၂၀၂၃ ဇူလိုင်လ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူ့ပိုင်ငွေဖြူတွေကို သွေးစွန်းမခံကြဖို့ အရေးကြီးတယ်လို့ ပြည်ထဲရေးဝန်ကြီးတိုက်တွန်း
📌 ၂။ သုညက စခဲ့တဲ့ တော်လှန်ရေးဟာ ၅၀ရာခိုင်နှုန်းကျော်ကို ရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး သတင်းစကားပါး
📌 ၃။ မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီဝင်များနှင့် မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီဝင်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
📌 ၄။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.Fမှ ကျေးလက်နှင့် မြို့တွင်းစစ်ဆင်ရေးတိုက်ပွဲအကြိမ်ရေ (၈၇) ကြိမ်ဆင်နွှဲခဲ့ပြီး ရန်သူ (၂၆၂) ဦးသေဆုံးသည်အထိ တိုက်ပွဲဝင်ချေမှုန်းနိုင်ခဲ့
📌 ၅။ CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများအား ၂၀၂၂/၂၀၂၃ ခုနှစ်များအတွင်း ထောက်ပံ့မှု (၄) ကြိမ် ဆောင်ရွက်နိုင်ခဲ့
📌 ၆။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပွား
📌 ၇။ ရေဖြူမြို့နယ်၊ အလယ်စခန်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီမှ အင်အား(၂၀၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာ၍ ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ရာ စကစဘက်က၃၅ဦး သေဆုံး"
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူ့ပိုင်ငွေဖြူတွေကို သွေးစွန်းမခံကြဖို့ အရေးကြီးတယ်လို့ ပြည်ထဲရေးဝန်ကြီးတိုက်တွန်း
ဇူလိုင်၂၁ရက်
ပြည်သူ့ပိုင်ငွေဖြူတွေကိုသွေးစွန်းမခံကြဖို့ အရေးကြီးတယ်လို့ ဇူလိုင်လ၂၁ရက်မှာ ပုဂ္ဂလိဘဏ်တွေနဲ့ ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က တိုက်တွန်းဆိုလိုက်ပါတယ်။
"ကျနော်တို့ ပြည်သူ့ကိုယ့်ပိုင်ငွေဖြူတွေကို သွေးစွန်းမခံကြဖို့ အရေးကြီးပါတယ်။ ဘဏ်သူဌေးတွေကတော့ စစ်ကောင်စီရဲ့အောက်မှာ ဘဝက စင်းစင်းကြီး သေနေကြပါပြီ။ ပိုင်ဆိုင်မှုတွေက ရုန်းမရတဲ့နှောင်ကြိုးတွေနဲ့ ကြီးထွားလာခဲ့ကြတော့ အခုချိန်မှာ ပုန်းမကွယ် ရှောင်မလွတ်နဲ့ ရွေးချယ် စရာလည်းမရှိ၊ ပြေးစရာမြေလည်း မရှိတော့၊ စကစကို ပြည်သူ့ပိုက်ဆံတွေနဲ့ အသုံးတော်ခံနေပါတော့တယ်။ ပြည်သူတွေက ငွေတွေကို ဒီပုဂ္ဂိုလ်ကြီးများရဲ့ ဘဏ်တွေကို အပ်နှံကြတယ်။ ဘဏ်တွေက ဒီငွေတွေနဲ့ စစ်ကောင်စီရောင်းတဲ့ ငွေတိုက်စာချုပ်တွေကို ဝယ်ပြီး စစ်ကောင်စီ လိုငွေကို ဖြည့်ပေးနေကြတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
ဇူလိုင်၂၀ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက နွေဦးဖွံဖြိုးရေးဘဏ်ကို တရားဝင်စတင်မိတ်ဆက်ခဲ့ပြိး နွေဦးဖွံဖြိုးရေးဘဏ်ကို ထိုင်းဘတ်ငွေ၊ စင်္ကာပူဒေါ်လာ၊ အမေရိကန်ဒေါ်လာ၊ မြန်မာကျပ်ငွေတို့နဲ့ စတင်လည်ပတ်မှာဖြစ်ပြီးတော့ အသုံးပြုသူလုံခြုံရေးကို အဓိကထားဆောင်ရွက်မှာဖြစ်ပါတယ်။
"ကိုယ့်ငွေကို သုံးပြီး ကိုယ့်ကိုပြန်သတ် ကိုယ့်ပြည်သူကိုပြန်သတ်နေမှန်း သိနေကြမှတော့ ဒီအကြမ်းဖတ်ရဲ့ ဘဏ္ဍာရေး ကွင်းဆက်ကို ဖြတ်ကြဖို့ပဲရှိတာပါ။ အမေရိကန်ကတောင် စစ်ကောင်စီ ဘဏ် နှစ်ခုဖြစ်တဲ့ MFTBဘဏ်နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ်ပိတ်ဆို့ပြီး
စစ်ကောင်စီ စစ်လက်နက်ပစ္စည်းဝယ်ယူမှုလမ်းကြောင်းကို ဖြတ်တောက်ပေးနေချိန်မှာ ပြည်သူ့အပ်ငွေတွေသုံးပြီး စစ်ကောင်စီဘဏ္ဍာရေးကွင်းစက်ကို ပြည်သူ့အပ်ငွေတွေနဲ့ လည်ပါတ်အောင်လုပ်နေတဲ့ ခရိုနီဘဏ်တွေဟာလည်း တာဝန်ယူကြရပါလိမ့်မယ်။ ကျတော်တို့ ပြည်သူတွေအနေနဲ့ မိမိတို့ငွေဖြူကို သွေစွန်းမခံဖို့ သေချာ သုံးသပ်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ပြတ်ပြတ် သားသား ဆောင်ရွက်ကြဖို့ လိုနေပါပြီ"လို့ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။
လက်ရှိမှာ ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်အချို့မှာ လုံခြုံရေးကျိုးပေါက်၍ စိတ်မချရခြင်း၊ စစ်ကောင်စီလက်အောက် ထိန်းချုပ်မှုရှိနေ၍ အချိန်မရွေး ဘဏ်စာရင်းပိတ်ခံရခြင်းတို့ ဖြစ်ပွားလျက်ရှိပါတယ်။
========================
📌📌 ၂။ သုညက စခဲ့တဲ့ တော်လှန်ရေးဟာ ၅၀ရာခိုင်နှုန်းကျော်ကို ရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး သတင်းစကားပါး
ဇူလိုင်၂၁ရက်
ဇူလိုင်လအတွင်း ပြည်သူမှ ပြည်သူသို့ အစီအစဥ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက သုညက စခဲ့တဲ့ တော်လှန်ရေးဟာ ၅၀ရာခိုင်နှုန်းကျော်ကို ရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။
" ပြည်သူကို ပေးချင်တဲ့ သတင်းစကားကတော့ ကျွန်တော်တို့ တော်လှန်ရေး ခုနပြောသလို အစမှာ ပြောသလို သုညက စခဲ့တဲ့ တော်လှန်ရေး ဒီမှာ ၅၀ ကျော် ရာခိုင်နှုန်းကို ရောက်နေပြီ ။ ဒါတောင် လွန်ခဲ့တဲ့ ၂ လလောက်က တွက်တဲ့ဟာပေါ့။ ဒီအချိန် ၆၀ လောက်တောင် ရောက်ရင် ရောက်နေပြီ။ ဘာလို့ဆို ကရင်နီတွေ မယ့်ဆယ်တွေ တိုက်ပွဲမဖြစ်ခင်က တွက်ထားတဲ့ဟာ။ အလားတူပဲ အခုဆို ပဲခူးဘက်မှာ ဖြစ်နေတာတွေအပြင် ချင်းမှာ လောလောဆယ်တိုးတက်မှုတွေ တွက်မယ်ဆိုရင် ကျွန်တော်ထင်တယ် အဲဒီထက်ပိုနေပြီ။ ဒါပေမဲ့ ဒါကို ကျေနပ်နေတာမဟုတ်ဘူး။ အမြန်ဆုံးအဆုံးသတ်ချင်တာ"လို့ဆိုပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးသောင်းကျော် သေဆုံးခဲ့ပြီး လက်ရှိမှာ ကရင်နီဒေသ၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းစတဲ့နေရာများမှာ စိုးမိုးထိန်းချုပ်ဧရိယာများ ပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၃။ မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီဝင်များနှင့် မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီဝင်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
ဇူလိုင် လ ၂၁ရက်
မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များနှင့် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီဝင်အဖွဲ့များ အစည်းအဝေး(၂/၂၀၂၃)ကို ဇူလိုင်၂၁ရက် မွန်းလွဲပိုင်းမှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသော ကော်မတီ အဖွဲ့ဝင်များမှ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်အဖွဲ့များမှ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.Fမှ ကျေးလက်နှင့် မြို့တွင်းစစ်ဆင်ရေးတိုက်ပွဲအကြိမ်ရေ (၈၇) ကြိမ်ဆင်နွှဲခဲ့ပြီး ရန်သူ (၂၆၂) ဦးသေဆုံးသည်အထိ တိုက်ပွဲဝင်ချေမှုန်းနိုင်ခဲ့
ဇူလိုင်၂၁ရက်
ဇူလိုင်၂၁ရက် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.Fမှ တပ်ဖွဲ့တည်ထောင်ခြင်း (၂) နှစ်ပြည့် စစ်ဆင်ရေးဆောင်ရွက်ချက်များအဖြစ် ကျေးလက်နှင့် မြို့တွင်းစစ်ဆင်ရေးတိုက်ပွဲအကြိမ်ရေ (၈၇) ကြိမ်ဆင်နွှဲခဲ့ပြီး ရန်သူ (၂၆၂) ဦးသေဆုံးသည်အထိ တိုက်ပွဲဝင်ချေမှုန်းနိုင်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.Fမှ ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ ဇူလိုင်လ -၂၁ ရက်နေ့တွင် (၂) နှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ (၂) နှစ်ပြည့်အတွင်း တောင်ပိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးစီမံချက်များအတိုင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး နှင့် မွန်ပြည်နယ်တို့တွင် ပျံလွှားအောင်၊ နန်းထိုက်အောင် စစ်ဆင်ရေးဆောင်ရွက်ချက်များကို တာဝန်ယူဆောင်ရွက်ခဲ့ကြပြီး KNU တပ်မဟာ (၆) နှင့် တပ်မဟာ (၄) နယ်မြေများတွင် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကျေးလက်စစ်ဆင်ရေးဆောင်ရွက်ချက်များကို တာဝန်ယူဆောင်ရွက်ခဲ့ကြပါတယ်လို့ဖော်ပြပါတယ်။
မြို့တွင်းစစ်ဆင်ရေးအနေဖြင့် ရန်ကုန်မြို့တွင် ဗားကရာ၊ သန်လျင်တံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ မြောက်ဥက္ကလာတံတား၊ ဗဟန်းစစ်တပ်အရာရှိရိပ်သာ၊ အင်းစိန်ထောင်အရာရှိရိပ်သာ အပါအဝင် အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်များ၊ အကြမ်းဖက်လက်အောက်ခံ သာကေတရဲစခန်း၊ မြောက်ဥက္ကလာရဲစခန်းနှင့် လှိုင်သာယာရဲစခန်းများအား လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပါတယ်။
ဧရာဝတီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်မှုအပါအဝင် မွန်ပြည်နယ်ရှိ ရဲစခန်းများ၊ အကြမ်းဖက်လက်အောက်ခံ ပျူစောထီးဂိတ်များ၊ စစ်စခန်းများအား အကြိမ်ပေါင်းများစွာဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
ကျေးလက်စစ်ဆင်ရေးအနေဖြင့် ဘုရားသုံးဆူမြို့ ဘုရားတောင်စခန်းသိမ်းပွဲ၊ သံဖြူဇရပ်မြို့ တောင်ကလေးစခန်းသိမ်းပွဲ၊ ကြာအင်းဆိပ်ကြီးမြို့ တောင်စွန်းစခန်းသိမ်းတိုက်ပွဲနှင့် ကော့ကရိတ်မြို့ တောင်ကြာအင်းစခန်းသိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း (၃၉) ကြိမ်၊ ဒရုန်း+လက်နက်ကြီးတိုက်ပွဲပေါင်း (၁၆) ကြိမ်ဆင်နွှဲနိုင်ခဲ့ပါတယ်။
အချုပ်အားဖြင့် ကျေးလက်နှင့်မြို့တွင်းစစ်ဆင်ရေးတိုက်ပွဲအကြိမ်ရေ (၈၇) ကြိမ်ရှိခဲ့ပြီး ရန်သူ (၂၆၂) ဦးသေဆုံးသည်အထိ တိုက်ပွဲဝင်ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ကြီး/လက်နက်ငယ် (၅၄) လက်သိမ်းဆည်းရမိခဲ့ကာ တရားမဝင်မူးယစ်ဆေးဝါးများနှင့် လိုင်စင်မဲ့ကားတချို့ သိမ်းဆည်းရမိဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများအား ၂၀၂၂/၂၀၂၃ ခုနှစ်များအတွင်း ထောက်ပံ့မှု (၄) ကြိမ် ဆောင်ရွက်နိုင်ခဲ့
ဇူလိုင်၂၁ရက်
CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများအား ၂၀၂၂/၂၀၂၃ ခုနှစ်များအတွင်း ထောက်ပံ့မှု (၄) ကြိမ် ဆောင်ရွက်နိုင်ခဲ့တယ်လို့ဇူလိုင်၂၁ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလောင်းတော်ကဿပအမျိုးသားဥယျာဥ်မှ CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများအား ၂၀၂၂/၂၀၂၃ ခုနှစ်များအတွင်း ထောက်ပံ့မှု (၄) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်လို့ ဖော်ပြပါတယ်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဆင်ဦးစီးဝန်ထမ်းများအတွက် ဝန်ကြီးဌာနရန်ပုံငွေဖြင့် (၃၆၀,၀၀၀) ကျပ်နှင့် ပြင်ပအလှူရှင်မှ (၁,၀၀၀,၀၀၀) ကျပ် ထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆင်ဦးစီးဝန်ထမ်းများနှင့် ဆင်များအတွက် ပြင်ပအလှူရှင်တစ်ဦးက (၁၇,၀၀၀,၀၀၀) ကျပ် လှူဒါန်းခဲ့ပြီး ၎င်းအပြင် ဆင်ချစ်သူ (၂) ဦး ထည့်ဝင်လှူဒါန်းပေးသည့် Elephant collections အမှတ်တရ ပစ္စည်းများဖြင့် ဝန်ကြီးဌာနက ဦးစီးဆောင်ရွက်ခဲ့သည့် “တော်လှန်တပ်သား မိုမိုလေးများ” ကမ်ပိန်းမှ ရန်ပုံငွေ (၄၄,၀၈၆,၂၄၅) ကျပ် ရရှိခဲ့ပါတယ်။
CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများ ထောက်ပံ့နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်အတွင်း လက်ခံရရှိခဲ့သည့် လှူဒါန်းငွေ/ကမ်ပိန်းရန်ပုံငွေများထဲမှ ဆင်ဦးစီးဝန်ထမ်းများအတွက် ခွဲဝေထားရှိသည့် ပမာဏအားလုံး ထောက်ပံ့ပေးအပ်ပြီးဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၆။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပွား
ဇူလိုင်၂၁ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဇူလိုင်၂၁ရက် နံနက်အစောပိုင်း စကစတပ်များက ဝင်စီး၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးကို ကနဦးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်၂၁ရက်ညနေ ၃နာရီအချိန်ခန့်မှာ မိမိတို့ရရှိထားတာကတော့ မနက်က ဖမ်းဆီးသူ(၁၄)ယောက်ကို စကစနောက်လိုက်များက ရက်စက်စွာ သတ်ဖြတ်ထားကြောင်း ဒေသခံများထံက သိရပါတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ပြန်ကြားရေးက ဆိုထားပါတယ်။
သတ်ဖြတ်ခံရသူများထဲတွင် ၁၁ဦးမှာ အရပ်သားများဖြစ်၍ အမျိုးသားများဖြစ်ကာ စုန်းချောင်းရွာရှိနေအိမ်များကိုလည်း စကစတပ်များကမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၇။ ရေဖြူမြို့နယ်၊ အလယ်စခန်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီမှ အင်အား(၂၀၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာ၍ ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ရာ စကစဘက်က၃၅ဦး သေဆုံး"
ဇူလိုင်၂၁ရက်
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ အလယ်စခန်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီမှ အင်အား(၂၀၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာ၍ ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ရာ စကစဘက်က၃၅ဦး သေဆုံးခဲ့တယ်လို့ ဇူလိုင်၂၁ရက် စစ်ရေးသတင်းကို YGF ရေးပြောက်ကျားတပ်က အတည်ပြုဆိုပါတယ်။
ရေဖြူမြို့နယ်၊ အလယ်စခန်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီမှ အင်အား(၂၀၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာလျှက် ရှိပါတယ်။ အဆိုပါစစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ပူပေါင်းစစ်ကြောင်းဖြစ်သည့် KNLA တပ်ရင်း ၂၇ ၊တပ်ခွဲ ၂ နှင့် YGF- ရေးပြောက်ကျားတပ်ဖွဲ့ပူပေါင်းစစ်ကြောင်းတို့ ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၊ ၁၈ရက်နေ့တွင် အလယ်စခန်းအနီးတစ်ဝိုက်၌ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်လို့ဆိုပါတယ်။
နံနက် ၁၀:၀၀ မှ မွန်းလွဲ ၂နာရီအချိန်အထိ လက်နက်ကြီး ၊ လက်နက်ငယ် အများအပြားဖြင့် ထိပ်တိုက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူဘက်မှ ၁၅ ဦးဒဏ်ရာရခဲ့ပြီး ၃၅ ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
ပူးပေါင်းစစ်ကြောင်းဖြစ်သည့် YGF-ရေးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်စောမွန်လေး အသက်ပေးကြွေလွင့်ခဲ့ရပြီး KNLA တပ်ရင်း ၂၇၊တပ်ခွဲ ၂ မှ ရဲဘော် (၁)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment