၂၀၂၃ ဧပြီလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နောက်မျိုးဆက်တွေအတွက် ဖက်ဆစ် စစ်တပ်ရဲ့သံသရာကို အဆုံးသတ်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားလိုက်
📌 ၂။ မြန်မာ့တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ် (၃) ဦးအား ထိုင်းနိုင်ငံ အာဏာပိုင်များက ဖမ်းဆီး၍ နိုင်ငံတကာ ရဲလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ လွှဲပြောင်းပေးအပ်ခဲ့သည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ကြေညာ
📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၄။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ဝန်ထမ်း CDMerများနှင့် တွေ့ဆုံ၍ စိတ်ခွန်အားပေး တွေ့ဆုံပွဲ ကျင်းပ
📌 ၅။ PRF- ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစု အစီအစဥ်စတင်ခဲ့သည့်အချိန်မှ စတင်ကာ (၁၅)လတာကာလ အတွင်း အမေရိကန်ဒေါ်လာ (၉.၄၂) သန်းလက်ခံရရှိအသုံးပြုခဲ့
📌 ၆။ SpringYangon ရဲ့ Phase lll စီမံကိန်း EODကအသိပေးကြေညာ
📌 ၇။ KRUတပ်ပေါင်းစု (၁)နှစ်ပြည့်အခမ်းအနား ကျင်းပ
📌 ၈။ ကရင်နီပြည်တွင် မတ်လအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ်(၁) တပ်ရင်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း (၉) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး စကစဘက်က (၆)ဦးထက်မနည်းသေဆုံး
📌 ၉။ မြိုင်မြို့နယ် သရက်ကန်ပျူစခန်းတောင်ဖက်တွင် ကင်းထွက်လာသော စကစတပ်နဲ့ပျူများ မိုင်းထိ၍ တစ်ဦးသေ၊တစ်ဦးထိခိုက်ဒဏ်ရာရ
📌 ၁၀။ ပုလဲမြို့နယ် နှောကန်ရွာကလူနေအိမ်၁၁၄ လုံးကိုစကစတပ်ကမီးရှို့ဖျက်ဆီးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နောက်မျိုးဆက်တွေအတွက် ဖက်ဆစ် စစ်တပ်ရဲ့သံသရာကို အဆုံးသတ်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားလိုက်
ဧပြီလအတွင်း ကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတဒူဝါလရှီးလက အခုလိုပြောပါတယ်။
"ဒီအချိန်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အင်အားအချိနဲ့ဆုံးအချိန်လို့ ပြောလို့ရတဲ့ အချိန်ပါ။ ဘာကြောင့် ဒီလိုပြောတာလဲဆိုရင် တစ်ခေတ်တစ်ခါမှာမှ မကြုံခဲ့ဖူးတဲ့ ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ နည်းမျိုးစုံဆန့်ကျင်ခဲ့ကြတာကြောင့်ပါပဲ။ အဲ့ဒီထဲမှာ အထင်ရှားဆုံးကတော့ ပြည်သူ့ကြားက ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ အင်အားစုတွေ ခိုင်ခိုင်မာမာ အင်နဲ့အားနဲ့ ပေါ်ထွက်လာသလို၊ တစ်ဖက်မှာလည်း ဌာနဆိုင်ရာ အသီးသီးကနေပြီး CDM လုပ်ကာ စစ်တပ်ရဲ့ အာဏာရူးမှုကို ဆန့်ကျင်ကြတာပါပဲ။ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေအတွက် ဖက်ဆစ် စစ်တပ်ရဲ့သံသရာကို ကျနော်တို့ လက်ထဲမှာပဲ အဆုံးသတ်ပေးဖို့ ကျနော်တို့ အားလုံးဝိုင်း၀န်းကြိုးစားကြပါစို့"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို လုယူခဲ့ပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၂။ မြန်မာ့တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ် (၃) ဦးအား ထိုင်းနိုင်ငံ အာဏာပိုင်များက ဖမ်းဆီး၍ နိုင်ငံတကာ ရဲလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ လွှဲပြောင်းပေးအပ်ခဲ့သည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ကြေညာ
မြန်မာ့တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ် (၃) ဦးအား ထိုင်းနိုင်ငံအာဏာပိုင်များက ဖမ်းဆီး၍ နိုင်ငံတကာ ရဲလုပ်ထုံး လုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ လွှဲပြောင်းပေးအပ်ခဲ့သည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့တယ်လို့ ဧပြီ၇ရက်နေ့ ညပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် မြန်မာ့တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ် (၃) ဦးအား ထိုင်းနိုင်ငံ အာဏာပိုင်များက ဖမ်းဆီး၍ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ လက်နက်ကိုင်အဖွဲ့ထံသို့ နိုင်ငံတကာ ရဲလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ လွှဲပြောင်းပေးအပ်ခဲ့သည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်ကို တွေ့ရှိရပါတယ်လို့ ဖော်ပြပါတယ်။
အဆိုပါ ဖြစ်စဉ်နှင့် လုပ်ရပ်သည် မြန်မာစစ်ကောင်စီ၏ အကြမ်းဖက် ဖိနှိပ်ရက်စက်မှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်းခိုလှုံရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို ခြိမ်းခြောက်လာသည့် ကိစ္စရပ်ဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိမိနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသည်နှင့်အညီ အဆိုပါဖြစ်စဉ်နှင့်တကွ အလားတူဖြစ်စဉ်များကို အထူးအလေးထားဦးစားပေး၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ညှိနှိုင်း၊ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါတယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ဧပြီ ၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၄/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်မျာကို ပြောကြားခဲ့ကာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ဝန်ထမ်း CDMerများနှင့် တွေ့ဆုံ၍ စိတ်ခွန်အားပေး တွေ့ဆုံပွဲ ကျင်းပ
ဧပြီ ၆ရက်မှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စိတ်လူမှုထောက်ပံ့ရေးအဖွဲ့(Psychosocial Support Taskforce-PSSTF)တို့ပူးပေါင်း၍ ပြည်သူ့ဝန်ထမ်း CDMer များနှင့်တွေ့ဆုံ၍ စိတ်ခွန်အားပေး တွေ့ဆုံပွဲ အခမ်းအနား (၃/၂၀၂၃)ကို ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
ထို့နောက် စိတ်လူမှုထောက်ပံ့ရေးအဖွဲ့ (Psychosocial Support Taskforce-PSSTF)မှ စိတ်ခွန်အားပေး ဆွေးနွေးဟောပြောခြင်း၊ ကဗျာနှင့် သီချင်းရွက်ဆိုခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသော CDMerများမှ သိရှိလိုသည်များကို မေးမြန်းကြသဖြင့် စိတ်လူမှုထောက်ပံ့ရေးအဖွဲ့၏ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီးနောက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။
အခမ်းအနားသို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာန၏တာဝန်ရှိသူများ၊ CDMerများ၊ စိတ်လူမှုထောက်ပံ့ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ PRF- ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစု အစီအစဥ်စတင်ခဲ့သည့်အချိန်မှ စတင်ကာ (၁၅)လတာကာလ အတွင်း အမေရိကန်ဒေါ်လာ (၉.၄၂) သန်းလက်ခံရရှိအသုံးပြုခဲ့
ဧပြီ ၇ရက်မှာ PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့ မိသားစုအစီအစဥ်နှင့် ပတ်သတ်သော ဘဏ္ဍာရေးဆိုင်ရာ ကိန်းကဏန်းများ ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။
"PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ် စတင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့အထိ (၁၅)လတာကာလအတွင်း အမေရိကန်ဒေါ်လာ (၉.၄၂) သန်း လက်ခံရရှိအသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။ ရရှိလာသော ပြည်သူ့ထောက်ပို့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ တပ်ရင်းများ ထောက်ပံ့စားရိတ်အဖြစ် အမေရိကန်ဒေါ်လာ (၇.၈)သန်း အသုံးပြုခဲ့ပြီး PRF အစီအစဥ်၏ ထောက်ခံမှုဖြင့် အမေရိကန်ဒေါ်လာ (၁.၆) သန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဒေသကာကွယ်ရေး အဖွဲ့(LDF)များနှင့် စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်းများထံသို့ တိုက်ရိုက်ပေးပို့ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၏ တပ်ရင်းထောက်ပံ့စားရိတ်အတွက် ၇၄.၈၆ ရာခိုင်နှုန်းအထိ ထောက်ပံ့ပို့ဆောင်ပေးနိုင်ခဲ့v-ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေရှာဖွေရေး အစီအစဥ်တစ်ခုဖြစ်သည့် PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့ မိသားစုအစီအစဥ် စတင်ခဲ့သည့်အချိန်မှ ယနေ့ထက်တိုင် လစဥ်မပြတ် ထည့်ဝင်ပေးခဲ့သော ထောက်ပို့မိသားစုဝင်များ၊ နိုင်ငံအလိုက် Fundraiser များနှင့် OFP အဖွဲ့ဝင်များကို အထူးကျေးဇူးတင်ရှိ အသိအမှတ်ပြုတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၆။ SpringYangon ရဲ့ Phase lll စီမံကိန်း EODကအသိပေးကြေညာ
ဧပြီ၇ရက်မှာ SpringYangon ရဲ့ Phase lll စီမံကိန်းအသစ်အကြောင်းကို မကြာခင်မိတ်ဆက်ပေးမယ်လို့ end of dictatorshipက အသိပေးကြေညာလိုက်ပါတယ်။
"အင်းယားလေကို တဝကြီးရှူနိုင်ပြီး…ရွှေတိဂုံကုန်းတော်ကို လှမ်းမြင်နိုင်တဲ့ မြင်ကွင်းကျယ်…နောက်တခါ ပြန်မရနိုင်တော့တဲ့ အခွင့်အရေး…ပြည့်ရင်သွေးတို့ အနာဂါတ်အတွက် အကောင်းဆုံးရင်းနှီးမြုပ်နှံမှု…နွေဦးတော်လှန်ရေးအတွက် ကြီးမားသောစုစည်းမှု ခွန်အား…မကြာမီ လာမယ်"လို့ဖော်ပြပါတယ်။
လက်ရှိမှာ နွေဦးစံရိပ်မွန်အိမ်ယာများရဲ့ အရောင်းကာလအတွင်း စုစုပေါင်း ရောင်းရငွေ ဒေါ်လာ ၁၉.၃ သန်းဖိုးခန့် ရောင်းချခဲ့ရပြီး အခန်းအရေအတွက် ၇၀၀၀ နီးပါးမျှ ရောင်းချပေးပြီးဖြစ်ပါတယ်။
========================
📌📌 ၇။ KRUတပ်ပေါင်းစု (၁)နှစ်ပြည့်အခမ်းအနား ကျင်းပ
KRUတပ်ပေါင်းစု (၁)နှစ်ပြည့်အခမ်းအနား ကျင်းပခဲ့တယ်လို့ ဧပြီ ၇ရက်နေ့မှာ Karenni Revolution Union (KRU)က အတည်ပြုဖော်ပြပါတယ်။
(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) ကို ဖွဲ့စည်းတည်ထောင်လာခဲ့သည်မှာ ဧပြီ၇ရက်နေ့တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ တပ်ပေါင်းစု ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်မှာ ကွဲပြားနေသော မိမိတော်လှန်ရေး အင်အားစုများကို ပေါင်းစည်း၍ တစ်သွေးတစ်သံ တစ်မိန့်တည်းအောက်တွင် စစ်ရေးများဖော်ဆောင်ရန်နှင့် လက်နက်အင်အား လူအင်အား ပိုမိုတောင့်တင်းဖို့ရန် ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။
အခမ်းအနားအား(ကရင်နီ) ပြည်နယ်အတွင်း စစ်ရေးများ ပိုမိုအရှိန်မြှင့်လာပါသောကြောင့် တပ်ပေါင်းစု၏ တစ်နှစ်ပြည့် အခမ်းအနားကို အကျဉ်းချုံး ပြုလုပ်ခဲ့ပြီး စစ်ရေးလုပ်ငန်းဆောင်တာများကိုလည်း ယခင်ထက် ပိုမိုအားထည့်ဆောင်ရွတ်သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။
ထပ်မံ၍ တပ်ပေါင်းစု အသွင်သဏ္ဍန်မှ KRU တပ်ရင်းသဏ္ဍန်သို့ ပြင်ဆင်၍ ပြောင်းလဲကျင့်သုံးသွားမည် ဖြစ်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။
========================
📌📌 ၈။ ကရင်နီပြည်တွင် မတ်လအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ်(၁) တပ်ရင်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း (၉) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး စကစဘက်က (၆)ဦးထက်မနည်းသေဆုံး
ဧပြီလ ( ၇ ) ရက်နေ့မှာ အမှတ်(၁)တပ်ရင်းမှ မတ်လ တစ်လတာ တိုက်ပွဲသတင်းထုတ်ပြန်ခဲ့ပါတယ်။
"အမှတ်(၁)တပ်ရင်းမှ မတ်လ (၁) လတာအတွင်း ကရင်နီပြည်နယ်၌ မိမိတို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အမှတ်(၁) တပ်ရင်း၊ အမှတ်(၃) တပ်ရင်း၊ အမှတ်(၅) တပ်ရင်း၊ အမှတ်(၆) တပ်ရင်း၊ အမှတ် (၇)တပ်ရင်း၊ အမှတ်(၉) တပ်ရင်း၊ အမှတ်(၁၀) တပ်ရင်း၊ ကရင်နီတပ်တော် (KA)၊ အခြားမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် တိုက်ပွဲပေါင်း (၉) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။
တပ်ရင်း ၁ အနေဖြင့် လှုပ်ရှားနယ်မြေတွင် အထိုင်ချသော တပ်စခန်းများကို စစ်ကြောင်းထိုးခြင်း၊ ချုံခိုတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စနိုက်ဘာတပ်ဖွဲ့မှာ သွားရောက်ပစ်ခတ်ခြင်းများ၊ မိုင်းတပ်ဖွဲ့ဝင်များနှင့် ဆေးတပ်သားများသည်လည်း တိုက်ပွဲတိုင်းတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဖယ်ခုံတိုက်ပွဲ၊ ဒေါတမကြီးတိုက်ပွဲနှင့် ဒီမော့ဆိုအရှေ့ဖက်ခြမ်းတိုက်ပွဲတွင် စစ်ကူများစေလွှတ်ခြင်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
ထို့အပြင် တပ်ရင်းတစ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ မှ (၆)ဦးထက်မနည်းသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်။
========================
📌📌 ၉။ မြိုင်မြို့နယ် သရက်ကန်ပျူစခန်းတောင်ဖက်တွင် ကင်းထွက်လာသော စကစတပ်နဲ့ပျူများ မိုင်းထိ၍ တစ်ဦးသေ၊တစ်ဦးထိခိုက်ဒဏ်ရာရ
မြိုင်မြို့နယ် သရက်ကန် ပျူစခန်းတောင်ဖက်တွင် ကင်းထွက်လာသော စကစတပ်နဲ့ပျူများမိုင်းထိ၍ တစ်ဦးသေ၊ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဧပြီ၇ရက်မှာ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးဆိုပါတယ်။
"ဧပြီ ၇ရက် မနက်၉နာရီခန့်အချိန်တွင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ခွဲများဖြစ်ကြသော TYKတပ်ဖွဲ့ ၊ မုန်တိုင်းတပ်ဖွဲ့နှင့် ပြည်သူ့အားမာန်တပ်ဖွဲ့တို့သည် သရက်ကန်ပျူစခန်း၏ တောင်ဖက်တွင် ကင်းထွက်လာသော စကစတပ်နဲ့ပျူတို့အား မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
မိုင်းထိ၍ စကစဘက်က တပ်ကြပ်တစ်ဦးသေဆုံး၍ ၊ ပျူတစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။
========================
📌📌 ၁၀။ ပုလဲမြို့နယ် နှောကန်ရွာကလူနေအိမ်၁၁၄ လုံးကိုစကစတပ်ကမီးရှို့ဖျက်ဆီးခဲ့
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နှောကန်ရွာက လူနေအိမ်၁၁၄ လုံးကို စကစတပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဧပြီ၇ရက်မှာ ပုလဲပကဖက ပျက်စီးဆုံးရှုံးမှုစာရင်းကို အတည်ပြုဆိုပါတယ်။
"ဧပြီ ၁ ရက်မှ ၇ ရက်ထိ စကစတပ်က စစ်ကြောင်းထိုးမှုကြောင့် နှောကန်ရွာ လူနေအိမ် ၁၁၄ အိမ် မီးရှို့ခံရပြီး မပြေးနိုင်သော သက်ကြီးမိန်းမကြီးတစ်ဦး မီးထဲပါ အသက်ဆုံးရှုံးခဲ့ရပါတယ်"လို့ဆိုပါတယ်။
အဆိုပါ မီးလောင်မှုကြောင့် လူဦးရေ ၅၇၆ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး မီတာဘောက် ၅၂ လုံးဆုံးရှုံးကာ မီးတိုင် ၃ တိုင် ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင်ချောင်းနားကျေးရွာ တောတိုက်လူနေတဲ ၅ လုံး မီးရှို့ခံရကာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး၊ အသက်၂၀ အရွယ် အမျိုးသားတဦး ၊အသက် ၈ နှစ်အရွယ် ကလေးတဦး ကျည်ထိမှန်ခဲ့ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment