၂၀၂၃ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ဖို့ လုပ်ဆောင်ရန် လိုအပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
📌 ၂။ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအရေးကို စိတ်ဝင်စားမှုအတွက် ကျေးဇူးတင်တယ်လို့ NUGလူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဆို
📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
📌 ၄။ တနင်္သာရီဒေသတစ်ခုလုံးအတွင်း မြေပြင်ရှိ စစ်ဘေးရှောင်ပြည်သူဦးရေ ၂၆,၀၀၀ ကျော်ခန့်ရှိနေ
📌 ၅။ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၂၄၉၅)ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး (၅)ဦး၊ ဒုရင်းမှူး (၅)ဦးအပါအဝင် စုစုပေါင်း (၂၆၃၂) ဦးသေဆုံးခဲ့တယ်လို့ KNUထုတ်ပြန်
📌 ၆။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) စစ်ကြောင်း ၃မှ စစ်ပညာသင်တန်း အပတ်စဥ်၂သင်တန်းဆင်း
📌 ၇။ မြဝတီအနီး ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၂)ဦးသေ၊ (၃)ဦး ဒဏ်ရာရ
📌 ၈။ ကရင်နီပြည် ဖားဆောင်း မြို့နယ် ရှိ ကျေးရွာတစ်ရွာ ကို စကစတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
📌 ၉။ တောင်ကလေး၊ ခလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံအား မိုင်းနှင့်ဒရုန်းဗုံးသီးများဖြင့်နှစ်ရက်ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ဖို့ လုပ်ဆောင်ရန် လိုအပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
ဇူလိုင်၉
ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ဖို့ လုပ်ဆောင်ရန် လိုအပ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ဇူလိုင်၉ရက်မှာ Twitterမှတဆင့်ပြောဆိုလိုက်ပါတယ်။
"လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်အာဏာရှင်လက်အောက်မှာ မြန်မာပြည်သူပြည်သားတွေဟာ ကာလအတန်ကြာ ဒုက္ခရောက်နေရပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ နောက်ဆုံးသတင်းကို နားဆင်ပါ။ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ဖို့ လုပ်ဆောင်ရန် လိုအပ်ပါတယ်"လို့ဆိုပါတယ်။
၅၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးအရာရှိ မစ္စတာတွမ်အန်ဒရူး နှစ်ဦးလုံးက သူတို့ရဲ့အစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။
အစီရင်ခံစာအရ ကလေးငယ်များ သေဆုံးမှုများရှိနေခြင်း၊ နိုင်ငံရေးအကျဥ်းသား များပြားလာခြင်းတို့အပါအဝင် အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုများကို အသေးစိတ်အစီရင်ခံခဲ့ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းဖို့တောင်းဆိုခဲ့ပါတယ်။
========================
📌📌 ၂။ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအရေးကို စိတ်ဝင်စားမှုအတွက် ကျေးဇူးတင်တယ်လို့ NUGလူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဆို
ဇူလိုင်၉ရက်
နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအရေးကို စိတ်ဝင်စားမှုအတွက် ကျေးဇူးတင်တယ်လို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဇူလိုင်၉ရက်မှာ ပြောကြားထားပါတယ်။
"၅၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးအရာရှိ မစ္စတာတွမ်အန်ဒရူး နှစ်ဦးလုံးက သူတို့ရဲ့အစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။ သူတို့နှစ်ယောက် တင်သွင်းတဲ့တင်ပြချက်တွေထဲမှာ ထူးခြားတဲ့အချက်တွေနဲ့အတူ တူညီတဲ့ အချက်တွေ ပါဝင်တာရှိပါတယ်။ ပထမဦးဆုံး တူညီတဲ့အချက်တွေကတော့ နှစ်ဦးစလုံးရဲ့တင်ပြချက်တွေထဲမှာ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ၊ ရာဇဝတ်မှုဆိုင်ရာ၊ အကြမ်းဖက်မှုဆိုင်ရာအမှုတွေဟာ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ သတ်မှတ်မှုတွေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေတွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့အဆင့်ကို ရောက်ရှိနေပြီလို့ ခိုင်ခိုင်မာမာဆိုထားကြပါတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအရေးကို စိတ်ဝင်စားမှု ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံအရေးကို ဆွေးနွေးမှုကို ကျေးဇူးတင်ပါတယ်"လို့ဆိုပါတယ်။
၅၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာမြန်မာနိုင်ငံနဲ့ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့ ပြောကြားချက်ထဲမှာ အခုအချိန်ထိဖမ်းဆီးခံနေရတဲ့ လူပေါင်း ၁၉,၀၀၀ကျော်ရှိနေပြီး ဒါ့အပြင် သတ်ဖြတ်ခံရတဲ့သူတွေနဲ့ မတရားနှိပ်စက်ညှင်းပန်းခံရတဲ့ သူအရေအတွက်တွေကို ကိုးကားပြီးတော့ ဖော်ပြသွားခဲ့ပါတယ်။
မစ္စတာတွမ်အန်ဒရူးရဲ့ တင်ပြချက်ထဲမှာတော့ ကလေးသူငယ်ဆိုင်ရာ တင်ပြချက်တွေထဲမှာ ကလေးပေါင်း ၈၀၀ကျော် သေဆုံးခဲ့ပြီး ကလေးပေါင်း ၃၈၇ဦးဟာ အခုအချိန်ထိ ထောင်ထဲမှာ ဖမ်းဆီးခံနေရကာ ကလေးပေါင်း ၈၁ဦးကတော့ မိသားစုဝင်တွေ ဖမ်းမမိတဲ့အတွက် ဓားစာခံဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာတွေကိုတင်ပြခဲ့ပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
ဇူလိုင် လ ၉ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၆/၂၀၂၃)ကို ဇူလိုင် ၉ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ တနင်္သာရီဒေသတစ်ခုလုံးအတွင်း မြေပြင်ရှိ စစ်ဘေးရှောင်ပြည်သူဦးရေ ၂၆,၀၀၀ ကျော်ခန့်ရှိနေ
ဇူလိုင်၉ရက်
တနင်္သာရီဒေသတစ်ခုလုံးအတွင်း မြေပြင်ရှိစစ်ဘေးရှောင်ပြည်သူဦးရေ ၂၆,၀၀၀ ကျော်ခန့်ရှိနေတယ်လို့ ဇူလိုင်၉ရက်နေ့တွင် ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လတွင် တနင်္သာရီဒေသအတွင်း စစ်ဘေးရှောင်အခြေအနေများကို ဒေါနတနင်္သာရီမှ မြေပြင်အခြေအနေများ၊ သတင်းဌာနတို့မှ အချက်အလက်များအပေါ် ကိုးကားအခြေခံ၍ စုစည်းမှုအရ တနင်္သာရီဒေသတစ်ခုလုံးအတွင်း မြေပြင်ရှိ စစ်ဘေးရှောင်ပြည်သူဦးရေ ၂၆,၀၀၀ ကျော်ခန့်ရှိနေပါတယ်လို့ ဖော်ပြပါတယ်။
ထားဝယ်မြို့နယ်အတွင်း အမြဲတမ်းစစ်ဘေးရှောင်ပြည်သူ ၃၅၈ ဦးရှိနေဆဲဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့မှ စတင်၍ အရှေ့တောနယ်ကို ဖြတ်သန်းသွားလာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းဝင်ရောက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခြင်းတို့ကြောင့် ပခပ်၊ ရမ္မဇူ၊ သရက်ငုတ်၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုန်း၊ ဝကုန်း စသောကျေးရွာ ၆ ရွာမှ ဒေသခံပြည်သူပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုအခါတွင် ဒေသခံအချို့မှာ နေရပ်ပြန်နေကြပြီဖြစ်ပြီး အချို့မှာ စစ်ဘေးရှောင်နေကြရဆဲဖြစ်ပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၂၄၉၅)ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး (၅)ဦး၊ ဒုရင်းမှူး (၅)ဦးအပါအဝင် စုစုပေါင်း (၂၆၃၂) ဦးသေဆုံးခဲ့တယ်လို့ KNUထုတ်ပြန်
ဇူလိုင်၉ရက်
ဇူလိုင် ၉ရက်နေ့မှာ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ ၂၀၂၃ ခုနှစ် ပထမ (၆) လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းများကို ထုတ်ပြန်ဖော်ပြပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၃ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇွန်လ (၃၀) ရက်နေ့ထိ (၆) လတာ ကာလအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDOတို့၏ စစ်ရေးကွပ်ကဲမှုအောက်ရှိ ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီ တပ်များအကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၂၄၉၅)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး (၅)ဦး၊ ဒုရင်းမှူး (၅)ဦး၊ ဗိုလ်ကြီး (၉)ဦး၊ ဗိုလ် (၄)ဦး၊ အရာခံဗိုလ် (၅)ဦး အပါအဝင် စုစုပေါင်း (၂၆၃၂) ဦးသေဆုံးပြီး ဒုရင်းမှူးတစ်ဦး အပါအဝင် စုစုပေါင်း (၁၆၈၅) ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ဆင်ရေးအတွက် အသုံးပြုသော မော်တော်ယာဉ် (၉၉)စီး ပျက်စီးခဲ့ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDOတို့၏ စစ်ရေးကွပ်ကဲမှု အောက်ရှိ ပူးပေါင်းတပ်ဖွဲ့များဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၇၆)ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၂၅၇)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) စစ်ကြောင်း ၃မှ စစ်ပညာသင်တန်း အပတ်စဥ်၂သင်တန်းဆင်း
ဇူလိုင်၉
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) စစ်ကြောင်း ၃ ၊ ချင်းတွင်းဒေသ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၃ ) ၊ သင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ချင်းတွင်းဒေသ တပ်ရင်းမှာ ဇူလိုင်လ ၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။
သင်တန်းကို ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင်များသာမက မဟာမိတ်ရဲဘော် စုစုပေါင်း ၃၄ ဦး သင်တန်းဆင်းခဲ့ကြပြီး တပ်ဖွဲ့ဝင်များကလည်း အလံကိုင်သစ္စာ ဆိုခဲ့ကြတယ်လို့သိရပါတယ်။
အဆိုပါသင်တန်းဆင်းပွဲကို ဒေသခံမြို့နယ်အတွင်းရှိ ပ.က.ဖ များ ၊ ခရိုင် PDF တပ်ရင်းများနဲ့ ပြည်သူလူထုများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၇။ မြဝတီအနီး ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၂)ဦးသေ၊ (၃)ဦး ဒဏ်ရာရ
ဇူလိုင်၉ရက်
ကရင်ပြည်နယ် "မြဝတီအနီး ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၂)ဦးသေ၊ (၃)ဦး ဒဏ်ရာရခဲ့တယ်လို့ ဇူလိုင်၉ရက်မှာ ကော်ပရာစစ်ကြောင်းက အတည်ပြုဆိုပါတယ်။
"ဇူလိုင်၉ရက်နံနက် ၁၀ နာရီခန့်အချိန်တွင် မိမိတို့ပူးပေါင်းတပ်ဖွဲ့များဖြစ်သော တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wingsနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ မြဝတီမြို့အနီး လက်ခတ်တောင်ဒေသတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၂) ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ဆိုပါတယ်။
========================
📌📌 ၈။ ကရင်နီပြည် ဖားဆောင်း မြို့နယ် ရှိ ကျေးရွာတစ်ရွာ ကို စကစတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
ဇူလိုင်၉ရက်
ဇူလိုင်၉ရက် မွန်းလွဲပိုင်းမှာ ကရင်နီပြည် ဖားဆောင်း မြို့နယ်ရှိ ကျေးရွာတစ်ရွာကို စကစတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီတော်လှန်ရေးအင်အားစုများထံက သိရပါတယ်။
ဇူလိုင်၉ရက် မွန်းလွဲပိုင်း ၁ နာရီ ခွဲဝန်းကျင်က ကျွန်တော်တို့ ကရင်နီပြည် ဖားဆောင်း မြို့နယ်ရှိ ကျေးရွာတစ်ရွာကို အကြောင်းမဲ့ တိုက်လေယာဥ်ဖြင့် ဗုံး၈ ကြိမ်ကျဲသွားပါတယ်လို့ ဆိုပါတယ်။
လတ်တလောမှာပြည်သူတွေ အထိခိုက်မသိရှိရသေးဘူးလို့ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၃ ခုနှစ်တွင်း လေကြောင်းအသုံးပြု၍ အရပ်သားများအပေါ် အလွန်အကျွံတိုက်ခိုက်ခဲ့ပြီး စစ်ကိုင်းတိုင်း ကန့်ဘလူ ပဇီကြီးကျေးရွာကို တိုက်ခိုက်မှုမှာ အရပ်သားရာနဲ့ချီသေဆုံးခဲ့ရပါတယ်။
========================
📌📌 ၉။ တောင်ကလေး၊ ခလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံအား မိုင်းနှင့်ဒရုန်းဗုံးသီးများဖြင့်နှစ်ရက်ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်
ဇူလိုင်လ ၉ ရက်
တောင်ကလေး၊ ခလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံအား မိုင်းနှင့်ဒရုန်းဗုံးသီးများဖြင့်နှစ်ရက်ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဇူလိုင်၉ရက်မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.Fကအသိပေးဆိုပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် တောင်ကလေးရဲစခန်းနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက်စစ်တပ်အသုံးပြုလျှက်ရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံအား KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F နှင့် cloud wings ဒရုန်းတပ်ဖွဲ့မှ ရှေ့ထွက်မိုင်းများ၊ ဒရုန်းဗုံးသီးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်လို့ဆိုပါတယ်။
ဇူလိုင်လ ၆ ရက်နေ့တွင် တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား ၆၀မမ၊ ၈၁မမ ဗုံးသီးများဖြင့်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် ခလယ်တံခွန်တိုင်ရဲစခန်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံအား ရှေ့ထွက်မိုင်းများ၊ ၆၀မမ/ ၈၁မမ ဗုံးသီးများဖြင့် ဆက်လက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပါတယ်။
၄င်းတိုက်ခိုက်မှုကြောင့် ဇူလိုင်လ (၆) ရက်နေ့တွင် တောင်ကလေးရဲစခန်းရှိ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
ဇူလိုင်လ (၇) ရက်နေ့တွင် ခလယ်တံခွန်တိုင်ရဲစခန်းရှိ အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကာ ဇူလိုင်လ (၇) ရက်နေ့တွင် စစ်ကောင်စီအသုံးပြုလျှက်ရှိသော မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံမှ 66/33 KV(30)MVA Main Transformer(AG) နှစ်လုံး၊ 66/11 KV(30)MVA Main Transformer(AG) နှစ်လုံးနှင့် Control Box များ၊ လျှပ်စစ်ပစ္စည်းများ၊ အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ပြီး ခန့်မှန်းငွေကျပ်သန်းပေါင်း နှစ်ထောင်( ၂ ဘီလီယံကျပ်) ခန့်ပျက်စီးခဲ့ပြီး တော်လှန်ရေးရဲဘော်များ အန္တရာယ်ကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment