13th AUG 2023 - Evening Daily News by Radio NUG


၂၀၂၃ သြဂုတ်လ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် ကရင်တိုင်းရင်းသားများနှင့် အတူတကွရပ်တည်ပြီး ရန်သူဖက်ဆစ်စစ်တပ်ကို အပြီးတိုင်ချေမှုန်းသွားမယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ အမေရိကန်တက္ကသိုလ်များနှင့် MOU ၊LOA များရေးထိုးရန်သဘောတူခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၃။ ရက်ပေါင်း ၉၀၀ ကျော်အတွင်း စစ်ကောင်စီက ဖမ်းဆီးတဲ့ ရိုဟင်ဂျာ ငါးထောင်ချီရှိလာ

📌 ၄။ အနာဂါတ်မှာ ပြည်သူလူထုဘဝတွေ ချောမွေ့အဆင်ပြေအောင် တော်လှန်ရေးလုပ်နေရခြင်းဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား

📌 ၅။ Royal Peacock Column-တော်ဝင်ဒေါင်းစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ စစ်ဘေးရှောင်အိမ်ထောင်စု ၁၀၅ စုအတွက် စားနပ်ရိက္ခာများ မျှဝေလှူဒါန်း

📌 ၆။ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDFမှ နှစ်နှစ်တာကာလအတွင်း စစ်ဆင်ရေးပေါင်း (၂၀)ကျော် ဆင်နွှဲနိုင်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် ကရင်တိုင်းရင်းသားများနှင့် အတူတကွရပ်တည်ပြီး ရန်သူဖက်ဆစ်စစ်တပ်ကို အပြီးတိုင်ချေမှုန်းသွားမယ်လို့ ယာယီသမ္မတပြောကြား


သြဂုတ်လ၁၃ရက်


“၇၃ နှစ်‌မြောက် ကရင့်အာဇာနည်နေ့" အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလမှ ဂုဏ်ပြုစကား‌ ပြောကြားရာမှာ အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"အမျိုးသားတန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် ကရင်တိုင်းရင်းသားများနဲ့ အတူတကွရပ်တည်ပြီး ရန်သူဖက်ဆစ်စစ်တပ်ကို အပြီးတိုင်ချေမှုန်းသွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ (၇၃) နှစ်မြောက် ကရင့်အာဇာနည်နေ့ကို အောက်မေ့သတိရ ဂုဏ်ပြုရင်း ထပ်လောင်းပြီး သန္နိဌာန်ပြုလိုက်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိနွေဦးတော်လှန်ရေးမှာ KNU၊KIAစတဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်ရေး၊နိူင်ငံရေးအရ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ အမေရိကန်တက္ကသိုလ်များနှင့် MOU ၊LOA များရေးထိုးရန်သဘောတူခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


သြဂုတ်လ၁၃ရက်


သြဂုတ်လ၁၂ရက်မှာ အမေရိကန်ခရီးစဉ် ပြီးဆုံးမှုကို အသိပေးရာ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ၎င်း၏လူမှုကွန်ရက်တွင် အခုလိုအသိပေးဆိုပါတယ်။


"အမေရိကန် တက္ကသိုလ် ၇ခုကိုရောက်ခဲ့တယ်။ မြန်မာ့ပညာရေးအတွက် ဆွေးနွေးခဲ့တယ်။အရေးပေါ်ပညာရေးအတွက် အဓိကထားပြီးဆွေးနွေးတယ်။ MOU Meromandun of Understanding LOA letter of Agreement များရေးထိုးရန်သဘောတူခဲ့တယ်။နောင်အနာဂါတ် နိူင်ငံသစ်တည်ထောင်ဖို့အတွက်ပါ ဆွေးနွေးခဲ့တယ်"လို့ဝန်ကြီးကဆိုပါတယ်။


အမေရိကန်နိူင်ငံကို အလုပ်သဘောခရီးစဥ်အဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ  (၂၀-၅-၂၀၂၃ မှ ၂၁-၇-၂၀၂၃ အထိ)သွားရောက်ခဲ့တာဖြစ်ပါတယ်။


အစိုးရမဟုတ်သော အမေရိကန်ပရဟိတအဖွဲ့ အစည်း၇ဖွဲ့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၃။ ရက်ပေါင်း ၉၀၀ ကျော်အတွင်း စစ်ကောင်စီက ဖမ်းဆီးတဲ့ ရိုဟင်ဂျာ ငါးထောင်ချီရှိလာ


သြဂုတ်လ၁၃ရက်


ရက်ပေါင်း ၉၀၀ ကျော်အတွင်း စစ်ကောင်စီက ဖမ်းဆီးတဲ့ ရိုဟင်ဂျာ ငါးထောင်ချီရှိလာတယ်လို့ NUG လူ့အခွင့်ရေးရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးမှ သြဂုတ်လ၁၃ရက်မှာ အသိပေးဆိုထားပါတယ်။


"မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ ရိုဟင်ဂျာ ၁၄၃ ခန့် ကို စစ်ကောင်စီက ဖမ်းဆီးတယ်သိရတယ်။

ရက်ပေါင်း ၉၀၀ ကျော်အတွင်း စစ်ကောင်စီက ဖမ်းဆီးတဲ့ ရိုဟင်ဂျာ ငါးထောင်ချီရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတချို့ရဲ့ အစီရင်ခံစာအရသိရပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီဟာ ရိုဟင်ဂျာများအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုများ ကျူးလွန်လျက်ရှိပြီး ဘဂ်လားဒေ့ရှ် နိူင်ငံတွင် တိမ်းရှောင်နေသော ရိုဟင်ဂျာဒုက္ခသည်များကိုလည်း အတင်းအဓမ္မ နေရပ်ပြန်လည်ခေါ်ဆောင်ဖို့ ကြိုးစားလျက်ရှိပါတယ်။


========================


📌📌 ၄။ အနာဂါတ်မှာ ပြည်သူလူထုဘဝတွေ ချောမွေ့အဆင်ပြေအောင် တော်လှန်ရေးလုပ်နေရခြင်းဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား


သြဂုတ်လ၁၃ရက်


သြဂုတ်လအတွင်းမှာ ငွေကြေးစနစ်နဲ့ပတ်သက်လို့ ပြောကြားရာမှာ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်မှ အခုလိုပြောကြားခဲ့ပါတယ်။


"ကောင်းတဲ့ finance system ရှိရင်၊ အနာဂါတ် ကို သေချာ စနစ်တကျ ပြင်ဆင်နိုင်မယ်၊ အနာဂါတ်က နေ ချေးငှါးပြီး မိမိ တသီးပုဂ္ဂလ သို့ နိုင်ငံရဲ့ ဖွံ့ဖြိုးမှု အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေးမှာ မြှပ်နှံနိုင်မယ်။ ဘဝ နေဝင်ချိန်အတွက် ဖိစီးမှုမရှိပဲ ပြင်ဆင်နိုင်မယ်။ ဥပမာ၊ သမာအာဇီဝရတဲ့လုပ်ခ လစာ နဲ့ သင့်တင့်လျောက်ပတ်တဲ့ အိမ်၊ ကား ဝယ်နိုင်မယ်။ ကျန်းမာရေး အတွက် စိတ်ပူစရာ မလိုတဲ့ ဘဝ ရမယ်။ကျနော်တို့ တော်လှန်ရေးလုပ်တာ ဒါတွေအတွက်ပါ"လို့ဆိုပါတယ်။


ဒါ့အပြင် စစ်ကောင်စီရဲ့လက်ရှိ ဘဏ်စနစ်နဲ့ အခွန် စနစ်က ငွေကြေးအရင်း ပိုင်ဆိုင်ကြွယ်ဝသူ တွေကို မျက်နှာသာ ပေးတာပဲများတယ်လို့လည်းဆိုပါတယ်။


========================


📌📌 ၅။ Royal Peacock Column-တော်ဝင်ဒေါင်းစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ စစ်ဘေးရှောင်အိမ်ထောင်စု ၁၀၅ စုအတွက် စားနပ်ရိက္ခာများ မျှဝေလှူဒါန်း


ဩဂုတ်လ ၁၃ရက်


Royal Peacock Column-တော်ဝင်ဒေါင်းစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များသည်အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် စားနပ်ရိက္ခာအခက်ခဲဖြစ်နေကြသော စစ်ဘေးရှောင်ပြည်သူများအား တပ်ရင်း၏ရိက္ခာများ မျှဝေလှူဒါန်းပေးခဲ့တယ်လို့သြဂုတ်လ၁၃ရက်မှာ Royal Peacock Column-တော်ဝင်ဒေါင်းစစ်ကြောင်းကအသိပေးဆိုပါတယ်။


“စစ်ကောင်စီစစ်သားတွေက ကျမတို့ စားဖို့အတွက်စျေးဝယ်ရင်တောင် တခုမဟုတ်တခု အပြစ်ရှာပြီး စစ်တာတွေ ရစ်တာတွေ ၊ ပြီးတော့ ဖမ်းဆီးငွေညစ်တာတွေ လုပ်တော့ ကျမတို့လည်း ကြောက်ပါတယ်။ စားရေးသောက်ရေးလည်း ခက်ခဲတာပေါ့”ဟု စစ်ဘေးရှောင်ပြည်သူ တစ်ဦးကပြောကြားခဲ့ပါတယ်။


ယနေ့တွင် Royal Peacock Column-တော်ဝင်ဒေါင်းစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ စစ်ဘေးရှောင်အိမ်ထောင်စု ၁၀၅ စုအတွက် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာများအား ရဲဘော်များ၏ ရိက္ခာများထဲမှ ခွဲဝေလှူဒါန်းပေးခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများအား အားပေးစကားပြောကြားခဲ့ပါတယ်။


Royal Peacock Column သည်ပဲခူးတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်လုပ်ဆောင်နေသော စစ်ကြောင်းတစ်ခုဖြစ်ပြီး စိုးမိုးနယ်မြေများတွင် ပြည်သူလူထုအား ဆေးဝါးအကူညီ၊သဘာဝဘေးအန္တရာယ်အကူညီ၊ ရိက္ခာ အကူညီများ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၆။ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDFမှ နှစ်နှစ်တာကာလအတွင်း စစ်ဆင်ရေးပေါင်း (၂၀)ကျော် ဆင်နွှဲနိုင်ခဲ့


သြဂုတ်လ၁၃


ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF သည် နှစ်နှစ်တာ ကာလအတွင်း အခက်အခဲအကြပ်အတည်းကြားမှ ပြည်သူ့ခွန်အားဖြင့် ရပ်တည်လာခဲ့ရာ အခုအခါ လက်နက်အင်အား လူအင်အားအတန်အသင့်ကောင်းမွန်သော အနေအထားတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ မဟာမိတ်တပ်ဖွဲ့များနှင့် စည်းလုံးညီညွတ်စွာဖြင့် စစ်ကောင်စီတပ်သားများ၊ ဒေါက်တိုင် ဒလန်များအား တိုက်ခိုက်ချေမှုန်းခဲ့ပြီး  စစ်ဆင်ရေးပေါင်း (၂၀)ကျော် ဆင်နွှဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်"လို့ သြဂုတ်လအတွင်းKBDFတပ်ဖွဲ့၏နှစ်နှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြဆိုထားပါတယ်။

KBDF တပ်ဖွဲ့မှလည်း ရဲဘော် တစ်ဦး ရဲရင့်ဂုဏ်ပြောင်စွာ အသက်စွန့်လွှတ် ပေးဆပ်ခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment