၂၀၂၃ ဇူလိုင်လ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားကို တီမောလက်စတေး နိုင်ငံသမ္မတထံ ပေးအပ်ခဲ့
📌 ၂။ နေပြည်တော်ကို ဗဟိုပြုပြီးတော့မှ တိုင်းပြည်အပေါ်မှာ ဗိုလ်ကျနေတဲ့ စစ်အုပ်စုကို တွန်းလှန်ဖယ်ရှားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်
📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
📌 ၄။ တစ်နိုင်ငံလုံး လွတ်မြောက်ဖို့ လိုတယ်လို့ ဝန်ကြီး ဦးထင်လင်းအောင်ဆို
📌 ၅။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၇၄၄) ဦးအထိရှိလာ
📌 ၆။ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့စက္ကူစက်ရုံ အနီး အကြမ်းဖက် စစ်ကောင်စီ ဂိတ်အားဝင်ရောက်ရှင်းလင်း ပစ်ခတ်
📌 ၇။ ပေါင်းတည်မြို့နယ် ရန်ကုန်ပြည်ကားလမ်းဘေး မြို့အဝင်အထွက်ဆိုင်းဘုတ်ပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဘန်နာအား လာဖြုတ်သောအကြမ်းဖက်စကစတပ်ဖွဲ့ဝင်များမိုင်းခွဲခံရ
📌 ၈။ ထောက်ပို့တပ်သားဖလား ဘောလုံးပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် ကျင်းပမယ်
📌 ၉။ ရိုးမခေါ်သံကမ်ပိန်း အမေရိကန်ဒေါ်လာ တစ်သိန်းတစ်သောင်းဝန်းကျင်ရရှိထား
📌 ၁၀။ "ဖက်စစ်ရွေးကောက်ပွဲကို သပိတ်မှောက်၊ ဖယ်ဒရယ်လမ်းကို ရဲရဲလျှောက် ”ဘန်နာကိုင်ဆွဲ၍ ထားဝယ်ခရိုင်လောင်းလုံးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားကို တီမောလက်စတေး နိုင်ငံသမ္မတထံ ပေးအပ်ခဲ့
ဇူလိုင် ၃
ဇူလိုင်၃ရက်နေ့မှာ တီမောလက်စတေးနိုင်ငံသမ္မတ ဟိုဆေး ရားမို့စ်ဟော်တာက လူမှုကွန်ရက်မှာ အသိပေးဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် တီမောလက်စတေး နိုင်ငံသမ္မတ ဟိုဆေး ရားမို့စ်ဟော်တာနှင့်တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားချပ်ကို ပေးအပ်ခဲ့ရာ သမ္မတက လက်ခံရယူခဲ့ပါတယ်။
တီမောလက်စတေးနိုင်ငံရဲ့ အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ချက်နိုင်ငံ NUGကိုယ်စားလှယ် ဦးလင်းသန့်တို့ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ နေပြည်တော်ကို ဗဟိုပြုပြီးတော့မှ တိုင်းပြည်အပေါ်မှာ ဗိုလ်ကျနေတဲ့ စစ်အုပ်စုကို တွန်းလှန်ဖယ်ရှားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်
ဇူလိုင်၃
ဇူလိုင် ၃ရက်မှာ ကျင်းပတဲ့ ပြည်တော်ဝင်ကမ်ပိန်း ပိတ်ပွဲအခမ်းအနားမှာ “နေပြည်တော်ကို ဗဟိုပြုပြီးတော့မှ တိုင်းပြည်အပေါ်မှာ ဗိုလ်ကျနေတဲ့ စစ်အုပ်စုကို တွန်းလှန်ဖယ်ရှားမယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
"လမ်းအားလုံးနေပြည်တော်သို့ဆိုတာ လက်ရှိနေပြည်တော်ကို ဗဟိုပြုပြီးတော့မှ တိုင်းပြည်အပေါ်မှာ ဗိုလ်ကျနေတဲ့ စစ်အုပ်စုကို တွန်းလှန်ဖယ်ရှားပြီး ပြည်သူ့အာဏာပြည်သူ့လက်ကို ပြန်ပြီးတော့ အပ်နှင်းကြဖို့ ဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ ရဲဘော်တွေချီတက်နေကြတာကို ဆိုလိုတာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် PDF ရဲဘော်များအင်အားဟာ တစ်နိုင်ငံလုံးမှာ စစ်မျက်နှာကွက်ပြည့်နင်းနိုင်ပြီး တိုက်ပွဲဝင်နိုင်စွမ်းရှိတဲ့ ရဲဘော်တွေ ဖြစ်နေပြီလို့ ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း၃၀၀ ကျော်၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း၂၅၀ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
ဇူလိုင် လ ၃ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၆/၂၀၂၃)ကို ဇူလိုင်၃ရက်နေ့က ကျင်းပခဲ့ပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာသော ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ တစ်နိုင်ငံလုံး လွတ်မြောက်ဖို့ လိုတယ်လို့ ဝန်ကြီး ဦးထင်လင်းအောင်ဆို
ဇွန်လ၃
ဇူလိုင်၂ရက် အမေရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ ချင်းတိုင်းရင်းသားများနဲ့လူထုတွေ့ဆုံပွဲမှာ "တစ်နိုင်ငံလုံး လွတ်မြောက်ဖို့လိုတယ်"လို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောပါတယ်။
"ချင်းပြည်နယ်မှာဆို မြို့နယ်၉မြို့နယ်ရှိတယ်လို့သိထားပါတယ်။ တစ်မြို့နယ်ထဲ လွတ်မြောက်လို့မရပါဘူး။ ချင်းပြည်နယ်တစ်ခုထဲလည်း လွတ်မြောက်လို့မရဘူး။ ကျနော်တို့ တစ်နိုင်ငံလုံးလွတ်မြောက်ဖို့လိုတယ်။ တစ်နိုင်ငံလုံးဟာ ထောင်ကျနေတာ၊ လွတ်မြောက်မှုကို မရသေးတာဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ ကရင်နီဒေသ၊ ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် တိုင်းရင်းသားအင်အားစုများနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ စိုးမိုးထိန်းချုပ်မှုနယ်မြေများရရှိနေပြီ ဖြစ်ပါတယ်။
========================
📌📌 ၅။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၇၄၄) ဦးအထိရှိလာ
ဇူလိုင်၃
နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၇၄၄) ဦးအထိရှိလာတယ်လို့ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPPက ဇူလိုင်၃ရက်မှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၇၄၄) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၆၇၀) ဦးရှိပြီး ထိုအထဲမှ (၁၉၃၁၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၆၄၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၆။ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့စက္ကူစက်ရုံ အနီး အကြမ်းဖက် စစ်ကောင်စီ ဂိတ်အားဝင်ရောက်ရှင်းလင်း ပစ်ခတ်
ဇူလိုင်၃ရက်
ဇူလိုင်၃ရက်နေ့ မနက်၁၀နာရီ ၃၀အချိန်မှာ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့စက္ကူစက်ရုံအနီး အကြမ်းဖက် စစ်ကောင်စီဂိတ်အား ဝင်ရောက် ရှင်းလင်း ပစ်ခတ်ခဲ့တယ်လို့ တိုက်ခိုက်ခဲ့တာလို့ Souls Takers UG အဖွဲ့မှအသိပေးဆိုပါတယ်။
"ဇူလိုင် ၃ရက်နေ့ မနက် 10 နာရီ 30 ခန့် အချိန်တွင် ကျနော်တို့ Souls Takers UG အဖွဲ့မှ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အနီး စက္ကူစက်ရုံ အနီး အကြမ်းဖက် စစ်ကောင်စီ ဂိတ်အားကားဖြင့် ဝင်ရောက်ရှင်းလင်း ပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။
စစ်ကောင်စီဘက်မှ ထပ်မံအင်အားဖြည့်ထားသော ကင်းပုန်းများဖြင့် ထိပ်တိုက်တွေ့ရှိပြီး အပြန်အလှန် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ပျူစောထီးတစ်ဦးသေဆုံးခဲ့ပါတယ်။
========================
📌📌 ၇။ ပေါင်းတည်မြို့နယ် ရန်ကုန်ပြည်ကားလမ်းဘေး မြို့အဝင်အထွက်ဆိုင်းဘုတ်ပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဘန်နာအား လာဖြုတ်သောအကြမ်းဖက်စကစတပ်ဖွဲ့ဝင်များမိုင်းခွဲခံရ
ဇူလိုင်၃
ပေါင်းတည်မြို့နယ် ရန်ကုန်ပြည်ကားလမ်းဘေး မြို့အဝင်အထွက်ဆိုင်းဘုတ်ပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဘန်နာအား လာဖြုတ်သော အကြမ်းဖက်စကစတပ်ဖွဲ့ဝင်များမိုင်းခွဲခံရတယ်လို့ သတင်းရရှိပါတယ်။
ဇူလိုင်၃ရက် မနက်ပိုင်း မြို့အဝင်အထွက်ဆိုင်းဘုတ်ပေါ်တွင်ချိတ်ဆွဲထားသည့် ဘန်နာကိုလာဖြုတ်သောစကစတပ်များအား တိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF၃၆၀၁တပ်ရင်း)ကဆိုပါတယ်။
"ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ရန်ကုန်ပြည်ကားလမ်းဘေးမြို့အဝင်အထွက် ဆိုင်းဘုတ်ပေါ်တွင် “တစ်တိုင်းလုံးညီ တစ်ပြည်လုံးရဲ မင်းအောင်လှိုင်ခေါင်း ဒေါင်းနင်းတဲ့ပွဲ" ရေးဆွဲထားသော စာတန်းအား လာဖြုတ်သော ပေါင်းတည်မြို့နယ်မှ အကြမ်းဖက်စကစ တပ်ဖွဲ့ဝင်(၅)ဦးအား ဇူလိုင် ၃ရက်နေ့နံနက်(၈း၁၅)အချိန်တွင်ပေါင်းတည်မြို့နယ်ပကဖအဖွဲ့ မှ အဝေးထိမ်းမိုင်းဖြင့် ဖေါက်ခွဲတိုက်ခိုက်ရာ အထိခိုက်ဒဏ်ရာရရှိမှုကို စုံစမ်းနေဆဲဖြစ်ပါတယ်"လို့ဆိုပါတယ်။
ပေါင်းတည်မြို့နယ်ပကဖအဖွဲ့မှ သူရဲကောင်းရဲဘော်များမှာ အခက်အခဲအထိအခိုက်မရှိ အန္တရာယ်ကင်းစွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၈။ ထောက်ပို့တပ်သားဖလား ဘောလုံးပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် ကျင်းပမယ်
ဇူလိုင်၃
မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC)မှ စီစဉ်ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ထောက်ပို့တပ်သားဖလား ဘောလုံးပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် ကျင်းပမယ်လို့ ဇူလိုင်၃ရက်မှာ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC)မှ အသိပေးပါတယ်။
အဆိုပါ ဒုတိယအကြိမ်မြောက် ထောက်ပို့တပ်သားဖလား ဘောလုံးပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် ကျင်းပမည့်ဖြစ်သောကြောင့် အားကစားဝါသနာရှင် ဘောလုံးအသင်းများအားဖိတ်ခေါ်ထားပါတယ်။
တော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် စီးပွားရေးလုပ်ငန်းများကိုလည်း ဖိတ်ခေါ်ထားကာ ပြိုင်ပွဲဝင် အသင်း(၁၆)သင်းဖြင့် ကျင်းပရန် ရည်ရွယ်ထားပြီး အသင်းလိုက်ဆုကြေးများနှင့် နေရာအလိုက် အကောင်းဆုံးကစားသမားဆုများကိုလည်း ပေးအပ်ရန် စီစဉ်ထားတယ်လို့သိရပါတယ်။
ပထမဆုရအသင်းကို ဝမ်၁၂သိန်း ဒုတိယဆုရအသင်းကို ဝမ်၈သိန်းအပြင် တစ်ဦးချင်းနေရာအလိုက် ကစားသမားဆုများကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။
========================
📌📌 ၉။ ရိုးမခေါ်သံကမ်ပိန်း အမေရိကန်ဒေါ်လာ တစ်သိန်းတစ်သောင်းဝန်းကျင်ရရှိထား
ဇူလိုင်၃
ရိုးမခေါ်သံကမ်ပိန်း အမေရိကန်ဒေါ်လာ တစ်သိန်းတစ်သောင်းဝန်းကျင်ရရှိထားတယ်လို့ ဇူလိုင်၃ရက်မှာ ရိုးမခေါ်သံကမ်ပိန်းက အသိပေးဖော်ပြပါတယ်။
"Happy Monday မှာ Day-9 တဲ့ဗျာ…. USD တစ်သိန်း တစ်သောင်း ဝန်းကျင်ထိရထားပါပြီ။ ရိုးမထဲမှာ ဝုန်းဒိုင်းကြဲဖို့၊ သံစဉ်တွေနဲ့ ကခုန်နိုင်ဖို့၊ စစ်တောင်းမြစ်ဝှမ်း တလျှောက်ခုန်ပေါက်ပြေးလွှား ဆော့ကစားနိုင်ဖို့ ကျုပ်တို့တွေ ဆက်ဆွဲကြမယ်။ ဒီတစ်ပတ်မှာ USD ၂ သိန်းထိ ရောက်အောင်ဆွဲတင်ကြမယ်ဟေ့"လို့ဆိုပါတယ်။
ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒေသတွေက တော်လှန်ရေးရဲဘော်တွေ အိမ်ပြန်ကြဖို့ ဆယ်လ်မွန်စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ဘတ်ဂျက် ကို ရရှိနိုင်ရေးအတွက် “ရိုးမခေါ်သံ” Campaign ကို 25 June မှ 16 July အထိ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။
ဆယ်လ်မွန် စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးမှာ စစ်ရေးမဟာဗျူဟာ အတွက် အရေးပါလှတဲ့ ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ဝှမ်းဒေသကို နယ်မြေစိုးမိုးမှုရရှိစေရန် ရေးဆွဲထားတဲ့ စစ်ဆင်ရေးတစ်ခု ဖြစ်ပါတယ်။
========================
📌📌 ၁၀။ "ဖက်စစ်ရွေးကောက်ပွဲကို သပိတ်မှောက်၊ ဖယ်ဒရယ်လမ်းကို ရဲရဲလျှောက် ”ဘန်နာကိုင်ဆွဲ၍ ထားဝယ်ခရိုင်လောင်းလုံးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်
ဇူလိုင်၃
ဇူလှိုင် ၃ ရက်နေ့ နေ့လည်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားပြုလုပ်ခဲ့ကြပါတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ အသိပေးဆိုပါတယ်။
ယင်းလှုပ်ရှားမှုကို “ဖက်စစ်ရွေးကောက်ပွဲကို သပိတ်မှောက်၊ ဖယ်ဒရယ်လမ်းကို ရဲရဲလျှောက် ”ဘန်နာကိုင်ဆွဲ၍ လူငယ်များ အမျိုးသမီးများ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်မှုနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ချီတက်ခဲ့ကြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment