📌 (ချင်း တိုင်းရင်းသား - Daai ဒိုင်ရ် ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၃ မေလ ( ၂၇ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။ မင်းတပ်မှာ လက်နက်ကြီးကျည်ကျကွဲပြီး အမျိုးသမီးတစ်ဦး သေဆုံး၊
မင်းတပ်မြို့တွင်းမှာ မေလ ၂၃ရက်နေ့ မနက်က လက်နက်ကြီးကျည်ကျကွဲပြီး ထိခိုက်သေဆုံးသူတွေရှိနေတယ်လို့ သိရပါတယ်။
အရှေ့ပြင်ရပ်ကွက် ဘန်ကလို ထင်းရှူးတောအနီး ဥယျာဉ်ခြံတစ်ခုမှာ နေထိုင်တဲ့ အသက် ၇၀ ကျော်အမျိုးသမီးတစ်ဦး လက်နက် ကြီးကျည်ထိမှန် သေဆုံးတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“အရှေ့ မီးသတ်ကုန်းကနေ လှမ်းပစ်တာ၊ ဥယျာဉ်မှာနေတဲ့ အဖွားကြီးတစ်ယောက် ပွဲချင်းပြီး ဆုံးသွားတယ်တဲ့။”လို့ ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ မေလ ၂၃ ရက်နေ့မနက် ၁၁ နာရီဝန်းကျင်မှာ ဖြစ်တာပါ။
တစ်နေကုန်နီးပါး မင်းတပ် ခလရ ၂၇၄ တပ်ရင်းအပါအဝင် ကျောက်ထုအမြောက်တပ်ကနေပါ မင်းတပ်မြို့ အနီးဝန်းကျင်ကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေတာလို့ သိရပါတယ်။
မြို့ပြင်က ဂိတ်တွေမှာ ညနေ ၆ နာရီခွဲဝန်းကျင်အထိ သေနတ်သံတွေ တောက်လျှောက်ကြားနေရတယ်လို့ နောက်ထပ် ဒေသခံ က ဆိုပါတယ်။
ဒီတစ်ရက်တည်းမှာပဲ စစ်ကောင်စီ လက်နက်ကြီးကျည်ကြောင့် ဘဝသစ်ရပ်ကွက် ကျောက်ပြင်ကုန်းရှိ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကြားသိရပေမယ့် ဒီဖြစ်စဉ်ကိုတော့ အတိအကျမသိရသေးဘူးလို့ အဲဒီပုဂ္ဂိုလ်က ဆက်ပြောပါတယ်။
========================
📌📌 ၂။ မိုင်းမတော်တဆကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) ရဲဘော်တဦး အသက်ဆုံးရှုံး
မိုင်းမတော်တဆကြောင့်ရတဲ့ ဒဏ်ရာနဲ့ ရဲဘော်တဦး အသက်ဆုံးရှုံးတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) က မေလ ၂၃ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။ ဟားခါး - မတူပီကားလမ်းတနေရာမှာ မေလ ၂၃ ရက် အစောပိုင်း စစ်ဆင်ရေးအတွင်း မိုင်းမတော်တဆကြောင့် ရတဲ့ဒဏ်ရာ ဆေးကုသမှုပေးနေစဉ် အဲဒီနေ့ ည ၈ နာရီဝန်းကျင်မှာ အသက်ဆုံးရှုံးတာလို့ ကာကွယ် ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ “ဖြစ်စဉ် မှန်ပါတယ်၊ စစ်ကောင်စီရဲ့ လှုပ်ရှားမှုကို ကျနော်တို့အနေနဲ့ အမြဲ သတိထား နေရတဲ့ချိန် ဖြစ်နေတော့ ရှေ့တန်းတနေရာမှာ တာဝန်ထမ်းဆောင်ရင်း ဖြစ်သွားတာပါ။” လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) ပြန်ကြားရေး တာဝန်ခံ ဆလိုင်းအာရွန်က The Mindat Postကို ပြောပါတယ်။
မိုင်းမတော်တဆကြောင့် ဦးခေါင်းနဲ့ တစ်ကိုယ်လုံးအနှံ့ ဒဏ်ရာရတာဖြစ်ပြီး ဆေးကုသဖို့ ကြိုးစားရင်း အချိန်မမီလိုက်တာလို့ ဆိုပါတယ်။အသက်ဆုံးရှုံးရသူဟာ အသက် ၁၈ နှစ်ဝန်းကျင်သာရှိသေးတယ်လို့လည်း ဆလိုင်းအာရွန်က ဆက်ပြောပါတယ်။
လက်ရှိမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့အတွက် ဆေးကုသမှုတွေပေးမယ့် ကျန်းမာရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်တွေ များစွာလိုအပ်နေသေးတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)က ပြီးခဲ့တဲ့ ဧပြီလမှာ ကြေညာ ထားပါတယ်။
၂၀၂၃ မေလဆန်းပိုင်းက မတူပီဗျူဟာအထိုင်စခန်းတခု စီးနင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ရက် ၂၀ ကြာတဲ့ လက်ရှိချိန်ထိ စစ်ကောင်စီက မတူပီမြို့တွင်းမှာ အဖမ်းဆီး တင်းကျပ် နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
========================
📌📌 ၃။ ချင်းပြည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၅၄ ဦး အထိရှိ
၂၀၂၃ ခုနှစ်အတွင်း ထန်တလန်နယ်ပြီးရင် မင်းတပ်နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးလို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ၆၄ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA)က မေလ ၂၂ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြပါရှိပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးတဲ့ ၆၄ ဦးထက်မနည်းမှာ အရပ်သား (အမျိုးသမီး၊ ကလေးငယ်၊ အသက် ကြီးရင့်သူ) ၅၄ ဦးအထိ ပါဝင်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ချင်းအမျိုးသားတွေနေထိုင်ရာ (ချင်းပြည်နယ်နှင့် ကလေးခရိုင်) အတွင်းကို ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဧပြီလ ၃၀ အထိ လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးကာလ ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရတဲ့ အရေအတွက်ထဲက ၇၁ ရာခိုင်နှုန်းကျော်ဟာ ၂၀၂၃ ခုနှစ်ရဲ့ ပထမ(၄)လ (ဇန်နဝါရီမှ ဧပြီလ) အတွင်းမှာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဖြစ်တဲ့ ထန်တလန်နယ်ပြီးရင် မင်းတပ်မြို့နယ် မှာတော့ ၁၃ ကြိမ်နဲ့ ဒုတိယအများဆုံး တိုက်ခိုက်ခံနေရပါတယ်။
ဒီလို ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာကြောင့် ချင်းပြည်နယ်မှာ လူနေအိမ်၊ ဘာသာရေး အဆောက်အအုံနဲ့ စာသင်ကျောင်း ပေါင်း ၁၄၇ လုံးထက်မနည်း ပျက်စီးခဲ့ရတယ်လို့လည်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို အမြောက်အများ ချိုးဖောက်တာကြောင့် အမြန်ဆုံး ထိထိရောက်ရောက် အရေးယူပေးကြဖို့ ချင်းရေးရာ အဖွဲ့ချုပ်က တောင်းဆိုပါတယ်။
ယခု ဖော်ပြပါအချက်အလက်တွေဟာ တိုက်လေယာဥ်နဲ့ ဗုံးကြဲတာ၊ စက်သေနတ်နဲ့ ပစ်ခတ်တာမရှိဘဲ ပျံသန်းတဲ့ စစ်လေ ယာဉ်ကို ထည့်သွင်းရေတွက်တာ မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။
No comments:
Post a Comment