22nd AUG 2023 - Evening Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ရန်သူ စစ်ကောင်စီရဲ့ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့အတွက် အတွင်းသတင်း အခိုင်အမာ ရရှိရေးဟာ အထူးအရေးကြီးတယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ စစ်ကောင်စီက ဒေါ်လာအကြပ်အတည်းဆိုက်နေပြီး နိူင်ငံခြားရေးဝန်ကြီးဌာနက Non CDM တွေကိုပင် သတ်မှတ်အသုံးစရိတ်မပေးနိူင်

📌 ၃။ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့ရင်ခွင်ခိုလှုံလာသော တပ်နှင့်ရဲ CDM များကိုအမျိုးညီညွတ်ရေးအစိုးရ ပြည်သူ့ရင်ခွင်ခိုလှုံရေးကော်မတီနှင့် ချိတ်ဆက်ကာ  ကျပ်သိန်း တစ်ရာ့ခုနှစ်ဆယ်အထိ ထောက်ပံ့ပေးနိုင်ခဲ့

📌 ၄။ ကနီမြို့နယ်၊နွားခြံကုန်းကျေးရွာအတွင်း တပ်စွဲနေထိုင်သော စကစတပ် ရှေ့ပြေးစစ်ကြောင်းနှင့် ULF(တပ်ပေါင်းစု)တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်စိတ်မှူးတစ်ဦးအရှင်ဖမ်းမိပြီး ကျည်ဆံနဲ့ ဗုံးသီးများသိမ်းဆည်းရမိ

📌 ၅။ PDF Zolandထံ လက်နက်အပြည့်အစုံနဲ့ အလင်းဝင်တဲ့ ရဲ နှစ်ယောက်ကို ကျပ်သိန်းတစ်ရာ ချီးမြှင့်ပေးအပ်

📌 ၆။ အင်ဒိုနီးရှားနဲ့ ထိုင်းနိူင်ငံတို့တွင်ကျင်းပသော အစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားလှယ်ကိုဖိတ်ကြားခြင်းဟာ ၎င်းတို့သည် မြန်မာနိုင်ငံအစိုးရမဟုတ်ဘူးလို့ အာဆီယံကို Justice for Myanmarက ကန့်ကွက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ရန်သူ စစ်ကောင်စီရဲ့ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့အတွက် အတွင်းသတင်း အခိုင်အမာ ရရှိရေးဟာ အထူးအရေးကြီးတယ်လို့ ယာယီသမ္မတပြောကြား


သြဂုတ်လ၂၂ရက်မှာကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၈ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ရန်သူစစ်ကောင်စီ၏ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့အတွက် ယာယီသမ္မတ ဒူဝါလရှီးလမှ အခုလိုပြောကြားခဲ့ပါတယ်။


"ပြည်သူကို နေ့စဉ်နှိပ်စက်ညင်းဆဲနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ် ထောက်လှမ်းနိုင်မယ့် ထောက်လှမ်းရေးယန္တရား ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစောပိုင်းကာလကတည်းက ဖွဲ့စည်းတည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီထောက်လှမ်းရေးယန္တရားကို ပိုပြီး ခိုင်မာကျစ်လစ်အောင် စနစ်တကျ တည်ဆောက်ဖို့ လိုပါတယ်။ စစ်ရေးမှာ သတင်းလက်ဦးမှု ရယူရေးဟာ အလွန်အရေးကြီးသလို ရန်သူ စစ်ကောင်စီရဲ့ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့အတွက် အတွင်းသတင်း အခိုင်အမာရရှိရေးဟာ အထူးအရေးကြီးကြောင်း ပြောချင်ပါတယ်။သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဒီလိုနယ်ပယ်ကဏ္ဍမျိုးမှာ မပေါ့လျော့ဖို့ / စနစ်တကျ ကျစ်လစ်ခိုင်မာစေဖို့ အထူးလက်တို့သတိပေးတယ်လို့ မှတ်ယူနိုင်ပါတယ်"လို့ဆိုပါတယ်။ 


ဒါ့အပြင် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဆက်ဆံရေးကို  ပိုပြီးစည်းနှောင်အားကောင်းတဲ့ မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်းအောင် လုပ်ဆောင်ထားဖို့နဲ့ ခုခံတော်လှန်စစ်အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေတယ်လို့ယာယီသမ္မတက ပြောပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီက ဒေါ်လာအကြပ်အတည်းဆိုက်နေပြီး နိူင်ငံခြားရေးဝန်ကြီးဌာနက Non CDM တွေကိုပင် သတ်မှတ်အသုံးစရိတ်မပေးနိူင်


သြဂုတ်လ၂၂ရက်


စစ်ကောင်စီက ဒေါ်လာအကြပ်အတည်းဆိုက်နေပြီး နိူင်ငံခြားရေးဝန်ကြီးဌာနက Non CDM တွေကိုပင် သတ်မှတ်အသုံးစရိတ်မပေးနိူင်တော့ဘူးလို့စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်မှသြဂုတ်လအတွင်း ကျင်းပတဲ့ နွေဦးတော်လှန်ရေးစကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။


"အထူးအားဖြင့် သူတို့ရဲ့လက်အောက်မှာရှိနေတဲ့နိူင်ငံခြားရေးဝန်ကြီးဌာနက Non CDM တွေပေါ့။သူတို့နိူင်ငံတကာကိုသွားကြတဲ့အခါမှာ အရင်တုန်းကသတ်မှတ်ထားတဲ့ စရိတ်ကိုမပေးနိူင်တော့ဘူး။ဒေါ်လာနဲ့တွက်ပေးရတယ်။အခုကသူတို့မှာက ဒေါ်လာနဲ့ပတ်သက်ပြီး တအားကိုအကြပ်အတည်းဆိုက်သွားပြီ။ခြွတ်ခြုံကျသွားပြီ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဘဏ်၂ ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန်က စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပါတယ်။


"အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် ရုရှားရဲ့ပွဲတစ်ခုမှာတက်ပြီးတော့ ဒေါ်လာကို လက်နက်သဖွယ် အသုံးပြုနေတယ်ဆိုပြီးတော့မချိတင်ကဲပေါ့လေ။ငိုသံပါကြီးနဲ့ ပြောသွားတဲ့ကိစ္စကလည်း ဒီသက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။ စစ်ရေးစစ်မျက်နှာမှာ တပ်ပျက်ရုံတင်မကဘူး။ဘဏ္ဍာရေးစစ်မျက်နှာမှာလည်းတော်တော်ကိုချွတ်ခြုံကျပြီး တပ်ပျက်နေတယ်ဆိုတာတော့ အထင်အရှားကိုဖြစ်ပါတယ်"လို့ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ကထပ်မံဆိုပါတယ်။


========================


📌📌 ၃။ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့ရင်ခွင်ခိုလှုံလာသော တပ်နှင့်ရဲ CDM များကိုအမျိုးညီညွတ်ရေးအစိုးရ ပြည်သူ့ရင်ခွင်ခိုလှုံရေးကော်မတီနှင့် ချိတ်ဆက်ကာ  ကျပ်သိန်း တစ်ရာ့ခုနှစ်ဆယ်အထိ ထောက်ပံ့ပေးနိုင်ခဲ့


သြဂုတ်လ၂၂ရက်


သြဂုတ်လ၂၁ရက်မှာ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အခုလိုတရားဝင်အသိပေးဆိုပါတယ်။


"တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့ရင်ခွင်ခိုလှုံလာသော တပ်နှင့်ရဲ CDM များကို ထောက်ပံ့ကြေးပေးအပ်ခဲ့ပါတယ်။အမျိုးညီညွတ်ရေးအစိုးရ ပြည်သူ့ရင်ခွင်ခိုလှုံရေးကော်မတီနှင့် ချိတ်ဆက်ကာ ယနေ့အထိ ထောက်ပံ့ငွေ ကျပ်သိန်း တစ်ရာ့ခုနှစ်ဆယ်အထိ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


၁၀ ကြိမ်မြောက် ထောက်ပံ့မှုအား အခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများအား အားပေးစကားပြောကြားခဲ့ပြီး အခန်းအနားအပြီးတွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ပါတယ်။


========================


📌📌 ၄။ ကနီမြို့နယ်၊နွားခြံကုန်းကျေးရွာအတွင်း တပ်စွဲနေထိုင်သော စကစတပ် ရှေ့ပြေးစစ်ကြောင်းနှင့် ULF(တပ်ပေါင်းစု)တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်စိတ်မှူးတစ်ဦးအရှင်ဖမ်းမိပြီး ကျည်ဆံနဲ့ ဗုံးသီးများသိမ်းဆည်းရမိ


သြဂုတ်လ၂၂ရက်


"ဩဂုတ်လ(၂၀)ရက်နေ့ တွင် ကနီမြို့နယ်၊နွားခြံကုန်းကျေးရွာအတွင်း တပ်စွဲနေထိုင်နေသော စကစစစ်ကြောင်း၏ ရှေ့ပြေးကင်းထောက် (၂၅)ဦးသည် နွားခြံကုန်းတောပြင်အတွင်းရောက်ရှိလာစဉ် ULF(တပ်ပေါင်းစု) ကင်းပုန်းတပ်စုနှင့်ထိပ်တိုက်တိုးပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်"လို့သြဂုတ်လ၂၂ရက်မှာ UnionLiberationFront _ULFမှ စစ်ရေးသတင်းကို အသိပေးဆိုပါတယ်။


ပစ်ခတ်မှုကြာချိန် (၂၅)မိနစ် အတွင်းမှာ စကစတပ်ကတစ်ဦးသေဆုံးပြီး တပ်စိတ်မှူးထွန်းဝင်းအားအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။


ULF(တပ်ပေါင်းစု)မှ ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး တပ်စိတ်မှူးထွန်းဝင်းစီမှ 40(MM)ဗုန်းသီး ()လုံး၊စခကျည် (၂၅၀)၊နှင့် ကျည်ဘောက် နှစ်ဘောက်ရရှိခဲ့ပါတယ်။


ယင်းမစ်ရှင်ကို  ULF(တပ်ပေါင်းစု) မှ Comrade စစ်ကြောင်း၊ KLG စစ်ကြောင်း နှင့် Alpha စစ်ကြောင်းတို့မှ မစ်ရှင်ဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၅။ PDF Zolandထံ လက်နက်အပြည့်အစုံနဲ့ အလင်းဝင်တဲ့ ရဲ နှစ်ယောက်ကို ကျပ်သိန်းတစ်ရာ ချီးမြှင့်ပေးအပ်


သြဂုတ်လ၂၂ရက်


"သြဂုတ်လ၂၀ ရက်နေ့တွင် PDF Zoland ထံ လက်နက်အပြည့်အစုံနဲ့ အလင်းဝင်တဲ့ ရဲနှစ်ယောက်ကို ကျပ်သိန်း တစ်ရာဆုချခဲ့တယ်"လို့သြဂုတ်လ၂၂ရက်မှာ PDF Zoland မှအသိပေးဆိုထားပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ စစ်ရေးအရအထိနာကျရှုံးနေ၍ စကစတပ်ဖွဲ့ဝင်များမှာ စစ်မတိုက်ချင်တော့ဘဲ အလင်းဝင်ခိုလှုံလာလျက်ရှိနေပါတယ်။


တစ်နိူင်ငံလုံးမှာ စကစတပ်နဲ့ရဲ CDMတစ်သောင်းကျော် ပြည်သူ့ဘက်သို့ကူးပြောင်းထားပြီးဖြစ်ပါတယ်။


========================


📌📌 ၆။ အင်ဒိုနီးရှားနဲ့ ထိုင်းနိူင်ငံတို့တွင်ကျင်းပသော အစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားလှယ်ကိုဖိတ်ကြားခြင်းဟာ ၎င်းတို့သည် မြန်မာနိုင်ငံအစိုးရမဟုတ်ဘူးလို့ အာဆီယံကို Justice for Myanmarက ကန့်ကွက်


သြဂုတ်လ၂၂ရက်


အင်ဒိုနီးရှားနဲ့ ထိုင်းနိူင်ငံတို့တွင်ကျင်းပသော အစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားလှယ်ကိုဖိတ်ကြားခြင်းဟာ ၎င်းတို့သည် မြန်မာနိုင်ငံအစိုးရမဟုတ်ဘူးလို့အာဆီယံကို Justice for Myanmarက ကန့်ကွက်ကြောင်းကို သြဂုတ်လ၂၁ရက် တွင်  Justice for Myanmar Twitterမှာအသိပေးဆိုထားပါတယ်။


"တရားမဝင် မြန်မာစစ်ကောင်စီအား အာဆီယံမှ ဆက်လက်၍ တရားဝင် ခိုင်မာအားကောင်းအောင် လုပ်ဆောင်ပြီး အင်ဒိုနီးရှားတွင် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ ကိုယ်စားလှယ်များကို ဖိတ်ကြားပြီး ထိုင်းနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်များ အစည်းအဝေးသို့ ဖိတ်ကြားခဲ့ပါတယ်။ စစ်ကောင်စီသည် မြန်မာနိုင်ငံအစိုးရမဟုတ်ပါ။ အာဆီယံသည် အဆင့်တိုင်းတွင် စစ်ကောင်စီကို ဖယ်ထုတ်ရမယ်"လို့ဆိုထားပါတယ်။


လက်ရှိမှာ စစ်ကောင်စီဝန်ကြီးများဟာ အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများမှာ နိူင်ငံရေးအရ ကိုယ်စားပြုတက်ရောက်ခွင့်ပေးမထားဘူးဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment