၂၀၂၃ ဇွန်လ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet နှင့်NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မြန်မာအရေးဆွေးနွေး
📌 ၂။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ NUG အစိုးရပြည်ထောင်စု၀န်ကြီးများနှင့် မြန်မာပြည်ဖွားတိုင်းရင်းသားများ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့များ တွေ့ဆုံ
📌 ၃။ သဘာဝသယံဇာတဟာ နိုင်ငံတနိုင်ငံ အတွက် ဘိုးဘွားအမွေနှင့်တူပြီး မိသားစုအတွင်း မျှမျှတတ ခွဲဝေ သုံးစွဲခွင့် ရှိတယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ပြောကြား
📌 ၄။ ကရင်နီပြည်နယ်ရဲ့ လူဦးရေထက်၀က်ကျော်လောက်က စစ်ဘေးရှောင် နေရတယ်လို့ ဒုဝန်ကြီး ခွန်ဗဟန်းထန်ပြောကြား
📌 ၅။ ပုလဲမြို့နယ် အတွင်း စစ်ကြောင်းထိုးလာတဲ့ ရန်သူ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်၍ အောင်ပွဲရပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ များကို ပြည်သူများက အောင်သပြေပန်းများနဲ့ ကြိုဆိုခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet နှင့်NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မြန်မာအရေးဆွေးနွေး
ဇွန်လ၂၅
အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet နှင့် NUG အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မိုခါမုန်တိုင်းသင့်ပြည်သူတွေအတွက် လိုအပ်ချက်အပါအဝင် မြန်မာအရေးဆွေးနွေးခဲ့တယ်လို့
အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Cholletက Twitterမှာ ရေးသားထားပါတယ်။
"ဆိုင်ကလုန်း မိုချာ မုန်တိုင်းဒဏ်ခံရသူများအတွက် အရေးတကြီး ကယ်ဆယ်ရေးနှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများ စည်းလုံးညီညွတ်မှု အားကောင်းလာစေရေး ဆွေးနွေးရန် NUGခေါင်း ဆောင်များနှင့် အကျိုးရှိရှိ တွေ့ဆုံခဲ့ပါတယ်"လို့ဆိုပါတယ်။
တွေ့ဆုံပွဲကို NUG အစိုးရအဖွဲ့ မှ ကျန်းမာရေးဝန်ကြီးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေး၊သတင်းအချကိအလက်နှင့်နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၂။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ NUG အစိုးရပြည်ထောင်စု၀န်ကြီးများနှင့် မြန်မာပြည်ဖွားတိုင်းရင်းသားများ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့များ တွေ့ဆုံ
ဇွန်လ၂၅
ဇွန်လ၂၄ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာNUG အစိုးရပြည်ထောင်စု၀န်ကြီးများနှင့် မြန်မာပြည်ဖွားတိုင်းရင်းသားများ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး တော်လှန်ရေးအခြေအနေများကို ဖြေကြားပေးခဲ့တယ်လို့သိရှိရပါတယ်။
တွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးများဖြစ်သော ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့နှင့် နယူးယောက်မြို့ခံ မြန်မာပြည်ဖွားတိုင်းရင်းသားများ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့များတက်ရောက်ခဲ့ပါတယ်။
အလေးပြုခြင်း ၃ရပ်နှင့် အခမ်းအနားကိုစတင်ခဲ့ပြီး ထိုနောက် NUG အစိုးရ၀န်ကြီးများဖြစ်သော ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်နှင့် သံအမတ်ကြီးဦးကျော်မိုးထွန်းမှတို့မှ မိတ်ဆက်အမှာစကားများ ပြောကြားခဲ့ကြပါတယ်။
ထိုတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက "စစ်ရေးမှာ သူတို့ဘက်က အားနည်းပြီးတော့ ကျနော်တို့ဘက်ကအားကောင်းနေတယ်။ သူတို့ဘက်ကဆိုရင် သိတဲ့အတိုင်းပဲ BGFတေွ တပ်ရင်းတစ်ရင်းလုံး ဒီဘက်ရောက်လာတယ်။မနေ့ကဆိုလည်း သူတို့လက်နက်ကြီးကုန်းကလူတွေ လက်နက်ချပြီး သူတို့ဘက်ကလူတွေ ရောက်လာတယ်။ စီးပွားရေးအရ ကြည့်မယ်ဆိုရင်လည်း သူတို့ရဲ့အဓိက ဒေါ်လာလဲလှယ်တဲ့ဘဏ်နှစ်ခု အရေးယူခံထိသွားတယ်။သူတို့ ဆက်အလုပ်လုပ်လို့မရတော့ဘူး။ ဒေါ်လာစျေးတွေတက်လာတယ်။ဒါ့အပြင် မစ္စတာ ရှောင်တာနယ်က ကျနော်တို့ဘက်ရောက်လာတယ်။ ကျနော်တို့ကို အကြံပေးတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
ထိုနောက် ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်နှင့် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့မှ တက်ရောက်လာသော မြန်မာပြည်သူများ၏ မေးခွန်းများကို ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ သဘာဝသယံဇာတဟာ နိုင်ငံတနိုင်ငံ အတွက် ဘိုးဘွားအမွေနှင့်တူပြီး မိသားစုအတွင်း မျှမျှတတ ခွဲဝေ သုံးစွဲခွင့် ရှိတယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ပြောကြား
ဇွန်လ၂၅
ဇွန်လ၂၅ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က သဘာဝသယံဇာတ ခွဲဝေသုံးစွဲ ရေးနှင့်ပတ်သက်ပြီး အခုလိုသုံးသပ်ဆိုပါတယ်။
"သဘာဝသယံဇာတ ဆိုတာ နိုင်ငံတနိုင်ငံ အတွက် ဘိုးဘွားအမွေ နဲ့တူတယ်။ အိမ်ထောင်စုတစုမှာ ဘိုးဘွားလက်ထက်ကတည်းက ပိုင်ဆိုင်ထားတဲ့ အိမ်ခြံ အတွင်းပစ္စည်းများစွာရှိတယ် ဆိုပါစို့ အဲ့ဒီ အိမ်ထောင်စုမှာ တခြားစီးပွားရေး လုပ်ငန်းကိုင်ငန်းတွေပေါများပြီး ဝင်ငွေကောင်းနေချိန် မိသားစုအတွင်း မျှမျှတတ ခွဲဝေ သုံးဆွဲခွင့် ရှိနေချိန် ဆိုရင် ဘိုးဘွားအမွေကို ဘယ်သူမှ မျက်စောင်းထိုးမှာ မဟုတ်။ မိသားစုထဲမှာ တယောက်ယောက်ဖောက်ပြီး မောင်ပိုင်စီးဖို့ကြံ၊ ဘယ်အိမ်သားကိုမှ ဂရုမစိုက်၊ ထင်တိုင်းကြဲနေပြီ ဆိုရင် အိမ်ခွဲနေဖို့ အားလုံးကြိုးစားတော့မယ်။ ရန်ဖြစ်တော့မယ်၊ စီးပွားပျက်တော့မယ် ဆိုရင် ဘိုးဘွားအမွေတွေ သူ့ထက်ငှာ အပြိုင် ထုခွဲရောင်းတော့မယ်၊ သားသမီးတွေငတ်ပြတ်နေရင် လူကြီးတွေလဲ တရားချနေလို့မရတော့ဘူး။ အခု အဲ့ဒီ ဘဝ ရောက်နေတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်တပ်က နိူင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း သစ်ခိုးထုတ်မှုများမြင့်တက်လာခဲ့ပြီးတရားမဝင်ဓာတ် သတ္တုတူးဖော်မှုများနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများရှိလာခဲ့ပါတယ်။
========================
📌📌 ၄။ ကရင်နီပြည်နယ်ရဲ့ လူဦးရေထက်၀က်ကျော်လောက်က စစ်ဘေးရှောင် နေရတယ်လို့ ဒုဝန်ကြီး ခွန်ဗဟန်းထန်ပြောကြား
ဇွန်လ၂၅ရက်
ဇွန်လအတွင်း ကရင်နီအမျိုးသားနေ့အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ခွန်းဗဟန်းထန်က အခုလိုပြောကြားလိုက်ပါတယ်။
"လက်ရှိ ကရင်နီပြည်နယ်ရဲ့ အနေအထားကိုကြည့်မယ်ဆိုရင် ပြည်နယ်ရဲ့လူဦးရေထက်၀က်ကျော်လောက်က စစ်ဘေးရှောင် နေရတာဖြစ်ပါတယ်။ အကြောင်းအရင်းက စစ်အာဏာရှင်ကို လက်မခံနိုင်တဲ့အတွက် ကရင်နီအမျိုးသားတွေအနေနဲ့ အခြားသော အဖိနှိပ်ခံ ညီနှောင်တိုင်းရင်းသား များနှင့်အတူ နွေဉီးတော်လှန်ရေးမှာ တက်တက်ကြွကြွပါ၀င် တိုက်ပွဲဝင်နေကြတာကြောင့်ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ကရင်နီတစ်မျိုးသားထုတစ်ရပ်လုံးအနေနဲ့ ဘ၀တူ အဖိနှိပ်ခံ အခြားညီနောင်တိုင်းရင်းသားများနဲ့အတူ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ပြည်ထောင်စုအမျိုးသားစိတ်ဓါတ်တို့ဖြင့် မမှိတ်မသုန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြဖို့ကိုလည်း ဒုဝန်ကြီး ကဆိုပါတယ်။
========================
📌📌 ၅။ ပုလဲမြို့နယ် အတွင်း စစ်ကြောင်းထိုးလာတဲ့ ရန်သူ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်၍ အောင်ပွဲရပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ များကို ပြည်သူများက အောင်သပြေပန်းများနဲ့ ကြိုဆိုခဲ့
ဇွန်လ၂၅
ဇွန်လ၂၅ရက်မှာ ABSDF Column - 3က အခုလို အသိပေးဆိုထားပါတယ်။
"ပုလဲမြို့နယ် အတွင်း စစ်ကြောင်းထိုးလာတဲ့ ရန်သူ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက် လာတဲ့ ABSDF ရဲဘော်များနဲ့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များကို ပြည်သူများက အောင်သပြေပန်းများနဲ့ ကြိုဆိုခဲ့ကြပါတယ် ။
ရန်သူစစ်ကောင်စီတပ်များ အနေနဲ့ ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာအနီးမှာ ၁၀ ရက်ကျော် လှုပ်ရှားစစ်ကြောင်းထိုးပြီး ကျေးရွာများက ပြည်သူပိုင် ရိက္ခာများကို လုယက်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။
ABSDFနဲ့ပုလဲ ပ.က.ဖ ရဲဘော်တွေဟာ မိမိတို့ တာဝန်ကျရာ နေရာများမှာ တာဝန်ကျေပွန်စွာနဲ့ ရန်သူကို တိုက်ခိုက်ဟန့်တားနိုင်ခဲ့မှုကြောင့် ကျေးရွာအချို့မှ ပြည်သူများ၏ ပစ္စည်းဥစ္စာများအား ကာကွယ်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment