၂၀၂၃ ဇွန်လ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ခဲ့ကြတဲ့ သမိုင်းတစ်လျှောက်မှာ ယခုတစ်ကြိမ်ဟာ စကစချိနဲ့ပြိုလဲလုနီးနီးအထိ ဆောင်ရွက်လာနိုင်တယ်လို့ ဝန်ကြီးချုပ်ဆို
📌 ၂။ မြန်မာ့နိုင်ငံရေးတွင် ရုရှားနိုင်ငံ၏ ဝင်ရောက်စွက်ဖက်နေမှုများအပေါ် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)က ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ
📌 ၃။ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာရဲခန်းစခန်းသိမ်းတိုက်ပွဲမှာ ငွေသားတစ်ရာ့တစ်ဆယ့်လေးသိန်းကျပ်အား သိမ်းဆည်းရမိ
📌 ၄။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်အမှတ် (၁) တပ်ရင်းမှ (၂) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထောက်ပို့တပ်သားနှစ်ထောင်ခေါ်ယူ
📌 ၅။ အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)တို့မဟာမိတ်အဖြစ် ပူးပေါင်း
📌 ၆။ အမှုလိုက်ပါဆောင်ရွက်သောရှေ့နေများနှင့် သက်သေထွက်ဆိုမည့်သူများ၏ ဖုန်းများကို အကျဉ်းထောင်အတွင်းသို့ ယူဆောင်ခွင့်အားအကျဥ်းဦးစီးမှ တားမြစ်ပိတ်ပင်ထား
📌 ၇။ ကန့်ဘလူမြို့နယ်၊ ဘိုတဲကုန်းရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး
📌 ၈။ မြိတ်-ပုလော ပြည်ထောင်စုလမ်းမကြီးအား ည(၇)နာရီမှ နံနက်(၄)နာရီအတွင်း ဖြတ်သန်းသွားလာ ခြင်းမပြုလုပ်ဖို့ လမ်းပိုင်းဆိုင်ရာသတိပေး
📌 ၉။ တမာရိပ်မအေးလည်း အညာဟာတော်လှန်ဆဲ”ပြည်သူများ၏ ၁၁ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် “မကွေးဒေသရှိ ခုခံတော်လှန်ရေးအင်အားစုများ” အတွက် NUG Payက ပြည်သူများကို ဖိတ်ခေါ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ခဲ့ကြတဲ့ သမိုင်းတစ်လျှောက်မှာ ယခုတစ်ကြိမ်ဟာ စကစချိနဲ့ပြိုလဲလုနီးနီးအထိ ဆောင်ရွက်လာနိုင်တယ်လို့ ဝန်ကြီးချုပ်ဆို
ဇွန်လ၁၀ရက်
အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ခဲ့ကြတဲ့ သမိုင်းတစ်လျှောက်မှာ ယခုတစ်ကြိမ်ဟာ စကစချိနဲ့ပြိုလဲလုနီးနီးအထိ ဆောင်ရွက်လာနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၂၃/၂၀၂၃)တွင် ပြောကြားသည့် ဝန်ကြီးချုပ်မိန့်ခွန်းကောက်နုတ်ချက်အား ဇွန်လ၁၀ရက်မှာ ဖော်ပြပါတယ်။
"အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ခဲ့ကြတဲ့ သမိုင်းတစ်လျှောက်မှာ ဒီတစ်ကြိမ်မှာတော့ ချိနဲ့ပြိုလဲလုနီးနီးအထိ ဆောင်ရွက်လာနိုင်တာဟာ ပြည်သူရဲ့ ညီညွတ်မှုနဲ့ စိတ်အားထက်သန်မှုတွေကြောင့် ဖြစ်တယ်ဆိုတာ ဒီနေ့လက်ရှိအခြေအနေတွေက သက်သေပဲဖြစ်ပါတယ်။''လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့ခုခံတွန်းလှန်စစ်များ စတင်ဖို့ကြေညာခဲ့ပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၏ စုပေါင်းစွမ်းဆောင်ရည်ဖြင့် နှစ်နှစ်အတွင်း အနည်းဆုံး ရန်သူ့အင်အား (၃)သောင်း ခန့်ကို သုတ်သင်နိုင်ခဲ့ပြီး (၁)သောင်းကျော်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ မြန်မာ့နိုင်ငံရေးတွင် ရုရှားနိုင်ငံ၏ ဝင်ရောက်စွက်ဖက်နေမှုများအပေါ် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)က ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ
ဇွန်လ၁၀
မြန်မာ့နိုင်ငံရေးတွင် ရုရှားနိုင်ငံ၏ ဝင်ရောက်စွက်ဖက်နေမှုများအပေါ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)က ဇွန်လ၁၀ရက်မှာ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်ပါတယ်။
ရုရှားနိုင်ငံသည် ၂၀၀၇ ခုနှစ်ကတည်းက ကုလသမဂ္ဂ ညီလာခံ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံး၍ ပယ်ဖျက်ခြင်း၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွင် ပါဝင်သည့် မြန်မာနိုင်ငံအား စစ်လက်နက်မရောင်းရန် သဘောတူညီချက်ကို လက်မှတ်မရေးထိုးခြင်း၊ စစ်လက်နက်များ ဆက်လက်ရောင်းချနေခြင်း၊ ယခု ၂၀၂၃ ခုနှစ်၊ မေလတွင် ရုရှားအောက် လွှတ်တော် ဒုတိယဥက္ကဋ္ဌမှ အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်နှင့် ရုရှားနိုင်ငံတို့အကြား လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် နှစ်ဖက်နားလည်မှု စာချွန်လွှာရေးထိုးပြီး ဆောင်ရွက်နေခြင်းများကို တွေ့ရှိရပါတယ်လို့ ဖော်ပြပါတယ်။
ရုရှားနိုင်ငံအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် မင်းအောင်လှိုင်အား နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်မှု ပံ့ပိုးခြင်းသည် မြန်မာနိုင်ငံအတွင်းသာမက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်သည့် လက္ခဏာ ဆောင်သောကြောင့် အမြန်ဆုံး ရပ်တန့်ရန် လိုအပ်ပြီး မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျုးလွန်ရာတွင် အသုံးပြုနေသည့် စစ်လက်နက်ပစ္စည်းများနှင့် စစ်ထောက်လှမ်းရေးအတွက် ပံ့ပိုးမှုများ ရပ်ဆိုင်းရန်လည်း သတိပေးပါတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း မြန်မာပြည်သူများကို ပိုမိုဆိုးရွားစွာ အကြမ်းဖက် သတ်ဖြတ်နေပြီး လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၌ တရားစွဲဆို ခံထားရသည့် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆက်ဆံနေခြင်းသည် မြန်မာပြည်သူ ပြည်သားများအပေါ် နှိပ်စက်ညှင်းပန်းမှုကို အားပေးထောက်ခံခြင်း ဖြစ်သည့်အပြင် ကိုယ်တိုင်လည်း နိုင်ငံတကာ စည်းမျဉ်းများနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ကာ ယူကရိန်းနိုင်ငံကို မတရားကျူးကျော် ရန်စသိမ်းပိုက်ရန် ကြံစည်နေသည့် ရုရှားနိုင်ငံကို မိမိတို့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ရှုံ့ချပါတယ်လို့ဖော်ပြပါတယ်။
ရုရှားနိုင်ငံအနေဖြင့် အကြမ်းဖက်စစ်အုပ်စုကို တဖက်သတ် အားပေးမှုများ၊ တိုက်တွန်းကူညီမှုများ ယခုကဲ့သို့ ပြောင်ပြောင်တင်းတင်း ပြုလုပ်နေခြင်းသည် မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် အသက် ဘေးအန္တရာယ်နှင့် ဆင်းရဲဒုက္ခကို ပိုမို ခက်ခဲကြာရှည်အောင် ဆောင်ရွက်နေခြင်း ဖြစ်ပြီး မြန်မာ့ နိုင်ငံရေး အကြပ်အတည်းကို အမှန်တကယ် ပြေလည်စေလိုသည့် စိတ်စေတနာထက် အာဆီယံ ဒေသကို ထိန်းချုပ်လိုသည့် ရုရှားနိုင်ငံ၏ ပထဝီနိုင်ငံရေး ရည်ရွယ်ချက်သာဖြစ်၍ ဒေသအတွင်း တည်ငြိမ်မှုကိုပါ ထိခိုက်ပျက် ပြားစေသည့်အတွက် မိမိတို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၃။ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာရဲခန်းစခန်းသိမ်းတိုက်ပွဲမှာ ငွေသားတစ်ရာ့တစ်ဆယ့်လေးသိန်းကျပ်အား သိမ်းဆည်းရမိ
ဇွန်လ၁၀
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာရဲခန်း စခန်းသိမ်းတိုက်ပွဲမှာ ငွေသား တစ်ရာ့တစ်ဆယ့်လေးသိန်းကျပ်အား သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က ဇွန်လ၁၀ရက်မှာ အသိပေးဖော်ပြပါတယ်။
" ဇွန်လ (၉) ရက်နေ့၊ ညနေ(၅:၅၀)နာရီမှ ည (၇) နာရီထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ယင်းမာပင်ခရိုင် တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဆားလင်းကြီး-ပကဖ)နှင့် Alpha (ဆားလင်းကြီး-ပကဖ) တို့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ စခန်းမှုး ရဲအုပ် ဇော်ဌေးမြင့် ဦးစီးသော အင်အား(၄၀) ခန့်အထိုင်ချထားသည့် ညောင်ပင်ကြီးရွာရဲစခန်းကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တယ်"လို့ဆိုပါတယ်။
တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၁၂) ဦးကျဆုံးကာ MA-13 (၂)လက်၊ G-3 (BA-63) (၄)လက်၊ Shotgun (၁)လက်၊ 7.62 ကျည် (၂၀၄၀) တောင့်၊ 5.56 ကျည် (၅၀) တောင့်၊ 9MM ကျည် (၅၀၀) တောင့်၊ M-79/40 MM ဗုံးသီး (၂၉) လုံး၊ နာနတ်သီးလက်ပစ်ဗုံး (၁၃) လုံး၊ ငွေ ၁၁,၄၀၀,၀၀၀/- (တစ်ရာ့တစ်ဆယ့်လေးသိန်း) ကျပ်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ဖော်ပြပါတယ်။
ကာကွယ်ရေး ရဲဘော်(၁) ဦးကျဆုံးကာ (၂) ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။
ဇွန်လ(၉) ရက်နေ့၊ ည(၆:၂၄) နာရီတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ တက်လာသော MI-35 (၁) စီးဖြင့် ရန်သူ့တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့သော်လည်း ညောင်ပင်ကြီးရဲစခန်းအား အောင်မြင်စွာ စီးနင်းတိုက်ခိုက် မီးရှို့ဖျက်ဆီးကာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်အမှတ် (၁) တပ်ရင်းမှ (၂) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထောက်ပို့တပ်သားနှစ်ထောင်ခေါ်ယူ
ဇွန်လ၁၀ရက်
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်အမှတ် (၁) တပ်ရင်းမှ (၂) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထောက်ပို့တပ်သားနှစ်ထောင်ခေါ်ယူထားတယ်လို့ ဇွန်လ ၁၀ရက်နေ့မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်အမှတ် (၁) တပ်ရင်းမှ တရားဝင်အသိပေးဆိုထားပါတယ်။
"မိမိတို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်အမှတ် (၁) တပ်ရင်းမှ (၂) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထောက်ပို့တပ်သားခေါ်ဆိုရာတွင် memberပေါင်း (၃၅၀) မှ ပါ၀င်လာခဲ့ပါတယ်။ အရေအတွက်အားဖြင့် များစွာအားနည်းပါသောကြောင့် ဆက်လက်ပြီး ပါ၀င်ခြင်းအားဖြင့် member ၀င်ပေးကြဖို့ခေါ်ပါတယ်ဗျ"လို့ဆိုပါတယ်။
KNDF B01သည် ကရင်နီဒေသအတွင်း စကစတပ်များကို စစ်ရေးအရ အထိနာဆုံးတိုက်ခိုက်ခဲ့တဲ့ တပ်ရင်းလည်းဖြစ်ပါတယ်။
========================
📌📌 ၅။ အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)တို့မဟာမိတ်အဖြစ် ပူးပေါင်း
ဇွန်လ၁၀ရက်
အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)တို့ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်တယ်လို့ ဇွန်လ၁၀ရက်မှာ အရှိုချင်းကာကွယ်ရေးတပ် (ACDF)က တရားဝင်အသိပေးကြေညာပါတယ်။
အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့သည် မဟာမိတ်အဖြစ် ပူးပေါင်းကြောင်း အသိပေးကြေညာအပ်ပါတယ်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)တို့သည် အနာဂတ် နိုင်ငံတော်အား ဖက်ဒရယ်စနစ်ကို အခြေခံ၍ ကိုယ့်ကြမ္မာကို ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော နိုင်ငံတော်သစ် တစ်ရပ်ကို မျှော်မှန်းပါတယ်"လို့ဖော်ပြပါတယ်။
စစ်ရေးလှုပ်ရှားမှုများတွင် စနစ်ကျသော အမိန့်ပေးကွပ်ကဲမှုတစ်ရပ် တည်ဆောက်၍ အခြားသော မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အရှိုချင်းကာကွယ်ရေးတပ်မှ တပ်မှူး၊ တပ်သားများနှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ တပ်မှူး၊ တပ်သား များအားလုံးသည် ညီရင်းအကိုပမာ စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်သွားမယ်လို့ဖော်ပြဆိုပါတယ်။
========================
📌📌 ၆။ အမှုလိုက်ပါဆောင်ရွက်သောရှေ့နေများနှင့် သက်သေထွက်ဆိုမည့်သူများ၏ ဖုန်းများကို အကျဉ်းထောင်အတွင်းသို့ ယူဆောင်ခွင့်အားအကျဥ်းဦးစီးမှ တားမြစ်ပိတ်ပင်ထား
ဇွန်လ၁၀ရက်
အမှုလိုက်ပါဆောင်ရွက်သော ရှေ့နေများနှင့် သက်သေထွက်ဆိုမည့်သူများ၏ ဖုန်းများကို အကျဉ်းထောင် အတွင်းသို့ ယူဆောင်ခွင့်အားအကျဥ်းဦးစီးမှ တားမြစ်ပိတ်ပင်ထားတယ်လို့သိရပါတယ်။
ဇွန်လအတွင်းမှာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကအသိပေးဖော်ပြပါတယ်။
" ဇွန်လဆန်းပိုင်းလောက်မှစ၍ တရားသူကြီး၊ ဥပဒေအရာရှိ၊ ရဲဝန်ထမ်းများနှင့် (အ.က.စ)ဝန်ထမ်းများကိုသာ ဖုန်းအသုံးပြုခွင့် ပေးထားပြီး အမှူလိုက်ပါဆောင်ရွက်သော ရှေ့နေများနှင့် မတရားဖမ်းဆီးခံရသူများဘက်မှ သက်သေထွက်ဆိုမည့်သူများ၏ ဖုန်းများကို အကျဉ်းထောင်အတွင်းသို့ ယူဆောင်ခွင့်အား (အ.က.စ)မှ တားမြစ်ပိတ်ပင်လိုက်ပါတယ်"လို့ဆိုပါတယ်။
ယခုလက်တလောတွင် ထောင်တွင်းသတင်းများ မကြာခဏပေါက်ကြားနေသည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ကျဉ်းမိသားစုဝင်များ၏ ထောင်ဝင်စာ ပေးပို့ရာတွင် အခက်အခဲများစွာရှိနေတယ်လို့သိရပါတယ်။
ထို့အပြင် အင်းစိန်အကျဉ်းထောင်၌ အကျဉ်းချခံထားရသော မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများအား သံဒေါက်ဖြင့်ခတ်ခြင်း၊ သံခြေကျဥ်းခတ်ခြင်း၊ သာမန်အနေအထားတွင် လက်ထိပ်ခတ်ထားခြင်း စသဖြင့် ထောင်တွင်းဖိနှိပ်မှုများ ဖြစ်ပွားလျက်ရှိတယ်လို့လည်းဆိုပါတယ်။
========================
📌📌 ၇။ ကန့်ဘလူမြို့နယ်၊ ဘိုတဲကုန်းရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး
ဇွန်လ၁၀ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘိုတဲကုန်းရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဇွန်လ၁၀ရက်နေ့မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က အသိပေးဆိုပါတယ်။
ဇွန်လ ၁၀ ရက်နေ့မနက် ၁၀ နာရီ ၃၀ မိနစ်တွင်စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်ရှိ ဘိုတဲကုန်းရွာအား စစ်ကောင်စီတပ်နှင့် ပျူစောထီးစုပေါင်းအင်အား ၁၀၀ ခန့်မှ အကြမ်းဖက်ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ယင်းစစ်ကြောင်းသည် ရွာထဲတွင်အထိုင်ချတပ်စွဲထားခြင်းကြောင့် မီးလောင် ပျက်ဆီးဆုံးရှုံးမှုကိုမူ အတည်ပြု၍ မရနိုင်သေးဘူး"လို့ဆိုပါတယ်။
၎င်းအပြင် ချပ်သင်းတိုက်နယ်၊ ချပ်ကြီးပျူအထိုင်မှ စစ်ကြောင်းထိုးထွက်လာသောပျူစောထီးစစ်ကြောင်းသည် ဇွန်လ၁၀ရက် မနက် ၇ နာရီတွင် ပိတောက်ပင်ရွာမှ အပြစ်မဲ့ပြည်သူ ဦးသိန်းဝင်းအား ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး နောက် မနက် ၈ နာရီ ၃၀ မိနစ်တွင် ပင့်သာကြီးရွာမှ အပြစ်မဲ့ပြည်သူတစ်ဦးကိုလည်း လမ်းပြအဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရပါတယ်။
========================
📌📌 ၈။ မြိတ်-ပုလော ပြည်ထောင်စုလမ်းမကြီးအား ည(၇)နာရီမှ နံနက်(၄)နာရီအတွင်း ဖြတ်သန်းသွားလာ ခြင်းမပြုလုပ်ဖို့ လမ်းပိုင်းဆိုင်ရာသတိပေး
ဇွန်လ၁၀ရက်
မြိတ်-ပုလော ပြည်ထောင်စုလမ်းမကြီးအား ည(၇)နာရီမှ နံနက်(၄)နာရီအတွင်း ဖြတ်သန်းသွားလာ ခြင်းမပြုလုပ်ဖို့ လမ်းပိုင်းဆိုင်ရာသတိပေးချက်တစ်ရပ်ကို ဇွန်လ၁၀ရက်မှာ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်း
Palaw People's Defence Force ကအသိပေးထုတ်ပြန်ပါတယ်။
" ဇွန်လ ၁၀ ရက်နေ့မှစ၍ ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နှင့် အနီးအနားဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုများ မြင့်တက်လျက်ရှိပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ကြောင်းလှုပ်ရှားရာတလျှောက် ခရီးသွားပြည်သူများ၊ ခရီးသည်တင်မော်တော်ယာဉ်များနှင့် အိမ်စီးကားများအား လူသားဒိုင်းကာအဖြစ် အသုံးချကာ အရပ်သားပြည်သူအဖြစ်အသွင်ယူ၍ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်သည့် အခြေအနေ ရှိပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းအနေဖြင့် ခရီးသွားပြည်သူတို့၏ လုံခြုံရေးကို အထူးစိုးရိမ်မိပါတယ်"လို့ဆိုပါတယ်။
ထိုကြောင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ၏ လူမဆန်သည့်လုပ်ရပ်များကို ရှောင်ရှားနိုင်စေရန် မြိတ်-ပုလော ပြည်ထောင်စုလမ်းမကြီးအား ည(၇)နာရီမှ နံနက်(၄)နာရီအတွင်း ဖြတ်သန်းသွားလာ ခြင်းကို နောက်ထပ် ထုတ်ပြန်ကြေညာချက် မထုတ်ပြန်မီ ကာလအတွင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန် အသိပေးကြေညာထားပါတယ်။
========================
📌📌 ၉။ တမာရိပ်မအေးလည်း အညာဟာတော်လှန်ဆဲ”ပြည်သူများ၏ ၁၁ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် “မကွေးဒေသရှိ ခုခံတော်လှန်ရေးအင်အားစုများ” အတွက် NUG Payက ပြည်သူများကို ဖိတ်ခေါ်
ဇွန်လ၁၀ရက်
“တမာရိပ်မအေးလည်း အညာဟာတော်လှန်ဆဲ”ပြည်သူများ၏ ၁၁ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် “မကွေးဒေသရှိ ခုခံတော်လှန်ရေးအင်အားစုများ” အတွက် NUG Payက ပြည်သူများကို ဖိတ်ခေါ်လိုက်ပါတယ်။
"ပြည်သူများ၏ ၁၁ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် “မကွေးဒေသရှိ ခုခံတော်လှန်ရေးအင်အားစုများ” အတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားပါမယ်"လို့ဆိုပါတယ်။
လှူဒါန်းမှုများကို ဇွန်လ၁၀ရက်နေ့မှစ၍ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထိ လက်ခံသွားမှာ ဖြစ်ပြီး မြေပြင် အရောက် ပေးပို့သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment