၂၀၂၃ သြဂုတ်လ ၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေး အမြန်အဆုံးသတ်နိုင်ဖို့ အရေးအကြီးဆုံးဟာ မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်နိုင်မှုပဲဖြစ်တယ်လို့ ဝန်ကြီးချုပ်ပြောကြား
📌 ၂။ လူမျိုးတုံးသတ်ဖြတ်မှုနဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်ခဲ့တဲ့ စစ်အာဏာရှင်တွေ ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အရေးယူရန်အရေးကြီးတယ်လို့ ဝန်ကြီး ဒေါက်တာဆာဆာပြောကြား
📌 ၃။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉- တွင်ဖော်ပြထားသကဲ့သို့ နိုင်ထက်စီးနင်းမတရား ဖမ်းဆီးထားခြင်းခံရသူများအားလုံးကို ပြန်လွှတ်ပေးရန် ပြင်သစ်နိုင်ငံက ထပ်လောင်းတောင်းဆို
📌 ၄။ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနှင့်အဖွဲ့အမေရိကန်နိူင်ငံ Iowa ပြည်နယ်၊ Des Moines မြို့နှင့် Marshall မြို့များသို့ဆက်တိုက်သွား၍ လူထုတွေ့ဆုံရှင်းလင်းပွဲများ ဆက်တိုက်တက်ရောက်
📌 ၅။ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့(MBDF) နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(GPDF) သုံးဖွဲ့တို့ မဟာမိတ်ဖွဲ့စည်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေး အမြန်အဆုံးသတ်နိုင်ဖို့ အရေးအကြီးဆုံးဟာ မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်နိုင်မှုပဲဖြစ်တယ်လို့ ဝန်ကြီးချုပ်ပြောကြား
သြဂုတ်လ၂
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သြဂုတ်လ၁ရက်တွင်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၂၆/၂၀၂၃ တွင် အခုလိုပြောကြားခဲ့ပါတယ်။
"ဒီနွေဦးတော်လှန်ရေး အမြန်အဆုံးသတ်နိုင်ဖို့ အရေးအကြီးဆုံးဟာ မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်နိုင်မှုပါပဲ။ ပူးပေါင်းဆောင်ရွက်ကြရမယ့် အဆင့်လိုက်၊ ကဏ္ဍလိုက် တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုအားကောင်းကောင်းနဲ့ အလုပ်ဖြစ်စေရေး နည်းလမ်းတွေကို ဆွေးနွေးတိုင်ပင် လုပ်ဆောင်နိုင်ကြဖို့ အရေးကြီးတဲ့ ကာလဖြစ်ပါတယ်။တော်လှန်ရေးအင်အားစုအသီးသီးရဲ့ ခေါင်းဆောင်တွေကလည်း ဖက်ဒရယ်ဒီမိုကရေစီချာတာအရ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေကို ပူးပေါင်းလုပ်ဆောင်နိုင်ကြဖို့ အရေးတကြီး လိုအပ်နေသလို မြေပြင်မှာ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍ ဆောင်ရွက်နေကြတဲ့ တော်လှန်ရေး အင်အားစုတွေ အချင်းချင်းဟာလည်း ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင် လုပ်ဆောင်ကြဖို့ လိုမှာဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC), တိုင်းရင်းသားမဟာမိတ်များနှင့် ဆက်ဆံရေးကော်မတီ (ARC) တို့နဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC), ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။
========================
📌📌 ၂။ လူမျိုးတုံးသတ်ဖြတ်မှုနဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်ခဲ့တဲ့ စစ်အာဏာရှင်တွေ ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အရေးယူရန်အရေးကြီးတယ်လို့ ဝန်ကြီး ဒေါက်တာဆာဆာပြောကြား
သြဂုတ်လ၂
လူမျိုးတုံးသတ်ဖြတ်မှုနဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်ခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အရေးယူရန်အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက သြဂုတ်လ၁ရက်မှာ ပြောဆိုထားပါတယ်။
"လူမျိုးတုံးသတ်ဖြတ်မှု စစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အရေးယူရန်အရေးကြီးပါတယ်။မရေတွက်နိုင်သော အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ်အတွက် တရားမျှတမှုကို ဆောင်ရွက်ပေးရမည်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တာဝန်ယူမှုတာဝန်ခံမှုနှင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ်ရန် တောင်းဆိုရာတွင် အတူတကွ ရပ်တည်ရမှာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်အာဏာရှင်တွေက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ မြန်မာနိုင်ငံတဝှမ်းက ထောင်သောင်းချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ လိုတယ်လို့လည်း ဝန်ကြီးကထပ်လောင်းဆိုထားပါတယ်။
========================
📌📌 ၃။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉- တွင်ဖော်ပြထားသကဲ့သို့ နိုင်ထက်စီးနင်းမတရား ဖမ်းဆီးထားခြင်းခံရသူများအားလုံးကို ပြန်လွှတ်ပေးရန် ပြင်သစ်နိုင်ငံက ထပ်လောင်းတောင်းဆို
သြဂုတ်လ၂ရက်
"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား တစ်စိတ်တစ်ပိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ကြေညာချက်ကို ပြင်သစ်နိုင်ငံမှ သတိပြုမိပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉- တွင်ဖော်ပြထားသကဲ့သို့ နိုင်ထက်စီးနင်းမတရား ဖမ်းဆီးထားခြင်းခံရ သူများ အားလုံးကို ပြန်လွှတ်ပေးရန် ပြင်သစ်နိုင်ငံက ထပ်လောင်း တောင်းဆိုလိုက်တယ်"လို့ သြဂုတ်လ၂ရက်မှာ မြန်မာနိူင်ငံရှိ ပြင်သစ်သံရုံးက အသိပေးဖော်ပြပါတယ်။
နိုင်ငံရေး အကျဉ်းသား (၂၀၀၀၀) နီးပါးကို ဆက်လက် ထိန်းသိမ်းထားမှု့သည် မြန်မာပြည်သူလူထု၏ ဆန္ဒကို ရိုးရိုးသားသား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိကြောင်းဖော်ပြသကဲ့သို့ ပြင်သစ်နိုင်ငံက ထောက်ခံထားသည့် အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်သူများ အားလုံး ပါဝင်ရမည်ဆိုသည့် ရိုးသားသည့် နိုင်ငံရေး လုပ်ငန်းစဉ်တစ်ရပ်ကို လုပ်ဆောင်ခြင်းလည်း မဟုတ်ဘူးလို့ဆိုပါတယ်။
ထိုနိုင်ငံရေးလုပ်ငန်းစဥ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမိုင်းဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်များနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ ပါဝင်ရမယ်လို့ဆိုထားပါတယ်။
========================
📌📌 ၄။ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနှင့်အဖွဲ့အမေရိကန်နိူင်ငံ Iowa ပြည်နယ်၊ Des Moines မြို့နှင့် Marshall မြို့များသို့ဆက်တိုက်သွား၍ လူထုတွေ့ဆုံရှင်းလင်းပွဲများ ဆက်တိုက်တက်ရောက်
သြဂုတ်လ၂
သြဂုတ်လ၂ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ နိူင်ငံခြားရေးဝန်ကြီးဌာနရုံးက အခုလိုသတင်းထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့်အဖွဲ့ သည် Iowa ပြည်နယ်၊ Des Moines မြို့နှင့် Marshall မြို့များသို့ ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့ များတွင် သွားရောက်ခဲ့ပြီး ခရီးစဥ်အတွင်း Des Moines မြို့နှင့်အနီးတဝိုက်ရှိ မြို့များမှ မြန်မာနွယ်ဖွားတိုင်းရင်းသားများ၏ community များနှင့် တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။
ထိုသို့တွေ့ဆုံသည့် အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များ၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်သောအခြေခံဥပဒေ ရေးဆွဲရေးအပါအဝင် အသွင်ကူးပြောင်းရေးကာလ အစီအမံများ၊ လက်ရှိတော်လှန်ရေးနှင့် ပတ်သက်သော လိုအပ်ချက်များနှင့် ပံ့ပိုးကူညီမှုများ၊ Burma Act နှင့် ပတ်သက်၍ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ကူညီနိုင်မည့်နည်းလမ်းများအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက်ပရိသတ်၏ မေးခွန်းများကိုလည်း ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပြီး နွေဦးတော်လှန်ရေး အောင်မြင်ရေးအတွက် လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ပြီး ချင်းအမျိုး သားများ၏ ဘုရားကျောင်းများသို့ သွားရောက်ပြီး ချင်းအမျိုးသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၅။ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့(MBDF) နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(GPDF) သုံးဖွဲ့တို့ မဟာမိတ်ဖွဲ့စည်း
သြဂုတ်လ၂
အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့(MBDF)နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(GPDF) သုံးဖွဲ့တို့ မဟာမိတ်ဖွဲ့စည်းလိုက်တယ်လို့ သြဂုတ်လ (၁) ရက်နေ့မှာ အရှိုချင်းကာကွယ်ရေးတပ် (ACDF)ကတရားဝင်အသိပေးကြေညာပါတယ်။
အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့(MBDF) နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(GPDF) သုံးဖွဲ့တို့သည် မဟာမိတ်အဖြစ် ပူးပေါင်းကြောင်း နှင့် စစ်ဆင်ရေးများကို အာဏာရှင်စနစ် ပျက်သုဥ်းသည်အထိ အတူတကွ ပူးပေါင်းလက်တွဲ သွားမှာဖြစ်တယ်လို့ဖော်ပြပါတယ်။
အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့(MBDF) နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(GPDF) သုံးဖွဲ့တို့သည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်လျှက်ရှိသော အနာဂတ်နိုင်ငံတော်အား ဖက်ဒရယ်စနစ်ကိုအခြေခံ၍ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော နိုင်ငံတော်သစ် တစ်ရပ်ကို မျှော်မှန်းတယ်လို့ဆိုပါတယ်။
စစ်ရေးလှုပ်ရှားမှုများတွင် စနစ်ကျသော အမိန့်ပေးကွပ်ကဲမှုတစ်ရပ် တည်ဆောက်၍ အခြားသော မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
အခု တင်ပြပေးခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment