၂၀၂၃ သြဂုတ်လ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ၇၈ နှစ်မြောက် အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုပြီး အင်ဒိုနီးရှားမိတ်ဆွေများနှင့်အတူ ရပ်တည်လျက်ရှိတယ်လို့ ယာယီသမ္မတ ပြော
📌 ၂။ စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်ရေးပိတ်ဆို့မှုဟာ ဆိုးဆိုးရွားရွားဖြစ်နေတယ်လို့ဆို
📌 ၃။ နွေဦးတော်လှန်ရေးမှာ ဘယ်နည်းနှင့်ပါပါ ပါဝင်နေဖို့က အရေးကြီးတယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ဆို
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ရဲတပ်ဖွဲ့အစည်းအဝေးကျင်းပ
📌 ၅။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များသို့ Conflict Management Training ဖွင့်လှစ်ပို့ချ
📌 ၆။ ဘုတ်ပြင်းမြို့နယ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ဖွဲ့စည်း
📌 ၇။ ပုသိမ်အကျဥ်းထောင်အဓိကရုဏ်းတွင် ပါဝင်တယ်လို့ စွပ်စွဲချက်နဲ့ နိုင်ကျဉ်း (၃၇)ယောက်အား အဆောင်မှ လာရောက်ခေါ်ထုတ်ကာ ခြေထိပ်၊လက်ထိပ်ကိုထောက်ခတ်ကာ တိုက်ပိတ်ထား
📌 ၈။ (Jet-Fighter) လေယာဉ် ၂ စီး ဖြင့် ၃ကြိမ်တိုင်တိုင်"စကစ၏ လေယာဉ်ဗုံးကျဲမှုများကြောင့် ကရင်ပြည်နယ် မြဝတီအနီး သာသနာပိုင်အဆောက်အဦများ ပျက်စီး
📌 ၉။ ရေစကြိုမြို့နယ်တွင် စိုင်သေရွာ တောရိုးမှ မြေမလှရွာဘက်သို့ (၃ )ကြောင်းခွဲကာ တက်လာသောစကစတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်ရာ စကစဘက်က ခုနစ်ဦးသေဆုံးပြီး အများအပြားထိခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ၇၈ နှစ်မြောက် အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုပြီး အင်ဒိုနီးရှားမိတ်ဆွေများနှင့်အတူ ရပ်တည်လျက်ရှိတယ်လို့ ယာယီသမ္မတ ပြော
သြဂုတ်လ၁၈ရက်
၇၈ နှစ်မြောက် အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုပြီး အင်ဒိုနီးရှားမိတ်ဆွေများနှင့်အတူ ရပ်တည်လျက်ရှိတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက သြဂုတ်လ၁၈ရက် Twitterမှာ ရေးသားပြောပါတယ်။
"၇၈ နှစ်မြောက် အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့် စည်းလုံးညီညွတ်မှုကို ဂုဏ်ပြုသောအားဖြင့် ကျွန်ုပ်တို့၏ အင်ဒိုနီးရှားမိတ်ဆွေများနှင့်အတူ ရပ်တည်လျက်ရှိပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သို့ လျှောက်လှမ်းရာတွင် တရားမျှတမှုနှင့် အချုပ်အခြာအာဏာကို လက်ကိုင်ထားပြီး အချင်းချင်း လှုံ့ဆော်ကြပါစို့။ စည်းလုံးညီညွတ်ခြင်းသည် အကန့်အသတ်မရှိပေ"လို့ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာအရေးကို အာဆီယံ ဘောင်ထဲကနေ အကူအညီပေးနိုင်ရေးဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်ရေးပိတ်ဆို့မှုဟာ ဆိုးဆိုးရွားရွားဖြစ်နေတယ်လို့ဆို
သြဂုတ်လ၁၈ရက်
စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်ရေးပိတ်ဆို့မှုဟာ ဆိုးဆိုးရွားရွားဖြစ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က သြဂုတ်လ၁၈ရက်မှာ ပြောပါတယ်။
"စကစ လော်ဘီတွေက NUG အနေနဲ့ နိုင်ငံတကာကို မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ဖို့ တိုက်တွန်းတာကြောင့် မြန်မာတွေစီးပွားရေးကျဆင်းရပါတယ်၊ ဘာညာဆိုပြီး လော်နေကြတာ တွေ့ရတယ်။ အမှန်ကနိုင်ငံတကာက ပိတ်စရာကို မလိုတာ။ သူတို့ (စကစ) ဂိတ်တွေ ပိတ်တာမှ နိုင်ငံတကာ ပိတ်တာထက် ပိုထိရောက်သေးတယ်။ ပိုဆိုးတာက စကစ ထိန်းချုပ်ထားတဲ့ နယ်စပ်မြို့အားလုံးလိုလို စားသုံးကုန်ပြတ်လုနီးနီး ဖြစ်နေပြီ။ နယ်စပ်မဆိုထားနဲ့ တနိုင်းမြို့လို ဘာ စစ်ရေးအကြောင်းပြချက်မှ မရှိတဲ့ မြို့လဲ အပိတ်ခံထားရတာပဲ။ ပြည်သူတွေက ဆန်တစ်အိတ် တစ်သိန်းကျော် ပေးဝယ်နေရပြီ"လို့ ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော မူဆယ် မန္တလေးလမ်း၊ မန္တလေး-ဗန်းမော်-လွယ်ဂျယ်လမ်း၊ မြစ်ကြီးနား-တနိုင်းလမ်တို့ကို စကစဘက်က ပိတ်ဆို့ထားပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးမှာ ဘယ်နည်းနှင့်ပါပါ ပါဝင်နေဖို့က အရေးကြီးတယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ဆို
သြဂုတ်လ၁၈ရက်
နွေဦးတော်လှန်ရေး မှာ ဘယ်နည်းနှင့်ပါပါ ပါဝင်နေဖို့က အရေးကြီးတယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်က သြဂုတ်လ၁၈ရက်မှာ ဆိုပါတယ်။
"သမ္မာ ကျမ်းစာ ထဲက ရှင်ပေါလု အာဘော်အရ တော်လှန်ရေး organism ကို သုံးသပ်ရမယ်ဆိုရင် ငါတို့တွေသည် တော်လှန်ရေး ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ်ကြသည်ဟုဆိုရမယ်။ သေးသော၊ ကြီးသောအမှုမရှိ၊ နား ချည်းများဖြင့်သာ ကိုယ်ခန္ဓာ မဖွဲ့စည်း၊ မျက်စိ၊ နား၊ လက်၊ ခြေ၊ ဦးခေါင်း ဖြင့် ဖွဲ့စည်းထားတယ်။ တော်လှန်ရေးတွင်လည်း ထို့အတူပါပဲ၊ ကလစ်ကာများ၊ fund raisers များ၊ လက်နက်ကိုင်သူများ၊ ကလောင်ကိုင်သူများ၊ ဆေးကုပေးသူများ၊ ပညာသင်ပေးသူများ၊ ကယ်ဆယ်ရေးလုပ်သူများ၊ အုပ်ချုပ်ရေးလုပ်သူများ၊ နိုင်ငံတကာဆက်ဆံရေးလုပ်သူများ၊ ဆက်သွယ်ရေး လုပ်သူများ၊ Finance လုပ်သူများ၊ သုတေသန လုပ်သူများ၊ ယုတ်အစွဆုံး တော်လှန်ရေး ပို့စ်ကို လိုက်လုပ်၊ ရှယ်လုပ်သူများ၊ အနုပညာရှင်များ၊ ပုံမှန် လစဉ်ထောက်ပံ့သူများ၊ NUG pay ကိုသိလျက်နှင့်ဖြစ်စေ၊ မသိလိုက်ပဲ သုံးမိသူများ ဖြစ်စေ၊ တော်လှန်ရေး၏ အစိတ်အပိုင်းများဖြစ်ကြပါတယ်။တော်လှန်ရေးမှာ ဘယ်နည်းနှင့်ပါပါ ပါဝင်နေဖို့က အရေးကြီးပါတယ်"လို့ဆိုပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးမှာ ငွေတိုက်အထူးစာချုပ်ဝယ်ယူသူများအပြင် EODရှယ်ယာများဝယ်ယူသူများပါ ပြည်တွင်း၊ ပြည်ပမှ ပြည်သူများက ပါဝင်လျက်ရှိပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ရဲတပ်ဖွဲ့အစည်းအဝေးကျင်းပ
ဩဂုတ်လ ၁၈ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ရဲတပ်ဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၁/၂၀၂၃)အား သြဂုတ်လ၁၈ရက်က ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန်မှ အဖွင့် အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ပြည်ထဲရေးနှင့် ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်နှင့် ဌာနကြီးမှူးများနှင့် မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှူးများမှလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေမှုများနှင့် မြေပြင် အခြေအနေ အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ရာ တွဲဖက်အတွင်းဝန်မှ ဆွေးနွေး တင်ပြချက်များကို ရှင်းလင်းပြောကြားခြင်းနှင့် လိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန်၊ ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်၊ ဌာနကြီးမှူးများနှင့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးများတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များသို့ Conflict Management Training ဖွင့်လှစ်ပို့ချ
ဩဂုတ် လ ၁၈ ရက်
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဦးဆောင်ကာ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များအား Conflict Management Training (၄/၂၀၂၃)ကို ဩဂုတ်လ ၁၈ ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားပို့ချတယ်လို့သိရပါတယ်။
အဆိုပါသင်တန်းအား(၁၈-၈-၂၀၂၃)ရက်နေ့မှ (၂၀-၈-၂၀၂၃)ရက်နေ့ထိ သင်တန်းကာလ (၃)ရက်ဖြင့် သင်ကြား ပို့ချလျက်ရှိတယ်လို့သိရပါတယ်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များအား သင်တန်း ဆရာ/ဆရာမများမှ ပဋိပက္ခ/ပြဿနာ ရပ်ဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်မှုများ၊ သဘောတရားများ၊ အကြမ်းဖက်မှုအမျိုးအစားများအား ကောင်းစွာ နားလည်သဘောပေါက်လာစေရေး၊ သင်တန်းသားများ၏ ပဋိပက္ခဆိုင်ရာ ဖြေရှင်းရန် လိုအပ်ချက်များကို ဆွေးနွေးဖော်ထုတ်၍ ကိုယ်တိုင်ဖြေရှင်းဆောင်ရွက်နိုင်မှုများကို ကောင်းမွန်စွာအသုံးပြုနိုင်ရန် ရည်ရွယ်ကာ သင်ခန်းစာများကို သင်ကြားပို့ချသွားမှာဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၆။ ဘုတ်ပြင်းမြို့နယ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ဖွဲ့စည်း
သြဂုတ်လ၁၈ရက်
ဘုတ်ပြင်းမြို့နယ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သြဂုတ်လ၁၈ရက်မှာ ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ၂၀၂၂ ခုနှစ် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေပုဒ်မ ၁၄(ခ) အရ ပြည်သူ့ရဲတပ်ဖွဲ့လက်အောက်တွင် “ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့”အား ဖွဲ့စည်းလိုက်တယ်လို့ဖော်ပြပါတယ်။
လက်ရှိမှာ ကလေးမြို့နယ်၊ ဝက်လက်မြို့နယ်တို့မှာ ရဲတပ်ဖွဲ့များဖွဲ့စည်းပြီးဖြစ်ပါတယ်။
========================
📌📌 ၇။ ပုသိမ်အကျဥ်းထောင်အဓိကရုဏ်းတွင် ပါဝင်တယ်လို့ စွပ်စွဲချက်နဲ့ နိုင်ကျဉ်း (၃၇)ယောက်အား အဆောင်မှ လာရောက်ခေါ်ထုတ်ကာ ခြေထိပ်၊လက်ထိပ်ကိုထောက်ခတ်ကာ တိုက်ပိတ်ထား
သြဂုတ်လ၁၈ရက်
ပုသိမ်အကျဥ်းထောင်အဓိကရုဏ်းတွင် ပါဝင်တယ်လို့စွပ်စွဲချက်နဲ့ နိုင်ကျဉ်း (၃၇)ယောက်အား အဆောင်မှ လာရောက်ခေါ်ထုတ်ကာ ခြေထိပ်၊လက်ထိပ်ကိုထောက်ခတ်ကာ တိုက်ပိတ်ထားတယ်လို့ ပုသိမ်တော်လှန်ရေးအင်အားစုအချို့က သြဂုတ်လ၁၈ရက်မှာ ဖော်ပြအသိပေးပါတယ်။
ယခုအခါ ထောင်အဓိကရုဏ်းတွင် ပါဝင်သော နိုင်ကျဉ်းများအနက် လက်နက်ကိုင်ဆောင်သည်ဟု စွပ်စွဲချက်ဖြင့် ပုဒ်မ (၃၃၃)(၃၃၂) တပ်ကာ နိုင်ကျဉ်း (၃၇)ယောက်အား အဆောင်မှ လာရောက်ခေါ်ထုတ်ကာ ခြေထိပ်၊ လက်ထိပ်ကိုထောက်ခတ်ကာ တိုက်ပိတ်ထားကြောင်းသိရှိရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တွင်ဇန်နဝါရီ၁ရက်နေ့ ပုသိမ်အကျဉ်းထောင် အဓိကရုဏ်ဖြစ်ပွားခဲ့မှုတွင် ပါဝင်သော နိုင်ငံရေးအကျဉ်းသား ၆၅ယောက်ကို ပုဒ်မ (၆၁)အရ ထောင်ဒဏ် (၃) နှစ် စီ ချမှတ်ကြောင်း သိရှိရပါတယ်။
========================
📌📌 ၈။ (Jet-Fighter) လေယာဉ် ၂ စီး ဖြင့် ၃ကြိမ်တိုင်တိုင်"စကစ၏ လေယာဉ်ဗုံးကျဲမှုများကြောင့် ကရင်ပြည်နယ် မြဝတီအနီး သာသနာပိုင်အဆောက်အဦများ ပျက်စီး
(Jet-Fighter) လေယာဉ် ၂ စီး ဖြင့် ၃ကြိမ်တိုင်တိုင်"စကစ၏ လေယာဉ်ဗုံးကျဲမှုများကြောင့် ကရင်ပြည်နယ် မြဝတီအနီး သာသနာပိုင် အဆောက်အဦများ ပျက်စီးခဲ့တယ်လို့ သြဂုတ်လ၁၈ရက်မှာ ကော်ပရာစစ်ကြောင်းက စစ်ရေးသတင်းကို အတည်ပြုဆိုပါတယ်။
"သြဂုတ်လ၁၈ရက် နေ့လည် ၂နာရီဝန်းကျင် အချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီ၏ နေပြည်တော်လေတပ်မှ Yak-130 (Jet-Fighter) လေယာဉ် ၂ စီး ဖြင့် ၃ကြိမ်တိုင်တိုင် မိမိတို့နယ်မြေလုံခြုံရေးယူထားသော နေရာတဝိုက်အား လေယာဉ်ဗုံးကျဲခဲ့ရာ သာသနာပိုင် အဆောက်အဦး အများအပြား ထိခိုက်ပျက်စီးခဲ့ရတယ်"လို့ဆိုပါတယ်။
ထို့နောက် ကောက်ပရာပူးပေါင်းစစ်ကြောင်းဘက်မှ လက်ဖြောင့်တပ်သား စနိုက်ပါဖြင့် ပစ်ခတ်ခြင်းကြောင့် ရန်သူ (၁)ဦး သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု တစုံတရာမရှိခဲ့ဘူးလို့သိရပါတယ်။
========================
📌📌 ၉။ ရေစကြိုမြို့နယ်တွင် စိုင်သေရွာ တောရိုးမှ မြေမလှရွာဘက်သို့ (၃ )ကြောင်းခွဲကာ တက်လာသောစကစတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်ရာ စကစဘက်က ခုနစ်ဦးသေဆုံးပြီး အများအပြားထိခိုက်
သြဂုတ်လ၁၈ရက်
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စိုင်သေရွာ တောရိုးမှ မြေမလှရွာဘက်သို့ (၃ )ကြောင်းခွဲကာ တက်လာသော စကစတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာ စကစဘက်က ခုနစ်ဦးသေဆုံးပြီး အများအပြားထိခိုက်ခဲ့တယ်လို့ သြဂုတ်လ၁၈ရက်မှာ စစ်ရေးသတင်းကို ရေစကြိုပကဖကအတည်ပြုဆိုပါတယ်။
" သြဂုတ်လ ( ၁၇ ) ရက်နေ့ နံနက် ( ၁၀ ) နာရီခန့်တွင် စိုင်သေရွာ တောရိုးမှ မြေမလှရွာဘက်သို့ (၃ )ကြောင်းခွဲကာ တက်လာသော စကစတပ်များအား နှစ်ရွာအကြား တောရိုးအရောက်တွင် ကုန်းထိပ်မှ အသင့်စောင့်နေသော ပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ်စောင့်ကြို တိုက်ခိုက်ခဲ့ရာ စကစဘက်က ( ၇) ဦးသေဆုံးပြီး အများအပြားထိခိုက်ကြောင်းသိရတယ်"လို့ဆိုပါတယ်။
ထို့နောက် ခလရ ၂၅၇ မှ ဖောကားတစ်စီးဖြင့် တပ်ကူလာပြီး စစ်ကြောင်းဆက်တက်လာရာ တောင်ဦးရွာနှင့် မြေလှရွာကြားအရောက် ညနေ ( ၄) နာရီ ခန့်တွင် အသင့်စောင့်နေသော ပူးပေါင်းတပ်များနှင့် ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရှေ့ဆုံးမှ တက်လာသော စကစတပ်က ( ၃) ဦးနေရာတွင်ပင် ကျည်ထိမှန် လဲကျသွားပြီး အများအပြားထိခိုက်နိုင်တယ်လို့ဆိုပါတယ်။
၄င်းတိုက်ပွဲအား ပြည်သူကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်(ပ.က.ဖ)၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် ( ၉) နှင့် နွေဦးစစ်သည် YSO-ရေလယ်ကျွန်းဒေသစစ်ကြောင်း တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment