၂၀၂၃ သြဂုတ်လ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူကို နိုင့်ထက်စီးနင်း အမူအကျင့်မျိုးရှိတဲ့ စုန်းပြူးတွေ PDF တပ်မတော်ထဲ ခိုအောင်းနေရင်လည်း ပြတ်ပြတ်သားသား ဖော်ထုတ် ဖယ်ရှားရမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို
📌 ၂။ ထူးချွန်တဲ့ကလေးတွေအများကြီးရှိတယ်ဆိုပြီး ဖက်ဒရယ်အနာဂတ်အတွက် အားတက်ရတယ်လို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးဆို
📌 ၃။ ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၈၆ စင်တီမီတာ ကျော်လွန်နေပြီး ရေဘေးရှောင် ပြည်သူလူထု တစ်သောင်းကျော်ပြီလို့သိရ
📌 ၄။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး (၁၈၀) ဦးရှိလာ
📌 ၅။ ခလယ်လွီထူခရိုင်တွင် ဖြစ်ပွားသော (၁)လတာ တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်မှ တပ်ခွဲမှူး(၁)ဦး၊ ဗိုလ်မှူး(၁)ဦးနှင့် ဗိုလ်(၁)ဦး အပါအဝင် (၁၆၆)ဦး သေဆုံး
📌 ၆။ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များရှောင်တခင် စစ်ဆေးရာ ခရီးသွားပြည်သူများပူးပေါင်းပါဝင်ခဲ့
📌 ၇။ မြိုင်မြို့နယ် သရက်ကွရွာ ပျူနဲ့စကစတပ်များကိုပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေ၊ နှစ်ဦးပြင်းထန်ဒဏ်ရာရ
📌 ၈။ Click2donateက တော်လှန်ရေးအင်အားစုများအား တစ်ဖွဲ့ သိန်း ၂၀ နဲ့ ၁၅ ဖွဲ့ကို ထောက်ပို့ရာတွင် ငွေကျပ် သိန်း ၃၀၀ နီးပါး ပေးပို့နေ
📌 ၉။ ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေ လဲလှယ်ရာမှာ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူကို နိုင့်ထက်စီးနင်း အမူအကျင့်မျိုးရှိတဲ့ စုန်းပြူးတွေ PDF တပ်မတော်ထဲ ခိုအောင်းနေရင်လည်း ပြတ်ပြတ်သားသား ဖော်ထုတ် ဖယ်ရှားရမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို
သြဂုတ်လ၁၁ရက်
ပြည်သူကို နိုင့်ထက်စီးနင်း အမူအကျင့်မျိုးရှိတဲ့ စုန်းပြူးတွေ PDF တပ်မတော်ထဲ ခိုအောင်းနေရင်လည်း ပြတ်ပြတ်သားသား ဖော်ထုတ် ဖယ်ရှားရမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူးသင်တန်းဆင်းပွဲသို့ အမှာစကားဆိုရာမှာထည့်သွင်းပြောပါတယ်။
"ငါတို့ကိုင်ထားတဲ့ သေနတ်က ပြည်သူက သူ့ချွေးနည်းစာနဲ့ စုဆောင်းပြီး တပ်ဆင်ပေးထားတာ ဖြစ်တယ်။ ငါတို့ စားနေတဲ့ ထမင်းကလည်း ပြည်သူကျွေးထားတာပဲ ဖြစ်တယ်။ လက်နက်ကိုင်ပြီး ပြည်သူအပေါ် ရမ်းကားတာ၊ ပြည်သူကို နိုင့်ထက်စီးနင်း လုပ်တာထက် စက်ဆုပ်စရာကောင်းတဲ့ အပြုအမူရှိမှာမဟုတ်ဘူး။ ဒီလို အမူအကျင့်မျိုးရှိတဲ့ စုန်းပြူးတွေ PDF တပ်မတော်ထဲ ခိုအောင်းနေရင်လည်း ပြတ်ပြတ်သားသား ဖော်ထုတ် ဖယ်ရှားပစ်ကြရမှာ ဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ အရပ်သားပြည်သူလူထုအပေါ်စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်နဲ့စည်းမျဥ်းများကို ကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ ထူးချွန်တဲ့ကလေးတွေအများကြီးရှိတယ်ဆိုပြီး ဖက်ဒရယ်အနာဂတ်အတွက် အားတက်ရတယ်လို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးဆို
သြဂုတ်လ၁၁ရက်
ထူးချွန်တဲ့ကလေးတွေအများကြီးရှိတယ်ဆိုပြီး ဖက်ဒရယ်အနာဂတ်အတွက် အားတက်ရတယ်လို့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးကဆိုပါတယ်။
"ဝမ်းသာဂုဏ်ယူရတဲ့အခိုက်အတန့်."The first duty of a revolutionary is to be educated" ဆိုတဲ့အတိုင်း တော်လှန်ရေးလုပ်ရင်း တတ်တဲ့ပညာတွေကို လက်ဆင့်ကမ်းသင်ကြားပေးလာတာဆိုရင်ဖြင့် ၂နှစ်ကျော်ခဲ့ပါပြီ။ တောထဲကဒဏ်ရာရ PDF တွေကို သင်ပေးရတာ ဘဝရဲ့ အကျေနပ်ဆုံးအခိုက်အတန့်ပါဘဲ။ သူတို့ရဲ့နာကျင်ဆုံးရှုံးမှုတွေ ခဏမေ့ပြီး ပန်းချီထဲမှာ စီးမြောသွားပြီး ပန်းချီကား ပြီးတိုင်း သူတို့ရဲ့ ကျေနပ်အပြုံးက ရင်ထဲကိုထိရှစေပါတယ်။ ဒီက ကလေးတွေ လူငယ်တွေရဲ့ သင်ယူမှုအားကောင်းတာကိုလဲ အံ့ဩချီးကျူးရပါတယ်။ ပညာသင်ဖို့အခွင့်အရေးရတာနဲ့အမျှ ကျမတို့ဆီမှာ ဒီလို ထူးချွန်တဲ့ကလေးတွေအများကြီးရှိတယ်ဆိုပြီးဖက်ဒရယ်အနာဂတ်အတွက် အားတက်ရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာအမျိုးသမီး လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ စစ်ဘေးရှောင်ကလေးများကို ပညာသင်ကြားရေးအပြင် သက်မွေးပညာသင်ကြားရေးပါ ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၃။ ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၈၆ စင်တီမီတာ ကျော်လွန်နေပြီး ရေဘေးရှောင် ပြည်သူလူထု တစ်သောင်းကျော်ပြီလို့သိရ
သြဂုတ်လ၁၁ရက်
ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ၈၆ စင်တီမီတာ ကျော်လွန်နေပြီး ရေဘေးရှောင် ပြည်သူလူထု တစ်သောင်းကျော်ပြီလို့သိရပါတယ်။
လက်ရှိမှာ ရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၁၃ ခုနဲ့ ကျေးရွာ ၆ ရွာမှ ပြည်သူများ ပြောင်းရွှေ့နေထိုင်နေရတယ်လို့ ပဲခူးလူမှုကူညီရေး အသင်းများထံကသိရပါတယ်။
"မြစ်ရေက တဖြည်းဖြည်းပိုတိုးလာလို့ အိမ်ခေါင်မိုးတွေပါ မြုပ်တဲ့အိမ်တွေရှိပါတယ်။ မြေနိမ့်ပိုင်းနေရာတွေပေါ့။ အခုကတော့ လူတစ်သောင်းကျော်ပြီဗျ။ ရေဘေးရှောင်နေကြရတယ်"လို့ ဒေသခံအချို့ကအတည်ပြုပြောပါတယ်။
လက်ရှိမှာ ရေဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းနဲ့ ဓမ္မာရုံများမှာ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားသော်လည်း အကူအညီများလိုအပ်နေဆဲ ဖြစ်တယ်လို့သိရှိရပါတယ်။
========================
📌📌 ၄။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး (၁၈၀) ဦးရှိလာ
သြဂုတ်လ၁၁ရက်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး (၁၈၀) ဦးရှိလာတယ်လို့ သြဂုတ်လ၁၁ရက်မှာ အသိပေးဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး (၁၈၀) ဦး၊ အမျိုးသား (၈၄၉) ဦးနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူ (၂) ဦး စုစုပေါင်း (၁၀၃၁) ဦး ရှိပြီးဖြစ်တယ်လို့ဆိုပါတယ်။
ထို့ပြင် (၁၀၃၁) ဦးတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ အမျိုးသမီး (၉) ဦးနှင့် အမျိုးသား (၆၈) ဦး စုစုပေါင်း (၇၇) ဦး ပါဝင်ပြီး သေဒဏ် ချမှတ်ခံထားရသူ အမျိုးသမီး (၅) ဦးနှင့် အမျိုးသား (၁၁) ဦး စုစုပေါင်း (၁၆) ဦး ပါဝင်ပါတယ်။
========================
📌📌 ၅။ ခလယ်လွီထူခရိုင်တွင် ဖြစ်ပွားသော (၁)လတာ တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်မှ တပ်ခွဲမှူး(၁)ဦး၊ ဗိုလ်မှူး(၁)ဦးနှင့် ဗိုလ်(၁)ဦး အပါအဝင် (၁၆၆)ဦး သေဆုံး
သြဂုတ်လ၁၁ရက်
ခလယ်လွီထူခရိုင်တွင် ဖြစ်ပွားသော (၁)လတာ တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်မှ တပ်ခွဲမှူး(၁)ဦး၊ ဗိုလ်မှူး(၁)ဦးနှင့် ဗိုလ်(၁)ဦး အပါအဝင် (၁၆၆)ဦး သေဆုံးခဲ့တယ်လို့ KNUက စစ်ရေးသတင်းကို သြဂုတ်လ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လ (၁) လတာအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၃) လက်အောက်ခံတပ်ဖွဲ့များအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၉၆) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ရိက္ခာ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသည့် တံတားများကို ချိုးဖျက်မှု (၂)ကြိမ် ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ခလယ်လွီထူခရိုင်တွင် ဖြစ်ပွားသော (၁)လတာ တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ တပ်ခွဲမှူး(၁)ဦး၊ ဗိုလ်မှူး(၁)ဦးနှင့် ဗိုလ်(၁)ဦး အပါအဝင် (၁၆၆)ဦး သေဆုံးပြီး ဒုတပ်ရင်းမှူး (၁)ဦး အပါ အဝင် (၁၄၃)ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဖက်တိုက်ပွဲများအတွင်း ပြည်သူ (၇)ဦး ဒဏ်ရရှိခဲ့ပါတယ်။
ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၃)လက်အောက်ခံတပ်ဖွဲ့များမှ (၂)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ကာထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူ (၇)ဦး အနက် (၄)ဦးမှာ နင်းမိုင်းဖြင့် ဒဏ်ရာရရှိကြပြီး (၃)ဦး မှာ နှစ်ဖက်ထိပ်တိုက် တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၃) လက်အောက်ခံတပ်ဖွဲ့များမှ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ MA1-၃လက်၊ MA2-၃လက်၊ MA2ကျည်ဝိုင်း-၁ခု၊ ကျည်ဘောက် အရှည်-၂ခု၊ ကျည်ဆံ-၆၄တောင့်၊ Ma5-၁လက်၊ MA5ကျည်ဘောက်-၁ခုနှင့် ကျည်ဆံ-၁၀တောင့်၊ MAကျည်ဘောက်-၁၁ခုနှင့် ကျည်ဆံ-၄၉၆၀တောင့်၊ M79-၃၀လုံး၊ G3-၁လက်နှင့် ကျည်ဆံ-၂၀၀တောင့်၊ G4-၁လက်နှင့် ကျည်ဘောက်-၄ခု၊ ကျည်ဆံ-၅၀တောင့်၊ AK-၁လက်၊ ကျည်ဘောက်-၃ခုနှင့် ကျည်ဆံ-၁၅၀တောင့်၊ RPG7-၁လုံး၊ နတိုးပြောင်း-၁ချောင်း၊ အူဇီ-၁လက်၊ ကျည်ဘောက်-၁ခုနှင့် ကျည်ဆံ-၉တောင့်၊ ဖုန်း-၁လုံး၊ ကျောပိုးအိတ်-၁လုံး၊ 60mm-၁လုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။
========================
📌📌 ၆။ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များရှောင်တခင် စစ်ဆေးရာ ခရီးသွားပြည်သူများပူးပေါင်းပါဝင်ခဲ့
ဩဂုတ်လ ၁၁ရက်
ညောင်လေးပင်မြို့နယ်၊ ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များရှောင်တခင်် စစ်ဆေးရာ ခရီးသွားပြည်သူများပူးပေါင်းပါဝင်ခဲ့တယ်လို့ သြဂုတ်လ၁၁ရက်မှာ Royal Peacock Columnကအသိပေးဆိုပါတယ်။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ခရီးသွားများ လုံခြုံရေးအတွက် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပါတယ်လို့ ဖော်ပြပါတယ်။
အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသ၏ စစ်ရေးနယ်မြေဖြစ်သော အဆိုပါလမ်းပိုင်းများတွင် ရိုးမဗျူဟာ စစ်ကြောင်းများဖြစ်သော Royal Peacock Column ၊ Spring Warriors Column၊ ၃၇၀၂ တပ်ရင်းများက စစ်ဆင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။
ထိုကြောင့် လမ်းအသုံးပြုသူ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်ခြင်း၊ အကြမ်းဖက်စစ်သား၊ အကြမ်းဖက်ရဲများနှင့် အတူတကွ ခရီးသွားလာခြင်းများ မပြုလုပ်ကြရန်လည်းRoyal Peacock Columnကအသိပေးဆိုထားပါတယ်။
========================
📌📌 ၇။ မြိုင်မြို့နယ် သရက်ကွရွာ ပျူနဲ့စကစတပ်များကိုပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေ၊ နှစ်ဦးပြင်းထန်ဒဏ်ရာရ
သြဂုတ်လ၁၁ရက်
မြိုင်မြို့နယ် သရက်ကွရွာ ပျူနဲ့စကစတပ်များကိုပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေ၊ နှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သြဂုတ်လ၁၁ရက်မှာ စစ်ရေးသတင်းကို မြိုင်ပကဖက အသိပေးဆိုပါတယ်။
ဩဂုတ် ၁၀ ဩဂုတ် မွန်းလွဲ၂ :၄၀ မှ ၃: ၂၈ အထိ သရက်ကွရွာ ပျူနဲ့စကစများအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါပစ်ခတ်မှုကြောင့် စကစဘက်မှ တစ်ဦးသေဆုံးကာ ပျူနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် စကစများဘက်မှ လက်နက်ကြီး ၁၂ ချက်ခန့် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
ယခုတိုက်ခိုက်မှုကို မြိုင် ပကဖ ရင်း-၃ ခွဲ စိတ်-၁ / လင်းယုန်အဖွဲ့/cobra / ကိုတိုးပြောက်ကျား အဖွဲ့တို့ ပါဝင်ခဲ့ပါတယ်။
========================
📌📌 ၈။ Click2donateက တော်လှန်ရေးအင်အားစုများအား တစ်ဖွဲ့ သိန်း ၂၀ နဲ့ ၁၅ ဖွဲ့ကို ထောက်ပို့ရာတွင် ငွေကျပ် သိန်း ၃၀၀ နီးပါး ပေးပို့နေ
သြဂုတ်လ၁၁ရက်
Click2donateက တော်လှန်ရေးအင်အားစုများအား တစ်ဖွဲ့ သိန်း ၂၀ နဲ့ ၁၅ ဖွဲ့ကို ထောက်ပို့ရာတွင် ငွေကျပ် သိန်း ၃၀၀ နီးပါး ပေးပို့နေတယ်လို့ သြဂုတ်လ၁၁ရက်မှာ Click2donateက အသိပေးဆိုပါတယ်။
"ဒီတခေါက်တော့ သိန်း ၃၀၀ နီးပါး ပေးပို့နေပါတယ်ခင်ဗျာ။ မတ်လလောက်ကတည်းက ဇူလိုင်အထိမှာ ပေးပို့မှု ၂ ခုပဲရှိခဲ့ပေမယ့် ဒီတစ်ခေါက်တော့ တစ်ဖွဲ့ သိန်း ၂၀ နဲ့ ၁၅ ဖွဲ့ပို့ဖို့ စီစဉ်ထားပြီး ၁၀ ဖွဲ့ပို့ပြီးပါပြီ။ ကျန်တာတွေလည်း အမြန်ဖြတ်နိုင်အောင်လုပ်ပြီး မှတ်တမ်းပြင် တင်ပြပါ့မယ်"လို့ အသိပေးဆိုထားပါတယ်။
Click2donateဟာ ပြည်သူများကလစ်နှိပ်၍ ရရှိလာသော ငွေကြေးများကို တော်လှန်ရေးအင်အားစုများထံ ပြန်လည်ပေးပို့စီးဆင်းလျက်ရှိပါတယ်။
========================
📌📌 ၉။ ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေ လဲလှယ်ရာမှာ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်း
သြဂုတ်လ၁၁ရက်
ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေ လဲလှယ်ရာမှာ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေတယ်လို့ သြဂုတ်လ၁၁ရက်မှာ ကျပ်ငွေနဲ့လဲလှယ်တဲ့ ဘတ်လဲလှယ်ပေးသူအချို့ကို ဆက်သွယ်ရာမှာအတည်ပြုပါတယ်။
"ဇူလိုင်လကုန်ကတည်းက မြန်မာကျပ်ငွေနဲ့ ဘတ်ငွေလဲလှယ်နှုန်းမှာ မြန်မာကျပ်ငွေက တန်ဖိုးမရှိတော့သလိုဖြစ်နေတယ်။ အခုဆို ထိုင်းဘတ်ငွေ တစ်ထောင်ကို မြန်မာငွေ ကျပ်တစ်သိန်းအောက် လဲပေးရတဲ့အခြေအနေဖြစ်သွားပြီ။ တချို့ဆို မြဝတီဘက် ကျပ်ယူ ဘတ်ပေးတာ ခဏရပ်လိုက်ပြီ"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ကျပ်နှစ်သောင်းတန်ငွေစက္ကူသစ်များ ဇူလိုင်လကုန်တွင် ထုတ်ဝေခဲ့သောကြောင့် ကျပ်ငွေတန်ဖိုးများ ကျဆင်းခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment