၂၀၂၃ ဇူလိုင်လ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ကောင်စီဟာ တစ်နိုင်ငံလုံးနေရာအနှံ့မှာ တည်ငြိမ်စွာအုပ်ချုပ်နေတယ်လို့ ပြောမရအောင်ကိုဖြစ်နေပြီလို့ဆို
📌 ၂။ “အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့" Campaign မှ ရှယ်ယာရောင်းချငွေများကို အိမ်ထောင်စု (၁,၁၉၆) စုအား ပံ့ပိုးကူညီ
📌 ၃။ အမေရိကန်ပြည်ထောင်စု Houston လူထုတွေ့ဆုံပွဲတွင် စစ်ဘေးရှောင်များအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းကျော်ကို လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ရရှိခဲ့
📌 ၄။ India For Myanmar မှ တော်လှန်ရေးအစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရထံ အကြံပြုချက် (၆) ချက်ပါဝင်သည့် အိတ်ဖွင့်ပေးစာပေးပို့
📌 ၅။ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်အသစ်များစီစစ်ခေါ်ယူနေ
📌 ၆။ လွိုင်လင်မြို့ ခမရ (၅၃၀) မှ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး (၁)ဦးနှင့် ကလေး (၁) ဦးအပါအဝင် မိသားစုဝင် (၄) ဦးထိခိုက်ဒဏ်ရာရ
📌 ၇။ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ၆ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ အများအပြားသေဆုံးခဲ့တယ်လို့ YGFရေးပြောက်ကျား တပ်ကထုတ်ပြန်
📌 ၈။ ရန်ကုန်-မန္တလေး လမ်းဟောင်းအနီး ပိန်းဇလုပ် မြို့နယ်အတွင်းရှိ ရေတွင်းကုန်ကျေးရွာအနီး စကစတပ်များနဲ့ တော်၀င်ဒေါင်း စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်မှ၁၀ယောက်သေဆုံး
📌 ၉။ ဇူလိုင်လ ၁၅ ရက်နဲ့ ၂၀ ရက်အကြား လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူ ၆,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီဟာ တစ်နိုင်ငံလုံးနေရာအနှံ့မှာ တည်ငြိမ်စွာအုပ်ချုပ်နေတယ်လို့ ပြောမရအောင်ကိုဖြစ်နေပြီလို့ဆို
ဇူလိုင်၂၆
အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၂၅/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောပါတယ်။
"အခုဆိုရင် စစ်ကောင်စီဟာ သူတို့ဇာတ် သူတို့မနိုင်တော့ဘဲ အချင်းချင်း ဖမ်းဆီးတာတွေ ပြုလုပ်လိုက်၊ လူအပြောင်းအလဲတွေ လုပ်လိုက်နဲ့ မကောင်းမှု ပြုထားသူတွေဟာ ကိုယ့်အရိပ်တောင် ကိုယ်ပြန်ကြောက်ပြီး ဘယ်သူမှ မယုံနိုင်အောင် ဖြစ်နေတဲ့အခြေအနေကို ရောက်နေရပြီ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာလည်း နေရာအနှံ့ ဘယ်နေရာမှ တည်ငြိမ်စွာ သူတို့ အုပ်ချုပ်နေပါတယ် ပြောမရအောင်ကိုပဲ ကချင်ကအစ တနင်္သာရီအဆုံး တိုက်ပွဲတွေ၊ ထိတွေ့မှုတွေများစွာနဲ့ တိုက်ပွဲတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ဒီတစ်ပတ်အတွင်းမှာဆိုရင် စစ်ကောင်စီတပ်သား ၄၅၀ ကျော် ကျဆုံးတယ်လို့ သိရပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စကစတပ်များဟာ ကရင်နီဒေသ၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ အထိနာကျရှုံးလျက်ရှိပြီး လေကြောင်းတိုက်ခိုက်တစ်ခုတည်းကိုသာအားပြုနေရတော့တာဖြစ်ပါတယ်။
========================
📌📌 ၂။ “အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့" Campaign မှ ရှယ်ယာရောင်းချငွေများကို အိမ်ထောင်စု (၁,၁၉၆) စုအား ပံ့ပိုးကူညီ
ဇူလိုင်၂၆
"အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့" Campaign မှ ရှယ်ယာရောင်းချငွေများကို အိမ်ထောင်စု (၁,၁၉၆) စုအား ပံ့ပိုးကူညီခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇူလိုင်၂၆ရက်မှာ အသိပေးဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနဟာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနှင့် ပူးပေါင်း၍ The End of Dictatorship (EOD) အစီအစဉ်အရ "အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့" Campaign ကို (၃၀.၆.၂၀၂၃) ရက်နေ့မှ (၁၉.၇.၂၀၂၃) ရက်နေ့အထိ ရက်ပေါင်း (၂၀) ရက်ကြာ ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါကမ်ပိန်းမှ ရရှိသော ရန်ပုံငွေဖြင့် ဇူလိုင်လ (၂၆)ရက်နေ့အထိ အညာဒေသများ ဖြစ်ကြတဲ့ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီကြောင့် နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ဘေးသင့်ပြည်သူများအပါအဝင် မိုးတွင်းကာလ အမိုးအကာအရေးပေါ်လိုအပ်နေကြသူများ၊ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတဲ့ ကာလရှည်ထွက်ပြေးတိမ်းရှောင်နေရသူများအပါအဝင် အိမ်ထောင်စု (၁,၁၉၆) စုကို အရေးပေါ်စားနပ်ရိက္ခာ၊ ယာယီတဲနှင့် အမိုးအကာများ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာ ငွေကျပ် စုစုပေါင်း (၇၀,၀၇၇,၁၀၀)ကျပ်ကို ထောက်ပံ့ထားပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ အမေရိကန်ပြည်ထောင်စု Houston လူထုတွေ့ဆုံပွဲတွင် စစ်ဘေးရှောင်များအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းကျော်ကို လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ရရှိခဲ့
အမေရိကန်ပြည်ထောင်စု Houston လူထုတွေ့ဆုံပွဲတွင် စစ်ဘေးရှောင်များအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းကျော် NUGလူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ရရှိခဲ့တယ်လို့ Twitterမှတဆင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။
NUG ၏ ကိုယ်စားလှယ်အဖွဲ့သည် တက္ကဆက်ပြည်နယ်၊ ဟူစတန်တွင် ရိုဟင်ဂျာများနှင့် မြန်မာမွတ်ဆလင် အသိုက်အဝန်းခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးခြင်း အပါအဝင် အမေရိကန်၊ တက္ကဆက်ရှိ မြန်မာကွန်မြူနတီများ (တိုင်းရင်းသားအားလုံး) နှင့်တွေ့ဆုံမှုများ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ထိုသို့တွေ့ဆုံရာတွင်Houston ရှိ Diasporas သည် IDP များအတွက် $10,400 ကျော် ရရှိခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၄။ India For Myanmar မှ တော်လှန်ရေးအစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရထံ အကြံပြုချက် (၆) ချက်ပါဝင်သည့် အိတ်ဖွင့်ပေးစာပေးပို့
ဇူလိုင်၂၆
India For Myanmar မှ တော်လှန်ရေးအစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရထံ အကြံပြုချက် (၆) ချက်ပါဝင်သည့် အိတ်ဖွင့်ပေးစာကို ဇူလိုင်၂၆ရက်မှာ ပေးပို့ခဲ့တယ်လို့ သိရှိရပါတယ်။
India for Myanmar သည် လှုပ်ရှားမှုစတင်သည့်၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ မှ စတင်ပြီး အကြမ်းဖက်စစ်အုပ်စုနှင့် အိန္ဒိယအစိုးရ အကြား ဆက်ဆံရေးကို နေ့စဉ်မပြတ် စောင့်ကြည့်လေ့လာခြင်းပြုလုပ်ခဲ့ပါတယ်။ အဆိုပါလေ့လာမှုအရ အိန္ဒိယအစိုးရသည် ၂၀၂၃ ခုနှစ်နောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသော ဆက်ဆံရေးမျိုး ပိုမိုလုပ်ဆောင်လာသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိရပါတယ်လို့ဖော်ပြထားပါတယ်။
========================
📌📌 ၅။ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်အသစ်များစီစစ်ခေါ်ယူနေ
ဇူလိုင်၂၆ရက်
ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်အသစ်များစီစစ်ခေါ်ယူနေတယ်လို့ ဇူလိုင်၂၆ရက်မှာ ပဲခူတိုင်းဒေသကြီး ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးကြေညာပါတယ်။
ပဲခူတိုင်းဒေသကြီး ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်အသစ်များ စီစစ်ခေါ်ယူလျက်ရှိရာမှာ လျှောက်ထားသူဟာ အသက် ၁၈ နှစ်မှ ၄၀နှစ် အတွင်း ဖြစ်ရမှာဖြစ်ပြီး၊ ကျန်းမာရေးကောင်းမွန်ရမည့်အပြင် ပင်ပန်း ဆင်းရဲမှုဒဏ် ခံနိုင်ဖို့လိုအပ်ကာ အဖွဲ့မှချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမယ်လို့ဆိုပါတယ်။
လျှောက်ထားလိုသူများအနေနဲ့ Kawa People's Defense Force ( KPDF ) သို့ ဆက်သွယ်လျှောက်ထားနိုင်တယ်လို့သိရပါတယ်။
========================
📌📌 ၆။ လွိုင်လင်မြို့ ခမရ (၅၃၀) မှ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး (၁)ဦးနှင့် ကလေး (၁) ဦးအပါအဝင် မိသားစုဝင် (၄) ဦးထိခိုက်ဒဏ်ရာရ
ဇူလိုင်၂၆
လွိုင်လင်မြို့ ခမရ (၅၃၀) မှ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး (၁)ဦးနှင့် ကလေး (၁) ဦးအပါအဝင် မိသားစုဝင် (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဇူလိုင်၂၆ရက်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က အသိပေးဆိုပါတယ်။
ဇူလိုင်လ (၂၅) ရက်နေ့ ည (၈း၃၀) နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လွိုင်လင်မြို့ အခြေစိုက် တပ်ရင်းဖြစ်သော ခမရ (၅၃၀) မှ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ဝမ်ကုန်းကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်အတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁)ဦးနှင့် ကလေး (၁) ဦးအပါအဝင် မိသားစုဝင် (၄) ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူများမှာ အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း ဆေးကုသမှုခံယူနေကြရတယ်လို့ဆိုပါတယ်။
ထို့အပြင် ဇူလိုင်လ (၂၀) ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့နယ် ပဒါးညေးကျေးရွာတွင် အရပ်သားပြည်သူ(၃) ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများအနက်မှ အသက် (၁၆) နှစ် အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
========================
📌📌 ၇။ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ၆ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ အများအပြားသေဆုံးခဲ့တယ်လို့ YGFရေးပြောက်ကျား တပ်ကထုတ်ပြန်
ဇူလိုင်၂၆
အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ၆ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှအများအပြားသေဆုံးခဲ့တယ်လို့ YGFရေးပြောက်ကျားတပ်က ဇူလိုင်၂၆ရက်မှာ ထုတ်ပြန်ပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် နယ်စပ်ရှိ၊ အလယ်စခန်းအနီးတစ်ဝိုက်တွင် ဇူလိုင်လ ၁၈ရက်နေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထပ်မံအင်အားဖြည့်လာပြီး ခမရ-၄၀၇ ၊ ခလရ-၁၀၄ ၊ ခမရ-၄၀၈ ၊ ခလရ-၂၈၂ အစရှိသည့် တပ်ရင်းများမှ ခန့်မှန်းအင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်း ၄ ကြောင်းခွဲ၍ ရန်သူဘက်မှ ဇူလိုင်လ ၁၉ ရက်နေ့တွင် ထပ်မံပြီး ထိုးစစ်ဆင်လာခဲ့ပါတယ်။ အဆိုပါထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို KNLA တပ်ရင်း ၂၇၊ YGF-ရေးပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် ဇူလိုင်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂၄ ရက်နေ့အထိ ၆ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီးများ၊ လက်နက်ငယ်များ၊ မိုင်းများသုံး၍ ခုခံတိုက်ခိုက်ခဲ့ပြီး ၆ရက်ကြာတိုက်ပွဲအတွင်း ရန်သူဘက်မှ အများအပြားထိခိုက်ဒဏ်ရာရခဲ့ပြီး ၁၀၀ ဦး ခန့်သေဆုံးခဲ့တယ်လို့ YGFကဆိုပါတယ်။
========================
📌📌 ၈။ ရန်ကုန်-မန္တလေး လမ်းဟောင်းအနီး ပိန်းဇလုပ် မြို့နယ်အတွင်းရှိ ရေတွင်းကုန်ကျေးရွာအနီး စကစတပ်များနဲ့ တော်၀င်ဒေါင်း စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်မှ၁၀ယောက်သေဆုံး
ဇူလိုင်၂၆
ဇူလိုင်၂၅ရက် ညနေ ၅နာရီခန့်မှစ၍ ဇူလိုင်၂၆ ရက် နေ့လည် ၁နာရီထိ ရန်ကုန်-မန္တလေး လမ်းဟောင်းအနီး ပိန်းဇလုပ် မြို့နယ် အတွင်းရှိ ရေတွင်းကုန်ကျေးရွာအနီး စကစတပ်များနဲ့ တော်၀င်ဒေါင်း စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်မှ ၁၀ယောက် သေဆုံးခဲ့တယ်လို့ ဇူလိုင်၂၆ရက်မှာ စစ်ရေးသတင်းကို Royal Peacock Column တော်၀င်ဒေါင်း စစ်ကြောင်းက အသိပေးဆိုပါတယ်။
ဖြစ်စဉ်အတွင်း ရန်သူ စကစဘက်မှ ၁၀ယောက်ကျဆုံးခဲ့ပြီး ရန်သူ အလောင်း (၁)လောင်း၊ G-3အမျိုးစား သေနတ် (၁)လက်၊ ယင်း သေနတ်ကျည်အိမ် (၄)ခု ၊ ကျည်ဆံ (၁၅၀) ၊ ၆၀ မမ ဗုံးသီး(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ပြီး ရန်သူဘက်မှ (၃၀)ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး တပ်ရင်းဘက်မှ ရဲဘော် (၃)ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၉။ ဇူလိုင်လ ၁၅ ရက်နဲ့ ၂၀ ရက်အကြား လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူ ၆,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့
ဇူလိုင်၂၆
ဇူလိုင်လ ၁၅ ရက်နဲ့ ၂၀ ရက်အကြား လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူ ၆,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့တယ်လို့ ဇူလိုင်၂၆ရက်မှာ UN OCHA Myanmarက အသိပေးဆိုပါတယ်။
"ပြင်းထန်နေဆဲ လက်နက်ကိုင်ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံက ပြည်သူတွေဟာ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းတွေကို ဆက်လက်ရင်ဆိုင်နေရပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ မြင့်တက်နေသလို၊ အနောက်မြောက်ပိုင်းမှာ ပြင်းထန်နေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မကြာခဏဖြစ်ပွားနေပါတယ်။ ဇူလိုင်လ ၁၅ ရက်နဲ့ ၂၀ ရက်အကြား လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူ ၆,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသလို၊ ဇူလိုင်လ ၁၈ ရက်နေ့ကစတင်တဲ့ ရာသီပြောင်းလဲမှုက ဆိုးရွားတဲ့အခြေအနေတွေကို ထပ်လောင်းဖြစ်ပေါ်စေပါတယ်"လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၁ ဒသမ ၉ သန်းနီးပါးရှိလာပြီ ဖြစ်ပြီး အဲဒီအထဲကမှ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment