းပိုက်ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါတိုက်ပွဲအတွင်း ရန်သူဘက်မှလက်တလောသိရှိရမှုအရစကစတပ်နှင့်BFGတပ်များမှသေဆုံး(၈၅)ယောက်ကျော်၊ ဒဏ်ရာရှိမှု(၆၀) ကျော်နှင့်ထိခိုက်ကျဆုံးများစွာဖြင့် ၎င်းတို့စခန်းကုန်း (၅) ကုန်းအား သိမ်းပိုက်ရရှိနေလျှက်ရှိပြီး ဆက်လက်ထိုးဖောက်တိုက်ခိုက်လျှက်ရှိတယ်လို့ဆိုပါတယ်။
စကစတပ်နှင့်BGF များထံမှလက်နက်မျိုးစုံ(၇၅) လက်ကျော်ရရှိခဲ့ပါတယ်။
========================
📌📌 ၇။ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကိုဖြတ်သန်းသွားလာခြင်းမပြုဖို့ စစ်ကြောင်းများက သတိပေးထုတ်ပြန်
ဧပြီ၇ရက်
ဧပြီ၇ရက်မှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကိုဖြတ်သန်းသွားလာခြင်း လမ်းပိုင်းသတိပေးချက်ကို ကျားဖြူစစ်ကြောင်းကထုတ်ပြန်ခဲ့ပါတယ်။ မတ်လ ၂၅ ရက်နေ့မှစ၍ ကော့ကရိတ်မြို့နယ် နှင့် မြဝတီမြို့နယ် အာရှလမ်းမကြီးတလျှောက် တိုက်ပွဲများဖြစ်ပွားလျက် ရှိပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည် အဆိုပါတိုက်ပွဲများတွင် များစွာအထိနာလျက်ရှိသည့်အတွက် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှတဆင့် အရပ်သားပြည်သူများ၏ ကားများကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများကို ပို့ဆောင်လျက်ရှိကြောင်း သိရှိရပါတယ်လို့ဆိုထားပါတယ်။
ထို့ကြောင့် အရပ်သားပြည်သူလူထုအနေဖြင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ( ၇ . ၄ . ၂၀၂၃ ) ရက်နေ့ မှ ( ၂၁ . ၄ . ၂၀၂၃ ) ရက်နေ့အထိ ဖြတ်သန်းသွားလာခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် မြေပြင်ပူပေါင်းစစ်ကြောင်းများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဤအမိန့်ကို ပူးတွဲထုတ်ပြန်လိုက်တယ်လို့ဖော်ပြထားပါတယ်။
========================
📌📌 ၈။ တူမီးထီ အပတ်စဥ် (၁၁) မှ ရရှိတဲ့ ရန်ပုံငွေ ရူးပီး (၆၈,၅၀၀) တိတိ ကို CDF-Thantlang ထံ ပေးပို့
ဧပြီ၇ရက်
တူမီးထီ အပတ်စဥ် (၁၁) မှ ရရှိတဲ့ ရန်ပုံငွေ ရူးပီး (၆၈၅၀၀) တိတိ ကို CDF-Thantlang ထံ ပေးပို့လိုက်တယ်လို့ ဧပြီ၇ရက်မှာ အသိပေးဆိုပါတယ်။
"CDF-Thantlang ထံ ထောက်ပို့ငွေ ပေးပို့ပြီးပါပြီ" တူမီးထီ အပတ်စဥ် (၁၁) မှ ရရှိတဲ့ ရန်ပုံငွေ ရူးပီး (၆၈၅၀၀) တိတိ ကို CDF-Thantlang ထံ ပေးပို့လိုက်ပါပြီ။ ဆက်လက်ပြီး အပတ်စဥ် (၁၂) မှ ရရှိတဲ့ ရန်ပုံငွေများကို CDF-Kanpetlet ထံ ဘဏ္ဍာငွေ အားဖြည့်သွားမှာ ဖြစ်တဲ့အတွက် ဝယ်ယူအားပေးကြပါ"လို့ဆိုထားပါတယ်။
တူမီးထီကနေ ရရှိတဲ့ ဘဏ္ဍာငွေတွေအားလုံးဟာ ချင်းတော်လှန်ရေးအင်အားစုအသီးသီးထံ တိုက်ရိုက်စီးဆင်းနေတာ ဖြစ်ပါတယ်။ ထီးထိုးမယ်ဆိုရင်တော့တူမီးထီ messenger ကနေဆက်သွယ်မေးမြန်းနိူင်မှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment