၂၀၂၃ မေလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မူလရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ရေးအတွက် နှောင့်နှေးသွေဖယ်မှုတွေ ရှိမှာမဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပသော Commercialising Quantum Global 2023 Summit သို့ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး တက်ရောက်
📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၄။ ဂျပန်အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ယခုထက်ပိုမို၍ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထိထိရောက်ရောက်ကူညီထောက်ပံ့ပေးရန်ဂျပန်အစိုးရထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အိတ်ဖွင့်ပေးစာပေးပို့
📌 ၅။ သေမင်းတမန် ကုန်သွယ်မှုအစီရင်ခံစာအရ အကြမ်းဖက်စစ်တပ်ဟာ ရုရှားနိုင်ငံ နဲ့ တရုတ် နိုင်ငံကနေ စစ်လက်နက်အများဆုံးဝယ်ယူခဲ့ပြီး အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါးအသုံးပြုခဲ့
📌 ၆။ စိတ်ကျန်းမာရေးချို့တဲ့သူ ၁၆ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းမှုကျူးလွန်သူ အမျိုးသားအား PSLF/TNLA ဖမ်းဆီးရမိ
📌 ၇။ ဘီးလင်းမြို့နယ် KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ နယ်မြေသို့ စစ်ကြောင်းထိုးရန် မဲလံဘက်မှ ဆင်းလာသည့် အင်အား ၁၀၀ ခန့်ရှိသော အကြမ်းဖက်စစ်သားများအား KRF နှင့် KNLAပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်၍ စကစဘက်က သုံးဦးသေ
📌 ၈။ မြိုင်မြို့နယ် သရက်ခွပျူစောထီးစခန်း၏ မြောက်ဖက်ဂိတ်တွင် လုံခြုံရေးယူနေသောစကစတပ်များ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခံရ၍ရှစ်ဦးသေဆုံး
📌 ၉။ KNU တပ်မဟာ(၃) စစ်ရေးနယ်မြေအတွင်း "Royal Peacock Column မှ စစ်ကောင်စီတပ်ကူများအား စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်၍ သုံးယောက်ထိမှန်
📌 ၁၀။ ဆန်ဖရန်စစ္စကိုမြို့တော်ခမ်းမရှေ့ကအပါတ်စဉ်လူထုသပိတ်တိုက်ပွဲကိုတစ်ပါတ်ရပ်နားမည်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မူလရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ရေးအတွက် နှောင့်နှေးသွေဖယ်မှုတွေ ရှိမှာမဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
မေလ၁၈ရက်
မူလရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ရေးအတွက် နှောင့်နှေးသွေဖယ်မှုတွေ ရှိမှာမဟုတ်ဘူးလို့ မေလ၁၈ ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၀/၂၀၂၃)ကိုကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။
"ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း MOCHA ကြောင့် သေကြေထိခိုက်မှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် မုန်တိုင်း နောက်ဆက်တွဲ အကျိုးဆက်တွေကို ရင်ဆိုင်နေရသည့် မုန်တိုင်းသင့်ဒေသက ပြည်သူတစ်ရပ်လုံးနှင့် ထပ်တူများစွာ စိတ်မကောင်းဖြစ်ရပါကြောင်း၊ ရည်မှန်းထားသည့် ပန်းတိုင်သို့ သွားမည့် ခရီးလမ်းမှာ ယခုလို ပေါ်ပေါက်လာသည့် မမျှော်လင့်ထားသည့် စမ်းသပ်စစ်ဆေးမှုများကို ပြည်သူအားနှင့် ဆက်လက်ကျော်ဖြတ်ကြရမည်ဖြစ်ပြီး မည်သို့ပင်အခြေအနေမျိုး တွေ့ကြုံပါစေ မူလရည်မှန်းချက်ပန်းတိုင်ကို အရောက် နိုင်ရေးအတွက် နှောင့်နှေးသွေဖယ်မှုတွေ ရှိမှာမဟုတ်သည်ကို ပြောကြားလိုကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်လင့်ကစား ပြည်သူထဲက ပေါက်ဖွားလာပြီး ပြည်သူကို ဗဟိုပြုသည့်အစိုးရဖြစ်သဖြင့် ပြည်သူတွေ အခက်အခဲ ဘေးဒုက္ခတွေ တွေ့ကြုံရချိန်မှာ အကောင်းဆုံးကာကွယ်ပေးရန်လိုအပ်သလို၊ ပြန်လည်ကုစားမှုတွေကိုလည်း ကြိုးစားဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၉/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသောတာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပသော Commercialising Quantum Global 2023 Summit သို့ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး တက်ရောက်
မေလ၁၈ရက်
ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပသော Commercialising Quantum Global 2023 Summit သို့ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဒေါ်ခင်မမျိုး တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
မေလ (၁၇)မှ (၁၈) ရက်နေ့အထိ ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင်From qubits to profits: achieving near-term quantum advantage ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပသော Commercialising Quantum Global 2023 Summit သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါ်ခင်မမျိုး တက်ရောက်ခဲ့ပါတယ်။
ဖိုရမ်သို့ နိုင်ငံပေါင်းများစွာမှ အစိုးရများ၊ ပညာရှင်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး သဘာ၀ဘေးအန္တရာယ် တုန့်ပြန်ဆောင်ရွက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှု၊ ကာကွယ်ရေးနှင့် နိုင်ငံတော်လုံခြုံရေး၊ ထောက်လှမ်းရေးနှင့် သတင်းအချက်အလက်လုံခြုံရေး၊ ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် သတင်းမီဒီယာ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရေး၊ မှုခင်းတားဆီးရေး၊ အကြမ်းဖက်မှုနှိမ်နင်းရေး စသည့် ကဏ္ဍများတွင် quantum နည်းပညာကို အသုံးချနိုင်ရေးဆိုင်ရာ အကြောင်းအရာများနှင့် quantum မဟာဗျူဟာရေးရာများကို ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
ပြည်ထောင်စု၀န်ကြီးမှ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးနှင့် နည်းပညာဖွံ့ဖြိုးရေးအခြေအနေများ၊ စစ်အာဏာသိမ်းမှုကြောင့် နည်းပညာဖွံ့ဖြိုးမှု တုန့်ဆိုင်းသွားရသည့်အခြေအနေများ၊ quantum advantage ကို နိုင်ငံတကာ တိုးတက်မှုလှိုင်းလုံးနှင့်အညီ လိုက်ပါဆောင်ရွက်ရယူနိုင်ရေးအတွက် တော်လှန်ရေးအောင်နိုင်ပြီးကာလ၊ တိုင်းပြည် တည်ဆောက်ရေးတွင် အသုံးပြုရန် quantum strategy နှင့် quantum ecosystem တည်ဆောက်နိုင်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ထားချက်များကို ပါ၀င်ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
မေ လ ၁၈ ရက်
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၁၈/၂၀၂၃)ကို မေလ၁၈ရက်ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို ဒုဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လိုအပ်သည်များ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၄။ ဂျပန်အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ယခုထက်ပိုမို၍ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထိထိရောက်ရောက်ကူညီထောက်ပံ့ပေးရန်ဂျပန်အစိုးရထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အိတ်ဖွင့်ပေးစာပေးပို့
မေလ၁၈ရက်
ဂျပန်အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ယခုထက်ပိုမို၍ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထိထိရောက်ရောက်ကူညီထောက်ပံ့ပေးရန် ဂျပန်အစိုးရထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အိတ်ဖွင့်ပေးစာပေးပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။
မေလ၁၈ရက်မှာ NUGSupportTeamJapan က အိတ်ဖွင့်ပေးစာပေးပို့တဲ့သတင်းကိုအသိပေးဖော်ပြပါတယ်။
"ဂျပန်၊ တောင်ကိုးရီးယား၊ ဩစတေးလျတို့မှ နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်မှ လက်မှတ်ရေးထိုးတောင်းဆိုထားသော အိတ်ဖွင့်ပေးစာကို မေလ ၁၉ရက် မှ၂၁ရက်အထိ G-7 ထိပ်သီးအစည်းအဝေးပွဲကြီး ကျင်းပပြုလုပ်မည့် အိမ်ရှင် ဂျပန်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ မေလ ၁၂ ရက်နေ့ ရက်စွဲဖြင့် လိပ်မူကာ ပေးပို့ခဲ့ကြပါတယ်"လို့ဆိုပါတယ်။
G-7 နိုင်ငံများအပါအဝင် နိုင်ငံတကာရှိ ဂျပန်သံရုံးများထံသို့လည်း ဆက်လက်ပေးပို့သွားမှာဖြစ်ပြီး ဆွေးနွေးပွဲတွင်လည်း မြန်မာ့အရေးကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းဆွေးနွေးနိုင်ရန် တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
ဂျပန်အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ယခုထက်ပိုမို၍ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထိထိရောက်ရောက်ကူညီထောက်ပံ့ပေးရန်နှင့် ပြည်သူလူထုအား ရန်သူသဖွယ် သဘောထားဆက်ဆံနေသည့် အကြမ်းဖက်စစ်ကောင်စီထံ စီးဆင်းနေသော အထောက်အပံ့များအား အမြန်ဆုံး ရပ်တန့်ကာ အဖိနှိပ်ခံမြန်မာပြည်သူလူထုနှင့် တသားတည်းရပ်တည်ကူညီပေးနိုင်ရေးအတွက် အစည်းအဝေးပွဲကြီးကျင်းပပြုလုပ်နေစဉ်အတွင်း လူထုလှုပ်ရှားမှုများပြုလုပ်ကာ တောင်းဆိုသွားရန် ရှိကြောင်းလည်းသိရပါတယ်။
========================
📌📌 ၅။ သေမင်းတမန် ကုန်သွယ်မှုအစီရင်ခံစာအရ အကြမ်းဖက်စစ်တပ်ဟာ ရုရှားနိုင်ငံ နဲ့ တရုတ် နိုင်ငံကနေ စစ်လက်နက်အများဆုံးဝယ်ယူခဲ့ပြီး အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါးအသုံးပြုခဲ့
မေလ၁၈ရက်
သေမင်းတမန် ကုန်သွယ်မှုအစီရင်ခံစာအရ အကြမ်းဖက်စစ်တပ်ဟာ ရုရှားနိုင်ငံ နဲ့ တရုတ်နိုင်ငံကနေ စစ်လက်နက်အများဆုံးဝယ်ယူခဲ့ပြီး အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါးအသုံးပြုခဲ့တယ်လို့ သတင်းရရှိပါတယ်။
မေလ ၁၇ရက်နေ့ ထုတ်ပြန်တဲ့ ကုလရဲ့အစီရင်ခံစာအရသိရှိရပါတယ်။
ရုရှားနိုင်ငံကနေ အမေရိကန်ဒေါ်လာ ၄၀၆ သန်းဖိုးဝယ်ယူခဲ့တာဖြစ်ပြီး အများဆုံး ဝယ်ယူခဲ့တာဟာ SU 30 အပါအဝင် တိုက်လေယာဉ်တွေနဲ့ တရုတ်နိုင်ငံကနေ ဒေါ်လာ ၂၆၇ သန်းဖိုး နဲ့ စင်ကာပူကနေ ဒေါ်လာ ၂၅၄ သန်းဖိုး ဝယ်ခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။
ဝယ်ယူခဲ့ရာမှာ တိုက်လေယာဉ်တွေနဲ့ လေယာဉ်အပိုပစ္စည်းတွေဖြစ်ပြီး အိန္ဒိယနိူင်ငံထံကလည်း ဒေါ်လာ ၅၁ သန်းဖိုး နဲ့ ထိုင်းနိုင်ငံကနေ ဒေါ်လာ ၂၈ သန်းဖိုး ဝယ်ယူတင်သွင်းခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။
========================
📌📌 ၆။ စိတ်ကျန်းမာရေးချို့တဲ့သူ ၁၆ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းမှုကျူးလွန်သူ အမျိုးသားအား PSLF/TNLA ဖမ်းဆီးရမိ
မေလ ၁၈ ရက်
စိတ်ကျန်းမာရေးချို့တဲ့သူ ၁၆ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းမှုကျူးလွန်သူ အမျိုးသားအား PSLF/TNLA ဖမ်းဆီးရမိခဲ့တယ်လို့ PSLF/TNLAက မေလ ၁၈ရက်မှာ တရားဝင်အသိပေးဖော်ပြပါတယ်။
"တအာင်းပြည်နယ်၊ တပ်မဟာ (၂)စစ်ဒေသ ၊ နမ့်ဆန်မြို့နယ်၊ လုံတောက်ကျေးရွာတွင် မေလ ၁၇ရက်နေ့ နေ့လည် (၂:၀၀)နာရီအချိန် စိတ်ကျန်းမာရေးဝေဒနာခံစားနေရသူ အသက် (၁၆)နှစ်အရွယ် မိန်းကလေးငယ်ကို ၃လတိတိ မုဒိမ်းကျင့်ခဲ့သည့် တရွာထဲနေ မိုင်းလှဝင်းဆိုသူအား PSLF/TNLA အုပ်ချုပ်ရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါတယ်"လို့ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူ အသက်(၂၃)နှစ်အရွယ် မိုင်းလှဝင်း ဆိုသူသည် တရွာတည်းနေ မိန်းကလေးငယ်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၁၂ လပိုင်းမှစတင်ကာ တစ်လတစ်ကြိမ် ကျေးရွာစာသင်ကျောင်းတွင် ခေါ်ဆောင်ကာ မုဒိမ်းမှုကျူးလွန်ခဲ့ပြီး ထိုအမျိုးသမီးငယ်တွင် ကိုယ်ဝန်ရှိမှသာ သိရှိခဲ့ရတယ်လို့ဖော်ပြပါတယ်။
ထိုကြောင့် PSLF/TNLA အုပ်ချုပ်ရေးဌာန တိုက်နယ် အမှတ်(၁)မှ မုဒိမ်းမှုကျူးလွန်းသူကို သွားရောက်ဖမ်းဆီးခဲ့ပြီး PSLF/TNLA ၏တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ဆိုထားပါတယ်။
========================
📌📌 ၇။ ဘီးလင်းမြို့နယ် KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ နယ်မြေသို့ စစ်ကြောင်းထိုးရန် မဲလံဘက်မှ ဆင်းလာသည့် အင်အား ၁၀၀ ခန့်ရှိသော အကြမ်းဖက်စစ်သားများအား KRF နှင့် KNLAပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်၍ စကစဘက်က သုံးဦးသေ
မေလ၁၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ် KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ နယ်မြေသို့ စစ်ကြောင်းထိုးရန် မဲလံဘက်မှဆင်းလာသည့် အင်အား ၁၀၀ ခန့်ရှိသော အကြမ်းဖက်စစ်သားများအား KRF နှင့် KNLAပူးပေါင်းအဖွဲ့တို့တိုက်ခိုက်၍ စကစဘက်က သုံးဦးသေဆုံးခဲ့တယ်လို့ မေလ ၁၈ရက်မှာ စစ်ရေးသတင်းကို ကျိုက်ထိုတော်လှန်ရေးအင်အားစုကဆိုပါတယ်။
မေလ ၁၈ရက် နံနက် ၇နာရီအချိန် ဘီးလင်းမြို့နယ် KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ နယ်မြေသို့ စစ်ကြောင်းထိုးရန် မဲလံဘက်မှ ဆင်းလာသည့် အင်အား ၁၀၀ ခန့်ရှိသော အကြမ်းဖက်စစ်သားများအား KRF နှင့် KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ ပူးပေါင်းအဖွဲ့တို့မှ နယ်ခြားရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
ဖြစ်စဥ်တွင် စကစဘက်က အကြမ်းဖက်စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံးကြောင်း တိုက်ပွဲမှာ ၁၂ မိနစ်အခန့်သာ ကြာမြင့်ပြီး ပူးပေါင်းအပေါင်းအဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KRF ကအတည်ပြုဆိုပါတယ်။
========================
📌📌 ၈။ မြိုင်မြို့နယ် သရက်ခွပျူစောထီးစခန်း၏ မြောက်ဖက်ဂိတ်တွင် လုံခြုံရေးယူနေသောစကစတပ်များ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခံရ၍ရှစ်ဦးသေဆုံး
မေလ၁၈ရက်
မြိုင်မြို့နယ် သရက်ခွပျူစောထီးစခန်း၏ မြောက်ဖက်ဂိတ်တွင် လုံခြုံရေးယူနေသောစကစတပ်များ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခံရ၍ ရှစ်ဦးသေဆုံးခဲ့ပါတယ်လို့ မေလ ၁၈ရက်မှာ စစ်ရေးသတင်းကို မြိုင်ပကဖက အသိပေးဆိုပါတယ်။
"မေလ ၁၇ရက် ညနေ ၅နာရီခွဲခန့်အချိန်တွင် သရက်ခွပျူစောထီးစခန်း၏ မြောက်ဖက်ဂိတ်တွင် လုံခြုံရေးယူနေသော စကစတပ်စိတ်တစ်စိတ်( အင်အား၁၀ခန့်) အား မဟာမိတ်များနှင့်အတူ လက်နက်ကြီးလက်နက်ငယ်တို့ ဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက် စကစဘက်က ၈ ယောက် သေဆုံးခဲ့ပါတယ်။
တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း၁ ၊ တပ်ရင်း ၂ ၊ တပ်ခွဲ -၁ (ရင်း၁ ) ၊ တပ်ခွဲ -၃ (ရင်း၁ ) ၊ ကိုအောင်ကြီးတပ်ဖွဲ့ နှင့် စက်ြာအဖွဲ့(ပေါက်)တို့က ပူးပေါင်းခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၉။ KNU တပ်မဟာ(၃) စစ်ရေးနယ်မြေအတွင်း "Royal Peacock Column မှ စစ်ကောင်စီတပ်ကူများအား စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်၍ သုံးယောက်ထိမှန်
မေလ၁၈
KNU တပ်မဟာ(၃) စစ်ရေးနယ်မြေအတွင်း"Royal Peacock Column မှ စစ်ကောင်စီတပ်ကူများအား စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်၍ သုံးယောက်ထိမှန်ခဲ့တယ်လို့ မေလ၁၈ရက်မှာ စစ်ရေးသတင်းကို Royal Peacock Column မှအတည်ပြုဆိုပါတယ်။
Royal peacock column ၏KNU တပ်မဟာ(၃) စစ်ရေးနယ်မြေအတွင်း စစ်ကောင်စီတပ်၏ စစ်ကူများအား ထိုးဖောက်၀င်ရောက်လာသဖြင့် ကြားဖြတ်တိုက်ခိုက်ရန် သွားရောက်စောင့်ဆိုင်းနေခဲ့ပြီး အရပ်သားသုံး Light Truck ယာဥ်ကိုအသုံးပြု၍ ဒဏ်ရာရသူများအား သယ်ဆောင်နေစဥ် Sniper ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဖြစ်စဉ်အတွင်း သုံးယောက်ထိမှန်ပြီး တစ်ယောက်မှာထွက်ပြေးသွားခဲ့ သဖြင့် လိုက်လံ ရှင်းလင်းခဲ့ရာ နောက်တစ်ကြိမ် ထိတွေ တိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ပွဲအတွင်းအဆိုပါကားပေါ်မှMA-1 နှစ်လက်၊ MA-14 တစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ အီနာဂါတစ်ခု၊ ခြေနင်းမိုင်း တစ်လုံး၊ ကျည်ဘောက် ၁၅ ဘောက်၊ ၅.၅၆ ကျည်တောင့် ၃၀၀ ခန့်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
========================
📌📌 ၁၀။ ဆန်ဖရန်စစ္စကိုမြို့တော်ခမ်းမရှေ့ကအပါတ်စဉ်လူထုသပိတ်တိုက်ပွဲကိုတစ်ပါတ်ရပ်နားမည်
မေလ၁၈
အမေရိကန်နိူင်ငံ ဆန်ဖရန်စစ္စကိုမြို့တော်ခမ်းမရှေ့က အပါတ်စဉ်လူထုသပိတ်တိုက်ပွဲကို တစ်ပါတ်ရပ်နားမည် ဖြစ်ကြောင်းသိရပါတယ်။
လာမယ့် မေလ(၂၀)ရက်စနေနေ့မှာ မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ(မြောက်ပိုင်းကယ်လီဖိုးနီးယား)ရဲ့ (၁၃)ကြိမ်မြောက် နွေဉီးတော်လှန်ရေးရံပုံငွေ ရုပ်ရှင်နဲ့စျေးပွဲတော်ကို ဒေးလီးစီတီမြို့မှာကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါအခမ်းအနားကျင်းပမှာဖြစ်တဲ့အတွက် ဆန်ဖရန်စစ္စကိုမြို့တော်ခမ်းမရှေ့ကအပါတ်စဉ်လူထုသပိတ်တိုက်ပွဲကို တစ်ပါတ်ရပ်နားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။
နွေဦးတော်လှန်ရေးအတွင်း အသက်ပေးသွားကြတဲ့ အာဇာနည်ထောင်သောင်းတို့ရဲ့ ဝိဉာည်တွေနဲ့ အတူအောင်ပွဲရှိရာကို မမှိတ်မသုံဆက်လက်ချီတက်ကြဖို့ ကိုအမေရိကန်ရောက် ပြည်ထောင်စုဖွားတို့က တိုက်တွန်းနှိုးဆော်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
No comments:
Post a Comment