25th JUN 2023 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၃ ဇွα€”်α€œ ( ၂၅ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ α€™ြို့တွင်းα€…α€…်α€€ောင်α€…ီဂိတ်α€”ဲ့ α€”ီးα€”ီးကပ်ကပ်‌α€™α€”ေα€–ို့ ပြα€Š်α€žူတွေα€€ို တောင်းဆို

 

မင်းတပ်α€™ြို့တွင်း α€…α€…်α€€ောင်α€…ီα€›ဲ့ ထထိုင်ဂိတ်တွေထပါဝင် α€žူတို့တပ်α€…ွဲထားတဲ့ ထနီးထနားα€™ှာ ပြα€Š်α€žူတွေ ဝင်ထွα€€်α€žွားα€œာတာα€›ှောင်α€–ို့ α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ဝင်တွေα€€ တောင်းဆိုပါα€α€š်။

 

ပြီးခဲ့တဲ့ α€›α€€်α€žα€္တပတ်α€€ မင်းတပ်α€™ြို့တွင်း α€™α€…်α€›ှင်တခုα€–ော်ဆောင်ခဲ့စဉ် α€…α€…်α€€ောင်α€…ီတပ်α€…ွဲတဲ့α€”ေα€›ာα€™ှာ α€žွားα€œာα€”ေတဲ့ ပြα€Š်α€žူတွေα€€ြောင့် α€–ျα€€်α€žိα€™်းα€œိုα€€်α€›α€α€š်α€œို့ ထဲα€’ီα€™α€…်α€›ှင်α€™ှာ α€œိုα€€်ပါတဲ့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€›ဲα€˜ော်တွေα€€ ပြောပါα€α€š်။

 

ပြα€Š်α€žူတွေα€‘α€žွားα€‘α€œာα€€ြောင့် α€™ြို့တွင်း α€…α€…်ဆင်α€›ေးတခု α€–ျα€€်α€œိုα€€်α€›α€α€š်။ α€€ျα€”ော်တို့α€€ α€™ြို့တွင်း α€™α€…်α€›ှင်တခုα€œုပ်α€–ို့ဆိုရင် α€œα€ျီပြီး ထချိα€”်α€šူရတာα€œေ၊ ထဆင်မပြေα€˜ူး၊ ထဲα€’ါα€€ြောင့်ပါ။α€œို့ α€žူα€€ α€›ှင်းပြပါα€α€š်။

 

၂၀၂၃ ခုα€”ှα€…် ၆ α€œα€‘α€ွင်းα€™ှာ မင်းတပ်α€™ြို့တွင်းα€…α€…်α€€ောင်α€…ီဂိတ်တွေ ထကြိα€™် ၂၀ ထက်α€™α€”α€Š်း တိုα€€်ခိုα€€်ခံα€›α€”ိုင်α€žα€œို ပြα€Š်α€žူα€€ြောင့် α€–ျα€€်α€žိα€™်းα€œိုα€€်ရတဲ့ α€™α€…်α€›ှင်တွေα€œα€Š်း α€›ှိα€”ေတာပါ။

 

α€’ီα€œိုα€™ျိုး ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€›ဲ့ ပျောα€€်α€€ျား ပစ်ခတ်တိုα€€်ခိုα€€်α€™ှုတွေα€€ြောင့် ဂိတ်α€…ောင့်α€…α€…်α€€ောင်α€…ီတပ်α€žား ထိခိုα€€်α€žေဆုံးတာတွေα€™ျားပေα€™α€š့် ထရေထတွα€€်ထတိထကျα€€ိုတော့ The Mindat Post ထနေα€”ဲ့ α€žီးခြားα€‘α€α€Š်မပြုα€”ိုင်α€žေးပါα€˜ူး။

 

α€œα€်α€α€œော ဇွα€”်α€œ ၁၁၊ ၁၃ α€›α€€် ပစ်ခတ်α€™ှုα€™ှာတော့ α€…α€…်α€€ောင်α€…ီတပ်α€žား ၃ ဦးထိခိုα€€်α€žေ၊ဆုံးα€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€€ တရားဝင် α€žα€α€„်းထုတ်ပြα€”်ထားပါα€α€š်။

 

α€…α€…်α€€ောင်α€…ီα€˜α€€် ထိခိုα€€်α€žေ၊ဆုံးတာα€›ှိα€žα€œို α€…α€…်ဆင်α€›ေးα€–ော်ဆောင်တဲ့ α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ဝင် ၂ ဦး ဇွα€”်α€œ ၁၉ α€›α€€်α€”ေ့α€€ ထိခိုα€€်ဒဏ်α€›ာα€›α€›ှိထားα€€ြောင်း α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ α€žα€α€„်းရင်းα€™ြα€…်တွေα€€ ဆိုပါα€α€š်။

 

တဖက်α€™ှာတော့ တိုα€€်ခိုα€€်ခံရချိα€”်တိုင်း ထနီးထနားα€™ှာα€›ှိတဲ့ ထရပ်α€žားပြα€Š်α€žူတွေα€€ို α€…α€…်α€€ောင်α€…ီα€€ α€…ွပ်α€…ွဲα€–α€™်းဆီးα€”ေα€α€š်α€œို့α€œα€Š်း α€™ျα€€်α€™ြင်တွေထံα€€α€”ေ α€žိရပါα€α€š်။

 

မင်းတပ်α€™ြို့α€”α€š်ထတွင်း α€œူα€„α€š်တွေα€€ို α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့α€™ှာ ပူးပေါင်းပါဝင်ပေးα€–ို့α€”ဲ့ α€”α€š်α€™ြေရပ်ခြားထွα€€်ခွာခွင့်α€€ို α€€α€”့်α€žα€်ထားα€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€—α€Ÿိုα€€ ၂၀၂၃ ဇွα€”်α€œα€œα€š်α€™ှာ α€€ြေα€Šာချα€€် တစောင်ထုတ်ပြα€”်ထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ α‚။ မင်းတပ်α€™ှာ α€‘α€œα€„်းဝင်α€œာα€žူတွေ တော်α€œှα€”်‌α€›ေးထတွင်း ထင်တိုα€€်ထားတိုα€€် ဆက်α€œα€€်ပါဝင်α€”ေ

 

မင်းတပ်α€™ှာ α€œα€€်α€”α€€်α€”ဲ့တကွ α€‘α€œα€„်းဝင်α€œာα€žူတွေα€€ α€…α€…်α€€ောင်α€…ီα€€ို တော်α€œှα€”်တဲ့ α€€ျα€›ာα€”ေα€›ာα€€α€”ေ ဆက်α€œα€€်ပါဝင်α€”ေα€α€š်α€œို့ α€žိရပါα€α€š်။

 

ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€›ဲ့ ဇွα€”်α€œα€‘α€ွင်းပြုα€œုပ်တဲ့α€”ွေးထွေးα€œှတဲ့ ပြα€Š်α€žူ့ရင်ခွင်ထဲ ခိုα€œှုံα€œာတဲ့ စကစတပ်α€™ှ CDM α€›ဲα€˜ော်α€™ျား မင်းတပ်α€™ှာ α€˜ာတွေα€œုပ်α€”ေα€€ြα€žα€œဲ။α€…α€€ားဝိုင်း ထစီထစဉ်α€™ှာ α€žူတို့α€€ိုα€š်တိုင်α€€ α€–ွင့်α€Ÿ ပြောဆိုα€œာတာပါ။

 

α€œα€€်α€”α€€်α€”ဲ့α€‘α€œα€„်းဝင်α€œာတဲ့ α€žူတို့α€€ို ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) ထနေα€”ဲ့ ဆုα€€ြေးငွေချီးα€™ြှင့်ထားα€žα€œို၊ ရပိုင်ခွင့်တွေ၊ α€™ိα€žားα€…ုα€œို ဆက်ဆံခံရတဲ့ ထကြောင်းα€œα€Š်း α€šα€α€„် တပ်α€žား‌တွေα€–ြα€…်တဲ့ α€€ျော်မင်းα€”ိုင်၊ α€™ျိုးα€žα€€်ပိုင်α€”ဲ့ တပ်α€žား ဆန်းα€œα€„်းထောင်တို့α€€ ပြောα€žွားα€€ြပါα€α€š်။

 

α€žူတို့ ၃ ဦးα€Ÿာ ၂၀၂၁ α€”ှောင်းပိုင်းα€”ဲ့ ၂၀၂၂ ခုα€”ှα€…်တွေα€€ α€œα€€်α€”α€€်၊ α€€ျα€Š်α€€ာ α€…α€…်α€‘α€žုံးထဆောင်ထပြα€Š့်ထစုံα€”ဲ့ α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ထံ α€‘α€œα€„်းဝင်α€œာα€žူတွေ α€–ြα€…်ပါα€α€š်။

 

α€œα€€်α€”α€€်α€€ိုင် တော်α€œှα€”်α€›ေးခရီးα€™ှာ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) ထတွα€€် တတ်α€€ျွα€™်းထားတဲ့ထရာတွေα€”ဲ့ထတူ ရပ်α€›ွာα€€ာα€€ွα€š်α€–ို့ ဆက်α€œα€€်ပူးပေါင်း ပါဝင်α€žွားα€™α€š့်ထကြောင်း α€žူတို့α€€ ဂတိပြုထားပါα€α€š်။

 

ပြα€Š်α€žူတွေα€›ဲ့ ထိုးထိα€™်α€…α€Š်းα€…ိα€™်α€€ို α€€ာα€€ွα€š်α€…ောင့်α€›ှောα€€်α€–ို့ ဂတိα€žα€…္α€…ာပြုခဲ့တဲ့ထတိုင်း α€€ိုα€š်တတ်α€”ိုင်တဲ့ ခွα€”်ထားတွေ၊ α€€ိုα€š်α€–ြတ်α€žα€”်းခဲ့တဲ့ α€•α€Šာα€œေးတွေပေါ့α€”ော၊ α€™ိုင်းα€›ှင်းတာ၊ တိုα€€်ပွဲတွင်း α€œူα€”ာα€žα€š်တာ ပြုတာတို့α€€ို ပြα€”်α€œα€Š် α€‘α€žုံးပြုဝေα€™ျှပေးα€žွားα€™α€š်။α€œို့ CDM တပ်α€žား α€™ျိုးα€žα€€်ပိုင် α€€ ဆိုပါα€α€š်။ 

 

α€”ောα€€်ထပ် ထရေးα€€ြီးဆုံးထပိုင်းα€–ြα€…်တဲ့ ပြα€Š်α€žူတွေα€›ဲ့ α€šုံα€€ြα€Š်α€™ှုα€€ို α€žူတို့ထနေα€”ဲ့ ပြα€”်α€œα€Š်α€α€Š်ဆောα€€်α€žွားα€™α€š့်ထကြောင်းα€œα€Š်း ဆက်ပြောပါα€α€š်။

 

α€€ာα€€ွα€š်α€›ေးထတွα€€် α€œေ့α€€ျင့်α€›ေးပိုင်း ပြα€”်α€œα€Š်ဝေα€™ျှα€”ေတဲ့ CDM တပ်α€žား α€€ျော်မင်းα€”ိုင် ကတော့α€›ှေ့ဆက်ခရီးα€™ှာ ထခက်ခဲတွေα€€ို ခံα€”ိုင်α€–ို့α€œိုα€α€š်။ α€€ျα€”ော်တို့ထနေα€”ဲ့α€€ ထပင်တပင်α€€ို မခုတ်α€œှဲα€”ိုင်ရင်‌တောင်α€™ှ ထမြα€…်α€€ိုα€˜α€š်α€œိုα€›ှင်းα€›α€™α€œဲဆိုတဲ့ α€₯α€…္α€…ာα€€ို α€›ဲα€˜ော်တွေထတွα€€် ချပြပေးချင်α€α€š်။α€œို့ α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ဝင်တွေထတွα€€် ထကြံပေး ပြောα€žွားပါα€α€š်။

 

α€œα€€်α€›ှိမင်းတပ်α€™ှာ α€œα€€်α€”α€€်α€”ဲ့α€‘α€œα€„်းဝင်တဲ့ α€…α€…်α€€ောင်α€…ီတပ်α€žားတွေα€”ဲ့ထတူ α€›ဲတပ်α€–ွဲ့ဝင်တွေα€€ိုα€œα€Š်း α€”ွေးα€”ွေးထွေးထွေးα€€ြိုဆိုထားပြီး ပြα€Š်α€žူα€”ဲ့ ဆက်α€œα€€်ပူးပေါင်းပေးα€œိုα€žူတွေα€€ို ဆုငွေချီးα€™ြှင့်α€žွားα€™α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€€ α€–ိတ်ခေါ်ထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ αƒ။ ထီးα€œα€„်းα€™ှာ α€…α€…်α€€ောင်α€…ီထင်ထား ၁၀၀ α€…α€…်α€€ြောင်း α€™ိုင်းဆွဲ

 

α€™‌α€€ွေးတိုင်း၊ ထီးα€œα€„်းα€”α€š်α€™ှာ α€…α€…်α€€ောင်α€…ီ ထင်ထား ၁၀၀ α€€ျော် α€…α€…်α€€ြောင်းα€€ို α€™ိုင်းဆွဲα€”ိုင်ခဲ့α€α€š်α€œို့ Yaw Revolution Army – Htilin α€€ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

ဇွα€”်α€œ ၂၁ α€›α€€်α€€ ထီးα€œα€„်းα€”α€š်၊ α€žα€›α€ါα€€ျေးα€›ွာ ထ‌α€›ှေ့တောင်α€˜α€€် ဂျီချောင်းထနီးα€™ှာ တိုα€€်ခိုα€€်ခဲ့တာα€œို့ ပြောပါα€α€š်။

 

α€’ီတိုα€€်ခိုα€€်α€™ှုα€™ှာ α€…α€…်α€€ောင်α€…ီ ၅ ဦးα€žေ၊ဆုံးα€”ိုင်ပြီး ၁၀ ဦးထက်α€™α€”α€Š်း ပြင်းထန်ဒဏ်α€›ာα€›α€α€š်α€œို့ ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြပါα€α€š်။

 

ဒဏ်α€›ာα€›α€™ျားတဲ့ α€…α€…်α€€ောင်α€…ီတပ်α€€ ထီးα€œα€„်းα€™ြို့တွင်းα€€α€”ေ α€–ောα€€ားα€”ဲ့ α€žα€š်ဆောင်α€”ေα€›α€α€š်α€œို့ α€–ော်ပြထားပြီး α€žα€›α€ါα€€ျေးα€›ွာα€˜α€€် ပြα€”်α€œα€Š်တပ်ဆုတ်α€žွားα€α€š်α€œို့α€œα€Š်း α€žိရပါα€α€š်။

 

ပြီးခဲ့တဲ့ ဇွα€”်α€œ ၁၅ α€›α€€်α€”ေ့α€€α€α€Š်းα€€ ထီးα€œα€„်းα€”α€š်၊ ထုα€”်းတွဲα€€ျေးα€›ွာထနီးα€™ှာ α€…α€…်α€€ောင်α€…ီတပ်α€”ဲ့ Yaw Revolution Army – Htilin ပူးပေါင်းတပ်တို့ ပစ်ခတ်တိုα€€်ပွဲတွေ ပြင်းထန်α€”ေပြီး α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ဝင် ၂ ဦးα€€ျဆုံးတာα€”ဲ့ထတူ ထိခိုα€€်ဒဏ်α€›ာα€›α€žူတွေα€œα€Š်း α€›ှိα€”ေတာပါ။

 

========================

 

πŸ“ŒπŸ“Œ α„။ NUG α€€ α€™‌α€€ွေးတိုင်းα€™ှာ α€œα€€်α€”α€€် ထပ်α€™ံတပ်ဆင်

 

α€™‌α€€ွေးတိုင်းα€™ှာα€›ှိတဲ့ ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ်မတော် (PDF) α€™α€€ွေးတိုင်းα€€ွပ်α€€ဲα€›ေးα€›ုံးα€™ှ ဦးα€…ီးα€€ျင်းပတဲ့ α€…ုα€–ွဲ့၊ α€œေ့α€€ျင့်၊ α€œα€€်α€”α€€်တပ်ဆင်α€™ှု α€žα€„်တန်းထပတ်စဉ် (၆) α€žα€„်တန်းဆင်းပွဲα€”ဲ့ α€œα€€်α€”α€€်တပ်ဆင်α€™ှု ထခမ်းထနားα€€ို ဇွα€”်α€œ ၂၃ α€›α€€်α€€ ပြုα€œုပ်ခဲ့α€α€š်α€œို့ MoD NUG α€€ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

α€’ီထခမ်းထနားα€™ှာ α€™‌α€€ွေးတိုင်းထခြေα€…ိုα€€် ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ်မတော် တပ်ရင်း (၅) ရင်းα€€ို α€œα€€်α€”α€€်တပ်ဆင်ပေးခဲ့တာα€œို့ α€žိရပါα€α€š်။

 

MoD NUG α€€ တနှα€…်α€™α€Ÿာα€—ျုα€Ÿာα€”ဲ့α€‘α€Šီ α€…α€…်ဆင်α€›ေးα€…ီα€™ံချα€€်တွေα€€ို ထကောင်α€‘α€‘α€Š်α€–ော် ဆောင်α€›ွα€€်α€”ေα€žα€œို α€œα€€်α€”α€€်တပ်ဆင်α€™ှုတွေα€€ိုα€œα€Š်း α€…α€₯်ဆက်မပြတ် ထားထုတ်α€”ေတဲ့ထကြောင်း α€–ော်ပြထားပါα€α€š်။

 

NUG ထနေα€”ဲ့ ၂၀၂၃ မတ်α€œ၊ α€™ေα€œα€€α€œα€Š်း ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ်မတော်၊ ထမှတ် (၁) α€…α€…်α€’ေα€žα€”ဲ့ ဂန့်‌ဂေါခရိုင် ထမှတ် (၁၃) The Youth Force Saw & Kyaukhtu α€€ို α€œα€€်α€”α€€်တချို့ တပ်ဆင်ပေးခဲ့ပါα€α€š်။ 

 

α€œα€€်α€”α€€်α€€ိုင်တော်α€œှα€”်α€›ေး ၂ α€”ှα€…်α€€ျော်ထတွင်းα€™ှာ NUG ဆီα€€ α€œα€€်α€”α€€်၊ ခဲα€šα€™်းပံ့ပိုးပေးတာα€™ျိုး α€™α€›ှိα€žေးα€˜ူးα€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (α€€α€”်ပက်α€œα€€်) တာဝန်α€›ှိα€žူတွေα€€ ၂၀၂၃ ဧပြီα€œα€ုα€”်းα€€ ပြောပါα€α€š်။

 

MoD NUG ထနေα€”ဲ့ α€”ိုင်ငံထနှံ့α€™ှာ α€œα€€်α€”α€€်တပ်ဆင်တွေα€€ို ၂၀၂၂ α€”ှα€…်α€€ုα€”်ပိုင်းကစပြီး ခပ်α€…ိပ်α€…ိပ်ပြုα€œုပ်α€œာတာα€œα€Š်း α€–ြα€…်ပါα€α€š်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment