၂၀၂၃ သြဂုတ်လ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်အုပ်စုဟာ NUG အစိုးရနဲ့ ပြည်သူကြား အထင်လွဲမှုဖြစ်အောင် အကွက်ဆင်လုပ်ဆောင်လာနေတာတွေရှိတယ်လို့ဆို
📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
📌 ၃။ ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကိုNUGက ဆန်ရိက္ခာများ ထောက်ပံ့လျက်ရှိ
📌 ၄။ နွေဦးဖွံဖြိုးရေးဘဏ်တွင် ဘဏ်အကောင့်ဖွင့်ရန် စောင့်ဆိုင်းနေသူများထဲမှ beta activation ပမာဏ ၁၀၀၀ စီအား တစ်ရက်ခြား၍ (၂) ရက် ကို (၁) ကြိမ် စီ ထပ်မံတိုးမြှင့်ပေးသွားမယ်
📌 ၅။ အကြမ်းဖက်စကစတပ်က မြောက်ယမားတံတားပေါ်မှာ ပြည်သူ၄ဦးကို လည်လှီးသတ်ဖြတ်၍ ချောင်းထဲမျောချ
📌 ၆။ ကလေးမြို့နယ်၊ အောင်ရွာကျေးရွာ သင်္ချိုင်းကုန်းအနီး ပြည်သူများ သွားလာတဲ့လမ်းဘေးတွင် ထောင်ထားသော မိုင်းသုံးလုံးကို CNO UCR နဲ့ CNDF မိုင်းဆရာများက စနစ်တကျဖြုတ်သိမ်းနိုင်ခဲ့
📌 ၇။ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက် ရိက္ခာတင်လာသည့် သင်္ဘော(၉)စီးယဥ်တန်းအား မြို့လှK-PDF တပ်ရင်းမှ ၁၀၇မမ ရှော့ဒုံးများဖြင့် စောင့်ကြို တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုဟာ NUG အစိုးရနဲ့ ပြည်သူကြား အထင်လွဲမှုဖြစ်အောင် အကွက်ဆင်လုပ်ဆောင်လာနေတာတွေရှိတယ်လို့ဆို
သြဂုတ်လ၁၆ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက "အကြမ်းဖက်စစ်အုပ်စုဟာ NUG အစိုးရနဲ့ ပြည်သူကြား အထင်လွဲမှုဖြစ်အောင် အကွက်ဆင်လုပ်ဆောင်လာနေတာတွေရှိတယ်"လို့ပြောပါတယ်။
"NUG အစိုးရနဲ့ ပြည်သူကြား အထင်လွဲမှုဖြစ်အောင် အကွက်ဆင်လုပ်ဆောင်လာနေတာရှိနေပါတယ်။ နောက်ပြီးမှ NUG အစိုးရအတွင်း ဝန်ကြီးများအကြား အချင်းချင်းနားလည်မှုမရှိအောင် လုပ်လာတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်နဲ့ အာဏာရှင်ဟူသမျှကို အဆုံးသတ်ဖျက်သိမ်းရေး၊ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတို့ကို မျက်ခြေမပြတ် တစိုက်မတ်မတ် လုပ်ဆောင်ဖို့လိုပါတယ်"လို့ ယာယီသမ္မတကဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာပြည်အရေးကို ရှု့မြင်တဲ့နေရာမှာ ပြည်တွင်းက ပြည်သူလူထုရဲ့ အရှိ ပကတိ ဒုက္ခဆင်းရဲတွေကို မှန်ကန်စွာ သိရှိနားလည်ရေးကို NUG အစိုးရဘက်က လုပ်ဆောင်ရလိမ့်မယ်လို့ ယာယီသမ္မတကဆိုပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
ဩဂုတ် လ ၁၆ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၇/၂၀၂၃)ကို သြဂုတ်လ ၁၆ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက်ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည့်လုပ်ငန်းများအား မှာကြားဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီးနောက် ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကိုNUGက ဆန်ရိက္ခာများ ထောက်ပံ့လျက်ရှိ
ဩဂုတ် ၁၆
ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကိုNUGက ဆန်ရိက္ခာများ ထောက်ပံ့လျက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သြဂုတ်လ၁၆ရက်မှာ အသိပေးဖော်ပြပါတယ်။
ဩဂုတ်လ ပထမအပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းရှိ မြို့ကြီးတချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်း၍ မြစ်ရေချောင်းရေများ လျှံတက်ခြင်း၊ ရေကြီးခြင်းနှင့်မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့သည့် ကရင်ပြည်နယ်အတွင်းရှိ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ လှိုင်းဘွဲ့၊ ဘားအံမြို့တို့တွင် လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်နေမှုကြောင့် စားဝတ်နေရေး ခက်ခဲလျက်ရှိသည့် ပြည်သူများကို ဆန်ရိက္ခာများအား မြေပြင်တာဝန်ရှိသူများမှတဆင့် ချိတ်ဆက်ထောက်ပံ့ခဲ့တယ်လို့ဆိုပါတယ်။
ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် မေလအတွင်း မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း အရေးပေါ်စားနပ်ရိက္ခာနှင့် အမိုးအကာများ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
========================
📌📌 ၄။ နွေဦးဖွံဖြိုးရေးဘဏ်တွင် ဘဏ်အကောင့်ဖွင့်ရန် စောင့်ဆိုင်းနေသူများထဲမှ beta activation ပမာဏ ၁၀၀၀ စီအား တစ်ရက်ခြား၍ (၂) ရက် ကို (၁) ကြိမ် စီ ထပ်မံတိုးမြှင့်ပေးသွားမယ်
သြဂုတ်လ၁၆ရက်
နွေဦးဖွံဖြိုးရေးဘဏ်တွင် ဘဏ်အကောင့်ဖွင့်ရန် စောင့်ဆိုင်းနေသူများထဲမှ beta activation ပမာဏ ၁၀၀၀ စီ အား တစ်ရက်ခြား၍ (၂) ရက် ကို (၁) ကြိမ် စီ ထပ်မံတိုးမြှင့်ပေးသွားမယ်လို့ သြဂုတ်လ၁၆ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်က အသိပေးဆိုပါတယ်။
"နွေဦးဘဏ် ကနဦး Private Beta စမ်းသပ်ကာလ ဆောင်ရွက်နေသည်မှာ အချိန်အားဖြင့် ၃ ပတ်မြောက်ရှိလာခဲ့ပါပြီ။ စမ်းသပ်အသုံးပြုသူ အရေအတွက် ၁၀၀၀ သတ်မှတ်ထားပြီးနောက် ထိုက်သင့်သော ပမာဏအချို့အား အမှတ်စဥ်အလိုက် တိုးဖွင့်ပေးခဲ့ပါတယ်။ ယခုတခါမှာတော့ သြဂုတ်လ ၁၇ ရက်နေ့မှ စပြီး waiting list တွင် စောင့်ဆိုင်းနေသူများအနက်မှ beta activation ပမာဏ ၁၀၀၀ စီအား တစ်ရက်ခြား၍ (၂) ရက်လျှင် (၁) ကြိမ်စီ ထပ်မံတိုးမြှင့်ပေးသွားမည့် အစီအစဥ် ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်"လို့ဆိုပါတယ်။
ဘဏ်စနစ် လည်ပတ်နိုင်မှု အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ beta တိုးမြှင့်မှု အချိန်ကာလအား ပြန်လည်စိစစ်ကန့်သတ်နိုင်တယ်လို့လည်း ဆိုပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စကစတပ်က မြောက်ယမားတံတားပေါ်မှာ ပြည်သူ၄ဦးကို လည်လှီးသတ်ဖြတ်၍ ချောင်းထဲမျောချ
သြဂုတ်လ
အကြမ်းဖက်စကစတပ်က မြောက်ယမားတံတားပေါ်မှာ ပြည်သူ၄ဦးကို လည်လှီးသတ်ဖြတ်၍ ချောင်းထဲမျောချခဲ့တယ်လို့ ဩဂုတ်၁၆ရက်မှာယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက အတည်ပြုဖော်ပြပါတယ်။
"ယင်းမာပင်မြို့နယ် မြောက်ယမားချောင်းထဲတွင် ဩဂုတ်လ၁၆ရက် နံနက်ခင်းပိုင်းတွင် အလောင်း၃လောင်းတွေ့ရှိခဲ့ရကာ ညနေပိုင်းတွင် ၁လောင်းထပ်တွေ့တယ်လို့ သတင်းအရင်းအမြစ်အရ သိရပြီး သေဆုံးသူများမှာ လည်ငေါက်ကျေးရွာမှ ပြည်သူများဖြစ်တယ်လို့"ဖော်ပြပါတယ်။
သတ်ဖြတ်ခံရသော လည်ငေါက်ကျေးရွာသားများဟာ ဩဂုတ်လ၁၀ရက်တွင် စစ်အကြမ်းဖက်အုပ်စုများ ပုလဲမြို့နယ်အတွင်းမှ ယင်းမာပင်မြို့နယ်သို့ဝင်ရောက်လာချိန် လည်ငေါက်ကျေးရွာအတွင်း နွားစာကျွေးပြန်ချိန်၌ အကြမ်းဖက်စစ်ကြောင်းနှင့် တွေ့ကာ အဖမ်းဆီးခံခဲ့ရသော တောင်သူများဖြစ်တယ်လို့သိရှိရပါတယ်။
သေဆုံးမှုဖြစ်စဥ်မှာ ဩဂုတ်လ၁၄ရက်နေ့တွင် ဝမ်ပေါင်အတွင်းရောက်ရှိနေသော စစ်ကြောင်းတွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော လည်ငေါက်ကျေးရွာမှ ပြည်သူများကို စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်ကာ မြောက်ယမားတံတားပေါ်သို့အရောက်တွင် လည်လှီးသတ်ဖြတ်ကာ ချောင်းထဲသို့ပစ်ချထားခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ကလေးမြို့နယ်၊ အောင်ရွာကျေးရွာ သင်္ချိုင်းကုန်းအနီး ပြည်သူများ သွားလာတဲ့လမ်းဘေးတွင် ထောင်ထားသော မိုင်းသုံးလုံးကို CNO UCR နဲ့ CNDF မိုင်းဆရာများက စနစ်တကျဖြုတ်သိမ်းနိုင်ခဲ့
သြဂုတ်လ၁၆ရက်
ကလေးမြို့နယ်၊ အောင်ရွာကျေးရွာ သင်္ချိုင်းကုန်းအနီး ပြည်သူများသွားလာတဲ့လမ်းဘေးတွင် ထောင်ထားသော မိုင်းသုံးလုံးကို CNO UCR နဲ့ CNDF မိုင်းဆရာများက စနစ်တကျဖြုတ်သိမ်းနိုင်ခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များထံက သိရပါတယ်။
ကလေးမြို့နယ်၊ အောင်ရွာကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် ပြည်သူများသွားလာတဲ့လမ်းဘေးတွင် မိုင်းထောင်ထားတာကို ရွာသားတွေက တွေ့ရှိလို့ CNO UCR နဲ့ CNDF မိုင်းဆရာများက ဩဂုတ် ၁၄ ရက်မနက် ၁၁ နာရီတွင် သွားရောက်ကာ မိုင်း ၃ လုံး (၁ပေလောက်မြင့်)ကို အထိအခိုက်မရှိ ဖြုတ်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
ဩဂုတ်လ ၁၃ ရက်တွင် ညောင်တောကျေးရွာအနီး တာဟန်း-လက်ပံချောင်းလမ်းမဘေးတွင် ထောင်ထားတဲ့ မိုင်းတစ်လုံးကိုလည်း ဖြုတ်နိုင်ခဲ့ပါသေးတယ်။
ဩဂုတ်လ ၈ ရက်ကလည်း ညောင်တောသင်္ချိုင်းကုန်းနားမှာ နွားတစ်ကောင်က မိုင်းနင်းမိလို့ နွားနဲ့ လူတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၇။ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက် ရိက္ခာတင်လာသည့် သင်္ဘော(၉)စီးယဥ်တန်းအား မြို့လှK-PDF တပ်ရင်းမှ ၁၀၇မမ ရှော့ဒုံးများဖြင့် စောင့်ကြို တိုက်ခိုက်
သြဂုတ်လ၁၆ရက်
သြဂုတ်လ၁၆ရက် နံနက်၇နာရီအချိန် ရွှေကူမြို့ သင်္ဘောဆိပ်မှ ဗန်မော်သို့ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက် ရိက္ခာတင်လာသည့်သင်္ဘော(၉)စီးယဥ်တန်းအား မြို့လှK-PDF တပ်ရင်း တပ်ခွဲ (၂) ဗိုလ်တခွန် အဖွဲ့မှ 107mm ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အတည်ပြုဆိုပါတယ်။
"သြဂုတ်လ၁၆ရက် နံနက်၇နာရီအချိန်ရွှေကူ သင်္ဘောဆိပ်မှ ဗန်မော်သို့ ဆန်တက်စဥ် မြို့လှK-PDF တပ်ရင်း တပ်ခွဲ (၂) ဗိုလ်တခွန် အဖွဲ့မှ 107mm ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရိက္ခာသင်္ဘော(၁)စီးကိုတော့ ခါးမှာထိမှန်ခဲ့ပြီး နောက်တစ်စီးကတော့ ရှော့ဒုံး (၂) လုံးထိမှန်သွားပါတယ်"လို့ဆိုပါတယ်။
ဒုတိယ မြစ်ကျဥ်းထဲမှာ ပစ်ခတ်၍ ထိခိုက်သွားသည့် သင်္ဘော (၂) စီးကို နောင်မို အထက်ဘက်တွင် အတော်ကြာ ရပ်နားခဲ့ကြပြီး (၂)စီးစီတွဲပြီး ပြန်ဆန်တက်သွားရာ စင်းခန်းသို့ ကမ်းကပ်သွားတယ်လို့ဆိုပါတယ်။
ထို့အပြင်မြို့လှ K-PDF တပ်ရင်း တပ်ခွဲ(၁) ဗိုလ်မိုးကြိုး ၏ မိုးကြိုးဝေဟင် အဖွဲ့မှလည်း မနက်၁၀နာရီအချိန်မှာ ရွှေကူမြို့ ရဲစခန်းထဲသို့ ဗုံးသီး(၄)လုံးဖြင့် (၂)ကြိမ်တိုက်ခိုက်ခဲ့ရာ ရွှေကူမြို့ ရဲစခန်းမှ အမှတ်(၄)နယ်ထိန်းတစ်ဦးဗိုက်ပွင့်သွားပြီး နယ်ထိန်း(၂)ဦးနှင့်အတူ တပ်သား(၆)ဦးစုစုပေါင်း (၈)ဦးအပြင်းအထန်ထိခိုက်သွားပြီး နယ်ထိန်းမှာသေဆုံးခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment