11th JUN 2023 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၃ ဇွα€”်α€œ ( ၁၁ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ မင်းတပ် α€œူα€„α€š်၊ α€œူα€›ွα€š်တွေα€€ို ပြα€Š်တွင်း၊ ပြα€Š်ပ α€…ေα€œွှတ်တာ α€œျှော့ချα€–ို့ α€™ြို့α€”α€š် ပထဖ α€™ေတ္တာရပ်ခံ

 

မင်းတပ်α€™ြို့α€”α€š်ထတွင်းα€€ α€œူα€„α€š်၊ α€œူα€›ွα€š်တွေα€€ို ပြα€Š်တွင်း၊ ပြα€Š်α€•α€˜α€€် α€…ေα€œွှတ်တာ ဆက်မပြုα€œုပ်α€–ို့ α€™ေတ္တာရပ်ခံα€α€š်α€œို့ မင်းတပ်α€™ြို့α€”α€š် ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€ ဇွα€”်α€œ ၈ α€›α€€်α€”ေ့ α€›α€€်α€…ွဲα€”ဲ့ α€€ြေα€Šာပါα€α€š်။

 

တော်α€œှα€”်‌α€›ေးα€€ာα€œα€‘α€ွင်းα€™ှာ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) ထနေα€”ဲ့ မင်းတပ်α€™ြို့α€”α€š်α€€ ပြα€Š်α€žူ့α€…α€Š်းα€…ိα€™်၊ α€₯α€…္α€…ာထိα€”်းα€žိα€™်းα€…ောင့်α€›ှောα€€်α€”ေရပြီး α€’ီα€œုပ်ငန်းစဉ်တွေထတွα€€် α€œူα€„α€š်တွေ ပိုα€™ိုα€œိုထပ်α€œာα€α€š်α€œို့ ပြောပါα€α€š်။

 

ထာဏာα€žိα€™်းα€€ာα€œ CDM ဝန်ထမ်းတွေ၊ α€œူα€„α€š်တွေထပါထဝင် α€™ြို့α€”α€š်ထတွင်းα€€α€”ေ တခြားα€žော ပြα€Š်တွင်း၊ ပြα€Š်α€•α€˜α€€်α€€ို ထခြေချα€–ို့α€žွားα€”ေတာ၊ α€‘α€œုပ်α€€ိုင်α€žα€…်α€›ှာα€–ွေα€–ို့α€žွားα€”ေတာα€™ျိုးα€Ÿာ ထရင်ထချိα€”်ထက် ပိုα€™ျားα€”ေα€α€š်α€œို့ မင်းတပ်α€™ြို့α€”α€š် α€’ေα€žα€ံတွေα€€ ပြောပါα€α€š်။

 

α€’ီα€€ာα€œα€™ှာ α€™ြို့α€”α€š် α€•α€Šာα€›ေးထတွα€€်α€œα€Š်း α€”ေα€›ာ၊ α€’ေα€žα€‘α€œိုα€€် α€™ူα€œα€α€”်း၊ α€‘α€œα€š်တန်း၊ ထထက်တန်းတွေα€€ို α€–ွင့်α€œှα€…်α€žα€„်α€€ြားပေးα€”ေα€α€š်α€œို့α€œα€Š်း α€™ြို့α€”α€š် ပထဖ α€€ ဆိုပါα€α€š်။

 

ထခုα€”ဲ့α€”ောင်α€œာα€™α€š့် α€”ိုင်ငံα€›ေး ဦးဆောင်α€™ှုထပိုင်းတွေα€™ှာ α€œူα€„α€š်တွေα€›ဲ့ ပါဝင်α€™ှုα€€ ထရေးα€€ြီးဆုံးα€–ြα€…်α€”ေတာα€€ြောင့် α€™ိα€˜α€•ြα€Š်α€žူတွေထနေα€”ဲ့ α€…α€…်α€€ောင်α€…ီα€›ဲ့ α€€ျောင်းα€™ှာ ထပ်α€”ှံတာ α€™α€œုပ်α€–ို့ တားα€™ြα€…်ထားပါα€žေးα€α€š်။

 

α€’ါ့ထပြင် α€œူα€„α€š်တွေα€€ို α€‘α€œုပ်α€œုပ်α€€ိုင်α€–ို့ α€”α€š်ခြား၊ ပြα€Š်α€•α€˜α€€် α€…ေα€œွှတ်တာα€™ျိုးα€€ိုα€œα€Š်း မခိုင်းα€…ေα€€ြα€–ို့ မင်းတပ်α€™ြို့α€”α€š် ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€ ၂၀၂၃ ဇွα€”်α€œ ၈ α€›α€€်α€”ေ့ α€›α€€်α€…ွဲα€”ဲ့ α€™ေတ္တာရပ်ခံထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ α‚။ မင်းတပ်α€™ှာ တက္α€€α€žိုα€œ်ဝင်α€…ာα€™ေးပွဲ ထောင်ချα€€်α€€ောင်း

 

၂၀၂၂၂၀၂၃ ခုα€”ှα€…် α€•α€Šာα€žα€„်α€”ှα€…်တက္α€€α€žိုα€œ်ဝင်တန်း α€…ာα€™ေးပွဲထောင်α€…ာရင်းα€€ို α€…α€…်α€€ောင်α€…ီα€€ ဇွα€”်α€œ ၉ α€›α€€်α€”ေ့α€™ှာ ထုတ်ပြα€”်ပါα€α€š်။

 

ထာဏာα€žိα€™်းα€€ာα€œ မင်းတပ်α€™ှာ ပထမဆုံးα€€ျင်းပတဲ့ ၂၀၂၃ တက္α€€α€žိုα€œ်ဝင်α€…ာα€™ေးပွဲα€™ှာ ခုံထမှတ် ခမ - ၂ α€€ α€žိပ္ပံα€˜ာα€žာရပ်α€™ှာ ဓာတု၊ α€›ူပ၊ ဇီဝဗေα€’ ၃ α€˜ာα€žာ ဂုဏ်ထူးပါα€α€š်α€œို့ ထုတ်ပြα€”်ထားα€žα€œို ထောင်ချα€€်α€€ောင်းα€α€š်α€œို့α€œα€Š်း α€•α€Šာα€›ေးα€‘α€žိုင်းထဝန်းα€”ဲ့ α€”ီးစပ်α€žူတွေα€€ ပြောပါα€α€š်။

 

၂၀၂၃ ခုα€”ှα€…် တက္α€€α€žိုα€œ်ဝင်တန်း α€…ာα€™ေးပွဲα€€ို ပြီးခဲ့တဲ့ မတ်α€œ ၈ α€›α€€်α€”ေ့α€€ တနိုင်ငံα€œုံးα€™ှာ တပြိုင်α€α€Š်း α€€ျင်းပခဲ့တာပါ။ 

 

မင်းတပ်α€…ာα€–ြေα€Œာနထနေα€”ဲ့ ထထက ၁ α€€ျောင်းα€™ှာ α€…ာα€™ေးပွဲα€…α€…်ပြီး α€–ြေဆိုα€žူ α€‘α€šောα€€် αˆα€ α€”ီးပါးα€›ှိα€α€š်α€œို့ α€œα€€်α€›ှိ မင်းတပ်α€™ြို့ α€•α€Šာα€›ေးဝန်ထမ်း တဦးα€€ The Mindat Post α€€ို α€…ာα€™ေးပွဲစတင်α€€ျင်းပတဲ့ ၂၀၂၃ မတ်α€œ ၈ α€›α€€်α€”ေ့α€€ ပြောခဲ့α€–ူးပါα€α€š်။

 

၂၀၂၁ α€”ဲ့ ၂၀၂၂ ခုα€”ှα€…်တွေα€€ α€…α€…်α€€ောင်α€…ီ ထာဏာα€žိα€™်းတာα€€ြောင့် မင်းတပ်α€™ှာ တက္α€€α€žိုα€œ်ဝင်တန်း α€…ာα€™ေးပွဲ α€€ျင်းပနိုင်ခဲ့တာα€™α€›ှိα€žα€œို α€€α€”်ပက်α€œα€€်၊ ထန်α€α€œα€”်α€™ြို့α€”α€š်တွေα€™ှာတော့ ခုချိα€”်ထိ α€™α€€ျင်းပနိုင်α€žေးပါα€˜ူး။

 

ချင်းတပြα€Š်α€”α€š်α€œုံးα€™ှာ ၂၀၂၃ ခုα€”ှα€…် တက္α€€α€žိုα€œ်ဝင်တန်း ထောင်ချα€€်α€›ာခိုင်α€”ှုα€”်း ၇၂.၄၂ ထထိα€›ှိα€”ေပြီး တနိုင်ငံα€œုံးထတိုင်းထတာα€”ဲ့ ထဆင့် ၅ α€™ှာ ရပ်α€α€Š်α€”ေα€žα€œို တက္α€€α€žိုα€œ်ဝင်တန်း α€…ာα€™ေးပွဲα€–ြေဆိုတဲ့ α€žα€€်တမ်းα€α€œျှောα€€် ထောင်ချα€€်α€›ာခိုင်α€”ှုα€”်း ထမြင့်ဆုံးα€”ှα€…်α€œို့α€œα€Š်း ဆိုα€”ိုင်ပါα€α€š်။ 

 

========================

 

πŸ“ŒπŸ“Œ αƒ။ မတူပီα€™ှာ α€’ေα€žα€€ာα€€ွα€š်‌α€›ေးတပ်α€–ွဲ့α€”ဲ့ α€…α€…်α€€ောင်α€…ီတပ်ထကြား α€…α€…်‌α€›ေးတင်းα€™ာα€”ေ

 

မင်းတပ် - မတူပီ α€™ော်တော်α€€ားα€œα€™်းပိုင်းα€˜ေးပတ်α€œα€Š် မတူပီα€”α€š်တွေα€™ှာ ထင်ထားα€žုံး α€…α€…်α€€ြောင်းထိုးα€”ေတဲ့ α€…α€…်α€€ောင်α€…ီတပ်α€”ဲ့ α€’ေα€žα€€ာα€€ွα€š်‌α€›ေးတပ်ထကြား α€…α€…်α€›ေးတင်းα€™ာα€”ေα€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မတူပီ) α€€ ဇွα€”်α€œ ၇ α€›α€€်α€”ေ့ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

၂၀၂၃ ဇွα€”်α€œ ၆ α€›α€€်α€”ေ့α€€ မတူပီα€”α€š် α€›α€™်တိα€”်းα€€ျေးα€›ွာα€Ÿောင်းα€€ို ဝင်α€›ောα€€်α€œာတဲ့ α€…α€…်α€€ောင်α€…ီတပ်α€žား ၁၂၀ ဝန်းα€€ျင်α€”ဲ့ α€’ေα€žα€€ာα€€ွα€š်α€›ေးတပ်တို့ ထပြα€”်α€‘α€œှα€”် ပစ်ခတ်α€™ှု α€–ြα€…်ပွားပြီးတဲ့α€”ောα€€် ခုα€œိုα€…α€…်α€›ေးတင်းα€™ာα€”ေတာပါ။

 

ဇွα€”်α€œ ၆ α€›α€€်α€”ေ့ ထိတွေ့ပစ်ခတ်α€™ှုα€™ှာ α€”ှα€…်α€˜α€€်ထိခိုα€€်α€žေဆုံးတာα€™α€›ှိပေα€™α€š့် α€›α€™်တိα€”်းα€€ျေးα€›ွာα€Ÿောင်းα€›ဲ့ ၂ α€™ိုင်ဝန်းα€€ျင်ထကွာα€™ှာ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်တွေ ဇွα€”်α€œ ၇ α€›α€€်α€”ေ့ထထိ α€”ေα€›ာα€šူထားဆဲα€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မတူပီ) α€€ ထုတ်ပြα€”်ထားပါα€α€š်။

 

α€’ေα€žα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့α€”ဲ့ α€…α€…်α€€ောင်α€…ီတပ်ထကြား ပစ်ခတ်တိုα€€်ပွဲတွေ ဆက်α€›ှိα€œာα€”ိုင်တာα€€ြောင့် မတူပီ - မင်းတပ်α€œα€™်းမပေါ် ခရီးထွα€€်α€žွားα€œာတာα€€ို Chinland Defense Force - Matupi α€€‌ α€œောα€œောα€†α€š် တားα€™ြα€…်ထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ α„။ α€Ÿားခါး - ထန်α€α€œα€”်ထကြားတိုα€€်ပွဲ ဆက်α€œα€€်ပြင်းထန်

 

တိုα€€်ပွဲတွေ ဆက်တိုα€€်ပြင်းထန်α€”ေတဲ့ α€Ÿားခါး - ထန်α€α€œα€”်ထကြား α€žီα€™α€…်α€œွင်ပြင်ထနီးα€™ှာ ချင်းထမျိုးα€žားတပ်မတော် (CNA) α€™ှ α€›ဲα€˜ော် ၃ ဦးα€”ဲ့ CDF - Zophei α€™ှ α€›ဲα€˜ော် ၁ ဦး တိုင်းပြα€Š်α€”ဲ့ α€œူα€™ျိုးထတွα€€် α€‘α€žα€€်ပေး α€€ျဆုံးα€žွားα€α€š်α€œို့ ချင်းဂျာα€”α€š်α€€ α€–ော်ပြပါα€α€š်။

 

α€›ဲα€˜ော် ၄ ဦးα€Ÿာ ဇွα€”်α€œ ၅ α€›α€€်α€”ဲ့ ဇွα€”်α€œ ၆ α€›α€€်α€”ေ့ တိုα€€်ပွဲတွေα€™ှာ α€€ျဆုံးတာα€œို့ ဆိုပါα€α€š်။

 

α€…α€…်α€€ောင်α€…ီတပ်α€Ÿာ α€€ုα€”်းα€€ြောင်း၊ α€œေα€€ြောင်း၊ α€Ÿားခါးα€™ြို့α€€α€”ေ α€œα€€်α€”α€€်α€€ြီးပစ်α€€ူတွေα€”ဲ့ α€Ÿားခါး - ထန်α€α€œα€”်ထကြားα€€ို ထင်ထားထကုα€”်α€”ဲ့ α€…α€…်α€€ြောင်းထိုးα€”ေတာပါ။

 

ဇွα€”်α€œ ၆ α€›α€€်α€”ေ့ တိုα€€်ပွဲα€™ှာ α€€ျဆုံး ချင်းထမျိုးα€žားတပ်မတော် α€›ဲα€˜ော် α€†α€œိုင်း α€”ိုင်းα€™α€”ားထန်းα€Ÿာ α€€α€”်ပက်α€œα€€်α€™ြို့α€”α€š် ဇာတိα€–ြα€…်ပြီး α€€ျဆုံးချိα€”်α€™ှာ α€‘α€žα€€် ၁၈၊ ၁၉ α€”ှα€…်ဝန်းα€€ျင်α€žာα€›ှိα€žေးα€α€š်α€œို့ α€žူα€”ဲ့ ဆွေα€™ျိုးတော်စပ်α€žူα€€ The Mindat Post α€€ို ပြောပါα€α€š်။

 

၂၀၂၃ α€”ှα€…်ဦးပိုင်းα€€α€α€Š်းα€€ α€Ÿားခါး - ထန်α€α€œα€”်α€”α€š်တွေα€™ှာ ချင်းထမျိုးα€žားတပ်မတော်၊ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ပူးပေါင်းတွေα€”ဲ့ α€…α€…်α€€ောင်α€…ီတပ်ထကြား တိုα€€်ပွဲပြင်းထန်α€”ေပြီး α€”ှα€…်α€˜α€€်ထိခိုα€€် ဆုံးα€›ှုံးတာတွေ α€›ှိα€”ေပါα€α€š်။

 

ဇွα€”်α€œ ၅ α€›α€€်α€”ေ့တိုα€€်ပွဲထတွင်း α€…α€…်α€€ောင်α€…ီတပ်α€žား ၇ ဦး α€žေဆုံးα€α€š်α€œို့ α€™ြေပြင်α€žα€α€„်းထရင်းထမြα€…်တွေထံα€™ှ α€žိရတဲ့ထကြောင်းα€œα€Š်း ချင်းဂျာα€”α€š်α€€ α€–ော်ပြထားပါα€α€š်။

 

တိုα€€်ပွဲတွေ ဆက်တိုα€€်ပြင်းထန်α€”ေတဲ့ ချင်းပြα€Š်α€™ြောα€€်ပိုင်းα€™ှာ α€…α€…်α€€ောင်α€…ီα€€ α€€ုα€”်းα€€ြောင်း၊ α€œေα€€ြောင်းα€”ဲ့ ထပြင်းထထန်ထိုးα€…α€…်ဆင်α€”ေပါα€α€š်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment