17th JUN 2023 - Morning Daily News by Radio NUG

 


၂၀၂၃ ဇွန်လ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေသည့် မြန်မာနိုင်ငံသားများအား NUGနိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေး မေတ္တာရပ်ခံချက်ထုတ်ပြန်

📌 ၂။ CDM များအနေဖြင့် စိတ်ဓါတ်မကျဘဲ တော်လှန်ရေးပြီးဆုံးသည်အထိ လက်တွဲသွားစေလိုတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြောကြား

📌 ၃။ မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်းကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းမှာ အကြမ်းဖက် စစ်တပ်ကို ဖြုတ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုနဲ့ ဒီမိုကရေစီ အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေးဖြစ်တယ်လို့ဆို

📌 ၄။ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တွင် ကျင်းပသည့် International Conference of Emergency Medicine 2023 သို့ NUG ကျန်းမာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဥက္ကာ တက်ရောက်ဆွေးနွေး

📌 ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆေးတပ်က မကွေးတိုင်းအတွင်းရှိ  စိုးမိုးထိန်းချုပ်ရာ တစ်နေရာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား  အောင်မြင်စွာ မွေးဖွားသန့်စင်ပေးခဲ့

📌 ၆။ ကလေးမြို့ မှာ စကစတပ်များ ရမ်းသမ်းပစ်ခတ်လို့ သာစည်ကျေးရွာက ကလေးငယ်တစ်ယောက် အသက်ဆုံးရှုံးခဲ့ရ

📌 ၇။ ပေါင်းတည်မြို့နယ် ပဲခူးရိုးမခြေရင်း ရွှေလေးကြိုးဝိုင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရာ ()ဦး အပြင်းအထန်ဒဏ်ရာရ 

📌 ၈။ ရေနံချောင်းရဲစခန်းနှင့် ယာကြီးပြင် စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်၍ ရဲသုံးဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရ

📌 ၉။ ပခုက္ကူမြို့ တပ်မ-၁၀၁မှ  ပေါက်မြို့နယ် အတွင်းရှိ စကစ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) သို့ ရိက္ခာ ပို့ကားအားလုံခြုံရေးပေးရန်လာတဲ့ ဖောကားကို ပဒေသာမိုင်းခွဲတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေသည့် မြန်မာနိုင်ငံသားများအား NUGနိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေး မေတ္တာရပ်ခံချက်ထုတ်ပြန်


ဇွန်လ၁၆

အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေသည့် မြန်မာနိုင်ငံသားများအား NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေး မေတ္တာရပ်ခံချက်ထုတ်ပြန်လိုက်ပါတယ်။


ဇွန်လ (၁၅) ရက် ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ယာယီခိုလှုံနေကြသည့် မြန်မာနိုင်ငံသားများနှင့် ယင်းမြန်မာနိုင်ငံသားများ ဖွဲ့စည်းထားသည့် လူမှုအဖွဲ့အစည်းများအနေဖြင့် NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖော်ပြပါအချက်များကို လိုက်နာပေးကြရန် လေးစားစွာ မေတ္တာရပ်ခံပန်ကြားထားပါတယ်။


အဆိုပါကြေညာချက်အရ-

-အိန္ဒိယသမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာ (sovereignty) နှင့် နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာ (territorial integrity) ကို ထိပါးစေသည့် ပြုမူလုပ်ဆောင်မှုများကို ရှောင်ကြဉ်ကြရန်၊


-မိမိတို့ရောက်ရှိခိုလှုံနေထိုင်နေသည့် ပြည်နယ်၏ နိုင်ငံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာအရေးအရာများ (political and administrative matters) (ဥပမာ - နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုနှင့် လူမျိုးရေးအခြေပြုအချေအတင်ဖြစ်မှုများ) တွင် မလိုအပ်ဘဲ ငြိစွန်းရောယှက်မှုများ မရှိစေရေး သတိပြုနေထိုင်ကြရန်။


- မူးယစ်ဆေးဝါးနှင့် တောရိုင်းတိရိစ္ဆာန်များ တရားမဝင် ရောင်းဝယ်သယ်ဆောင်မှုပြုလုပ်ခြင်း၊ ယင်းကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းများ လုံးဝ မပြုလုပ်ကြပါရန်။


- မိမိတို့ရောက်ရှိ နေထိုင်နေသည့် ရပ်ကွက်/ကျေးရွာရှိ ဒေသခံပြည်သူလူထုနှင့် သင့်တင့်လျောက်ပတ်စွာနေထိုင်ပေးကြပါရန်နှင့် မိမိတို့နေထိုင်သည့် ရပ်ကွက်/ကျေးရွာတွင် ထုတ်ပြန်ထားသော လူမှုရေး၊ ဘာသာရေး စည်းကမ်းများကိုလည်း လိုက်နာပေးကြပါရန်


-မြန်မာနိုင်ငံသားများအနေဖြင့် လူမှုရေးအခက်အခဲပြဿနာများ ကြုံတွေ့ရပါက အနီးစပ်ဆုံး မြန်မာလွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများအား အသိပေး တိုင်ပင်ခြင်း၊ လိုအပ်ပါက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြရန်။


မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် ဤအသိပေးမေတ္တာရပ်ခံချက်ကို မိမိတို့နှင့် ဆက်စပ်ထိတွေ့နေသော စစ်ဘေးရှောင်စခန်းများနှင့် အသိုက်အဝန်းများသို့ ထပ်ဆင့်အသိပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ CDM များအနေဖြင့် စိတ်ဓါတ်မကျဘဲ တော်လှန်ရေးပြီးဆုံးသည်အထိ လက်တွဲသွားစေလိုတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြောကြား


ဇွန်လ၁၆

CDM များအနေဖြင့် စိတ်ဓါတ်မကျဘဲ တော်လှန်ရေးပြီးဆုံးသည်အထိ လက်တွဲသွားစေလိုတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က ဇွန်လ ၁၆ရက်မှာ ဝန်ကြီးဌာန CDM ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ပါတယ်။


"CDM ဝန်ထမ်းများသည်  ဝန်ထမ်းဖြစ်အောင် ကြိုးစားခဲ့၊ ရင်းနှီးမြှုပ်နှံခဲ့ရခြင်းများကို တော်လှန်ရေး အတွက် ရင်းနှီးမြှုပ်နှံခဲ့ကြခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတွင် ပါဝင်သူများအနေဖြင့် မိသားစုနှင့် ဝေးကွာနေကြပါကြောင်း၊ ဘဝပေါင်းများစွာ ရင်းနှီးခဲ့ရသူများဖြစ်သည့်အတွက် CDM ဝန်ထမ်းအားလုံးကို လေးစားပါကြောင်းနှင့် ယနေ့အချိန်အထိ မားမားမတ်မတ်ရပ်တည်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ CDM များအနေဖြင့် စိတ်ဓါတ်မကျဘဲ တော်လှန်ရေးပြီးဆုံးသည်အထိ လက်တွဲသွားစေလိုပါကြောင်း"ဝန်ကြီးက ပြောပါတယ်။


တက်ရောက်လာသည့် CDM ဝန်ထမ်းများက ဝန်ကြီးဌာနအနေဖြင့် သယံဇာတ အခွန်၊ ဒဏ်ကြေးကောက်ခံမှုများ ဆောင်ရွက်နေသည့် နေရာများနှင့် အခြေအနေများ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဆိုင်ရာ အကြောင်းအရာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများ၊ ဝန်ထမ်းများကို သင်တန်းပို့ချခြင်းဆိုင်ရာ ကိစ္စရပ်များ၊ CDM ထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များကို မေးမြန်းခဲ့ကြသည့်အပေါ်  ပြည်ထောင်စုဝန်ကြီးနှင့် သစ်တော/ပတ်ဝန်းကျင်ဆိုင်ရာ အတွင်းဝန်တို့က ပြန်လည်ဖြေကြားခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံခြင်းအစီအစဉ်သို့ ဝန်ကြီးဌာနရှိ လုပ်ငန်း/ဦးစီးဌာန အသီးသီးမှ CDM (၆၄) ဦး တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်းကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းမှာ အကြမ်းဖက် စစ်တပ်ကို ဖြုတ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုနဲ့ ဒီမိုကရေစီ အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေးဖြစ်တယ်လို့ဆို


ဇွန်လ၁၆

မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်းကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းမှာ အကြမ်းဖက် စစ်တပ်ကို ဖြုတ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုနဲ့ ဒီမိုကရေစီ အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဍကပြောပါတယ်။


ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဇွန်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိကျင်းပပြုလုပ်တဲ့ The International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers' Associations(IUF) နှစ် တစ်ကြိမ်ကျင်းပသော ၂၈ ကြိမ်မြောက် ညီလာခံမှာ အလုပ်သမားဝန်ကြီးက ဆိုခဲ့ပါတယ်။


" မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်းကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းမှာ အကြမ်းဖက် စစ်တပ်ကို ဖြုတ်ချပြီး အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံမှာ ဒီမိုကရေစီ အမြန်ဆုံး ပြန်လည် ဖော်ဆောင်ရေးပဲဖြစ်ပါတယ်။ စစ်အာဏာရှင် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများအတွက် မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ဒီ(၂၈)ကြိမ်မြောက် ညီလာခံမှာ ချမှတ်တဲ့ IUF ရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့အတူ ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းများကို ကြိုဆိုကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်ဟာ ဒီမိုကရေစီ နည်းလမ်းဖြင့် ပြည်သူရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးပြီး မတရား အာဏာသိမ်းဖို့ ကြိုးပမ်းချိန်က စလို့ အလုပ်သမားထု အပါအဝင် မြန်မာ ပြည်သူတရပ်လုံး စစ်အာဏာရှင် အဆုံးသတ်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက် နည်းလမ်း ပေါင်းစုံနဲ့ တော်လှန်နေတယ်လို့လည်း ညီလာခံမှာ ဝန်ကြီးကပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တွင် ကျင်းပသည့် International Conference of Emergency Medicine 2023 သို့ NUG ကျန်းမာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဥက္ကာ တက်ရောက်ဆွေးနွေး


ဇွန် (၁၆) ရက်

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တွင် International Conference of Emergency Medicine 2023 ကို ဇွန်လ (၁၃) ရက်မှာ ကျင်းပခဲ့ပြီး NUG ကျန်းမာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဥက္ကာမှ တက်ရောက်ခဲ့ကာ မြန်မာနိုင်ငံ၏ အရေးပေါ်ဆေးကုသမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံ/ဆေးခန်းများအား အကြမ်းဖက်စစ်အုပ်စုက အကြမ်းဖက်ဖျက်ဆီးနေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။


အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတကာမှ အရေးပေါ်ကျန်းမာရေး ဆေးပညာရှင်များက မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ၌ မြေပြင်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေးအဖွဲ့အစည်းများထံ လိုအပ်သော ဆေးဝါးအထောက်အပံ့နှင့် နည်းပညာအကူအညီများ ပေးပို့ကူညီဆောင်ရွက်သွားမယ်လို့ ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါတယ်။


========================


📌📌 ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆေးတပ်က မကွေးတိုင်းအတွင်းရှိ  စိုးမိုးထိန်းချုပ်ရာ တစ်နေရာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား  အောင်မြင်စွာ မွေးဖွားသန့်စင်ပေးခဲ့


ဇွန်လ၁၆ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆေးတပ်ကမကွေးတိုင်းအတွင်းရှိ  စိုးမိုးထိန်းချုပ်ရာတစ်နေရာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား  အောင်မြင်စွာ မွေးဖွားသန့်စင်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ၁၆ရက်မှာ အသိပေးဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆေးတပ်ဖွဲ့အနေဖြင့် မိမိတို့ စိုးမိုးထိန်းချုပ်ရာ ဒေသတွင်းရှိ ပြည်သူများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ပုံမှန် ပြုလုပ်ပေးလျက်ရှိပါတယ်။ ဇွန်လ(၁၄) ရက်နေ့၊ညနေ(:၁၅)နာရီက မကွေးတိုင်းအတွင်းရှိ မိမိတို့ စိုးမိုးထိန်းချုပ်ရာတစ်နေရာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား  အောင်မြင်စွာ မွေးဖွားသန့်စင်ပေးခဲ့ပြီး မိခင်ရော ကလေးပါ ကျန်းမာရေးကောင်းမွန်ပါတယ်"လို့ဖော်ပြပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆေးတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာ၏ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ ဒေသခံပြည်သူများကို အရေးပေါ်နှင့်အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ ကလေးမြို့ မှာ စကစတပ်များ ရမ်းသမ်းပစ်ခတ်လို့ သာစည်ကျေးရွာက ကလေးငယ်တစ်ယောက် အသက်ဆုံးရှုံးခဲ့ရ


ဇွန်လ၁၆

ကလေးမြို့ မှာ စကစတပ်များရမ်းသမ်းပစ်ခတ်လို့ သာစည်ကျေးရွာက ကလေးငယ်တစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကလေးမြို့ဒေသခံ သတင်းအရင်းအမြစ်က ဇွန်လ၁၆ရက်မှာ ဆိုပါတယ်။


"ကလေးမြို့စကစတပ်တွေလက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ တောင်ပိုင်းသာစည်ကျေးရွာက ကလေးငယ်တစ်ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း သိရပါတယ်"လို့ဆိုပါတယ်။


ဇွန်လ ၁၆ ရက်မှာ ကလေးမြို့တောင်ပိုင်းတွင် စကစတပ်များက လူနေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ ပေါင်းတည်မြို့နယ် ပဲခူးရိုးမခြေရင်း ရွှေလေးကြိုးဝိုင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရာ ()ဦး အပြင်းအထန်ဒဏ်ရာရ 


ဇွန် ၁၆

ပေါင်းတည်မြို့နယ် ပဲခူးရိုးမခြေရင်း ရွှေလေးကြိုးဝိုင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရာ ()ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ စစ်ရေးသတင်းကို ပဲခူးတိုင်းစစ်ဒေသခွဲက ဇွန်လ ၁၆ရက်မှာ အသိပေးဆိုပါတယ်။


"ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပဲခူးရိုးမခြေရင်း ရွှေလေးကြိုးဝိုင်း ဧက(၅၀၀)အကွက်အမှတ် (၄၀)နားတွင် ဇွန်လ(၁၄)ရက်နေ့ နံနက်()နာရီခန့်၌ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းကွင်းထဲဝင်လာစဉ် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၂ (ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PPDF) က အဝေးထိန်းမိုင်း ()လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


ထိုသို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ()ဦး အပြင်းအထန်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။


၎င်းအပြင်းအထန်ဒဏ်ရာရရှိသူများကို စောင်ပုခက်လုပ်ကာ ထမ်းစင်()ဆိုင်းဖြင့် ထမ်း၍ အောက်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။


အကြမ်းဖက်စစ်‌ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်အန္တရာယ်မရှိဘဲ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၈။ ရေနံချောင်းရဲစခန်းနှင့် ယာကြီးပြင် စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်၍ ရဲသုံးဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရ


ဇွန်လ၁၆ရက်

ဇွန်လ၁၆ရက်မှာ စစ်ရေးသတင်းကို Yenangyaung Local People's defence forceက အသိပေးဆိုပါတယ်။


"မကွေးတိုင်း၊ ရေနံချောင်းရဲစခန်းနှင့် ယာကြီးပြင် စစ်ဆေးရေး ဂိတ်ကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


ရေနံချောင်းရဲစခန်းတိုက်ခိုက်မှုတွင် ရဲနှစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ခဲ့ပြီး ယာကြီးပြင် စစ်ဆေးရေး ဂိတ်တွင် ရဲတစ်ဦးသေဆုံးခဲ့ပါတယ်။


တိုက်ခိုက်မှုအပြီး ကာကွယ်ရေးရဲဘော်များကို စကစဘက်က MI35ရဟတ်ယာဥ်နဲ့ လိုက်လံရှာဖွေခဲ့သော်လည်း ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


========================


📌📌 ၉။ ပခုက္ကူမြို့ တပ်မ-၁၀၁မှ  ပေါက်မြို့နယ် အတွင်းရှိ စကစ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) သို့ ရိက္ခာ ပို့ကားအားလုံခြုံရေးပေးရန်လာတဲ့ ဖောကားကို ပဒေသာမိုင်းခွဲတိုက်ခိုက်


ဇွန်လ၁၆

ပခုက္ကူမြို့ တပ်မ-၁၀၁မှ ပေါက်မြို့နယ် အတွင်းရှိ စကစ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) သို့ ရိက္ခာ ပို့ကားများအား လုံခြုံရေးပေးရန်လာတဲ့ ဖောကားကို ပဒေသာမိုင်းခွဲတိုက်ခိုက်ခဲ့တယ်လိုဇွန်လ ၁၆ရက်မှာ စစ်ရေးသတင်းကို အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)က အသိပေးဆိုပါတယ်။


"ဇွန်လ ၁၅ရက် မွန်းတည့်၁၂ နာရီ အချိန်ခန့်တွင် အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ပခုက္ကူမြို့တပ်မ-၁၀၁မှ  ပေါက်မြို့နယ် အတွင်းရှိ စကစ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) သို့ ရိက္ခာ ပို့လာသည့် ကားအစီးရေ ၁၂ စီးကို လုံခြုံရေးပေးရန် ရေပြာကျေးရွာဘက်မှ ကမ္မမြို့ဘက်သို့ လမ်းကြောင်းဘေးဝန်းကျင်ကို လက်နက်ငယ်များဖြင့် ရှင်းလင်းဝင်ရောက်လာသော စကစတပ်သား ၃၀ခန့်ပါ ဖောကားအား ပေပါ ဒေသာ -ငါးလုံး၊ ၅ဂါလံပုံး ပဒေသာ -၂လုံး၊ ရှေ့ထွက် ပဒေသာ-၃လုံး၊ စလစ်အိုး ပဒေသာ-၂လုံးတို့ဖြင့် ပခုက္ကူ-မင်းတပ် လမ်းပိုင်း ပခုက္ကူမြို့နယ် အစပ်တွင် ဧည့်ခံကျွေးမွေးခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့် စကစတပ်သား ၅ဦး ထိခိုက်ခဲ့ပြီး ၄ဦးမှာ ဆေးရုံသို့ ချက်ချင်းပို့ထားရကာ တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်းသတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment