၂၀၂၃ ဇူလိုင်လ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ NUG သည် ပြည်ပြေးမဟုတ်သလို အရိပ်အစိုးရလည်းမဟုတ်ဘဲ တရားဝင်အစိုးရဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၂။ မြန်မာနိုင်ငံမှာ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာရတဲ့ ကလေးငယ်တွေဟာ တစ်သက်လုံး ဆိုးဆိုးရွားရွား သက်ရောက်မှုတွေရှိလိမ့်မယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးဆို
📌 ၃။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၉၃၇၇ ဦးကို လွှတ်ပေးဖို့ စစ်တပ်ကိုတိုက်တွန်း
📌 ၄။ စစ်ဒေသခွဲ(၂)တောင်ပိုင်းတွင် ဇူလိုင်လ(၁)ရက်နေ့မှ စတင်၍ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စကစဘက်က ၁၇ဦးသေဆုံး
📌 ၅။ ချင်းပြည်နယ် မင်းတပ်မြို့နယ် ဝုမ်းခုမ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်၍ ကလေးတစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ရ
📌 ၆။ ပဲခူးခရိုင် ဗကသဒုဥက္ကဌကို အကျဥ်းထောင်ထဲက ခေါ်ထုတ်၍အကြမ်းဖက်စစ်တပ်က အငြိုးတစ်ကြီးနဲ့သတ်ဖြတ်
📌 ၇။ မြဝတီမြို့ စိမ်းလဲ့မြိုင် အနီးနှစ်ရက်တာ တိုက်ပွဲတွင် စကစဘက်မှ (၃)ဦး သေဆုံးပြီး ဗိုလ်မှူး(၁)ဦး၊ ဗိုလ်ကြီး(၁)ဦး အပါအဝင် (၅)ဦး ဒဏ်ရာရ
📌 ၈။ မုံရွာမြို့အုန်းပင်ဆိပ်ကမ်းမှာ ချင်းတွင်းမြစ်အတိုင်း အောက်ဘက်သို့ ရိက္ခာပို့ရန် စုန်ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီရေယာဥ်ဖ လပ်မော်တော် ၁စီးကို ကာကွယ်ရေးတပ်များတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NUG သည် ပြည်ပြေးမဟုတ်သလို အရိပ်အစိုးရလည်းမဟုတ်ဘဲ တရားဝင်အစိုးရဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
ဇူလိုင်၈ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး ရေးသားတဲ့ The Diplomat မဂ္ဂဇင်းမှာ "NUG သည် ပြည်ပြေးမဟုတ်သလို အရိပ်အစိုးရလည်းမဟုတ်ဘဲ တရားဝင်အစိုးရ ဖြစ်တယ်"လို့ဆိုထားပါတယ်။
"NUG သည် ပြည်ပြေးမဟုတ်သလို အရိပ်အစိုးရလည်းမဟုတ်ပါ။ ပြီးခဲ့သည့် ဒီမိုကရေစီ ရွေးကောက်ပွဲမှ ကိုယ်စားလှယ်များနှင့် အခြားသော တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် တရားဝင်အစိုးရ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ဝင်အချို့သည် မြန်မာနိုင်ငံပြင်ပတွင် ၎င်းတို့၏လုံခြုံရေးအတွက် နေထိုင်ခွင့်ရှိသော်လည်း ဝန်ကြီးအများစုသည် နိုင်ငံတွင်း သို့မဟုတ် စစ်အာဏာရှင်တို့ ထိန်းချုပ်မှုမထားသော အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်ဒေသများတွင် နေထိုင်နေကြဆဲဖြစ်ပါတယ်"လို့ဝန်ကြီးက ဆိုထားပါတယ်။
ဒါ့အပြင် NUG အစိုးရအဖွဲ့ဝင် ၅၃ ရာခိုင်နှုန်းမှာ ဗမာမဟုတ်သော တိုင်းရင်းသားများဖြစ်ပြီး ၃၈ ရာခိုင်နှုန်းသာ NLD ပါတီဝင်များဖြစ်ပြီးNUG ၏ ရည်ရွယ်ချက်မှာ ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရန် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ (EROs) အများအပြားနှင့်အတူ အမှန်တကယ်တန်းတူညီမျှသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်ရန်တို့ဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံမှာ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာရတဲ့ ကလေးငယ်တွေဟာ တစ်သက်လုံး ဆိုးဆိုးရွားရွား သက်ရောက်မှုတွေရှိလိမ့်မယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးဆို
ဇူလိုင်၈ရက်
မြန်မာနိုင်ငံမှာ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာရတဲ့ ကလေးငယ်တွေဟာ တစ်သက်လုံး ဆိုးဆိုးရွားရွား သက်ရောက်မှုတွေရှိလိမ့်မယ်လို့ NUGလူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ဆိုပါတယ်။
ဇူလိုင်၈ရက် Twitter မှာ NUG လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုးက ဗုံးခိုကျင်းထဲက ကလေးငယ်များပုံနဲ့ သုံးသပ်ရေးသားဆိုထားပါတယ်။
"ဒီလိုစိတ်ဒဏ်ရာတွေနဲ့ ကလေးတွေ ကြီးပြင်းလာရတဲ့အတွက် တကယ့်ကို ဝမ်းနည်းစရာပါ။ ဒဏ်ရာအနာတရတွေက တစ်သက်လုံး ဆိုးဆိုးရွားရွား သက်ရောက်မှုတွေ ရှိလိမ့်မယ်။ နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာနိုင်ငံပြည်သူများကို ကူညီရန် ယခုအချိန်အထိ အနည်းငယ်မျှသာ လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိ တိုင်းရင်းသားနယ်မြေက စစ်ရှောင်ကလေးငယ်နှင့် စာသင်ကြားရတဲ့ကလေးငယ်များဟာ စကစရဲ့လေကြောင်းရန်ကြောင့် ဗုံးခိုကျင်းများမှာ မကြာခဏပုန်းအောင်းနေရပါတယ်။
ဒါ့အပြင် ကလေး ၅.၈ သန်းဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေပါတယ်။
========================
📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၉၃၇၇ ဦးကို လွှတ်ပေးဖို့ စစ်တပ်ကိုတိုက်တွန်း
ဇူလိုင်၈
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၉၃၇၇ ဦးကို လွှတ်ပေးဖို့ စစ်တပ်ကို တိုက်တွန်းကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ကြာသာပတေးနေ့က ဂျီနီဗာမှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးမှာဆိုခဲ့ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၉၃၇၇ ဦးကို လွှတ်ပေးဖို့ စစ်တပ်ကိုတိုက်တွန်းချင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံအခြေအနေတွေကို နိုင်ငံတကာရာဇ၀တ်ခုံရုံးကို လွှဲပြောင်းပေးဖို့လည်း လုံခြုံရေးကောင်စီကို တိုက်တွန်းချင်ပါတယ်”လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်က နိုင်ငံတော်အာဏာကို လုယူစဥ်ကတည်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကိုပါ မတရားဖမ်းဆီးခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် - ၂၆၆၉ ကို၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ရက်က အတည်ပြုခဲ့ပါတယ်။
အဆိုပါဆုံးဖြတ်ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေး တိုက်တွန်းသည့်အချက်များပါဝင်ပါတယ်။
========================
📌📌 ၄။ စစ်ဒေသခွဲ(၂)တောင်ပိုင်းတွင် ဇူလိုင်လ(၁)ရက်နေ့မှ စတင်၍ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စကစဘက်က ၁၇ဦးသေဆုံး
ဇူလိုင်၈
စစ်ဒေသခွဲ(၂)တောင်ပိုင်းတွင် ဇူလိုင်လ(၁)ရက်နေ့မှ စတင်၍ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီ တပ်များ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စကစဘက်က ၁၇ဦးသေဆုံးခဲ့ပါတယ်။
ဇူလိုင်လ(၅)ရက်နေ့မှ စတင်၍(၃)ရက်ဆက်တိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင်လ(၅)ရက်၊ နေ့လည်(၂)နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြောက်ကျားတပ်ဖွဲ့ဝင်များ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် နံဇရွာထိပ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၁၅)ဦးကျဆုံးပြီး၊ (၁၀)ဦးခန့် ကျောက်တံခါးဆေးရုံတွင် တင်ထားရကြောင်းသိရပါတယ်။
ဒါ့အပြင် ဇူလိုင်လ(၆)ရက်၊ ညနေ(၅)နာရီ(၅၀)မိနစ်ခန့်တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြောက်ကျားတပ်ဖွဲ့ဝင်များ နံဇနှင့်ပေါက်ပင်ကုန်းကြား တံတားထိပ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂)ဦးကျဆုံးပြီး (၄)ဦးဒဏ်ရာရရှိကြောင်းသိရပါတယ်။
ဇူလိုင်လ(၁)ရက်နေ့မှစ၍ (၅)ရက်အတွင်း အမှတ်(၂)စစ်ဒေသခွဲတောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁၇)ဦးနှင့်အထက်သေဆုံးပြီး၊ (၁၄)ဦးနှင့်အထက် ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်းသိရပါတယ်။
========================
📌📌 ၅။ ချင်းပြည်နယ် မင်းတပ်မြို့နယ် ဝုမ်းခုမ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်၍ ကလေးတစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ရ
ဇူလိုင်၈ရက်
ဇူလိုင်၈ရက် နံနက်ပိုင်းတွင် ချင်းပြည်နယ် မင်းတပ်မြို့နယ် ဝုမ်းခုမ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေးတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံကသိရပါတယ်။
သေဆုံးသူများမှာ (၂)လသားအရွယ် မိန်းကလေးတစ်ဦး၊ အသက်(၃၀)ဝန်းကျင် မိခင် နှင့် အသက်(၆၀)ကျော် အဖွားတစ်ဦးတို့ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတစ်ချို့လည်းရှိခဲ့ပါတယ်။
ဒါ့အပြင် ကျေးရွာစာသင်ကျောင်းလည်း ထိခိုက်ပျက်စီးပြီး အရပ်သားပြည်သူနေအိမ် (၁၀) လုံးခန့် ထိခိုက်ပျက်စီးမှုများ ရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီ၁၀ရက်နေ့ကလည်း ချင်းပြည်နယ် ဝေဘူလမြို့သစ်ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ CDM ကျောင်းအုပ်မိသားစုအပါအဝင် အရပ်သား၉ဦးသေဆုံးခဲ့ပါတယ်။
========================
📌📌 ၆။ ပဲခူးခရိုင် ဗကသဒုဥက္ကဌကို အကျဥ်းထောင်ထဲက ခေါ်ထုတ်၍အကြမ်းဖက်စစ်တပ်က အငြိုးတစ်ကြီးနဲ့သတ်ဖြတ်
ဇူလိုင်၈ရက်
ပဲခူးခရိုင် ဗကသဒုဥက္ကဌကို အကျဥ်းထောင်ထဲကခေါ်ထုတ်၍အကြမ်းဖက်စစ်တပ်က အငြိုးတစ်ကြီးနဲ့သတ်ဖြတ်ခဲ့တယ်လို့ ဇူလိုင် ၈ရက်မှာ ဗကသများအဖွဲ့ချုပ်က တရားဝင်သတင်းထုတ်ပြန်ချက်အရ သတင်းရရှိပါတယ်။
"ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်မှာ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင်ဟာ ဖက်ဆစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားပြီဖြစ်ကြောင်း ဇူလိုင်လ ၇ ရက်နေ့မှာ သိရပါတယ်"လို့ဆိုပါတယ်။
ဗကသရဲဘော် ကိုခန့်လင်းနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့မှာ ဖက်ဆစ်တပ်က ခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်ခဲ့ရာကနေ သတင်းပြန်ရချိန်မှာ ကျဆုံးသွားပြီဖြစ်ကြောင်း သိရှိခဲ့ရတယ်လို့ဆိုပါတယ်။
ပဲခူးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ကိုခန့်လင်းနိုင်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ) တို့နဲ့ ထောင်ဒဏ် ၁၅ နှစ် မတရားချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
ယင်းမာပင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ စည်းရုံးရေးမှူး ကိုနိုင်ထွန်းဦးကိုလည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ မုံရွာထောင်ကနေ ဖက်ဆစ်တပ်က ခေါ်ထုတ်သွားခဲ့ပြီး ဒီကနေ့အထိ အဆက်အသွယ်ပြတ်တောက်နေပါတယ်။
========================
📌📌 ၇။ မြဝတီမြို့ စိမ်းလဲ့မြိုင် အနီးနှစ်ရက်တာ တိုက်ပွဲတွင် စကစဘက်မှ (၃)ဦး သေဆုံးပြီး ဗိုလ်မှူး(၁)ဦး၊ ဗိုလ်ကြီး(၁)ဦး အပါအဝင် (၅)ဦး ဒဏ်ရာရ
ဇူလိုင်၈ရက်
ကရင်ပြည်နယ် မြဝတီမြို့ စိမ်းလဲ့မြိုင် အနီးနှစ်ရက်တာ တိုက်ပွတွင် စကစဘက်မှ (၃)ဦး သေဆုံးပြီး ဗိုလ်မှူး(၁)ဦး၊ ဗိုလ်ကြီး(၁)ဦး အပါအဝင် (၅)ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဇူလိုင် ၅ရက်နေ့ မြဝတီမြို့ စိမ်းလဲ့မြိုင်အနီးနားဝန်းကျင်တွင် ရန်သူစကစဘက်မှ စစ်ကြောင်းထိုးတက်ရန် ကြိုးစားတဲ့ စကစတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတယ်လို့ ကော်ပရာစစ်ကြောင်းကဆိုပါတယ်။
မိမိတို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ကာကွယ်ရေးယူထားသော မြဝတီမြို့ စိမ်းလဲ့မြိုင် အနီးနားဝန်းကျင်တွင် ရန်သူစကစဘက်မှ စစ်ကြောင်းထိုးတက်ရန်ကြိုးစားကာ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်သဖြင့် ၂ရက်ကြာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်လို့ဆိုပါတယ်။
အဆိုပါ တိုက်ပွဲတွင် ရန်သူဘက်မှ (၃) ဦး သေဆုံးပြီး စစ်ကောင်စီ ခမရ (၁၁၈) မှ ဗိုလ်မှူး (၁) ဦး၊ ဗိုလ်ကြီး (၁) ဦး အပါအဝင် စုစုပေါင်း (၅) ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် (၁) ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ဒရုန်း (၁) စင်း၊ သေနတ် (၁) လက် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
========================
📌📌 ၈။ မုံရွာမြို့အုန်းပင်ဆိပ်ကမ်းမှာ ချင်းတွင်းမြစ်အတိုင်း အောက်ဘက်သို့ ရိက္ခာပို့ရန် စုန်ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီရေယာဥ်ဖ လပ်မော်တော် ၁စီးကို ကာကွယ်ရေးတပ်များတိုက်ခိုက်
ဇူလိုင်၈
မုံရွာမြို့အုန်းပင်ဆိပ်ကမ်းမှာ ချင်းတွင်းမြစ်အတိုင်း အောက်ဘက်သို့ ရိက္ခာပို့ရန် စုန်ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီရေယာဥ် ဖလပ်မော်တော် ၁စီးကို ကာကွယ်ရေးတပ်များ တိုက်ခိုက်ခဲ့တယ်လို့ ဓားမဆိုင်းတပ်မတော်(D.M.S.A)က ဇူလိုင်၈ရက်မှာ အတည်ပြုပါတယ်။
ဇူလိုင်၇ရက် ညနေ ၄နာရီအချိန်တွင် မုံရွာမြို့ အုန်းပင်ဆိပ်ကမ်းမှာ ချင်းတွင်းမြစ်အတိုင်း အောက်ဘက်သို့ ရိက္ခာပို့ရန် စုန်ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ ရေယာဥ်ဖလပ်မော်တော် ၁စီးကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ၊ ဓားမဆိုင်းတပ်မတော်(D.M.S.A) ၊ Shadow Rangers Salingyi (SRS)၊ မုံရွာခရိုင် တပ်ရင်း၄ အထူးကွန်မန်ဒို(Monywa the boy) နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပွိုင့်နေရာ အသီးသီးယူကာ တိုက်ခိုက်ခဲ့ပါတယ်လို့ဆိုပါတယ်။
အလားတူ ညပိုင်း ၈နာရီ အချိန်ခန့်တွင်လည်း ကံကြီးကုန်း ပျူများကို တင်ဆောင်လာသော မော်တော်တစ်စီးအား ထပ်မံတိုက်ခိုက်နိုင်ခဲ့ရာနှစ်ကြိမ်တိုက်ခိုက်မှုအတွက် စစ်ကောင်စီဘက်က ၆ဦးသေဆုံးပြီး အများပြားဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရှိရပါတယ်။
ထိုတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၈၊ ဓားမဆိုင်းတပ်မတော်(D.M.S.A)၊ Shadow Rangers Salingyi(SRS)၊ မုံရွာခရိုင်တပ်ရင်း၄ အထူးကွန်မန်ဒို Monywa the boy နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များပါဝင်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment