၂၀၂၃ သြဂုတ်လ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တစ်ခုတည်းသော စီမံချက်အောက်မှာ စစ်ဆင်ရေးတွေကို တစ်နိုင်ငံလုံး ရဲဘော်တွေက တိုက်ပွဲဝင်ဖော်ဆောင်နေပြီလို့ဆို
📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၃။ "တော်လှန်သစ်ပင်ကမ်ပိန်း၂ လတာကာလအတွင်း ပြည်သူများပါဝင်မှုနဲ့ ပျိုးပင်ပေါင်းသောင်းနှင့်ချီကို မြေ ဧက (၂၀) မှာစိုက်ပျိုးပြီး ဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသိပေး
📌 ၄။ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေအရ ရဲCDMများပါဝင်ဖွဲ့စည်းမယ်
📌 ၅။ SDB ၏ အမှန်တကယ် ငွေလဲနှုန်းသည် ဘဏ်၏ စျေးကွက်အတွင်း ဝယ်လိုအား/ ရောင်းလိုအားများအပေါ် မူတည်၍ အပြင်ငွေလဲနှုန်းများနှင့် ကွာခြားမှု ရှိနိုင်
📌 ၆။ ထီးချိုင့်နယ် ကွင်းကြီးရွာ နှင့် ဇီးကုန်းရွာကြား တောတွင်း တစ်နေရာကို အကြမ်းစစ်တပ်လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်
📌 ၇။ ဒီပဲယင်းမြို့၊ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ဝင်ရောက်တပ်စွဲထားသော နေရာကို (မောင်းသူမဲ့ လေယာဉ်ငယ် - Fix Wings ) များ ဖြင့် ဗုံးသီး ၆ လုံးချ၍ တိုက်ခိုက်ခဲ့ရာ စကစ၃ဦးသေဆုံး
📌 ၈။ အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကာလအတွင်း နိုင်ငံအနှံ့မှာ လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲပေါင်း ၁၀,၁၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တစ်ခုတည်းသော စီမံချက်အောက်မှာ စစ်ဆင်ရေးတွေကို တစ်နိုင်ငံလုံး ရဲဘော်တွေက တိုက်ပွဲဝင်ဖော်ဆောင်နေပြီလို့ဆို
သြဂုတ်လ၂၀ရက်
တစ်ခုတည်းသော စီမံချက်အောက်မှာ စစ်ဆင်ရေးတွေကို တစ်နိုင်ငံလုံး ရဲဘော်တွေက တိုက်ပွဲဝင်ဖော်ဆောင်နေပြီလို့ "ရန်ကုန်အတွက်အလင်းစက်ကမ်ပိန်း"မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။
"တစ်ခုတည်းသော စီမံချက်အောက်မှာ ဒါကိုအကောင်အထည်ဖော်နေချိန်လည်းဖြစ်တယ်။ လမ်းအားလုံး နေပြည်တော်သို့ စီမံချက်ကို အကောင်အထည်ဖော်ရာမှာ ရဲဘော်တွေအနေနဲ့ နယ်စပ်ဒေသတွေမှာပဲ တိုက်ပွဲဝင်နေတာမဟုတ်ဘဲနဲ့ ရန်သူ့ရဲ့နယ်မြေထဲကို ထိုးစစ်ဆင်ပြီး နက်နက်ရှိုင်းရှိုင်း ထိုးဖောက်တိုက်ပွဲဝင်နေတယ်။ ဒီကနေ့သတင်းတွေကို ကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးမှာ ကျနော်တို့ရဲဘော်တွေ တိုက်ပွဲဝင်နေပြီဆိုတာ ရှင်းရှင်းလင်းလင်းတွေ့ရလိမ့်မယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် ယခုအချိန်ကာလဟာ စစ်ရေးအတွက် အရေးကြီး၍ ညီညွတ်မှုနဲ့ကြိုးစားအားထုတ်မှုတို့ နှစ်ဆမြင့်တင်ရတော့မယ်လို့ ကာကွယ်ရေးဝန်ကြီးကသတင်းစကားပါးဆိုပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ဩဂုတ် လ ၂၀ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၂၉/၂၀၂၃)ကို သြဂုတ်လ၂၀ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏနှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ ဝန်ကြီးဌာန လုပ်ငန်းဆောင်ရွက်ချက်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီးနောက်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ "တော်လှန်သစ်ပင်ကမ်ပိန်း၂ လတာကာလအတွင်း ပြည်သူများပါဝင်မှုနဲ့ ပျိုးပင်ပေါင်းသောင်းနှင့်ချီကို မြေ ဧက (၂၀) မှာစိုက်ပျိုးပြီး ဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသိပေး
သြဂုတ်လ၂၀ရက်
"တော်လှန်သစ်ပင်ကမ်ပိန်း၂ လတာကာလအတွင်း ပြည်သူများပါဝင်မှုနဲ့ ပျိုးပင်ပေါင်းသောင်းနှင့်ချီကို မြေ ဧက (၂၀) မှာစိုက်ပျိုးပြီးဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဖော်ပြပါတယ်။
"MONRECရဲ့ အားပေးထောက်ခံမှုဖြင့် ဒေါနစစ်ကြောင်း၊ ထောက်ပို့အဖွဲ့က (၅-၆-၂၀၂၃) ရက်နေ့မှ (၈-၈-၂၀၂၃) ရက်နေ့ထိ ဆောင်ရွက်ခဲ့တဲ့ "တော်လှန်သစ်ပင်ကမ်ပိန်း"ဟာ မျှော်မှန်းရန်ပုံငွေပမာဏရဲ့ ၄၉.၀၇% ရောက်ရှိခဲ့ပြီး စုစုပေါင်းရန်ပုံငွေ ကျပ်သိန်း (၉၉၃) သိန်းကျော် ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
ကမ်ပိန်းနှစ်လတာကာလအတွင်း ပြည်သူများက ပျိုးပင်ပေါင်း တစ်သောင်းနီးပါး ပါဝင်အားဖြည့်ခဲ့ကြပြီး မြေပြင်မှာတော့ ပျိုးပင်များအားလုံးကို KFD ရဲ့ ခွင့်ပြုချက်နဲ့ ဧက (၂၀)၊ လမ်းဘေးဝဲယာစတဲ့ အများပိုင်မြေများမှာ ဧက (၂၀) စိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။
ကမ်ပိန်းရန်ပုံငွေများကို မူလရည်ရွယ်ချက်များအတိုင်း ဒေါနစစ်ကြောင်း/အလယ်ပိုင်းစစ်ဒေသ၊ စစ်ဘေးရှောင်ပြည်သူများ၊ CDM support နဲ့ ပျိုးဥယျာဉ် ကုန်ကျစရိတ်များအတွက် ခွဲဝေသုံးစွဲ၊ ထောက်ပို့သွားဖို့ စီစဉ်လျက်ရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေအရ ရဲCDMများပါဝင်ဖွဲ့စည်းမယ်
သြဂုတ်လ၂၀ရက်
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေအရ ရဲCDMများ ပါဝင်ဖွဲ့စည်းမယ်လို့ သြဂုတ်လ၂၀ရက်မှာ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနှင့် ဖွဲ့စည်းပုံကို အသိပေးကြေညာပါတယ်။
ကြေညာချက်အရ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့သည် ချင်းပြည်နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျရှိစေနိုင်ရန်နှင့် ထိထိရောက်ရောက် ပိုမိုဆောင်ရွက်နိုင်စေရန်အတွက် (၁၂-၈-၂၀၂၃) ရက်နေ့တွင် အားလုံး သဘောတူ အတည်ပြုထားသည့် “ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနှင့် ဖွဲ့စည်းပုံ” အား ပြည်သူလူထုအားလုံးမှ သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာအပ်တယ်လို့ဖော်ပြပါတယ်။
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ အခန်း၁အရ ရဲCDM ကို အဓိပ္ပါယ်ဖွင့်ဆိုထားပြီး အကြမ်းဖက် စစ်အာဏာရှင် လက်အောက်တာဝန်မထမ်းဆောင်လို၍ ပြည်သူလူထုနှင့်အတူ ရပ်တည်ပြီး CDMလုပ်လာသော ရဲCDMများကို ဆိုလိုတယ်လို့ဖော်ပြထားပါတယ်။
========================
📌📌 ၅။ SDB ၏ အမှန်တကယ် ငွေလဲနှုန်းသည် ဘဏ်၏ စျေးကွက်အတွင်း ဝယ်လိုအား/ ရောင်းလိုအားများအပေါ် မူတည်၍ အပြင်ငွေလဲနှုန်းများနှင့် ကွာခြားမှု ရှိနိုင်
သြဂုတ်လ၂၀ရက်
SDB ၏ အမှန်တကယ် ငွေလဲနှုန်းသည် ဘဏ်၏ စျေးကွက်အတွင်း ဝယ်လိုအား/ ရောင်းလိုအား များ အပေါ် မူတည်၍ အပြင်ငွေလဲနှုန်းများနှင့် ကွာခြားမှု ရှိနိုင်တယ်လို့ သြဂုတ်လ၂၀ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်က အသိပေးထုတ်ပြန်ကြေညာပါတယ်။
"လက်ရှိအချိန်ကာလမှာ မြန်မာကျပ်ငွေတန်ဖိုး လျော့ပါးလာသော အခြေအနေအရ MMK မှ အခြား ငွေမာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုများသို့ လဲလှယ်လာကြပါတယ်။ နွေဦးဘဏ်မှာလည်း MMK/ USD/ SGD/ THB အပြင် ဒီဂျစ်တယ် ရွှေများ အဖြစ်သို့ စိတ်ကြိုက် လဲလှယ် လွှဲပြောင်း နိုင်ပါတယ်။ SDB ၏ ဝန်ဆောင်မှု တစ်ခုဖြစ်သော Foreign Currency Exchange နှင့် ပတ်သတ်သော သတိထားသင့်သည့် အချက်များကို ပြောပြပါရစေ။ SDB ၏ အမှန်တကယ် ငွေလဲနှုန်းသည် ဘဏ်၏ စျေးကွက်အတွင်း ဝယ်လိုအား/ ရောင်းလိုအားများ အပေါ် မူတည်၍ အမြဲပြောင်းလဲနေသောကြောင့် အပြင်ငွေလဲနှုန်းများနှင့် ကွာခြားမှုရှိနိုင်ပါတယ်"လို့ဆိုပါတယ်။
ငွေမလဲလှယ်မှီ မိမိ ရရှိမည့် ပမာဏ ကိန်းဂဏန်းများကို ဖော်ပြပေးထားသောကြောင့် သေချာစွာ တွက်ချက် ဖတ်ရှုရန်လိုအပ်မှာဖြစ်တယ်လို့သိရပါတယ်။
နွေဦးဘဏ် ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး အစဥ်တစိုက် အဆင်ပြေချောမွေ့အောင်လည်း စီမံနေပြီး နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ telegram channel မှာလည်း ၀င်ရောက်ဆွေးနွေးနိုင်သလို Help Center မှာလည်းမိမိ သိလိုသည်များကို လေ့လာနိုင်တယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ထီးချိုင့်နယ် ကွင်းကြီးရွာ နှင့် ဇီးကုန်းရွာကြား တောတွင်း တစ်နေရာကို အကြမ်းစစ်တပ်လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်
သြဂုတ်လ၂၀ရက်
စစ်ကိုင်းတိုင်း၊ ထီးချိုင့်နယ် ကွင်းကြီးရွာ နှင့် ဇီးကုန်းရွာကြား တောတွင်း တစ်နေရာကို အကြမ်းစစ်တပ်လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
သြဂုတ်လ၂၀ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတို့မှာ စကစတပ်က လေကြောင်းကနေ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာလို့ ထီးချိုင့် TR Teamက အတည်ပြုဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်ဖိုက်တာလေယာဥ်နှစ်စီးနဲ့ မနက်ပိုင်း ၁၁နာရီ၂၅မိနစ်မှာတစ်ကြိမ်၊ ညနေပိုင်း၃နာရီ၂၀နဲ့ ၃နာရီ၄၂တို့မှာ တစ်ကြိမ် အကြိမ်ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
လတ်တလောမှာ ထိခိုက်ပျက်စီးမှုများကို အတည်ပြုနေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း စကစဟာ လေကြောင်းတိုက်ခိုက်မှု ပိုမိုတိုးမြှင့်လာပြီး အများဆုံးလေကြောင်းတိုက်ခိုက်ခံရမှုခံရဆုံးမှာ စစ်ကိုင်းတိုင်းဒေသ ဖြစ်ပါတယ်။
========================
📌📌 ၇။ ဒီပဲယင်းမြို့၊ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ဝင်ရောက်တပ်စွဲထားသော နေရာကို (မောင်းသူမဲ့ လေယာဉ်ငယ် - Fix Wings ) များ ဖြင့် ဗုံးသီး ၆ လုံးချ၍ တိုက်ခိုက်ခဲ့ရာ စကစ၃ဦးသေဆုံး
သြဂုတ်လ၂၀ရက်
ဒီပဲယင်းမြို့၊ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ဝင်ရောက်တပ်စွဲထားသော နေရာကို (မောင်းသူမဲ့ လေယာဉ်ငယ် - Fix Wings )များဖြင့် ဗုံးသီး ၆ လုံးချ၍ တိုက်ခိုက်ခဲ့ရာ စကစ၃ဦးသေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းက သြဂုတ်လ၂၀ရက်မှာ အသိပေးဆိုပါတယ်။
"ဩဂုတ်လ ၂၀ ရက် နေ့လည် ၁ နာရီ မိနစ် ၂၈ အချိိန်တွင် ဒီပဲယင်းမြို့၊ အကြမ်းဖက်စစ်ခွေး စစ်ကြောင်း ဝင်ရောက်တပ်စွဲထားသော လေသာဘုန်းကြီးကျောင်းကို ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းနှင့် ယင်းမာပင်ခရိုင် အမှတ်(၂၀) တပ်ရင်းတို့ ပူးပေါင်း၍ ဒရုန်း(မောင်းသူမဲ့ လေယာဉ်ငယ် - Fix Wings ) များ ဖြင့် ဗုံးသီး ၆ လုံးချ၍ တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၊ ၁ ဦးမှာ သေဆုံးလုနီးပါး အခြေအနေရှိဟု သတင်းတိကျစွာ ရရှိထားတယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကာလအတွင်း နိုင်ငံအနှံ့မှာ လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲပေါင်း ၁၀,၁၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့
သြဂုတ်လ၂၀ရက်
အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကာလအတွင်း နိုင်ငံအနှံ့မှာ လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲပေါင်း ၁၀,၁၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ISP Myanmarကအသိပေးဖော်ပြပါတယ်။
"အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကာလအတွင်း နိုင်ငံအနှံ့မှာ လက်နက်ကိုင် ပဋိပက္ခ တိုက်ပွဲပေါင်း ၁၀,၁၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတဝန်းမှာ တိုက်ပွဲပေါင်း ၂,၃၀၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အဲ့ဒီအထဲက ၄၈ ရာခိုင်နှုန်းကျော်ဟာ EAOs၊ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့တာပါ"လို့ဆိုပါတယ်။
ဒါ့အပြင် ယခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်မှု ကျဆင်းခဲ့ရာကနေ ဇူလိုင်လထဲမှာ ပြန်လည်မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment