၂၀၂၃ ဧပြီလ ၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကောလင်းခရိုင် တပ်ရင်း (၂) နဲ့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ထံ တိုင်ကြားခံရ
📌 ၂။ ပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအား အကာအကွယ်ပေးနိုင်ရေးနှင့် စပ်လျဥ်း၍ CRPHနဲ့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
📌 ၃။ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်က သတ်ဖြတ်မှုများကျူးလွန်ရာမှာ ဗျူဟာချပြီး စစ်ရေးဗျူဟာအရ လုပ်ဆောင်နေတာကို တွေ့ရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ“တော်လှန်ရေးနှင့် အမွေအနှစ်ထိန်းသိမ်းရေး” ဆွေးနွေးပွဲကျင်းပမယ်
📌 ၅။ မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချမှု ထိန်းချုပ်ခြင်းသည် မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ခြင်းဖြစ်တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြားခဲ့
📌 ၆။ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းနီးပါးရှိလာ
📌 ၇။ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စစ်ကောင်စီရဲ့ လျှပ်စစ်ဓာတ်အားပေးဌာနများကို ပြည်သူလူထု မကျေနပ်မှုများလာ
📌 ၈။ ကနီမြို့နယ် အလယ်ကျွန်းရွာမှ စကစတပ်နဲ့ပျူများ တိုက်ခိုက်၍ စကစဘက်က သုံးဦးသေဆုံး
📌 ၉။ မြိုင်မြို့နယ် ပန်းတိုင်းတော နှင့် မင်းကန်ကြားကို စကစတပ်ကလေယာဥ်နဲ့ ပစ်ခတ်
📌 ၁၀။ မင်္ဂလာဒုံလေတပ်အနီးတွင် ရှော့တိုက်ဒုံး နှင့် စက်သေနတ်ပစ်သံများ ပေါ်ထွက်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကောလင်းခရိုင် တပ်ရင်း (၂) နဲ့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ထံ တိုင်ကြားခံရ
ကောလင်းခရိုင် တပ်ရင်း (၂) နဲ့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေ ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ထံ တိုင်ကြားခံရတယ်လို့ သတင်းရရှိပါတယ်။
ဧပြီလ ၆ ရက်ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၃)တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
" ဒီတစ်ပတ်အတွင်းမှာဆိုရင် ကောလင်းခရိုင် တပ်ရင်း (၂)နဲ့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းတွေလုပ်နေလို့ တိုင်ကြားလာတဲ့ စာလည်း ဖတ်ရပါတယ်။ ဒီကိစ္စအတွက်လည်း တာဝန်ရှိသူ ဝန်ကြီးဌာနများ ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ အမြန်ဆုံး စုံစမ်းဖြေရှင်းစေချင်ပါတယ်"လို့ဆိုပါတယ်ါ
ထို့အပြင် ဝက်လက်မြို့နယ်အတွင်း ဖြစ်ပျက်တဲ့အကြောင်းအရာတစ်ခုကိုလည်း CDM ဗိုလ်ကြီးတစ်ဦးက သမ္မတနဲ့ ဝန်ကြီးချုပ်ထံ တိုင်ကြားစာတစ်စောင် ပေးပို့လာတယ်လို့ဆိုပါတယ်။
"တိုင်းပြည်အတွက် အလုပ်လုပ်နေကြတဲ့သူတွေအကြားမှာ တစ်ချိန်မဟုတ် တစ်ချိန်မှာ ပွတ်တိုက်မှုသေးသေးကနေ ပဋိပက္ခဆိုတဲ့ အစိုင်အခဲ ပေါ်ပေါက်လာတတ်တာဟာလည်း သဘာဝပဲဖြစ်ပါတယ်။ ဒီလို ပဋိပက္ခတွေကို ရင်ဆိုင်ဖြေရှင်းကြရင်းပဲ ပိုမိုကောင်းမွန်တဲ့ စနစ်တစ်ခုကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုပါတယ်။
========================
📌📌 ၂။ ပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအား အကာအကွယ်ပေးနိုင်ရေးနှင့် စပ်လျဥ်း၍ CRPHနဲ့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
ပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအား အကာအကွယ်ပေးနိုင်ရေးနှင့် စပ်လျဥ်း၍ CRPHနဲ့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီသည် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီက ပြည်သူများအပေါ် ကျူးလွန်လုပ်ဆောင်လျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ဧပြီလ ၅ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးဇေလတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက နှုတ်ခွန်းဆက်စကားပြောကြား၍ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်၊ ချမှတ်ထားသော မဟာဗျူဟာများနှင့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
ထို့နောက် ဝန်ကြီးဌာန၏ ရှင်းလင်း ဆွေးနွေးချက်များအပေါ် ကော်မတီဝင်များက မေးခွန်း မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ရှမ်းပြည်နယ် တောင်ပိုင်း နမ်းနိန်းကျေးရွာအတွင်းရှိ ရဟန်းနှင့် အရပ်သားပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာမှ အမျိုးသမီး (၃) ဦးအား မုဒိန်းကျင့် သတ်ဖြတ်မှု အပါအဝင် ပြည်သူ (၁၇) ဦးအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းအား ဗုံးကြဲတိုက်ခိုက်မှု၊ ကချင်ပြည်နယ်၊ အနန့်ပါတွင် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်မှု စသည့် အကြမ်းဖက်လုပ်ရပ်များကို စကစတပ်များကျူးလွန်မှုကို ဆွေးနွေးခဲ့ပါတယ်။
ထို့အပြင် စစ်ကောင်စီက ပြည်သူများအပေါ် ကျူးလွန်လုပ်ဆောင်သော အကြမ်းဖက်လုပ်ရပ်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စပ်လျဥ်း၍ အပြစ်ကျူးလွန်သူအပါအဝင် ပါဝင်ပတ်သက်သူအားလုံးကို အပြစ်ပေးအရေးယူနိုင်ရေးနှင့် ပြည်သူများအား အကာအကွယ်ပေးနိုင်ရေးအတွက် နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများအား အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် (၁)၊ အမြဲတမ်းအတွင်းဝန် (၂) နှင့် ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်က သတ်ဖြတ်မှုများကျူးလွန်ရာမှာ ဗျူဟာချပြီး စစ်ရေးဗျူဟာအရ လုပ်ဆောင်နေတာကို တွေ့ရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်က သတ်ဖြတ်မှုများကျူးလွန်ရာမှာ ဗျူဟာချပြီး စစ်ရေးဗျူဟာအရ လုပ်ဆောင်နေတာကိုတွေ့ရတယ်လို့ ဧပြီ ၆ရက်မှာ "စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှု"ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးရာမှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။
"အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်တာတွေဖြစ်လာတယ်။ တစ်ယောက်မဟုတ်ဘူး။ ဖြစ်နေတာက စစ်ကိုင်း၊ မကွေး၊ ကရင်နီနေရာတိုင်းမှာ ဖြစ်နေတယ်။ နောက်တစ်ခုက ဒါတွေကျူးလွန်နေတာ လူတစ်ယောက်ကပဲ တပ်ရင်းတစ်ခုကပဲ စစ်ဗိုလ်တစ်ယောက်ကပဲ ကျူးလွန်နေတာမဟုတ်ဘူး။ တပ်ရင်းတပ်ဖွဲ့အားလုံးက တပ်ကတာဝန်ပေးထားလို့ ဗျူဟာချပြီး လုပ်ဆောင်နေတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့်ပတ်သက်၍၂၀၂၁-၂၀၂၃ မတ်လ (၁၃)ရက်နေ့ထိ မြန်မာတစ်နိုင်ငံလုံးအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု(၆၄)ကြိမ်၊ သေဆုံးသူပေါင်း (၇၆၆)ဦးရှိခဲ့ပြီး ဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ“တော်လှန်ရေးနှင့် အမွေအနှစ်ထိန်းသိမ်းရေး” ဆွေးနွေးပွဲကျင်းပမယ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ“တော်လှန်ရေးနှင့် အမွေအနှစ်ထိန်းသိမ်းရေး” ဆွေးနွေးပွဲကျင်းပမယ်လို့သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြားကာလ ပြည်သူလူထု အသိပညာပေးလုပ်ငန်းရပ်အနေဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပလျက်ရှိရာ ယခုအကြိမ်တွင် “တော်လှန်ရေးနှင့် အမွေအနှစ်ထိန်းသိမ်းရေး” ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပမယ်လို့သတင်းရရှိပါတယ်။
အဆိုပါဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့တို့နှင့် ပူးပေါင်း၍ ဧပြီ၈ရက်နေ့ (စနေနေ့)၊ မြန်မာစံတော်ချိန် ည ၇ နာရီတွင် ကျင်းပသွားမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲတွင် အမွေအနှစ် ထိန်းသိမ်းရေးအကြောင်းအရာများ၊ တော်လှန်ရေးကာလအတွင်း အမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ရခြင်းအကြောင်းများနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် အမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းများအကြောင်းကို မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေးဗစ်ဂွမ်အောင် တို့မှ ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်။
========================
📌📌 ၅။ မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချမှု ထိန်းချုပ်ခြင်းသည် မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ခြင်းဖြစ်တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြားခဲ့
မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချမှု ထိန်းချုပ်ခြင်းသည် မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ခြင်းဖြစ်တယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပြောကြားခဲ့ပါတယ်။
ဧပြီလအတွင်း ကျင်းပတဲ့၂၀၂၃ ခုနှစ် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်၏ အထွေထွေရေးရာဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပြောပါတယ်။
"မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချမှု ထိန်းချုပ်ခြင်းသည် မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ မြန်မာစစ်တပ်ထံသို့ လက်နက်တင်ပို့ရောင်းချနေသည့် နိုင်ငံများ အနေဖြင့် လက်နက်ရောင်းချမှုများ ချက်ချင်း ရပ်ရန် မြန်မာပြည်သူများကိုယ်စား တောင်းဆိုပါတယ်"လို့ဆိုခဲ့ပါတယ်။
ဒါ့အပြင် လက်နက်များအား တိုင်းပြည်ကာကွယ်ရေးအတွက် မဟုတ်ဘဲ စစ်တပ်မှ ၄င်းတို့အား ဆန့်ကျင်သော နိုင်ငံသားများကို သတ်ဖြတ်နှိပ်စက်ရေးတွင် အသုံးပြုမည့် မည်သည့်အာဏာရှင်များထံသို့မဆို မရောက်ရှိရေးအတွက် တာဝန်သိသော မည်သည့်နိုင်ငံမဆို လက်နက်ရောင်းချမှု ပြုလုပ်မှာ မဟုတ်ဘူးလို့ သံအမတ်ကြီးက ထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၆။ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းနီးပါးရှိလာ
မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းနီးပါးရှိလာတယ်လို့ ဧပြီလအတွင်းမှာ UN OCHA Myanmarက အသိပေးဖော်ပြပါတယ်။
"ပြည်နယ်နဲ့တိုင်းဒေသကြီးအများအပြားမှာ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ၊ မိုးညှင်းမြို့နယ်အတွင်း ပေါက်ကွဲမှုတွေနဲ့ ဖားကန့်၊ ရွှေကူနဲ့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်း ထိုးတာတွေနဲ့ အရပ်သားဖမ်းဆီးစစ်ဆေးမှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် ရွှေကူမြို့နယ်တွင်း ကျေးရွာအများအပြားက အရပ်သား ၁,၃၀၀ ကျော်ဟာ, မတ်လအစောပိုင်းကတည်းက အိုးအိမ်စွန့်ခွာတိမ်းရှောင်နေကြရပြီး ယာယီစခန်း (၁၀)ခုနဲ့ အနီးအနားက တောတောင်တွေထဲမှာ နေထိုင်လျက်ရှိပါတယ်။ ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းနီးပါးရှိလာပြီ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။
အဆိုပါ ၁ ဒသမ ၈ သန်းနီးပါးထဲက လူဦးရေ ၁ ဒသမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်ပါတယ်။
ရွှေကူမြို့နယ်တွင်းက နေရပ်စွန့်ခွာတိမ်းရှောင်သူတို့ဟာ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ မရှိမဖြစ်လိုအပ်တဲ့ အခြားလူ့အသုံးအဆောင်ပစ္စည်းတွေလိုအပ်လျက်ရှိတယ်လို့သိရပါတယ်။
========================
📌📌 ၇။ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စစ်ကောင်စီရဲ့ လျှပ်စစ်ဓာတ်အားပေးဌာနများကို ပြည်သူလူထု မကျေနပ်မှုများလာ
လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စစ်ကောင်စီရဲ့ လျှပ်စစ်ဓာတ်အားပေးဌာနများကို ပြည်သူလူထုမကျေနပ်မှု များလာတယ်လို့ စုံစမ်းသိရှိပါတယ်။
ဧပြီ ၆ရက်နေ့ ရန်ကုန်မြို့ပြနေ လူထုများကို ဆက်သွယ်မေးမြန်းရာ ဖြေကြားခဲ့ပါတယ်။
"မီးလာဖို့ကို စောင့်ရင်း ဘာမှ လုပ်မရ၊ ကိုင်မရဖြစ်လာတယ်။ အဓိက EPCပဲ မီးပေးတဲ့ဌာနထက် မီးဖြတ်တဲ့ဌာန ဖြစ်နေပြီ"လို့ ဒဂုံမြို့သစ်မြောက်ပိုင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ လျှပ်စစ်ဓာတ်အားဖြန့်ဝေရာမှာ အုပ်စုခွဲ၍ ဖြန့်ဝေရန် ညွှန်ကြားထားသော်လည်း စစ်ခေါင်းဆောင်များရုံးစိုက်ရာ နေရာနဲ့နေအိမ်များသာ လျှပ်စစ်မီး အလုံအလောက်ရရှိနေတယ်လို့သိရပါတယ်။
"နေပြည်တော်မှာလည်း မီးကိုအလှည့်ကျပေးနေတယ်ဆိုပေမယ့် အပြင်လူမဝင်ရ နေရာတော်တော်များများက လမ်းမီးတောင် ဝင်းထိန်နေအောင်ပေးနေတာပါ။ ဒါကို အခြေခံလူတန်းစားတွေနေတဲ့နေရာတွေပဲ မီးဖြတ်နေတာ နိုင်ငံရေး ရည်ရွယ်ချက်လည်း ရှိပါလိမ့်မယ်"လို့ နေပြည်တော်နေထိုင်သူ ဒေသခံတစ်ဦးကလည်းဆိုပါတယ်။
========================
📌📌 ၈။ ကနီမြို့နယ် အလယ်ကျွန်းရွာမှ စကစတပ်နဲ့ပျူများ တိုက်ခိုက်၍ စကစဘက်က သုံးဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အလယ်ကျွန်းရွာမှ စကစတပ်နဲ့ပျူများ တိုက်ခိုက်၍ စကစဘက်က သုံးဦးသေဆုံးခဲ့ပါတယ်။
ဧပြီ ၆ရက်နေ့မှာ စစ်ရေးသတင်းကို အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်ကဆိုပါတယ်။
"ဧပြီ၄ရက်နေ့ မွန်းတည့် ၁၂နာရီဝန်းကျင် ကနီမြို့နယ် အလယ်ကျွန်းရွာမှ စကစတပ်နဲ့ပျူများကို DRPAအပါအဝင် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
အနီးကပ်တိုက်ပွဲ တစ်နာရီခွဲဝန်းကျင်ကြာမြင့်၍ စကစဘက်က သုံးဦးသေဆုံးကာ အများအပြား ထိခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၉။ မြိုင်မြို့နယ် ပန်းတိုင်းတော နှင့် မင်းကန်ကြားကို စကစတပ်ကလေယာဥ်နဲ့ ပစ်ခတ်
မကွေးတိုင်း၊ မြိုင်မြို့နယ် ပန်းတိုင်းတောနှင့် မင်းကန် ကြားကို စကစတပ်ကလေယာဥ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဧပြီ၆ရက်မှာ စစ်ရေးသတင်းကို ယင်းမာပင်ခရုင် တပ်ရင်း { ၁၁ } ကျားသစ်နက်တပ်မတော်က အသိပေးဆိုပါတယ်။
"ဧပြီ ၆ရက်ညနေ ၃နာရီချိန် နမခမှ တတ်လာသော MI17 2စီး MI35 1စီးတို့သည့် မြိုင်မြို့နယ် ပန်းတိုင်းတောနှင့် မင်းကန် ကြားလေယာဥ် နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုမှာ ထိခိုက်မှုမရှိဘဲ ဧပြီ ၅ရက်နေ့ ပုလဲမြို့နယ် ပန်းရွာကျေးရွာတောင်ဘက် ချထားသော စကစတပ် များကို Mi17ဖြင့် ပြန်လည်ခေါ်ယူသွားတယ်လို့ဆိုပါတယ်။
========================
📌📌 ၁၀။ မင်္ဂလာဒုံလေတပ်အနီးတွင် ရှော့တိုက်ဒုံး နှင့် စက်သေနတ်ပစ်သံများ ပေါ်ထွက်ခဲ့
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံလေတပ်အနီးတွင် ရှော့တိုက်ဒုံး ၅ လုံးထက်မနည်း ပစ်ခတ်သံများကြားရပြီး စက်သေနတ်ပစ်ခတ်သံများပါ ပေါ်ထွက်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာန၏ ဖေါ်ပြချက်အရ သိရှိရပါသည်။
ဧပြီလ ၆ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်မှ စတင်၍ ရှော့တိုက်ဒုံးပစ်ခတ်သံနှင့် ပေါက်ကွဲသံများကြားရပြီး ည ၉ နာရီ ၃၀ မိနစ်အချိန်အထိ ရှော့တိုက်ဒုံး ၅ လုံး ပေါက်ကွဲသံကြားရကြောင်း၊ ယင်းနောက် စက်သေနတ်ပစ်ခတ်သံများပါ ထွက်ပေါ်လာကြောင်း သိရှိရသည်။
"ပေါက်ကွဲသံတွေက မိုးခြိမ်းသံလိုပဲ အကျယ်ကြီး ကြားရတယ်။ ဆက်တိုက် ၁ လုံးပြီး ၁ လုံးပေါက်တာ။ ၅ လုံး ဆက်တိုက်ပဲ။ ဘယ်ကို ပစ်တာလဲမသိဘူး။ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံလေတပ်အကုန်ကြားနေရတယ်။ ဖြစ်နိုင်တာက မင်္ဂလာဒုံလေတပ်ကို ရှော့တိုက်ဒုံးနဲ့ပစ်တာဖြစ်နိုင်တယ်။ အခု စက်သေနတ်ပစ်ခတ်သံတွေပါ ကြားနေရတယ်။ ပေါက်ကွဲသံတွေက လေတပ်နားမှာချည်းပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲသံများ ထွက်ပေါ်နေချိန်တွင် ရန်ကုန်မြို့တစ်ဝန်း မီးများပြတ်နေပြီး မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်းမှ ပြည်သူများလည်း ပေါက်ကွဲသံကို သေချာစွာ ကြားခဲ့ရကြောင်း သိရှိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment