၂၀၂၃ ဇွန်လ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာ အကူအညီများNUGက ဆက်လက်ထောက်ပံ့ပေးလျက်ရှိ
📌 ၂။ မြန်မာ့နိုင်ငံရေး ပြဿနာတွေကိုဖြေရှင်းဖို့စဥ်းစားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်စဥ်းစားလို့မရနိုင်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးကပြောကြား
📌 ၃။ အလွန်ပင် အရေးကြီးလာတဲ့အချိန်မို့ တော်လှန်ရေးအတွက် ငွေတိုက်စာချုပ်ဘွန်းများဝယ်ယူရန် ရေဦးအမတ်တိုက်တွန်း
📌 ၄။ လေကြောင်းပစ်ကူပါပေးရတဲ့ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းစခန်းသိမ်းတိုက်ပွဲမှာ စကစတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးကာ စခန်းကို တော်လှန်ရေးအင်အားစုများ မီးရှို့ဖျက်ဆီးခဲ့
📌 ၅။ တောင်သာမြို့ ရုံးစည်ကြီး-တောင်သာလမ်း ပန်းပေါင်းလမ်းခွဲအနီး တောကောင်ရှာထွက်သည့်အရပ်သားများကို စကစတပ်ကပစ်ခတ်၍ တစ်ဦးကျည်ထိမှန်
📌 ၆။ ကရင်နီဒေသမှာ Starlink အင်တာနက်သုံးလို့ရပြီဟု Free Burma Ranger က ထုတ်ဖေါ်ပြောကြား
📌 ၇။ နွေဦးထီ ကို messenger chat box မှတဆင့် ၂၄ နာရီပတ်လုံး ကံစမ်းလို့ရပြီ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာ အကူအညီများNUGက ဆက်လက်ထောက်ပံ့ပေးလျက်ရှိ
ဇွန်လ၁၀
မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာ အကူအညီများNUGက ဆက်လက်ထောက်ပံ့ပေးလျက်ရှိတယ်လို့ ဇွန်လ၉ရက်နေ့မှာ NUG၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။
"စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကြမ်းဖက်
စစ်ကောင်စီတပ်၏ မီးရှို့ဖျက်စီးခံရသည့် ကျေးရွာများမှ မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူများအား လူသားစာနာဝန်ကြီးဌာနက သက်ဆိုင်ရာမြေပြင်အုပ်ချုပ်ရေးအဖွဲ့များ၊ လူသားစာနာတာဝန်ခံများ နှင့် ချိတ်ဆက်ပြီး လိုအပ်သည့် စားနပ်ရိက္ခာများ ချိတ်ဆက်ထောက်ပံ့ပေးလျက်ရှိပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တစ်နိူင်ငံလုံးမှာ အိုးအိမ်ပေါင်း ခြောက်သောင်းကျော်မီးရှို့ဖျက်ဆီးခဲ့ပြီး အများစုမီးလောင်ပျက်စီးမှုအများဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပါတယ်။
"စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည့်အပြင် ပြည်သူများနေထိုင်ရာ နေအိမ်အဆောက်အအုံများပါ မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အရေးပေါ်အမိုးအကာရရှိရေးအတွက် လူသားစာနာဝန်ကြီးဌာနက နေအိမ်များပြန်လည် တည်ဆောက်ပေးနိုင်ရန် ဆက်လက်ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါတယ်"လို့ NUG လူသားစနာဝန်ကြီးဌာနကဆိုပါတယ်။
========================
📌📌 ၂။ မြန်မာ့နိုင်ငံရေး ပြဿနာတွေကိုဖြေရှင်းဖို့စဥ်းစားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်စဥ်းစားလို့မရနိုင်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးကပြောကြား
ဇွန်လ၁၀ရက်
ဇွန်လ၁၀ရက်နေ့မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ၄င်းရဲ့လူမှုကွန်ရက်မှတစ်ဆင့် အခုလိုအသိပေးဆိုထားပါတယ်။
"နိုင်ငံရေးသမားတယောက်ဆက်လက်တည်ရှိခြင်း၊မတည်ရှိခြင်းဟာသူ့ကိုယုံကြည်ထောက်ခံတဲ့ပြည်သူလူထုရဲ့ဆန္ဒနဲ့ကာယကံရှင်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာဘဲမူတည်တယ်။လုပ်ရပ်မှန်ရင်တက်မယ်၊မှားရင်ကျမယ်။ဒါဘဲ။သိပ်ကိုရိုးရှင်းတယ်။ဝေဖန်ခွင့်ရှိတယ်။အပုတ်ချခွင့်တော့ကျင့်ဝတ်အရမသင့်ဘူး။နည်းလမ်းပေါင်းစုံသုံးပြီးဆွဲချလည်းလူထုထောက်ခံမှုရှိသရွေ့သူကျမှာမဟုတ်ဘူး။သဘောမတူညီမှုတွေကိုနိုင်ငံရေးအရဝေဖန်ထောက်ပြခွင့်ရှိတယ်။ပြန်လှန်ငြင်းပယ်ခွင့်လည်းရှိတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့သဘောထားကွဲပြားတာတွေများစွာရှိနိုင်တယ်။ဒါ ပြဿနာမဟုတ်ဘူး။ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာပြည်သူလူထုအများစုကြီးကယုံကြည်ထောက်ခံထားတယ်ဆိုတာကိုတော့မျက်ကွယ်ပြုလို့မရဘူး။ပြည်သူလူထုရဲ့ဆန္ဒကိုတော့ လေးစားရလိမ့်မယ်။ဒါကြောင့်ကိုယ်ကြိုက်တာ မကြိုက်တာ၊သဘောတူတာ မတူတာကတပိုင်းဘဲ။မြန်မာ့နိုင်ငံရေး ပြဿနာတွေကိုဖြေရှင်းဖို့စဥ်းစားမယ်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်ကိုချန်လှပ်စဥ်းစားလို့မရနိုင်ပါဘူး"လို့ဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဥ်းသားများအမြန်ဆုံးလွတ်မြောက်ဖို့ကိုလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးကဆုတောင်းစကားဆိုထားပါတယ်။
========================
📌📌 ၃။ အလွန်ပင် အရေးကြီးလာတဲ့အချိန်မို့ တော်လှန်ရေးအတွက် ငွေတိုက်စာချုပ်ဘွန်းများဝယ်ယူရန် ရေဦးအမတ်တိုက်တွန်း
ဇွန်လ၁၀
ဇွန်လ၁၀ရက်နေ့မှာ တော်လှန်ရေးနဲ့ပတ်သက်လို့အလွန်ပင် အရေးကြီးလာတဲ့အချိန်မို့ တော်လှန်ရေးအတွက် ငွေတိုက်စာချုပ်ဘွန်းများဝယ်ယူရန် ရေဦးအမတ်ဦးမြင့်ထွေးကတိုက်တွန်းဆိုလိုက်ပါတယ်။
"အရမ်းအရေးကြီးလာတဲ့အချိန်ခုခံစစ်ကနေ_တော်လှန်တိုက်စစ်လေ နှင့်ပြင်ဆင်လို့မရဘူး။ငွေဖြင့် ပြင်ဆင်မှသာ ရှေ့ရောက်မယ်။ဆိုတော့ ပွဲပြီးရင် ဧည့်ခန်းမှာပဲဖြစ်စေ။ဘီယာဝိုင်း လ္ဘက်ရည်ဝိုင်းမှာပဲဖြစ်စေ။ဂုဏ်ယူစွာမှတ်တမ်းတင် ပြန်ပြောနိုင်ဖို့တော်လှန်ရေးအတွက် Bond ဝယ်ယူပြီးခင်ဗျားတို့ပိုက်ဆံကို ခေတ္တခဏ စု ထားပေးပါ"လို့ဆိုပါတယ်။
မြန်မာနိုင်ငံသားများ အနေဖြင့် ငွေတိုက်စာချုပ်များဝယ်ယူလိုပါက ငွေတိုက်စာချုပ် အရောင်းကိုယ်စားလှယ်များကို တိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်ပြီး၊ Cryptocurrency ဖြင့် ပေးချေလိုသူများရှိပါကလည်း United Bonds Website သို့ ဝင်ရောက်ကာ တိုက်ရိုက် ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။
ငွေတိုက်စာချုပ် အရောင်းကိုယ်စားလှယ်များထံမှ ဝယ်ယူရာတွင် ကိုယ်စားလှယ်ထံတွင် မိမိဝယ်ယူသော ငွေတိုက်စာချုပ်တန်ဖိုး ကျသင့်ငွေကို ပေးချေပြီး နောက် ငွေရပြေစာ email တစ်စောင်ရရှိမှာဖြစ်ပါတယ်။
========================
📌📌 ၄။ လေကြောင်းပစ်ကူပါပေးရတဲ့ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းစခန်းသိမ်းတိုက်ပွဲမှာ စကစတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးကာ စခန်းကို တော်လှန်ရေးအင်အားစုများ မီးရှို့ဖျက်ဆီးခဲ့
ဇွန်လ၁၀ရက်
ဇွန်လ၁၀ရက်နေ့မှာ စစ်ရေးသတင်းကို Buffalo People Defenese Force တပ်ဖွဲ့က အတည်ပြုထုတ်ပြန် ပြောဆိုထားပါတယ်။
ဇွန်လ ၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ဆားလင်းကြီးမြို့နယ်အပိုင် ညောင်ပင်ကြီးရဲစခန်းကို တော်လှန်ရေးအင်အားစုများက စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပါတယ်။
စစ်ဆင်ရေးကိုBuffalo People Defenese Force နှင့် စစ်ကိုင်းပူးပေါင်းတပ်ဖွဲ့(ULF) တို့ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ စခန်းတစ်ခုလုံးမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲဘော် ကိုဝေယံ လင်း(ခေါ်) ရဲဖော်ဒိုလားဟာ ဝမ်းဗိုက်ကျည်ထိမှန်ကာ ကျဆုံးခဲ့ရတယ်လို့ဆိုပါတယ်။
အဆိုပါတိုက်ပွဲမှာ G3 သေနတ် (၄) လက်၊ MA သေနတ်(၁) လက်၊ စက်လက် (၁)လက်၊ ၇၉ (၁)လက် နှင့် လက်နက်ခဲယမ်း အ မြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ တောင်သာမြို့ ရုံးစည်ကြီး-တောင်သာလမ်း ပန်းပေါင်းလမ်းခွဲအနီး တောကောင်ရှာထွက်သည့်အရပ်သားများကို စကစတပ်ကပစ်ခတ်၍ တစ်ဦးကျည်ထိမှန်
ဇွန်လ၁၀
ဇွန်လ၁၀ရက်နေ့မှာ လူထုလှုပ်ရှားမှု့ကော်မတီ ကအသိပေးထုတ်ပြန်ရာတွင်"ဇွန်လ၉ရက် ည ၈နာရီဝန်းကျင်ရုံးစည်ကြီး-တောင်သာလမ်း ပန်းပေါင်းလမ်းခွဲအနီး ရွှေမန်းဇရပ်အနားမှာ ဇေယျာသီရိရွာမှ တောလည်(သားကောင်ရှာ)ထွက်သော ပြည်သူတစ်ဦးပစ်ခတ်ခံရပါတယ်။ဦးမြင့်ဝေပါ ရွာသား၈ယောက်သည် ညပိုင်း တောလိုက်ထွက်ရာ ရွှေမန်းဇရပ်အနီး ရုံးစည်ကြီးမှ ကင်းလှည့်ထွက်လာသော စကစတပ်များနှင့်တွေ့ရာမှ ပစ်ခတ်ခံရခြင်းဖြစ်တယ်"လို့ဆိုပါတယ်။
စကစတပ်များမှ သေနတ် ၅ချက်ခန့်ပစ်ခတ်ရာ ဦးမြင့်ဝေ၏ အောက်ပိုင်းကိုကျည်ထိမှန်ကြောင်းနှင့် ယခုနံနက်အထိ ဆေးကုသရန်ခက်ခဲနေကြောင်းသိရပါတယ်။
========================
📌📌 ၆။ ကရင်နီဒေသမှာ Starlink အင်တာနက်သုံးလို့ရပြီဟု Free Burma Ranger က ထုတ်ဖေါ်ပြောကြား
ဇွန်လ၁၀
ကရင်နီဒေသမှာ Elon Muskရဲ့ Starlink အင်တာနက်ကို သုံးစွဲခွင့်ရနေပြီလို့ ဇွန်လ၈ရက်နေ့တွင် Twitterမှတစ်ဆင့် Free Burma Ranger (FBR)အဖွဲ့ တည်ထောင်သူ David Eubank ကအသိပေးရေးသားထားပါတယ်။
"Starlink အင်တာနက် အသုံးပြုနိုင်နေပြီဖြစ်ပြီး ပံ့ပိုးပေးသည့် Elon Musk ကို ဘုရားသခင်ကောင်းချီးပေးပါစေ"လို့ ဆိုထားပါတယ်။
လက်ရှိမှာ အကြမ်းဖက် စစ်တပ်ဟာ ကရင်နီဒေသအပါအဝင်စစ်ကိုင်းတိုင်းတို့မှာ အင်တာနက်များဖြတ်တောက်၍ စစ်ကြောင်းထိုးကာ အရပ်သားများကို သတ်ဖြတ်မီးရှို့မှုများကျူးလွန်လျက်ရှိနေပါတယ်။
========================
📌📌 ၇။ နွေဦးထီ ကို messenger chat box မှတဆင့် ၂၄ နာရီပတ်လုံး ကံစမ်းလို့ရပြီ
ဇွန်လ၁၀
နွေဦးထီ ကို messenger chat box မှတဆင့် ၂၄ နာရီပတ်လုံး ဝယ်ယူအားပေးနိူင်ကြောင်း နွေဦးထီမိသားစုကဆိုထားပါတယ်။
"နွေဦးတော်လှန်ရေးရဲ့ အဓိက အင်အားတခု ဖြစ်တဲ့ CDM သူရဲကောင်းများကို နွေဦးထီက ထောက်ပံ့ကူညီတဲ့ အစီအစဉ် ဖြစ်တာနှင့်အညီ နွေဦးထီချစ်သူများ၏ အားပေးဝယ်ယူမှုက CDM သူရဲကောင်းများအတွက် အင်အားတရပ်ဖြစ်စေပါတယ်"လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ် မတ်လ တွင် NUG အစိုးရ၏ နွေဦးထီ အစီအစဉ်မှ ထောက်ပံ့ငွေများကို ဌာနအသီးသီးသို့ ခွဲဝေထောက်ပံ့ခဲ့ရာ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေခွဲတမ်း စုစုပေါင်း သုံးဆယ့်နှစ်သိန်းငါးသောင်းကျပ် တိတိကို ကျန်းမာရေး CDM ဝန်ထမ်း (65) ယောက် မှ မျှဝေ ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ တွင် ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေခွဲတမ်း စုစုပေါင်း သုံးဆယ့်နှစ်သိန်းကျပ် တိတိ ကို ကျန်းမာရေး CDM ဝန်ထမ်း (64) ယောက် မှ မျှဝေ ရရှိခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment