၂၀၂၃ မေလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၂။ လူသားချင်းစာနာမှုအကူအညီလိုအပ်သူ (၁၈) သန်းခန့် ရှိလာ
📌 ၃။ ပြည်သူများကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းကူညီမှုမဟုတ်ဘဲ တရားမဝင် စစ်ကောင်စီကတဆင့် ကူညီမှုများဟာ အချည်းအနှီးသာဖြစ်မယ်လို့ IUF ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ရွေးကောက်ခံ အတွင်းရေးမှူးဆို
📌 ၄။ မြန်မာပြည်သူများနှင့် အတူရပ်တည်ပေးရန် ဖိလစ်ပိုင်လွှတ်တော်တွင်တောင်းဆို
📌 ၅။ ABSDFကျောင်းသားတပ်မတော် စစ်ကြောင်း ( ၃ ) ၊ အမှတ် (၁၂)တပ်ရင်း ကယောဒေသစခန်းမှာ စိုက်ပျိုးထားတဲ့ မိုးကြို မြေပဲခင်းတွေကို ရိတ်သိမ်းခဲ့ပြီး မြေပဲတောင့် ထွက်နှုန်း တင်း ၁၀၀ထွက်ရှိခဲ့
📌 ၆။ ဘီလင်းမြို့ မဲပလီစခန်းအား ဒရုန်းနဲ့ဗုံးသီးငါးလုံးကြဲချတိုက်ခိုက်
📌 ၇။ မကွေးတိုင်း၊ နတ်မောက်မြို့နယ်က မြင်းတဲကြီးကျေးရွာမှာ တော်လှန်ရေးရဲဘော်ခေတ္တရောက်ရှိချိန် စကစ အင်အား ၃၀ဝိုင်းဝန်းလာသော်လည်း ရဲဘော်များက ပြန်လည်မိုင်းခွဲတိုက်ခိုက်၍ ငါးဦးသေဆုံး
📌 ၈။ မန္တလေးတိုင်းဒေသကြီး ၊ မတ္တရာမြို့အတွင်းရှိ အ.ထ.ကကျောင်းကြီးအရှေ့ဘက် စစ်ကောင်စီ ညကင်းဂိတ်စခန်းကို RPG 7 ဖြင့် ပစ်ခတ်၍ စကစတပ်ကနှစ်ဦးသေဆုံး
📌 ၉။ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမမှ ပျူလက်နက်ကိုင်တစ်ဦး အလင်းဝင်လာ၍ ဗျတ္တညီနောင်နှင့်ဗိုလ်ထွန်းတောက်အဖွဲ့မှ ကျပ်သိန်း တစ်ရာ ချီးမြှင့်ဂုဏ်ပြုခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
မေလ ၂၁ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၂၀/၂၀၂၃)ကို မေလ၂၁ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်သည့် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ လူသားချင်းစာနာမှုအကူအညီလိုအပ်သူ (၁၈) သန်းခန့် ရှိလာ
မေလ၂၁ရက်
လူသားချင်းစာနာမှုအကူအညီလိုအပ်သူ (၁၈) သန်းခန့် ရှိလာတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ Arria-Formula အစည်းအဝေးတစ်ရပ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မှပြောကြားခဲ့ပါတယ်။
"လူသားချင်းစာနာမှုအကူအညီပေးရန် လိုအပ်သူ ယခုအခါ (၁၈) သန်းခန့် ရှိလာကြောင်း၊ ယခုဆိုင်ကလုန်းမိုခါကြောင့် ပိုမိုးဆိုးရွားလာစေကြောင်း၊ ယင်းသို့ အကူအညီလိုအပ်မှု တိုးမြှင့်လာသော်လည်း ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ် အရေးပေါ်တုံ့ပြန်ရေးရံပုံငွေသည် လိုအပ်မှု၏ (၁၀) ရာခိုင်နှုန်းပင် ပြည့်မီအောင်ရရှိခြင်း မရှိပါကြောင်း၊ သို့ဖြစ်ရာ ကုလသမဂ္ဂနှင့် အခြားသော အလှူရှင်နိုင်ငံများအား အသက်ကယ်ဆယ်ရေး အကူအညီပေးမှုများကို ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံ အသုံးပြု၍ ဆောင်ရွက်သင့်ပါကြောင်း"သံအမတ်ကြီးကဆိုပါတယ်။
ထို့အပြင် အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရိုဟင်ဂျာများအပါအဝင် လူပေါင်း (၄၅၀) ကျော် အသက်ဆုံးရှုံးခဲ့ပြီး၊ နေအိမ်၊ စာသင်ကျောင်း၊ လမ်း၊ တံတားများအပါအဝင် စိုက်ပျိုးဧရိယာများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လူပေါင်း (၆) သန်းခန့်မှာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း၊ အစားအစာ၊ ဆေးဝါးနှင့် ယာယီခိုလှုံရန် တဲများမရှိခြင်းနှင့် ဆက်သွယ်ရေးနှင့် ကူးသန်းသွားလာမှု ပြတ်တောက်ခြင်းတို့ကြောင့် ဆိုးရွားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းသံအမတ်ကြီးက ထပ်လောင်းဆိုခဲ့ပါတယ်။
========================
📌📌 ၃။ ပြည်သူများကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းကူညီမှုမဟုတ်ဘဲ တရားမဝင် စစ်ကောင်စီကတဆင့် ကူညီမှုများဟာ အချည်းအနှီးသာဖြစ်မယ်လို့ IUF ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ရွေးကောက်ခံ အတွင်းရေးမှူးဆို
မေလ၂၁
ပြည်သူများကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့်ပူးပေါင်းကူညီမှုမဟုတ်ဘဲ တရားမဝင် စစ်ကောင်စီကတဆင့် ကူညီမှုများဟာ အချည်းအနှီးသာဖြစ်မယ်လို့ IUF ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ရွေးကောက်ခံ အတွင်းရေးမှူးHidayat Greenfieldကဆိုပါတယ်။
မေလအတွင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်တစ်ခုဖြစ်သည့် IUF ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ရွေးကောက်ခံ အတွင်းရေးမှူး ဒေါက်တာ Hidayat Greenfield ၏ ဆိုင်ကလုန်း မိုခါ ဒဏ်ခံစားနေရသော မြန်မာအလုပ်သမားများအပါအဝင် ပြည်သူများနှင့် နိုင်ငံတကာသို့ပေးပို့သော သတင်းစကားမှာပြောပါတယ်။
"အလွန်ပြင်းထန်လှသော ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ် ထိခိုက်ခံစားနေရသော မြန်မာနိုင်ငံရှိ IUF အဖွဲ့ဝင်များ၊၎င်းတို့၏ မိသားစုများအားလုံးနှင့်အတူ အာရှပစိဖိတ်ဒေသတစ်ဝှမ်းရှိ သမဂ္ဂအဖွဲ့ဝင်များအားလုံးက အတူရပ်တည်ကြောင်းနှင့် စိတ်မကောင်းဖြစ်ရပါကြောင်း၊ ဆိုးရွားလှသောနိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းကို ခံစားနေရသော မြန်မာပြည်သူများအတွက် မုန်တိုင်းဒဏ်ထပ်မံခံရမှုသည် အဖြစ်ဆိုးလှကြောင်း၊ ပြည်သူများကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းကူညီမှုမဟုတ်ဘဲ တရားမဝင် စစ်ကောင်စီကတဆင့် ကူညီမှုများသည် အချည်းအနှီးသာဖြစ်မည်မှာ သေချာကြောင်း"ဆိုပါတယ်။
ဒါ့အပြင်မြန်မာနိုင်ငံသည် ဤရာသီဥတုအကျပ်အတည်းတွင် ထိခိုက်မှုများနေပြီး နိုင်ငံတကာ၏ ပံ့ပိုးကူညီမှု ပိုမိုလိုအပ်နေကြောင်း Hidayat Greenfieldကဆိုပါတယ်။
========================
📌📌 ၄။ မြန်မာပြည်သူများနှင့် အတူရပ်တည်ပေးရန် ဖိလစ်ပိုင်လွှတ်တော်တွင်တောင်းဆို
မေလ၂၁
မြန်မာပြည်သူများနှင့် အတူရပ်တည်ပေးရန် ဖိလစ်ပိုင်လွှတ်တော်တွင် တောင်းဆိုခဲ့တယ်လို့သတင်းရရှိပါတယ်။
မေလ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ဖိလစ်ပိုင်အောက်လွှတ်တော် အစည်းအဝေးတွင် ဖိလစ်ပိုင်အောက်လွှတ်တော် လူငယ်လွှတ်တော်အမတ် Hon. Raoul Danniel A. Manuel သည် မြန်မာနိုင်ငံဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားရာမှာဆိုခဲ့ပါတယ်။
“မြန်မာပြည်သူများနှင့် အတူရပ်တည်ရန်နှင့် ရာဇဝတ်သားစစ်တပ်ခေါင်းဆောင်များက ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရေး ခိုင်မာသော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့ မြှင့်တင်ပေးနိုင်ရန် အတူတကွ ကြိုးပမ်းပေးကြရန်” ဖိလစ်ပိုင်လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။
ဖိလစ်ပိုင်အောက်လွှတ်တော်အမတ်၏ မိန့်ခွန်းတွင် “မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့မှု၊ အရပ်သားပြည်သူများအား ဥပဒေမဲ့ဖမ်းဆီး ထောင်ချခြင်းများ၊ လူမဆန်သော ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းများ၊ အများပြည်သူပိုင် အိုးအိမ်များအား လုယက်ဖျက်ဆီးခြင်းနှင့် ဥပဒေမဲ့သိမ်းယူခြင်းများ၊ ဘာသာရေးအဆောက်အဦများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် စစ်ဘေးရှောင်စခန်းများသို့ လက်နက်ကြီးများ၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းမှုများ”ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
========================
📌📌 ၅။ ABSDFကျောင်းသားတပ်မတော် စစ်ကြောင်း ( ၃ ) ၊ အမှတ် (၁၂)တပ်ရင်း ကယောဒေသစခန်းမှာ စိုက်ပျိုးထားတဲ့ မိုးကြို မြေပဲခင်းတွေကို ရိတ်သိမ်းခဲ့ပြီး မြေပဲတောင့် ထွက်နှုန်း တင်း ၁၀၀ထွက်ရှိခဲ့
မေလ၂၁ရက်
ABSDFကျောင်းသားတပ်မတော် စစ်ကြောင်း ( ၃ ) ၊ အမှတ် (၁၂)တပ်ရင်း ကယောဒေသစခန်းမှာ စိုက်ပျိုးထားတဲ့ မိုးကြို မြေပဲခင်းတွေကို ရိတ်သိမ်းခဲ့ပြီး မြေပဲတောင့် ထွက်နှုန်း တင်း ၁၀၀ထွက်ရှိခဲ့ပါတယ်။
မေလ၂၁ရက်မှာ ABSDFကျောင်းသားတပ်မတော် စစ်ကြောင်း ( ၃ )ကအသိပေးဆိုပါတယ်။
"ABSDFကျောင်းသားတပ်မတော် စစ်ကြောင်း ( ၃ ) ၊ အမှတ် (၁၂)တပ်ရင်း ကယောဒေသစခန်းမှာ စိုက်ပျိုးထားတဲ့ မိုးကြို မြေပဲခင်းတွေကို ရိတ်သိမ်းခဲ့ပါပြီ။ တပ်စခန်းရှိ ရဲဘော် ၊ ရဲမေ လုပ်အားစိုက်ထုတ်မှု ပြည်သူလူထုက ကူညီဆောင်ရွတ်ပေးမှုများနဲ့ မြေပဲနှုတ်၊ မြေပဲခြွေတဲ့လုပ်ငန်းတွေ အပြီးသတ် ဆောင်ရွတ်နိုင်ခဲ့ပါတယ်။ ယခုမြေပဲခင်းကို ဖေဖော်ဝါရီလက စတင်စိုက်ပျိုးခဲ့ပြီး မေလတတိယအပတ်မှာ ရိတ်သိမ်းခဲ့တာပါ။ ဒေသခံပြည်သူလူထုရဲ့ ပံ့ပိုးကူညီမှုနဲ့ တပ်တွင်းရဲဘော်တွေရဲ့ လုပ်အားများကြောင့် မြေပဲဧက ၂ ဧကမှာ ကုန်ကျစရိတ် ၄ သိန်းလောက်သာ ရှိခဲ့ပေမယ့် မြေပဲတောင့် ထွက်နှုန်းက တင်း ၁၀၀ ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ ရရှိလာသော မြေပဲများကို ဆီကြိတ်ပြီး တပ်တွင်းရိက္ခာ စားသုံးဆီ အနေနဲ့ အသုံးပြုသွားမယ်လို့ သတင်းရရှိပါတယ်။
ယခုလို စိုက်ပျိုးနိုင်အောင် အဘက်ဘက်မှ ကူညီထောက်ပံ့ပေးတဲ့ ပြည်သူများကို ကျွန်ုပ်တို့ ABSDF ရဲဘော်များမှ အထူး ကျေးဇူးတင်ရှိတယ်လို့လည်းဆိုထားပါတယ်။
========================
📌📌 ၆။ ဘီလင်းမြို့ မဲပလီစခန်းအား ဒရုန်းနဲ့ဗုံးသီးငါးလုံးကြဲချတိုက်ခိုက်
မေလ၂၁
မွန်ပြည်နယ် ဘီလင်းမြို့ မဲပလီစခန်းအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ဒရုန်းနဲ့ ဗုံးသီးငါးလုံးကြဲချခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRFကအတည်ပြုဆိုပါတယ်။
"မေလ၂၁ရက် ဘီလင်းမြို့ မဲပလီစခန်းအား မနက် ၉နာရီ ၉မိနစ်တွင် ဗုံးသီး၂လုံး၊ ၉နာရီ၃၁အချိန်တွင် ဗုံးသီး၃လုံး ပစ်ချတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
စစ်ဆင်ရေးတွင် အထိအခိုက်မရှိ တော်လှန်ရေးအင်အားစုများ ပြန်လည်ဆုတ်ခွာနိူင်ခဲ့ပြီး စကစဘက်က ထိခိုက်မှုကို အတည်ပြုစုံစမ်းနေတယ်လို့သိရပါတယ်။
========================
📌📌 ၇။ မကွေးတိုင်း၊ နတ်မောက်မြို့နယ်က မြင်းတဲကြီးကျေးရွာမှာ တော်လှန်ရေးရဲဘော်ခေတ္တရောက်ရှိချိန် စကစ အင်အား ၃၀ဝိုင်းဝန်းလာသော်လည်း ရဲဘော်များက ပြန်လည်မိုင်းခွဲတိုက်ခိုက်၍ ငါးဦးသေဆုံး
မေလ၂၁
မကွေးတိုင်း၊ နတ်မောက်မြို့နယ်က မြင်းတဲကြီးကျေးရွာမှာ တော်လှန်ရေးရဲဘော်ခေတ္တရောက်ရှိချိန် စကစ အင်အား ၃၀ဝိုင်းဝန်းလာသော်လည်း ရဲဘော်များက ပြန်လည်မိုင်းခွဲတိုက်ခိုက်၍ ငါးဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။
မေလ၂၀ရက်မနက် ၁၀ နာရီအချိန်မှာ စကစတပ်ဖွဲ့ဝင်များမှ အင်အား၃၀နဲ့ ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးစားခဲ့တာလို့ နတ်မောက်မြို့ ၉၀၁ တပ်ရင်းကအသိပေးဆိုပါတယ်။ ဖြစ်စဥ်မှာ ဝိုင်းလာသော စကစအဖွဲ့ဝင်များကို ပြန်လည်မိုင်းဆွဲတိုက်ခိုက်၍ ကနဦး နှစ်ဦးသေဆုံးကာ ဆေးရုံတွင် သုံးဦးထပ်မံသေဆုံးခဲ့တယ်လို့သိရပါတယ်။
နတ်မောက်မြို့ ၉၀၁ တပ်ရင်းအနေနဲ့ စကစကို အမြစ်ပြုတ်တဲ့အထိတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ စကစနဲ့ ဝေးရာတွင်နေထိုင်ကြရန်အသိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၈။ မန္တလေးတိုင်းဒေသကြီး ၊ မတ္တရာမြို့အတွင်းရှိ အ.ထ.ကကျောင်းကြီးအရှေ့ဘက် စစ်ကောင်စီ ညကင်းဂိတ်စခန်းကို RPG 7 ဖြင့် ပစ်ခတ်၍ စကစတပ်ကနှစ်ဦးသေဆုံး
မေလ၂၁ရက်
မန္တလေးတိုင်းဒေသကြီး ၊ မတ္တရာမြို့အတွင်းရှိ အ.ထ.ကကျောင်းကြီးအရှေ့ဘက် စစ်ကောင်စီ ညကင်းဂိတ်စခန်းကိုRPG 7 ဖြင့် ပစ်ခတ်၍ စကစတပ်ကနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ မေလ ၁၉ရက် ည(၈)နာရီ ၂၀ မိနစ်တွင်မတ္တရာမြို့အတွင်းရှိ အ.ထ.ကကျောင်းကြီးအရှေ့ဘက် စစ်ကောင်စီ ညကင်းဂိတ်စခန်းကို RPGနဲ့ ပစ်ခတ်ခဲ့တယ်လို့ တောကြီးမြွေပွေးအဖွဲ့ကဆိုပါတယ်။
"မန္တလေးတိုင်းဒေသကြီး ၊ မတ္တရာမြို့အတွင်းရှိ အ.ထ.ကကျောင်းကြီးအရှေ့ဘက် စစ်ကောင်စီ ညကင်းဂိတ်စခန်းကို မေလ(၁၉)ရက် ည(၈)နာရီ ၂၀ မိနစ်တွင် တောကြီးမြွေပွေးတပ်ဖွဲ့ ၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး ၊ အဖွဲ့ (၅)၊ မန္တလေးတိုင်းဒေသကြီးအခြေစိုက်တို့ ပူးပေါင်း၍RPG 7 ဖြင့် ပစ်ခတ်ရာ စစ်ကောင်စီ နှစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့တယ်"လို့ဆိုပါတယ်။
ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် အနီးပတ်၀န်းကျင်တွင် နေထိုင်ခြင်းမပြုရန် အသိပေးကြေညာထားပါတယ်။
========================
📌📌 ၉။ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမမှ ပျူလက်နက်ကိုင်တစ်ဦး အလင်းဝင်လာ၍ ဗျတ္တညီနောင်နှင့်ဗိုလ်ထွန်းတောက်အဖွဲ့မှ ကျပ်သိန်း တစ်ရာ ချီးမြှင့်ဂုဏ်ပြုခဲ့
မေလ၂၁ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမမှ ပျူလက်နက်ကိုင်တစ်ဦး အလင်းဝင်လာ၍ ဗျတ္တညီနောင်နှင့် ဗိုလ်ထွန်းတောက်အဖွဲ့မှ ကျပ်သိန်း တစ်ရာ ချီးမြှင့်ဂုဏ်ပြုခဲ့တယ်လို့ သတင်းရရှိပါတယ်။ မေ ၂၁ရက်မှာ ပျူစောထီးတစ်ဦးအလင်းဝင်လာတဲ့သတင်းကို ဗျတ္တညီနောင်အဖွဲ့ကအသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးရွာမမှ ပျူလက်နက်ကိုင်တစ်ဦးသည် လက်နက်၊ ကျည်နှင့်အတူ ဗိုလ်ထွန်းတောက်အဖွဲ့နှ င့်ညီနောင်ဖက် ကျွန်တော်တို့ ဗျတ္တညီနောင်အဖွဲ့ထံ ခိုလှုံခဲ့ပါတယ်။ အသိစိတ်အမှန်ဖြင့် ပြန်လည်ဝင်ရောက်လာသလို လက်နက်ပါအတူ ပါလာသည့်အတွက် ကျွန်တော်တို့ ဗျတ္တညီနောင်နှင့် ဗိုလ်ထွန်းတောက်အဖွဲ့မှလည်း ကျပ်သိန်း တစ်ရာ ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်"လို့ဆိုပါတယ်။
အလင်းဝင်လာသူ ပျူအပါအဝင် ကျန်တဲ့မိသားစုအားလုံးကိုပါ သက်ဆိုင်ရာ အေးငြိမ်းလုံခြုံရာအရပ်အထိ ပို့ဆောင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment