၂၀၂၃ သြဂုတ်လ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အဓိက တာဝန်တစ်ရပ်ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား
📌 ၂။ စစ်ကောင်စီဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ နာမည်ကို အသုံးချပြီး တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၃။ မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်အုပ်စု၏ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း ကြေညာချက်သည် ၎င်းတို့၏ ရှုံးနှိမ့်နေမှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်တယ်လို့ NUGတရားရေးဝန်ကြီးဌာနထုတ်ပြန်
📌 ၄။ အလုပ်သမားဝန်ကြီးဌာနက ဦးစီးပြုလုပ်တဲ့ “တွဲလက်ခိုင်မြဲ နွေဦးအောင်ပွဲ” Campaign က ရရှိမယ့် ငွေကြေးများကို အလုပ်သမား ဝန်ကြီးဌာနရဲ့ CDM တွေနဲ့ မီးရထား CDM တွေထံသို့လည်း ခွဲဝေထောက်ပို့ပေးအပ်သွားမယ်
📌 ၅။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ခုနှစ်လတာကာလအတွင်း နိုင်ငံတဝန်း ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမများ အပါအဝင် ဝန်ထမ်း အမျိုးသား နှင့် အမျိုးသမီးစုစုပေါင်း (၄၈) ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့
📌 ၆။ ဒီပဲယင်းမြို့နယ်ထဲ စစ်ဘေးရှောင် ပြည်သူတစ်သောင်းကျော်ခန့်ရောက်ရှိနေ
📌 ၇။ CDM Success Committee မှ ကြီးမှူး၍ CDM တစ်ဦး နွေဦးထီတစ်စောင် ထောက်ပို့ ကမ်ပိန်းမှ ထီပေါက်သူ CDMဝန်ထမ်းများပေါ်ထွက်လာ
📌 ၈။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က Zoom မှတဆင့်ကျင်းပမယ်
📌 ၉။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်း အတွင်းထဲသို့ ၈၀မမဖြင့် ပစ်ခတ်တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အဓိက တာဝန်တစ်ရပ်ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား
သြဂုတ်လ၁ရက်
သြဂုတ်လ ၁ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၆ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ က “ပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အဓိက တာဝန်တစ်ရပ်ဖြစ်တယ်"လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ဟာ ပြည်သူ့အကျိုးစီးပွားကို ရှေ့ရှုပြီး ရပ်တည်နေတဲ့ တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်ပါတယ်။ ပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးဟာ ကျွန်တော်တို့ရဲ့ အဓိက တာဝန်တစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့ဘက်တော်သား အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ ကျွန်တော်တို့ လုပ်ရမယ့် အဓိက လုပ်ငန်းစဉ်ထဲမှာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ပြည်သူ့အကျိုးကို လိုလားတဲ့သူတွေ လူ့အဖွဲ့အစည်းထဲမှာ အမြောက်အမြား ပေါ်ပေါက်လာရေးဟာ နိုင်ငံရေးလုပ်ငန်းစဉ်အနေနဲ့လည်း ရှိထားပါတယ်။ ကျွန်တော်တို့ဟာ လူထုကို မှန်ကန်သော လုပ်ရပ်တွေနဲ့ သက်သေပြပြီး စည်းရုံးနိုင်ရမယ်။ ဒါ့အပြင် ရန်သူ့ဘက်က အစုအဖွဲ့တွေကို ပြည်သူလူထုဘက်တော်သားတွေဖြစ်အောင် စည်းရုံးလှုံ့ဆော်တာတွေလည်း လုပ်ရပါလိမ့်မယ်။ ဒါမှသာလျှင် လူထုနိုင်ငံရေးရဲ့ အပြန့်ကျယ်မှုက ပိုမိုကြီးထွားလာမယ်လို့ ပြောနိုင်ပါလိမ့်မယ်"လို့ ဆိုပါတယ်။
ဒါ့အပြင် လူထုနိုင်ငံရေးလမ်းစဉ်ကို အမြင်ကျယ်ကျယ်နဲ့ ဆက်လက်ချဲ့ထွင် လုပ်ဆောင်ကြဖို့ အထူး တိုက်တွန်းလိုတယ်လို့ ယာယီသမ္မတကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေး အစိုးရဟာ ကြားကာလ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးများကို မြေပြင်မှာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ နာမည်ကို အသုံးချပြီး တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
သြဂုတ်လ၁
သြဂုတ်လ၁ရက်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်က”စစ်ကောင်စီဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ နာမည်ကို အသုံးချပြီး တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေပြီ”လို့ထည့်သွင်းပြောပါတယ်။
"နိုင်ငံခြားရေးဘက် မျက်နှာစာမှာလည်း သိသာတဲ့ အားပေးထောက်ခံမှုမရ၊ အုပ်ချုပ်ရေး မျက်နှာစာမှာလည်း ထိထိရောက်ရောက် အုပ်ချုပ်နိုင်ခြင်းမရှိ၊ စစ်ရေးမျက်နှာစာမှာလည်း အောင်ပွဲတွေ ဝေးလို့ ရှိတဲ့ စစ်သားတွေတောင် နေ့စဉ်ထွက်ပြေးနေတဲ့ အခြေအနေမျိုးနဲ့ စီးပွားရေးမျက်နှာစာမှာလည်း ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ပြီး တိုင်းပြည်ရဲ့ အခြေအနေတွေကို ဆိုးသထက်ဆိုးအောင်ပဲ လုပ်နေတဲ့ စစ်ကောင်စီဟာ အခုဆိုရင် သူ့ရဲ့ လုပ်နေကျ လမ်းဟောင်းကြီးအတိုင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ နာမည်ကို အသုံးချပြီး တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေပြန်ပါတယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးရဲ့ အပြောင်းအလဲ အခြေအနေတွေကြောင့် တော်လှန်ရေး အင်အားစုတွေ ကြားမှာ ပိုမို စုစုစည်းစည်းနဲ့ တွေ့ဆုံဆွေးနွေး တိုင်ပင်ကြကာ ပိုပြီး စုစည်းမိလာတယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။
========================
📌📌 ၃။ မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်အုပ်စု၏ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း ကြေညာချက်သည် ၎င်းတို့၏ ရှုံးနှိမ့်နေမှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်တယ်လို့ NUGတရားရေးဝန်ကြီးဌာနထုတ်ပြန်
သြဂုတ်လ၁
မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်အုပ်စု၏ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း ကြေညာချက်သည် ၎င်းတို့၏ ရှုံးနှိမ့်နေမှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်တယ်လို့ NUGတရားရေးဝန်ကြီးဌာနက သြဂုတ်လ၁ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် မည်သည့် ပြစ်မှုတစ်စုံတစ်ရာကိုမျှ ကျူးလွန်ခဲ့ခြင်းမရှိဘဲ တစ်ဖက်သတ် လုပ်ကြံစွပ်စွဲ ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ ၎င်းတို့အပေါ် ချမှတ်ထားသော ပြစ်ဒဏ်အားလုံးသည် ဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် ပြစ်ဒဏ်များကို မတရားသဖြင့် ချမှတ်ခံထားရခြင်းလည်း ဖြစ်တယ်လို့ဖော်ပြပါတယ်။
နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မတရားဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသော နိုင်ငံသားများအားလုံးသည် ခြွင်းချက်မရှိပဲ ချက်ချင်း လွှတ်ပေးရမည့်သူများဖြစ်ပြီး၊ ၎င်းတို့အပေါ် ပြစ်ဒဏ်များချမှတ်ထားသည့် အမိန့်များမှာ မူလကတည်းကပင် ပျက်ပြယ်ပြီး ဖြစ်တယ်လို့ဆိုပါတယ်။
ထို့ကြောင့် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုအနေဖြင့် နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အပြစ်မဲ့ နိုင်ငံသားများအပေါ် ချမှတ်ထားသော ပြစ်ဒဏ်အသီးသီးကို ပယ်ဖျက်ပြီး ခြွင်းချက်မရှိဘဲ ချက်ချင်းလွှတ်ရန် ကြေညာချက် ထုတ်ပြန်လိုက်တယ်လို့ တရားရေးဝန်ကြီးဌာန ကအသိပေးပါတယ်။
========================
📌📌 ၄။ အလုပ်သမားဝန်ကြီးဌာနက ဦးစီးပြုလုပ်တဲ့ “တွဲလက်ခိုင်မြဲ နွေဦးအောင်ပွဲ” Campaign က ရရှိမယ့် ငွေကြေးများကို အလုပ်သမား ဝန်ကြီးဌာနရဲ့ CDM တွေနဲ့ မီးရထား CDM တွေထံသို့လည်း ခွဲဝေထောက်ပို့ပေးအပ်သွားမယ်
သြဂုတ်လ၁
အလုပ်သမားဝန်ကြီးဌာနက ဦးစီးပြုလုပ်တဲ့ “တွဲလက်ခိုင်မြဲ နွေဦးအောင်ပွဲ” Campaign က ရရှိမယ့် ငွေကြေးများကို အလုပ်သမားဝန်ကြီးဌာနရဲ့ CDM တွေနဲ့ မီးရထား CDM တွေထံသို့လည်း ခွဲဝေထောက်ပို့ပေးအပ်သွားမယ်လို့သတင်းရရှိပါတယ်။
တွဲလက်ခိုင်မြဲ နွေဦးအောင်ပွဲ Campaign ဟာ Raffle Ticket ရောင်းချတဲ့ Campaign တစ်ခု ဖြစ်ပြီး လက်မှတ် တစ်စောင်ကို 20,000 ကျပ်နဲ့ နိုင်ငံတကာ Fundraisers ကြီးများထံမှတဆင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဦးစီးပြုလုပ်တဲ့ “တွဲလက်ခိုင်မြဲ နွေဦးအောင်ပွဲ” ဆိုတဲ့ Campaign က ရရှိတဲ့ ငွေတွေကို အလုပ်သမားဝန်ကြီးဌာနရဲ့ CDM တွေနဲ့ မီးရထား CDM တွေထံသို့ လေးဆယ်ရာခိုင်နှုန်း၊ CDM မှ PDF ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်နေသူများထံသို့ သုံးဆယ်ရာခိုင်နှုန်းနှင့် စစ်ဘေးရှောင်စခန်းများထံသို့ သုံးဆယ်ရာခိုင်နှုန်းထောက်ပို့သွားမှာ ဖြစ်ပါတယ်။
ကံစမ်းမဲများအနေနဲ့ကတော့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ မင်္ဂလာလက်စွပ် ၁ကွင်း၊ မန္တလေးမှ ကြင်စဦး ဇနီးမောင်နှံ၏ မင်္ဂလာလက်စွပ် ၂ကွင်း၊ ဩစတေးလျနိုင်ငံမှ ထောက်ပို့ အလှူရှင် တစ်ဦး၏ လက်စွပ် ၁ကွင်း၊ ဦးမင်းကိုနိုင်၏ “နွေဦး အောင်ပွဲ” Digital Art ပန်းချီ၊ CDM တစ်ဦး၏ လက်ရာ ပန်းချီကားစသဖြင့်ပါဝင်ပါတယ်။
Campaign ကာလကတော့ August 1 ရက်နေ့မှာ August 31 ရက်နေ့ထိ ဖြစ်ပါတယ်။ Campaign Target Amount ကတော့ ကျပ်သိန်း(၁၀၀၀) ဖြစ်ပါတယ်။
========================
📌📌 ၅။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ခုနှစ်လတာကာလအတွင်း နိုင်ငံတဝန်း ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမများ အပါအဝင် ဝန်ထမ်း အမျိုးသား နှင့် အမျိုးသမီးစုစုပေါင်း (၄၈) ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့
သြဂုတ်လ၁
သြဂုတ်လ၁ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များကို အသိပေးဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ခုနှစ်လတာကာလအတွင်း နိုင်ငံတဝန်း ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမများ အပါအဝင် ဝန်ထမ်း အမျိုးသား (၁၄) ဦးနှင့် အမျိုးသမီး (၃၄) ဦး စုစုပေါင်း (၄၈) ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့တယ်လို့သိရှိရပြီး ထို (၄၈) ဦးအနက် မန္တလေးတိုင်းမှာ (၁၉) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရပါတယ်။
ဇူလိုင်လ ၂၇ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရမှ ဖွင့်လှစ်ထားသည့် Bright Future Federal School ၌ ပညာသင်ကြားနေသော ကျောင်းသူနှစ်ဦး၏ ဖခင်ဖြစ်သူ ဦးကျော်မင်းဌေး၊ စာသင်ကြားပေးသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု၌ ပါဝင်သော ကျောင်းဆရာ ဦးဝေယံမင်းထိုက်နှင့် ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းတို့အား အကြမ်းဖက်စစ်အုပ်စု၏တပ်က ဖမ်းဆီးခဲ့ပါတယ်။
========================
📌📌 ၆။ ဒီပဲယင်းမြို့နယ်ထဲ စစ်ဘေးရှောင် ပြည်သူတစ်သောင်းကျော်ခန့်ရောက်ရှိနေ
သြဂုတ်လ၁
ဒီပဲယင်းမြို့နယ်ထဲ စစ်ဘေးရှောင် ပြည်သူတစ်သောင်းကျော်ခန့်ရောက်ရှိနေတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က သြဂုတ်လ၁ရက်နေ့မှာ အသိပေးဆိုပါတယ်။
"ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း စစ်ဘေးရှောင်များအခြေအနေ ဖြစ်ပါတယ်။ ရေဦးနယ် ဇိန့်ဇွန်း၊ ပိဋကတ်ကျ၊ ဆည်ကြီး၊ ပေါက်သာ၊ ဒီပဲယင်းနယ် အရှေ့ခြမ်း ညောင်လှ၊ သရက်တော၊ ဝဲကြီး၊ မူးခံတွင်း၊ လက်ယက်ကုန်း၊ ကုန်းကြီး၊ ညောင်ကြီးကုန်း စသော ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းရပြီး ယခုထက်တိုင် နေအိမ်ပြန်ကပ်နိုင်ခြင်း မရှိသေးပါ"လို့ဆိုပါတယ်။
၄င်းအပြင် ရွှေဘိုနယ်အနောက်ခြမ်းမှ တိမ်းရှောင်လာရသော စစ်ဘေးရှောင်များလည်း တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။
========================
📌📌 ၇။ CDM Success Committee မှ ကြီးမှူး၍ CDM တစ်ဦး နွေဦးထီတစ်စောင် ထောက်ပို့ ကမ်ပိန်းမှ ထီပေါက်သူ CDMဝန်ထမ်းများပေါ်ထွက်လာ
သြဂုတ်လ၁ရက်
CDM success committee မှ ကြီးမှူး၍ CDM တစ်ဦး နွေဦးထီတစ်စောင် ထောက်ပို့ ကမ်ပိန်းမှ ထီပေါက်သူ CDMဝန်ထမ်းများပေါ်ထွက်လာခဲ့တယ်လို့ သြဂုတ်လ၁ရက်နေ့မှာ CDM success committee မှတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
"တစ်သိန်း ဆု ၅ ဆု ကို MoH၊ MoE, MR တို့မှ ပေါက်ပြီး၁၅ သိန်းဆု တစ်ဆု ကို MoE မှ CDMer များ ပေါက်ကြတယ်"လို့ဆိုပါတယ်။
CDM Success Committee တို့ပူးပေါင်းဆောင်ရွက်သော CDM တစ်ဦးနွေဦးထီတစ်စောင် ချီးမြှင့်သည့် အစီအစဉ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ နွေဦးထီ အပတ်စဥ် ၂၁တွင် ကံထူးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
CDM တစ်ဦးနွေဦးထီတစ်စောင်ချီးမြှင့်သည့် ကမ်ပိန်းကို မည်သူမဆိုပါဝင်နိုင်ပြီး ကမ်ပိန်းမှာ စတင်သည့်အချိန်မှ စကာ နှစ်လတာကာလ ဖြတ်သန်းခဲ့ပြီးဖြစ်ပါတယ်။
CDMဝန်ထမ်းများအတွက် ထီလက်မှတ်ဆယ်စောင်နှင့်အထက် ဝယ်ယူပေးသူအား ကော်မတီက လက်ဆောင်ပို့စကဒ်များ ပြန်လည်ပေးပို့မှာဖြစ်ပါတယ်။
========================
📌📌 ၈။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က Zoom မှတဆင့်ကျင်းပမယ်
သြဂုတ်လ၁
ဩဂုတ်လ ၈ ရက်နေ့ တွင်ကျရောက်သော ၃၅ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က Zoom မှတဆင့်ကျင်းပမှာဖြစ်ပါတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဘိုဘိုဦးက အသိပေးဖော်ပြထားပါတယ်။
၈ရက် ၈လ ၁၉၈၈ ခုနှစ်ဟာ လူထုအရေးတော်ပုံရဲ့အထိမ်းအမှတ်လည်းဖြစ်ပါတယ်။
========================
📌📌 ၉။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်း အတွင်းထဲသို့ ၈၀မမဖြင့် ပစ်ခတ်တိုက်ခိုက်
သြဂုတ်လ၁
သြဂုတ်လ၁ရက် နံနက်၄နာရီခွဲအချိန်မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်း အတွင်းထဲသို့ ၈၀မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force ကအတည်ပြုထားပါတယ်။
"၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁ရက် နံနက် ၄နာရီခွဲခန့်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်း အတွင်းထဲသို့ ၈၀မမဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း မှတ်တမ်း" လို့ဖော်ပြထားပါတယ်။
လတ်တလောမှာ ထိခိုက်ပျက်စီးမှုအခြေအနေကို အတည်ပြုနေဆဲ ဖြစ်ပြီးတော့ ၂၀၂၃ ခုနှစ်မှာ စကစတပ်ရဲ့ ဌာနချုပ်စခန်းများဟာ ရှော့တိုက်ဒံးများအပါအဝင်လက်နက်ကြီးများနဲ့မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံနေရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment