၂၀၂၃ သြဂုတ်လ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီအနေနဲ့ အာဏာတည်မြဲရေးအတွက်ဆိုရင် လူထုကို နည်းမျိုးစုံနဲ့ လှည့်ဖြားနိုင်တယ်ဆိုတာ ထင်ရှားနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ သတိပေးနှိုးဆော်
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ စစ်ကောင်စီကိုယာယီသမ္မတ ဒူဝါလရှီးလ ရာဇသံပေး
📌 ၃။ အာဏာရှင်နိဂုံးကို အဆုံးသတ်နိုင်ဖို့ ဆက်သွားရုံကလွဲပြီး တွေဝေတိမ်းပါးစရာလည်း မရှိဘူးလို့ဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား
📌 ၄။ နွေဦးတော်လှန်ရေးဟာ အနိုင်တိုက်ရုံမှတပါး တခြားမရှိပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ပြောကြား
📌 ၅။ စစ်အာဏာရှင် လွှမ်းမိုးမှုမရှိတဲ့အတွက် ရိုဟင်ဂျာအရေးကို NUGအစိုးရက ပြတ်သားစွာဆောင်ရွက်နိူင်ပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အသိပေး
📌 ၆။ PDF ပခုက္ကူခရိုင်တပ်ရင်းများ၏ တိုက်ခိုက်မှုကြောင့် ဇူလိုင်လအတွင်း စကစတပ်သား (၆၃) ဦး သေဆုံးကာ (၈၀) ဦး ဒဏ်ရာရရှိခဲ့
📌 ၇။ ရေဦးမြို့နယ်၊ လျော်ဖြူရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၇ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာနဲ့သေဆုံး
📌 ၈။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ (၃၈၅၇) ဦးအထိရှိလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီအနေနဲ့ အာဏာတည်မြဲရေးအတွက်ဆိုရင် လူထုကို နည်းမျိုးစုံနဲ့ လှည့်ဖြားနိုင်တယ်ဆိုတာ ထင်ရှားနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ သတိပေးနှိုးဆော်
သြဂုတ်လ၁ရက်
သြဂုတ်လ၁ရက်နေ့မှာကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလမှ အခုလို ပြောကြားခဲ့ပါတယ်။
"စစ်ကောင်စီအနေနဲ့ အာဏာတည်မြဲရေးအတွက်ဆိုရင် လူထုကို နည်းမျိုးစုံနဲ့ လှည့်ဖြားနိုင်တယ်ဆိုတာ ထင်ရှားပါတယ်။ လူထုကို အတုအယောင် ရွေးကောက်ပွဲနဲ့ လှည့်ဖြားဖို့ ကြိုးစားတာတွေ့ရတယ်။ ဒါ့အပြင် တစ်နှစ် နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးမယ်ဆိုပြီး အာဏာသိမ်းမှုနောက်ပိုင်းမှာ လိမ်ညာခဲ့ပါသေးတယ်။ အခုလည်း ၂၀၀၈ အခြေခံ ဥပဒေကို အကြောင်းပြပြီး စစ်ကောင်စီက သက်တမ်း (၆) လ ထပ်တိုးတာမျိုး လုပ်လာတယ်။ စစ်ကောင်စီရဲ့ အာဏာအပေါ် တပ်မက်မှုက အတော်ကြီးလောဘကြီးနေတာ တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ သူတို့ အာဏာတည်မြဲဖို့အတွက်ဆိုရင် ဘယ်အရာမဆို ချနင်းဖို့လည်း ဝန်မလေး ဘူးဆိုတာ ထင်ရှားပါတယ်။ အခုအခါမှာ ပြည်သူလူထုဟာ စစ်ကောင်စီရဲ့ချနင်းခြင်းကို ခံနေကြရပါ တယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။
“စစ်ကောင်စီအနေနဲ့ လူထုကို နည်းအမျိုးမျိုးနဲ့ ထပ်မံ လှည့်ဖြားဖို့ ကြိုးစားနေလိမ့်အုံးမှာဖြစ်ပါတယ်။ လူထုကို ဝေဝါးအောင်လုပ်တာတွေ လူထုနိုင်ငံရေးလမ်းစဉ်ကို သွေဖီအောင်လုပ်တာတွေက ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။ လူထုကတော့ နိုင်ငံရေးအသိအမြင် ပွင့်လင်းပြီးသားဖြစ်လို့ ဘယ်အရာက ကောင်းသလဲ / ဆိုးသလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိထားပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်တိုင်း ကျွန်တော်တို့က လူထုစည်းရုံးရေးလုပ်ငန်းစဉ်တွေကို ရပ်ထားလိုက်လို့ မရပါဘူး။ လူထုကို အမြဲတမ်း အချိန်တိုင်း/ မပြတ် စည်းရုံးလှုံ့ဆော်ပြီး၊ စစ်ကောင်စီရဲ့ လုပ်ဇာတ်တွေကို မီးမောင်းထိုးပြနေရပါလိမ့်မယ်"လို့ ယာယီသမ္မတကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ စစ်ကောင်စီကိုယာယီသမ္မတ ဒူဝါလရှီးလ ရာဇသံပေး
သြဂုတ်လ၁ရက်
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ စစ်ကောင်စီကိုယာယီသမ္မတ ဒူဝါလရှီးလ ရာဇသံပေးဆိုလိုက်ပါတယ်။
သြဂုတ်လ၁ရက်နေ့ Twitterမှာ ယာယီသမ္မတကရေးသားဆိုထားပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရမယ်။ အကြမ်းဖက်စစ်ကောင်စီဟာ၎င်းတို့၏ ကျန်းမာရေးအတွက် တာဝန်ခံရမယ်"လို့ဆိုထားပါတယ်။
သြဂုတ်လ၁ရက်နေ့မှာ အကြမ်းဖက်စသ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ထားသည် အမှုများထဲမှ၅ မှုကို ၁၂ နှစ်လျော့ပေါ့ပေးခဲ့ပါတယ်။
အလားတူ ဦးဝင်းမြင့်ကိုလည်း အမှုများထဲမှ အမှုအမှတ်၃၅၊၃၆တို့မှ ချမှတ်တဲ့ထောင်ဒဏ်တို့ကို လွတ်ငြိမ်းသပ်သာခွင့်ပြုတယ်လို့ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် ထွက်လာရင် ပြောင်းသွားမလားမေးကြတာ ရှိပါတယ်။ ကျနော်တို့ လုံးဝမပြောင်းပါဘူး။ ပြည်သူလူထုဆန္ဒအတိုင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုဆန္ဒကို အလေးထားပါတယ်။ ကျနော်တို့မပြောင်းပါဘူးလို့ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုထားပါတယ်။
========================
📌📌 ၃။ အာဏာရှင်နိဂုံးကို အဆုံးသတ်နိုင်ဖို့ ဆက်သွားရုံကလွဲပြီး တွေဝေတိမ်းပါးစရာလည်း မရှိဘူးလို့ဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား
သြဂုတ်လ၁
ဇူလိုင်လတွင်းကျင်းပခဲ့တဲ့ နွေဦးတော်လှန်ရေးစကားဝိုင်းမှာ NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုသုံးသပ်ပြောကြားခဲ့ပါတယ်။
"သူတို့ နိုင်ငံရေးအရ ဖယ်ချင်လို့ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ ကျမတို့ခေါင်းဆောင်ကို ထုတ်သုံးနေရပြီ ဆိုတည်းကိုက သူတို့ရှုံးနိမ့်နေတာကိုပြတဲ့ အချက်တစ်ချက်လို့ကျမတို့ ပြောလို့ရတယ်။ တချို့က အာဏာရှင်နိဂုံး ၂၀၂၃ ဆိုတဲ့ ဆောင်ပုဒ်တွေနဲ့ သွားနေတာတွေရှိတယ်။ သူတို့ နိဂုံးကို အဆုံးသတ်နိုင်ဖို့ ကျမတို့နည်း ကျမတို့ဟန်နဲ့ ဆက်သွားယုံကလွဲလို့ တခြားရွေးချယ်စရာမရှိဘူး၊ စဥ်းစားစရာလည်း မရှိဘူး၊ တွေဝေတိမ်းပါး စရာလည်းမရှိဘူး"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်ဟာ ဒေသတွင်း နိူင်ငံများအစည်းအဝေးနှင့်ထိပ်သီးအသည်းအဝေးများကိုတက်ရောက်ခွင့်ပိတ်သိမ်းခံထားရပြီး ပြည်တွင်းရှိသံတမာန်ရေးရာကဏ္ဍမှာလည်း အဆင့်နိမ့်ချထားမှုတို့ကို ခံထားရပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေးဟာ အနိုင်တိုက်ရုံမှတပါး တခြားမရှိပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ပြောကြား
သြဂုတ်လ၁ရက်
နွေဦးတော်လှန်ရေးဟာ အနိုင်တိုက်ရုံမှတပါး တခြားမရှိပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်က သြဂုတ်လ၁ရက်နေ့မှာ သုံးသပ်ပြောကြားလိုက်ပါတယ်။
"အာဏာရှင်တွေနဲ့ပတ်သက်ပြီးသူတို့အမူအကျင့် ဓလေ့စရိုက်ကို အူမချေးခါးမကျန်ကြိုတင်ခန့်မှန်း သိရှိခဲ့ပြီးသားပါ။ဒီပွဲက အနိုင်တိုက်ရုံမှတပါး တခြားမရှိပြီ"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။
လက်ရှိမှာ စစ်ရေးအရှိန်ကို မြှင့်တင်လျက်ရှိပြီးတော့ ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်ပေးမယ့်နှစ်လို့အသိပေးကြေညာထားပါတယ်။
========================
📌📌 ၅။ စစ်အာဏာရှင် လွှမ်းမိုးမှုမရှိတဲ့အတွက် ရိုဟင်ဂျာအရေးကို NUGအစိုးရက ပြတ်သားစွာဆောင်ရွက်နိူင်ပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အသိပေး
သြဂုတ်လ၁
ဇူလိုင်၃၁ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရောက် မြန်မာအင်အားစုများနှင့် လူထုတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။
"NUGကတော့ ပြတ်ပြတ်သားသားဆောင်ရွက်နိူင်ပြီ။စစ်အာဏာရှင် လွှမ်းမိုးမှု NUGမှာမရှိဘူး။NUGအနေနဲ့တရားမျှတမှု ဖော်ဆောင်ဖို့ တရားဝင်အသိပေးထုတ်ပြန်ထားတယ်။ရိုဟင်ဂျာအရေးမှာလည်း ထုတ်ပြန်ချက်ထုတ်ထားပြီးဖြစ်သလို ဒါကိုအကောင်အထည်ဖော်ဖို့လည်း ဘယ်တုန်းကမှမရှိခဲ့တဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန NUGမှာပေါ်ပေါက်လာပြီ။ဒီကိစ္စကိုဆောင်ရွက်ဖို့ရှိတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
လတ်တလောမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာအရေးမှာ တရားမျှတမှုပြန်လည်ရရှိရေးကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပြီး ဥပဒေများကို ပြင်ဆင် ပယ်ဖျက်ခြင်းများ လုပ်ဆောင်နေပါတယ်။
========================
📌📌 ၆။ PDF ပခုက္ကူခရိုင်တပ်ရင်းများ၏ တိုက်ခိုက်မှုကြောင့် ဇူလိုင်လအတွင်း စကစတပ်သား (၆၃) ဦး သေဆုံးကာ (၈၀) ဦး ဒဏ်ရာရရှိခဲ့
သြဂုတ်၁ရက်
သြဂုတ်လ၁ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်)က စစ်ရေးသတင်းကို အသိပေးထုတ်ပြန်ပါတယ်။
၂၀၂၃ခုနှစ်၊ ဇူလိုင်လအတွင်း မကွေးတိုင်း၊ ပခုက္ကူခရိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူ ခရိုင်တပ်ရင်းများနှင့် ရန်သူ့တပ်တို့ တိုက်ပွဲ (၂၀) ကြိမ် ဖြစ်ပွားခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ် တပ်ရင်း (၂) (၃) (၄) (၅) (၆) (၈) (၁၀) (၁၁) (၁၂) (၁၉) တပ်ရင်းများနှင့်ရန်သူ့တပ်၏ တပ်မ (၅၅)၊ တပ်မ (၇၇)၊ တပ်မ(၉၉)၊ တပ်မ (၁၀၁)၊ အမှတ်(၂၂) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ၊ ခလရ(၂၅၈)၊ ခလရ(၂၅၁)၊ ပျုစောထီး ပူးပေါင်းအင်အားများကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်တယ်လို့ဖော်ပြပါတယ်။
မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်၊ ပေါက်မြို့နယ်၊ ပခုက္ကူမြို့နယ်၊ ဆောမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း ရန်သူ့တပ်သား (၆၃) ဦး သေဆုံးခဲ့ပြီး (၈၀) ဦး ဒဏ်ရာရရှိ ခဲ့ကာပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၃) ဦး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက် အသက်ပေးလှု ခဲ့ရပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။
========================
📌📌 ၇။ ရေဦးမြို့နယ်၊ လျော်ဖြူရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၇ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာနဲ့သေဆုံး
သြဂုတ်၁
ဇူလိုင်၃၁ရက် ည ၇ နာရီမှာ အကြမ်းဖက်စကစတပ်တွေဟာ ရေဦးမြို့နယ်၊ဆေးကုသစဥ် လက်နက်ကြီး ထိမှန်တဲ့ဒဏ်ရာနှင့် သေဆုံးခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်များကဆိုပါတယ် ။လျော်ဖြူရွာကို လက်နက်ကြီးနဲ့ ရမ်းပစ်တာကြောင့် နေအိမ်ပေါ်ကျရောက်ပေါက်ကွဲကာ ကလေးငယ်ရဲ့ ဦးခေါင်းနဲ့ခန္ဓာကိုယ်များ ထိခိုက်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စကစတပ်များဟာ နယ်မြို့များမှာ အရပ်သားနေထိုင်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိနေပါတယ်။
========================
📌📌 ၈။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ (၃၈၅၇) ဦးအထိရှိလာ
သြဂုတ်လ၁ရက်
စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ ဇူလိုင်၃၁ရက်မှာ AAPPက အခုလို အသိပေးဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၈၅၇) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်၂၀၂၁ ခုနှစ် စစ်တပ်အာဏာလုယူချိန်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၄၁၂၃) ဦးရှိပြီး ထိုအထဲမှ (၁၉၇၃၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၉၈၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
အခု တင်ပြပေးခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment