၂၀၂၃ သြဂုတ်လ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်တပ် လုံးဝပြိုလဲလုနီးဖြစ်နေပြီး ထိန်းမရ သိမ်းမရ အခြေအနေကို ရောက်နေပြီလို့ ယာယီသမ္မတအသိပေးပြောကြား
📌 ၂။ စစ်ကောင်စီဟာ ရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေးထွက်ပေါက်ကနေ အသက်ရှူချောင်မလားလို့ မျှော်လင့်နေပုံရတယ်လို့ဆို
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရဟာ တရားမျှတမှုနှင့် တာဝန်ခံမှုများအတွက် တရားသူကြီး ၁၂၆ ဦးကို ခန့်အပ်ထားပြီးဖြစ်
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ
📌 ၅။ ABSDF အမှတ် (၁၂) တပ်ရင်း ယောဒေသမှာ စိုက်ပျိုးထားတဲ့ နှမ်းခင်းများ ရိမ်းသိမ်းပြီး တပ်တွင်း ရိက္ခာ စားသုံးဆီအဖြစ် အသုံးပြုမယ်
📌 ၆။ ကျောက်တံခါးမြို့နယ် နံဇကျေးရွာအုပ်စု နံဇကျေးရွာနှင့် တလိုင်းခင်ကျေးရွာပေါ်သို့ စကစများမှ တိုက်လေယာဉ်နှင့်ပစ်ခတ်.ဗုံးကြဲ
📌 ၇။ ရေစကြိုနယ် မြေဖြူကျေးရွာနှင့် အောင်မိုးလမ်းခွဲကြားတွင် ခလရ ၂၅၇ မှ ထွက်လာသော စကစတပ်များကို တိုက်ခိုက်ရာ သုံးဦးသေဆုံး
📌 ၈။ စစ်ကိုင်းမြို့နယ် မာလဲတောပျူရွာမှ ထွက်လာသော ပျူများနှင့် အထိုင်ပျူရွာကို ဗုံးသီး၇လုံးကျဲချတိုက်ခိုက်
📌 ၉။ နွေဦးဘဏ် အသုံးပြုသူများရဲ့ အထူး တောင်းဆိုမှုများကြောင့်DMMK ငွေကြေးရှိထားပြီး SDB ဘဏ်စာရင်းထဲသို့ မြန်မာကျပ်အဖြစ် အပ်နှံစုဆောင်းလိုပါက RM များကို တိုက်ရိုက် ဆက်သွယ်၍ အကန့်အသတ်မရှိ ငွေသွင်းနိုင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်တပ် လုံးဝပြိုလဲလုနီးဖြစ်နေပြီး ထိန်းမရ သိမ်းမရ အခြေအနေကို ရောက်နေပြီလို့ ယာယီသမ္မတအသိပေးပြောကြား
သြဂုတ်လ၁၅ရက်
သြဂုတ်လ၁၅ရက် ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ ၂၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောပါတယ်။
"ကျွန်တော့်အနေနဲ့ အစိုးရအဖွဲ့ဝင်အားလုံးကို အလေးအနက်ထား တိုက်တွန်းချင်တာကတော့ ဒီအချိန်မှာ မိမိတို့အားလုံးရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် အကြမ်းဖက်စစ်တပ် လုံးဝပြိုလဲလုနီးဖြစ်နေပြီး ထိန်းမရ သိမ်းမရ အခြေအနေကို ရောက်နေပြီဖြစ်ပါတယ်။ ဒီလိုဖြစ်လာတော့ တစ်ဖက်က မိမိတို့ တော်လှန်ရေးအဖွဲ့ကို အားယုတ်လျော့သွားအောင် စိတ်ဓာတ်စစ်ဆင်ရေးပိုမိုလုပ်ဆောင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ညီညွတ်မှုပျက်ပြားအောင် Local PDF နဲ့ PDF တွေကြား သွေးကွဲမှုတွေလုပ်ဆောင်လာတာ တွေ့ရပါတယ်။ ”လို့ယာယီသမ္မတ ပြောကြားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် ယာယီသမ္မတက"ပြည်သူ့ကာကွယ်ရေး အဖွဲ့ဖြစ်တဲ့ PDF အဖွဲ့တွေရဲ့ တစ်ဉီးချင်း စစ်ရေး စွမ်းရည်တွေကိုလည်း မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ လက်နက်ခဲယမ်းမီးကျောက် လုံလောက်စွာရရှိရေးကို အထူးအာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေ ပိုမို စွမ်းရည်မြှင့်တက်လာလေလေ ပြည်သူတို့ရဲ့ ဒုက္ခ သုက္ခ တွေကို လျော့ပါးအောင် ကာကွယ်ပေးထားနိုင်လေလေ ဖြစ်ပါတယ်"လို့ ပြောပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီဟာ ရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေးထွက်ပေါက်ကနေ အသက်ရှူချောင်မလားလို့ မျှော်လင့်နေပုံရတယ်လို့ဆို
သြဂုတ်လ၁၅ရက်
စစ်ကောင်စီဟာ ရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေး ထွက်ပေါက်ကနေ အသက်ရှူချောင်မလားလို့ မျှော်လင့်နေပုံရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၂၇/၂၀၂၃ တွင် ပြောဆိုထားပါတယ်။
"စီးပွားရေးကဏ္ဍဘက်မှာလည်း အတော်လေး အထိနာနေပြီဖြစ်တဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ဆိုပြီး ဩဂုတ်လ ၉ ရက်နေ့တုန်းက ချပြလာတာကို အားလုံးလည်း သတိထားမိကြမယ် ထင်ပါတယ်။ အချက် ၅ ချက်မှာ ၂ ချက်ဟာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အခင်းအကျင်းကို ပြန်အလေးပေးပြီး တင်လာတာ ဖြစ်ပါတယ်။ တကယ်တော့ ဒီနေ့ အနေအထားမျိုးနဲ့ သူတို့ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုတာ သိသာနေပေမယ့် ရတဲ့နည်းနဲ့ ဇွတ်လုပ်ပြီး နိုင်ငံတချို့ ရဲ့ ထောက်ခံမှု ရရှိနိုင်မလား မျှော်လင့်နေပုံရပါတယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ နည်းလမ်းစုံ သုံးလာနိုင်ပြီး ခြေလှမ်းတွေကိုလည်း မပြတ်စောင့်ကြည့်လေ့လာဖို့လိုသလို၊ NUGအစိုးရဘက်ကလည်း ရှင်းလင်းပြတ်သားတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပြည်သူတွေကို ချပြသင့်တာတွေ ချပြပြီး တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက် ချီတက်နိုင်အောင် ကြိုးစားကြဖို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရဟာ တရားမျှတမှုနှင့် တာဝန်ခံမှုများအတွက် တရားသူကြီး ၁၂၆ ဦးကို ခန့်အပ်ထားပြီးဖြစ်
သြဂုတ်လ၁၅ရက်
သြဂုတ်လ၁၄ရက်မှာပြုလုပ်တဲ့ လွတ်လပ်မှု၊ ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ်ရန် အမေရိကန်ပြည်ထောင်စု ရှီကာဂိုမြို့ရှိ ကမ္ဘာ့ဘာသာတရားများ ညီလာခံတွင် "အမျိုးသားညီညွတ်ရေးအစိုးရဟာ တရားမျှတမှုနှင့် တာဝန်ခံမှုများအတွက် တရားသူကြီး ၁၂၆ ဦးကို ခန့်အပ်ထားပြီးဖြစ်တယ်"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။
"ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းသုံးရာကျော်ကို လေ့ကျင့်သင်ကြားကာ လွတ်မြောက်ရေး တိုက်ခိုက်ရေးသမားများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF)၊ ကျွန်ုပ်တို့၏မဟာမိတ်များနှင့်ပူးပေါင်း၍ လက်ရှိမြန်မာနိုင်ငံ၏ နယ်မြေတစ်ဝက်ကျော်ကို ထိန်းချုပ်ထားပါတယ်။ ထို့အပြင် NUG သည် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်သည့် မြန်မာကျပ်ငွေ ၇.၉၈ ဘီလီယံ (မြန်မာကျပ်ငွေ) ဘီလီယံကျော်ကို ထောက်ပံ့ပေးခဲ့ပါတယ်။ ထို့အပြင် တရားမျှတမှုနှင့် တာဝန်ခံမှုများအတွက် တရားသူကြီး ၁၂၆ ဦးကို ခန့်အပ်ထားပြီး မြန်မာနိုင်ငံရှိ သောင်းနှင့်ချီသော အရပ်ဘက် ဝန်ထမ်းများသည် ၎င်းတို့၏ ပြည်သူတစ်ရပ်လုံးအပေါ် အကြမ်းဖက်ဝါဒထက် ပိုမိုအားကောင်းသည့် အကြမ်းမဖက်သော လူထုလှုပ်ရှားမှု (CDM) ကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်"လို့ ဝန်ကြီးကရှင်းလင်းဆိုခဲ့ပါတယ်။
မတရားမှု၏ မျက်နှာတွင် နှုတ်ဆိတ်နေခြင်းသည် ဖြေရှင်းချက်မဟုတ်သလို လက်ခံနိုင်စရာလည်း မရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ
ဩဂုတ်လ ၁၅ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ် (၃၂/၂၀၂၃)အား သြဂုတ်လ၁၅ရက် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်များမှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများ၊ ဥပဒေဆိုင်ရာသိရှိလိုသည့်အချက်များ၊ မြေပြင်အခြေအနေအခက်အခဲများအား တင်ပြ ဆွေးနွေးခဲ့ရာတွဲဖက်အတွင်းဝန်၊ ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်နှင့် သက်ဆိုင်ရာ ဌာနကြီးမှူးများမှ ဆွေးနွေးတင်ပြချက်များကို ရှင်းလင်းပြောကြားခြင်းနှင့် လိုအပ်ချက်များအား ညှိနှိုင်း ဖြည့်ဆည်းပေးခြင်းများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်နှင့် အရာရှိကြီးများနှင့် စစ်ကိုင်း/ မကွေး ပြည်သူ့ လုံခြုံရေးအဖွဲ့မှခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ABSDF အမှတ် (၁၂) တပ်ရင်း ယောဒေသမှာ စိုက်ပျိုးထားတဲ့ နှမ်းခင်းများ ရိမ်းသိမ်းပြီး တပ်တွင်း ရိက္ခာ စားသုံးဆီအဖြစ် အသုံးပြုမယ်
သြဂုတ်လ၁၅ရက်
ABSDF အမှတ် (၁၂) တပ်ရင်း ယောဒေသမှာ စိုက်ပျိုးထားတဲ့ နှမ်းခင်းများ ရိမ်းသိမ်းပြီး တပ်တွင်း ရိက္ခာ စားသုံးဆီ အဖြစ် အသုံးပြုမယ်လို့ သြဂုတ်လ၁၅ရက်မှာ ABSDF Column 3 က အသိပေးဖော်ပြပါတယ်။
"ABSDF အမှတ် (၁၂) တပ်ရင်း ယောဒေသမှာ စိုက်ပျိုးထားတဲ့ နှမ်းခင်းများ ရိမ်းသိမ်းကြပါပြီ။ တပ်ဖွဲ့ပိုင် နှမ်းစိုက်ခင်း ၈ ဧက ကျော် ရှိပြီး ဆီထွက်သီနှံအတွက် အဓိက စိုက်ပျိုးထားကာ တပ်တွင်း ရိက္ခာ စားသုံးဆီ အဖြစ် အသုံးပြုသွားမှာပါ"လို့ဆိုပါတယ်။
ABSDF အမှတ် (၁၂)တပ်ရင်းအနေနဲ့ တပ်တွင်း ရိက္ခာဖူလုံရေးအတွက် ပြည်သူလူထု၏ အကူအညီဖြင့် စိုက်ပျိုးလျှက်ရှိပြီး ဆီထွက်သီးနှံများအပြင် စပါးစိုက်ခင်းများနှင့် အခြားသောသီးနှံများကိုလည်း စိုက်ပျိုးထားပါတယ်။
ABSDFဝာ မိမိတို့ စိုက်ခင်းများသာမက တပ်ဖွဲ့ဝင် မိသားစုများ ပိုင်ဆိုင်သော စိုက်ခင်းများကိုလည်း ကူညီ ရိတ်သိမ်းပေးလျက်ရှိတယ်လို့သိရပါတယ်။
========================
📌📌 ၆။ ကျောက်တံခါးမြို့နယ် နံဇကျေးရွာအုပ်စု နံဇကျေးရွာနှင့် တလိုင်းခင်ကျေးရွာပေါ်သို့ စကစများမှ တိုက်လေယာဉ်နှင့်ပစ်ခတ်.ဗုံးကြဲ
သြဂုတ်လ၁၅ရက်
ကျောက်တံခါးမြို့နယ် နံဇကျေးရွာအုပ်စု နံဇကျေးရွာနှင့် တလိုင်းခင်ကျေးရွာပေါ်သို့ စကစများမှ တိုက်လေယာဉ်နှင့်ပစ်ခတ်ဗုံးကြဲခဲ့ပါတယ်။
သြဂုတ်လ၁၅ရက် မွန်းလွဲပိုင်းမှာ စကစတပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုများထံက သတင်းရရှိပါတယ်။
ထို့အပြင်မနက်ပိုင်းကလည်း ကျောက်တံခါးမြို့ ဟိန္ဒူဘုရားကျောင်းမှ စကစတပ်များလက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်
ခဲ့ပြီး ၁၄ရက်ညက ပစ်ခတ်မှု့ကြောင့် ကျောက်တံခါးမြို့နယ် ဖျံတလင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူနှစ်ဉီးထိခိုက်ဒဏ်ရာရရှိကာ ကျောက်တံခါးဆေးရုံသို့ပို့ဆောင်ခဲ့ရတယ်လို့သိရပါတယ်။
========================
📌📌 ၇။ ရေစကြိုနယ် မြေဖြူကျေးရွာနှင့် အောင်မိုးလမ်းခွဲကြားတွင် ခလရ ၂၅၇ မှ ထွက်လာသော စကစတပ်များကို တိုက်ခိုက်ရာ သုံးဦးသေဆုံး
သြဂုတ်လ ( ၁၅ ) ရက်
မကွေးတိုင်း၊ ရေစကြိုနယ် မြေဖြူကျေးရွာနှင့် အောင်မိုးလမ်းခွဲကြားတွင် ခလရ ၂၅၇ မှ ထွက်လာသော စကစတပ်များကို တိုက်ခိုက်ရာ သုံးဦးသေဆုံးခဲ့တယ်လို့ သြဂုတ်လ၁၅ရက်မှာ စစ်ရေးသတင်းကို ရေစကြိုပကဖက အတည်ပြုဆိုပါတယ်။
"သြဂုတ်လ ( ၁၄ ) ရက်နေ့ နံနက် ( ၈ ) နာရီခန့်တွင် မြေဖြူကျေးရွာနှင့် အောင်မိုးလမ်းခွဲကြားတွင် ခလရ ၂၅၇ မှ ထွက်လာသော စကစစစ်ကြောင်းမှ ရှေ့ပြေးထွက်လာသော စကစ တစ်အုပ်အား အသင့်စောင့်ကြိုနေသော ပြည်သူ့ရဲဘော်များမှ ဆီးကြို တိုက်ခိုက်ရာ စကစ( ၃)ဦးကျည် ထိမှန်သေဆုံးပြီး တချို့မှာ ဒဏ်ရာရ၍ ဆုတ်ပြေးသွားတယ်"လို့ဆိုပါတယ်။
၄င်းတိုက်ပွဲအား ပြည်သူကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့် ပခုက္ကူခရိုင်တပ်ရင်း အမှတ် ( ၉)တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၈။ စစ်ကိုင်းမြို့နယ် မာလဲတောပျူရွာမှ ထွက်လာသော ပျူများနှင့် အထိုင်ပျူရွာကို ဗုံးသီး၇လုံးကျဲချတိုက်ခိုက်
သြဂုတ်လ၁၅ရက်
စစ်ကိုင်းမြို့နယ် မာလဲတောပျူရွာမှ ထွက်လာသော ပျူများနှင့် အထိုင်ပျူရွာကို ဗုံးသီး၇လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ သြဂုတ်လ၁၅ရက်မှာ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က အသိပေးဆိုပါတယ်။
"စစ်ကိုင်းမြို့နယ် မာလဲတောပျူရွာမှ ထွက်လာသော ပျူများနှင့် အထိုင်ပျူရွာကို ဗုံးသီး၇လုံးဖြင့်ကျဲချတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
လတ်တလောမှာ ထိခိုက်ပျက်စီးမှုကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။
သြဂုတ်လ၁၀ရက်နေ့ကလည်း ဆားတောင်ရဲစခန်းကို မဟာမိတ်များနဲ့အတူပူးပေါင်း တိုက်ခိုက်ခဲ့ပါသေးတယ်။
========================
📌📌 ၉။ နွေဦးဘဏ် အသုံးပြုသူများရဲ့ အထူး တောင်းဆိုမှုများကြောင့်DMMK ငွေကြေးရှိထားပြီး SDB ဘဏ်စာရင်းထဲသို့ မြန်မာကျပ်အဖြစ် အပ်နှံစုဆောင်းလိုပါက RM များကို တိုက်ရိုက် ဆက်သွယ်၍ အကန့်အသတ်မရှိ ငွေသွင်းနိုင်
သြဂုတ်လ၁၅ရက်
နွေဦးဘဏ် အသုံးပြုသူများရဲ့ အထူး တောင်းဆိုမှုများကြောင့်DMMK ငွေကြေးရှိထားပြီး SDB ဘဏ်စာရင်းထဲသို့ မြန်မာကျပ်အဖြစ် အပ်နှံစုဆောင်းလိုပါက RM များကို တိုက်ရိုက် ဆက်သွယ်၍ အကန့်အသတ်မရှိ ငွေသွင်းနိုင်တယ်လို့ သြဂုတ်လ၁၅ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ် ကအသိပေးကြေညာထားပါတယ်။
"ကနဦး beta ကာလအတွင်း နွေဦးဘဏ် အသုံးပြုသူများရဲ့ အထူး တောင်းဆိုမှုများကြောင့် မိမိတွင် DMMK ငွေကြေးရှိထားပြီး SDB ဘဏ်စာရင်းထဲသို့ မြန်မာကျပ်အဖြစ် အပ်နှံစုဆောင်းလိုပါက RM များကို တိုက်ရိုက် ဆက်သွယ်၍ အကန့်အသတ်မရှိ ငွေသွင်းနိုင်ပြီး မိမိအလိုရှိရာ အခြား ငွေကြေးများသို့ ဝယ်ယူ၊ ပြောင်းလဲနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်"လို့ဆိုပါတယ်။
DMMK ဖြင့် အကန့်အသတ်မရှိ ငွေသွင်းခြင်းအား ပရိုမိုးရှင်းကာလ Aug 15 မှ Aug 31 အတွင်း (သို့) အသစ် ထပ်မံ ကြေညာမည့်အချိန်ထိ အကျုံးဝင်တယ်လို့သိရပါတယ်။
အမှီအခိုကင်းပြီး အလုံခြုံဆုံး အလွတ်လပ်ဆုံး ငွေကြေးပလက်ဖောင်း နှစ်ခု ဖြစ်တဲ့ SDB - နွေဦးဘဏ် နှင့် NUGPay ၏ ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေများကိုလည်း အချိန်နဲ့ တပြေးညီ တင်ပြထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment