28th MAY 2023 - (Ethnic language program-CHO_MΓΌn) by Radio NUG



πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၃ α€™ေα€œ ( α‚αˆ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ α€α€œα€› ၂၇၄ တပ်ရင်းα€”ဲ့ α€›ဲစခန်းα€€ုα€”်းα€€ို α€€ာα€€ွα€š်α€›ေးပူးပေါင်းတပ်α€€ တပြိုင်α€α€Š်း တိုα€€်ခိုα€€်

 

မင်းတပ်α€™ြို့ပေါ် ထခြေα€…ိုα€€် α€α€œα€› ၂၇၄ တပ်ရင်းထထိုင်စခန်းα€”ဲ့ α€…α€…်α€€ောင်α€…ီထထိုင်ဂိတ်တွေα€€ို α€’ေα€žα€€ာα€€ွα€š်‌α€›ေး ပူးပေါင်းတပ်α€€ α€™ေα€œ ၂၅ α€›α€€်α€”ေ့α€™ှာ တိုα€€်ခိုα€€်ခဲ့α€α€š်α€œို့ ဂန့်ဂေါခရိုင် ထမှတ် (၁၃) တပ်ရင်းα€€ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မတူပီ) α€”ဲ့ ဂန့်ဂေါခရိုင် ထမှတ် (၃/၁၃) တပ်ရင်း ပူးပေါင်းတပ်α€–ွဲ့တို့ ပါဝင်တိုα€€်ခိုα€€်ခဲ့တာα€œို့ ပြောပါα€α€š်။

 

ပူးပေါင်းတပ်α€–ွဲ့α€€ α€›ှော့တိုα€€်α€’ုံး၊ Rocket α€™ျားα€–ြင့် ပစ်ခတ် တိုα€€်ခိုα€€်ခဲ့တာα€€ြောင့် α€™ြို့ထနောα€€်α€˜α€€် α€α€œα€› ၂၇၄ တပ်ရင်း၊ ထရှေ့ပြင်α€›ဲစခန်းα€€ုα€”်းα€”ဲ့ α€€α€”်ပက်α€œα€€်α€œα€™်းခွဲ α€…α€…်ဆေးα€›ေးဂိတ်α€”ေα€›ာတွေα€™ှာ α€€ျα€›ောα€€်ပေါα€€်α€€ွဲα€α€š်α€œို့ ထုတ်ပြα€”်ပါα€α€š်။

 

α€™ေα€œ ၂၆ α€›α€€် ထစောပိုင်းα€€α€œα€Š်း မင်းတပ် - α€€ျောα€€်ထုα€œα€™်းပိုင်းတနေα€›ာα€™ှာ α€…α€…်α€€ောင်α€…ီထင်ထား ၁၀၀ α€€ျော် α€…α€…်α€€ြောင်းα€€ို ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (α€€α€”်ပက်α€œα€€်) ဂန့်ဂေါခရိုင်ထမှတ် (၁၃) တပ်ရင်း ပူးပေါင်းတပ်α€–ွဲ့α€€ ပဒေα€žာ α€™ိုင်းဆွဲတိုα€€်ခိုα€€်ခဲ့α€α€š်α€œို့α€œα€Š်း ဆိုပါα€α€š်။

 

α€…α€…်α€€ောင်α€…ီα€›ဲ့ ထင်ထား ၁၀၀ α€€ျော် α€…α€…်α€€ြောင်းα€Ÿာ ထိခိုα€€်ဒဏ်α€›ာα€›α€žူတွေα€€ို ထမ်းစင်α€”ဲ့ α€žα€š်ပြီး မင်းတပ်α€˜α€€် ဆက်α€žွားα€α€š်α€œို့ ဂန့်ဂေါခရိုင် ထမှတ် (၁၃) တပ်ရင်းα€€ ထုတ်ပြα€”်ထားပါα€α€š်။

 

မင်းတပ်α€™ြို့α€”α€š်တွင်း α€žα€α€„်းတွေα€€ို ထမြဲα€–ော်ပြα€”ေတဲ့ HKL MINDAT α€€‌တော့ α€€ျောα€€်ထုα€€α€”ေ မင်းတပ်α€€ို ခြေα€œျင်တက်α€œာတဲ့ α€…α€…်α€€ောင်α€…ီ α€…α€…်α€€ြောင်း ထင်ထား ααˆα€ α€›ှိပြီး မင်းတပ်ထဲဝင်α€œာပြီး α€α€œα€› ၂၇၄ တပ်ရင်းα€˜α€€်α€€ို ဦးα€α€Š်α€”ေα€α€š်α€œို့ α€™ေα€œ ၂၆ α€›α€€်α€”ေ့ α€Šα€”ေ ၃ α€”ာα€›ီဝန်းα€€ျင်α€€ ပြောပါα€α€š်။

 

ပူးပေါင်းတပ်α€–ွဲ့α€›ဲ့ α€›ှော့တိုα€€်α€’ုံး၊ Rocket α€™ျားα€–ြင့် ပစ်ခတ်ခံရတဲ့ မင်းတပ်α€™ြို့တွင်းα€€ α€…α€…်α€€ောင်α€…ီ ထိခိုα€€်α€žေဆုံးα€™ှုα€…ာရင်းα€€ိုတော့ The Mindat Post ထနေα€”ဲ့ α€žီးခြားα€‘α€α€Š် မပြုα€”ိုင်‌α€žေးပါα€˜ူး။

 

ထခု α€™ေα€œα€…α€ုတ္ထထပတ်ထဲ မင်းတပ်α€™ြို့တွင်း၊ α€™ြို့ပြင်α€€ α€”ေα€›ာထတော်α€™ျားα€™ျားα€™ှာ ထင်ထား ၁၀၀ α€€ျော်α€›ှိတဲ့ α€…α€…်α€€ောင်α€…ီတပ်α€žားတွေ ထမြဲα€”ေα€›ာα€šူထားα€α€š်α€œို့ α€…ုံα€…α€™်းα€žိရပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ α‚။ α€€ျα€™်းα€…ာα€€ျောင်းတက်α€™α€š့် မင်းတပ်α€™ြို့α€”α€š် α€’ေα€žα€ံ ၃ ဦး α€–α€™်းဆီး α€”ှိပ်α€…α€€်ခံα€› 

 

α€žα€™္α€™ာα€€ျα€™်းα€…ာα€€ျောင်းတက်α€™α€š့် မင်းတပ်α€™ြို့α€”α€š်α€’ေα€žα€ံ ထမျိုးα€žား ၃ ဦး မတရားα€žα€–ြင့် α€–α€™်းဆီးα€”ှိပ်α€…α€€်ခံရပြီးတဲ့α€”ောα€€် ၁ ဦးα€žာ ပြα€”်α€œွတ်α€œာα€α€š်α€œို့ α€…ုံα€…α€™်းα€žိရပါα€α€š်။

 

ပြီးခဲ့တဲ့ α€™ေα€œ ၂၃ α€›α€€်α€”ေ့α€€ α€€ားပေါ်α€œိုα€€်ပါတဲ့ α€‘α€žα€€်α€œα€်ပိုင်း ထမျိုးα€žား ၃ ဦး α€™‌α€€ွေးတိုင်း၊ ချောα€€်α€™ြို့α€…α€…်α€€ောင်α€…ီဂိတ်α€™ှာ α€…ွပ်α€…ွဲα€–α€™်းဆီးခံရတာα€œို့ α€™ျα€€်α€™ြင်တွေα€€ ပြောပါα€α€š်။

 

၃ α€šောα€€်ထဲα€€ ၁ α€šောα€€်α€€ိုတော့ ပြα€”်α€œွှတ်ပေးα€α€š်၊ ထုထောင်းပြီးတော့α€œေ၊ α€€ျα€”်တဲ့ ၂ α€šောα€€်ကတော့ α€œွှတ်α€™α€›α€˜ူးဆိုပြီး α€–α€™်းα€žွားတာ၊ ခုထိα€˜ာα€žα€α€„်းα€™ှ α€™α€€ြားရတော့α€˜ူး။α€œို့ α€™ေα€œ ၂၅ α€›α€€်α€™α€”α€€်α€€ ဆိုα€€ြပါα€α€š်။

 

ထဲα€’ီထမျိုးα€žား ၃ ဦးα€Ÿာ မင်းတပ်α€™ြို့α€”α€š်၊ တိုα€€်α€”α€š်ထမှတ် ၁၁၊ ၁၃ α€˜α€€်α€€ α€’ေα€žα€ံတွေα€œို့ α€žိရပါα€α€š်။

 

α€™ေα€œ ၂၃ α€›α€€်α€”ေ့ မတရားα€…ွပ်α€…ွဲα€–α€™်းဆီးတဲ့ မင်းတပ်α€’ေα€žα€ံ ထမျိုးα€žား ၂ ဦးα€”ဲ့ပတ်α€žα€€်α€œို့ α€”ောα€€်ဆက်တွဲ α€žα€α€„်းထစထနကို ၂ α€›α€€်α€€ျော်α€€ြာထိ α€™α€€ြားα€žိα€›α€žေးပါα€˜ူး။

 

မတရားα€…ွပ်α€…ွဲα€–α€™်းဆီးခံရဆဲ ထမျိုးα€žား ၂ ဦးထတွα€€် α€”ောα€€်ဆက်တွဲ α€žα€α€„်းα€€ို α€›α€œိုα€α€š်α€œို့ α€™ိα€žားα€…ုဝင်တွေα€€ တောင်းဆိုα€”ေα€€ြပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ αƒ။ ချင်းပြα€Š်α€™ှာ α€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှုα€€ြောင့် α€žေဆုံးα€žူ ထရပ်α€žား ၅၄ ဦး ထထိα€›ှိ

 

α€…α€…်ထာဏာα€žိα€™်းပြီးα€”ောα€€် ချင်းပြα€Š်α€”α€š်α€™ှာ α€…α€…်α€€ောင်α€…ီα€€ α€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှု ၇၇ α€€ြိα€™်ထက်α€™α€”α€Š်း ပြုα€œုပ်ခဲ့ပြီး ၆၄ ဦးထက်α€™α€”α€Š်း α€žေဆုံးခဲ့α€›α€α€š်α€œို့ ချင်းα€›ေးα€›ာထဖွဲ့ချုပ် (ICA) α€€ α€™ေα€œ ၂၂ α€›α€€်α€”ေ့ ထုတ်ပြα€”်တဲ့ ထစီရင်ခံα€…ာတခုα€™ှာ α€–ော်ပြပါα€›ှိပါα€α€š်။

 

α€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှုα€€ြောင့်α€‘α€žα€€်ဆုံးα€›ှုံးတဲ့ ၆၄ ဦးထက်α€™α€”α€Š်းα€™ှာ ထရပ်α€žား (ထမျိုးα€žα€™ီး၊ α€€α€œေးα€„α€š်၊ α€‘α€žα€€်α€€ြီးရင့်α€žူ) ၅၄ ဦးထထိ ပါဝင်α€α€š်α€œို့ ပြောပါα€α€š်။

 

α€…α€…်α€€ောင်α€…ီတပ်α€Ÿာ ချင်းထမျိုးα€žားတွေα€”ေထိုင်α€›ာ (ချင်းပြα€Š်α€”α€š်α€”ှင့် α€€α€œေးခရိုင်) ထတွင်းα€€ို ၂၀၂၁ ခုα€”ှα€…်α€™ှ ၂၀၂၃ ခုα€”ှα€…် ဧပြီα€œ ၃၀ ထထိ α€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှု ၇၇ α€€ြိα€™်ထက်α€™α€”α€Š်း ပြုα€œုပ်ခဲ့α€α€š်α€œို့ ဆိုပါα€α€š်။ 

 

တော်α€œှα€”်α€›ေးα€€ာα€œ ချင်းပြα€Š်α€”α€š်ထတွင်း α€œေα€€ြောင်းတိုα€€်ခိုα€€်ခံရတဲ့ ထရေထတွα€€်ထဲα€€ ၇၁ α€›ာခိုင်α€”ှုα€”်းα€€ျော်α€Ÿာ ၂၀၂၃ ခုα€”ှα€…်α€›ဲ့ α€•α€‘α€™α€œေးα€œ (ဇန်နဝါα€›ီα€™ှ ဧပြီα€œ) ထတွင်းα€™ှာ α€–ြα€…်ပါα€α€š်။

 

၂၀၂၃ ခုα€”ှα€…်ထတွင်း ချင်းပြα€Š်α€”α€š်α€™ှာ α€œေα€€ြောင်းတိုα€€်ခိုα€€်ခံα€›α€™ှုထများဆုံး α€–ြα€…်တဲ့ ထန်α€α€œα€”်α€”α€š်ပြီးရင် မင်းတပ်α€™ြို့α€”α€š်α€™ှာတော့ ၁၃ α€€ြိα€™်α€”ဲ့ α€’ုတိα€šα€‘α€™ျားဆုံး တိုα€€်ခိုα€€်ခံα€”ေရပါα€α€š်။

α€’ီα€œို ပစ်α€™ှတ်ထားတိုα€€်ခိုα€€်ခံα€”ေရတာα€€ြောင့် ချင်းပြα€Š်α€”α€š်α€™ှာ α€œူα€”ေထိα€™်၊ α€˜ာα€žာα€›ေး ထဆောα€€်ထထုံα€”ဲ့ α€…ာα€žα€„်α€€ျောင်းပေါင်း ၁၄၇ α€œုံးထက်α€™α€”α€Š်း ပျα€€်α€…ီးခဲ့α€›α€α€š်α€œို့α€œα€Š်း ချင်းα€›ေးα€›ာထဖွဲ့ချုပ် (ICA) α€€ ထုတ်ပြα€”်ပါα€α€š်။

 

α€”ိုင်ငံတကာ ထဖွဲ့α€‘α€…α€Š်းတွေထနေα€”ဲ့α€œα€Š်း α€…α€…်α€€ောင်α€…ီα€›ဲ့ α€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှုတွေα€Ÿာ α€”ိုင်ငံတကာ α€œူα€žားချင်းα€…ာα€”ာα€™ှု α€₯ပဒေတွေα€€ို ထမြောα€€်ထများချိုးα€–ောα€€်တာα€€ြောင့် ထမြα€”်ဆုံး ထိထိα€›ောα€€်α€›ောα€€် ထရေးα€šူပေးα€€ြα€–ို့ ချင်းα€›ေးα€›ာထဖွဲ့ချုပ်α€€ တောင်းဆိုပါα€α€š်။

 

α€šα€ု α€–ော်ပြပါထချα€€်α€‘α€œα€€်တွေα€Ÿာ တိုα€€်α€œေα€šာα€₯်α€”ဲ့ α€—ုံးα€€ြဲတာ၊ α€…α€€်α€žေနတ်α€”ဲ့ ပစ်ခတ်တာα€™α€›ှိα€˜ဲ ပျံα€žα€”်းတဲ့ α€…α€…်α€œေα€šာဉ်α€€ို α€‘α€Š့်α€žွင်း α€›ေတွα€€်တာ α€™α€›ှိα€˜ူးα€œို့α€œα€Š်း α€–ော်ပြထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ α„။ α€™α€œေးα€›ှားα€™ှာ α€›ွှေ့ပြောင်းα€œုပ်α€žားတွေ ငွေα€Šα€…်၊ α€–α€™်းဆီးခံα€›α€™ှု ပိုα€™ျားα€œာ

 

α€™α€œေးα€›ှားα€”ိုင်ငံα€™ှာ α€›ဲတပ်α€–ွဲ့ဝင်တွေα€€ α€›ွှေ့ပြောင်းα€œုပ်α€žားတွေထပေါ် ငွေα€Šα€…်၊ α€–α€™်းဆီးတဲ့α€–ြα€…်စဉ်α€™ျိုး ပိုα€™ျားα€œာα€α€š်α€œို့ α€™α€œေးα€›ှားα€›ောα€€်α€›ှိα€”ေα€žူတွေထံα€€α€”ေ α€žိရပါα€α€š်။

 

ထထောα€€်ထထားကတ်တွေα€”ဲ့ မဆိုင်α€˜ဲ ငွေα€Šα€…်ခံα€”ေရတာα€œို့ α€™α€œေးα€›ှားα€™ှာ ၁၀ α€”ှα€…်α€€ျော်α€”ေထိုင် α€‘α€œုပ်α€œုပ်α€€ိုင်α€œာတဲ့ မင်းတပ်α€’ေα€žα€ံတဦးα€€ The Mindat Post α€€ို ပြောပါα€α€š်။

 

ခုα€α€œောα€›ဲတွေα€€ α€›ဲα€‘α€œုပ်α€™α€œုပ်α€˜ဲ ‌‌ငွေα€Šα€…်α€”ေα€€ြတာ၊ ကတ်α€”ဲ့မဆိုင်α€˜ူး၊ ကတ်α€›ှိα€α€š်ဆိုရင်တောင် α€”ိုင်ငံခြားα€žားဆို α€€ိုα€š်ထိα€œα€€်α€›ောα€€်α€€ိုα€œုပ်ပြီး‌ ငွေα€žိα€™်းတာ၊ α€’ါကတော့ α€€ျα€”ော်တို့α€˜α€€် ပေါ့α€”ော်။α€œို့ α€™α€œေးα€›ှား၊ Pahang α€˜α€€်ထခြေထနေα€€ို α€›ှင်းပြပါα€α€š်။

 

α€’ါ့ထပြင် α€…ိုα€€်ပျိုးα€›ေးα€œုပ်α€€ိုင်တဲ့ α€œုပ်ငန်းခွင်ထထိပါ ဝင်α€›ောα€€်α€›ှာα€–ွေ α€…α€…်α€™ေးခံရတာα€™ျိုး α€›ှိα€”ေα€α€š်α€œို့ ဆက်ပြောပါα€α€š်။

 

α€’ီα€œိုထခက်ထခဲ ရင်ဆိုင်α€”ေရပေα€™α€š့် α€›ွှေ့ပြောင်းα€œုပ်α€žားတွေထတွα€€် α€œုံခြုံα€™ှုပေးα€™α€š့် ထဖွဲ့α€‘α€…α€Š်းတွေ α€œောα€œောα€†α€š် α€›ှားα€”ေα€žေးα€α€š်α€œို့ ဆိုပါα€α€š်။

 

α€™α€œေးα€›ှားထစိုးရကတော့ ထထောα€€်ထထားα€™ဲ့ α€›ွှေ့ပြောင်းα€‘α€œုပ်α€žα€™ား α€”ိုင်ငံခြားα€žားတွေ α€–α€™်းဆီးပြီး α€žα€€်ဆိုင်α€›ာ α€”ိုင်ငံထစိုးရထံ α€œွှဲပြောင်းပေးတာα€™ျိုးα€€ို α€™α€€ြာခဏ α€œုပ်α€œေ့α€›ှိပါα€α€š်။

 

α€™α€œေးα€›ှားα€”ိုင်ငံ α€œုပ်α€žားတဦးα€€ို α€α€œα€™ှာ α€šေα€˜ုα€šျထားα€–ြင့် ရင်းဂစ် α€”ှα€…်ထောင်ဝန်းα€€ျင်ထထိ α€›α€”ေα€€ြပေα€™α€š့် α€‘α€œုပ်α€œုပ်α€”ေစဉ် α€œုံခြုံα€›ေးထတွα€€် ထာမခံချα€€် α€™α€›ှိα€”ိုင်α€žေးα€˜ူးα€œို့ ဆိုα€€ြပါα€α€š်။

 

α€™ြα€”်α€™ာα€”ိုင်ငံα€€α€”ေ α€™α€œေးα€›ှားα€”ိုင်ငံထဲα€€ို α€‘α€œုပ်α€œုပ်α€€ိုင်α€–ို့ α€”α€Š်းပေါင်းα€…ုံα€”ဲ့ α€žွားတာα€™ျိုးα€›ှိα€”ေα€žα€œို ထာဏာα€žိα€™်းပြီးတဲ့α€”ောα€€် ပြα€Š်တွင်းα€€α€”ေ ပြα€Š်ပထွα€€်တဲ့α€œူဦးα€›ေα€Ÿာ α€žိα€žိα€žာα€žာ ပိုα€™ျားα€œာပါα€α€š်။

 




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment