၂၀၂၃ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်
📌 ၂။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့စီးပွားရေးချွတ်ခြုံကျနေ
📌 ၃။ အကြမ်းဖက်စစ်ကောင်စီကို အလုပ်အကျွေးပြုနေသူတွေဟာ တော်လှန်ရေးကို အနှောက်အယှက်ပေးနေတဲ့သူတွေဖြစ်ပြီး တော်လှန်ရေးက တိုက်စားသွားမှာပဲဖြစ်တယ်လို့ အလုပ်သမားဒုဝန်ကြီးဆို
📌 ၄။ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ စစ်ကောင်စီ၏ ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ်(၅၆၁) ခြေမြန်တပ်ရင်းမှ စစ်သားတစ်ဦး လက်နက်နှင့်တကွ ခိုလှုံ
📌 ၅။ နေပြည်တော်ကစစ်ကောင်စီရဲ့ အေလာလေတပ်စခန်းရှိ စစ်လေယာဉ်များထားရှိရာ Aircraft Hanger များပေါ်သို့ ဖျက်အားပြင်း မိုင်း၂ လုံးအား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျားသံလုံးစစ်ကြောင်းကရုပ်သံနဲ့တကွအတည်ပြု
📌 ၆။ မြင်းမူမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့်စာသင်ကျောင်းသို့ ရောက်ရှိလာသော အင်အား ၄၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်ကြောင်းအား ဒရုန်းဖြင့်ဗုံးသီး ၁၁ လုံးကြဲချတိုက်ခိုက်ခဲ့
📌 ၇။ မြောင်မြို့နယ်ရှိကျေးရွာများကို စစ်ကြောင်းထိုးတဲ့ စကစတပ်များကို ကာကွယ်ရေးတပ်များ ပတ်လည်ဝိုင်းစနစ်နဲ့ တိုက်ခိုက်ရာ စကစဘက်က ထိခိုက်သေဆုံးသူများရှိနိုင်
📌 ၈။ မတ္တရာမြို့နယ် အောင်ချမ်းသာရွာဘက်သို့ ဦးတည်ထွက်လာသော စကစတပ်ခြေလျင်စစ်ကြောင်းကို မတ္တရာမျိုးမှန်တပ်ဖွဲ့မှ နှစ်ကြိမ်ဆက်တိုက်မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်
စက်တင်ဘာ ၁၇ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၃၁/၂၀၂၃)ကို စက်တင်ဘာ၁၇ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တို့မှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့စီးပွားရေးချွတ်ခြုံကျနေ
စက်တင်ဘာ၁၇ရက်
စက်တင်ဘာ၁၆ရက်မှာ ကျင်းပတဲ့ “ကရင်နီပြည်ရောက် မအလတပ်မပျောက်” ကမ်ပိန်းစကားဝိုင်းမှာ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အခုလို ဆိုပါတယ်။
"စီးပွားရေးမှာဆိုလည်း အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စီးပွားရေးချွတ်ခြုံကျနေတဲ့ကိစ္စ တစ်ခါမှမကြုံဖူးတဲ့ နိုင်ငံခြားငွေကန့်သတ်မှုတွေ၊ မြန်မာဘီယာကိုဆိုင်မှာ တင်ရောင်းရမှာဆိုတာတွေ၊ အဲဒီလောက်အထိသူတို့ဖြစ်လာတယ်။ တစ်ခါမှမဖြစ်ဘူးတဲ့ သွေးရူးသွေးတန်းကိစ္စ။ နိုင်ငံတကာမှာလည်း မြန်မာအရေးနဲ့ပတ်သက်လို့ ဒီ့ထက်ပိုပြီးလုပ်ဆောင်ဖို့လိုအပ်ပေမယ့် မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရာဇဝတ်မှုကျူးလွန်မှုတွေ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်မှုတွေ ဒါတွေနဲ့ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေရှိလာတယ်"လို့ဆိုပါတယ်။
အမေရိကန်အစိုးရက အကြမ်းဖက်စစ်ကောင်MFTBဘဏ်နဲ့ MICBဘဏ်တို့ကို အရေးယူပိတ်ဆို့ကြောင်း ကြေညာခဲ့သလို ဘင်္ဂလားဒေ့ရှ် Sonaliဘဏ်ကလည်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)ဘဏ်တွေရဲ့ ဒေါ်လာ သန်း ၁၀၀ ကျော်ရှိတဲ့ငွေစာရင်းတွေကိုပိတ်သိမ်းခဲ့ပါတယ်။
"ဒီတော်လှန်ရေးကို တပ်ဦးလှန်သွားလို့လည်းမရဘူး။ တပ်ဦးနှေးသွားလို့လည်းမရဘူး။ ဒီ့ထက်ပိုပြီးအရှိန်မြှင့်ဖို့ လိုအပ်တဲ့အချိန်ဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီကို အလုပ်အကျွေးပြုနေသူတွေဟာ တော်လှန်ရေးကို အနှောက်အယှက်ပေးနေတဲ့သူတွေဖြစ်ပြီး တော်လှန်ရေးက တိုက်စားသွားမှာပဲဖြစ်တယ်လို့ အလုပ်သမားဒုဝန်ကြီးဆို
စက်တင်ဘာ၁၇ရက်
အကြမ်းဖက်စစ်ကောင်စီကို အလုပ်အကျွေးပြုနေသူတွေဟာ တော်လှန်ရေးကို အနှောက်အယှက်ပေးနေတဲ့သူတွေဖြစ်ပြီး တော်လှန်ရေးက တိုက်စားသွားမှာပဲဖြစ်တယ်လို့ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီက စက်တင်ဘာ၁၇ရက် ပြောကြားလိုက်ပါတယ်။
"အကြမ်းဖက်စစ်ကောင်စီကို အလုပ်အကျွေးပြုနေသူတွေဟာ ကျေးရွာတွေမီးရှို့ခံနေရတာ ဗုံးကျဲခံနေရတာ၊ သတ်ဖြတ်ခံနေရတာကို မျက်ကွယ်ပြုပြီး တော်လှန်ရေးကို အနှောက်အယှက်ပေးနေတဲ့သူတွေဖြစ်တယ်။ ဒီလိုအဖွဲ့တွေ လူပုဂ္ဂိုလ်တွေကိုလည်း တော်လှန်ရေးက တိုက်စားသွားမှာပဲ"လို့ဆိုပါတယ်။
လက်ရှိမှာ ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ခလစာကို ဖိအားပေး၍ စစ်ကောင်စီလက်အောက်ခံ ငွေရေး၊ ကြေးရေးလုပ်ငန်းနဲ့ ဘဏ်များမှတဆင့် လွှဲပေးရန် အလုပ်သမားအေဂျင်စီတချို့က ဖိအားပေးလျက်ရှိပါတယ်။
========================
📌📌 ၄။ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ စစ်ကောင်စီ၏ ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ်(၅၆၁) ခြေမြန်တပ်ရင်းမှ စစ်သားတစ်ဦး လက်နက်နှင့်တကွ ခိုလှုံ
စက်တင်ဘာ၁၇ရက်
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ စစ်ကောင်စီ၏ ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ်(၅၆၁) ခြေမြန်တပ်ရင်းမှ စစ်သားတစ်ဦးသည် စက်တင်ဘာ၁၃ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဆက်သွယ်လာပြီး လက်နက်နှင့်တကွ လာရောက်ခိုလှုံခဲ့ပါတယ်"လို့ စက်တင်ဘာ၁၇ရက်မှာ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးဆိုထားပါတယ်။
တပ်သား အောင်ဇော်မင်းဟာ MA-3(၁)လက်၊ ကျည်တောင့်(၃၀) ပါ ကျည်ဘောက်(၃)ခု၊ ၅.၅၆ ကျည် (၁၀၀) ဖြင့် တပ်ရင်းမှ ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်ခိုလှုံခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
လာရောက်အပ်နှံသည့် လက်နက်ခဲယမ်းများကို တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံမှ စနစ်တကျလွဲပြောင်းလက်ခံခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။
တနင်္သာရီမြို့နယ်အတွင်း မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်မှ မတရားအာဏာသိမ်းယူခဲ့ပြီးနောက် CDM ဝင်ရောက်လာသည့် တပ်မတော်သား (၃၅) ဦး နှင့် ရဲတပ်ဖွဲ့ဝင် (၄၉) ဦး၊ တပ် နှင့် ရဲ စုစုပေါင်း (၈၄) ဦးရှိပြီး ၎င်းတို့အား မိမိတို့၏ဆန္ဒအရ ပြည်တွင်းနှင့် ပြည်ပရှိ ဘေးကင်းလုံခြုံရာတွင် ပို့ဆောင်ပေးထားပြီးဖြစ်ပါတယ်။
========================
📌📌 ၅။ နေပြည်တော်ကစစ်ကောင်စီရဲ့ အေလာလေတပ်စခန်းရှိ စစ်လေယာဉ်များထားရှိရာ Aircraft Hanger များပေါ်သို့ ဖျက်အားပြင်း မိုင်း၂ လုံးအား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျားသံလုံးစစ်ကြောင်းကရုပ်သံနဲ့တကွအတည်ပြု
စက်တင်ဘာ၁၇ရက်
နေပြည်တော်က စစ်ကောင်စီရဲ့ အေလာလေတပ်စခန်းရှိ စစ်လေယာဉ်များထားရှိရာ Aircraft Hanger များပေါ်သို့ ဖျက်အားပြင်း မိုင်း၂ လုံးအား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ စက်တင်ဘာ၁၇ရက်မှာ ကျားသံလုံးစစ်ကြောင်းက ရုပ်သံနဲ့တကွ အတည်ပြုခဲ့ပါတယ်။
"၂၀၂၃ခုနှစ်စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၃:၃၀ အချိန်တွင် နေပြည်တော် ကောင်စီနယ်မြေ လက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မူများ ပြုလုပ်လျက်ရှိသော အေလာစစ်ကောင်စီ လေတပ်စခန်းအား Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒရုန်းတိုက်ခိုက်မှုအား နေပြည်တော် ကောင်စီနယ်မြေရှိ ၃၀၂ အေလာ တပ်ရင်းနယ်မြေ စစ်တောင်းမြစ်အနီးမှ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်နေသော စစ်လေယာဉ်များထားရှိရာ Aircraft Hanger များပေါ်သို့ ဖျက်အားပြင်း မိုင်း၂ လုံးအား ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါတိုက်ခိုက်မှုအား ကျားသံလုံးစစ်ကြောင်း၏ ပျောက်ကြားတပ်ဖွဲ့နှင့် Lethal Prop (Shar Htoo Waw Team -1) ဒရုန်းအဖွဲ့တို့မှ ရာသီဥတုဆိုးရွားမူ၊ နယ်မြေအခက်အခဲနှင့် နေပြည်တော်လုံခြုံရေးအကြမ်းဖက်တပ်များအကြားမှ လေတပ်စခန်းနှင့် အနီးဆုံးသို့သွားရောက်တိုက်ခိုက်ခဲ့ပြီး အပျက်အစီးထိခိုက်ဆုံးရှုံးမှုမရှိ ပြန်လည်ဆုတ်ခွာနိူင်ခဲ့ပါတယ်။
========================
📌📌 ၆။ မြင်းမူမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့်စာသင်ကျောင်းသို့ ရောက်ရှိလာသော အင်အား ၄၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်ကြောင်းအား ဒရုန်းဖြင့်ဗုံးသီး ၁၁ လုံးကြဲချတိုက်ခိုက်ခဲ့
စက်တင်ဘာ၁၇ရက်
"မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာမှ ညောင်းရင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုး၍ နှစ်ရက်ခန့်တပ်စွဲထားပြီး စက်တင်ဘာ၁၆ရက်တွင် မြင်းမူမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့်စာသင်ကျောင်းသို့ ရောက်ရှိလာသော အင်အား ၄၀ ဝန်းကျင်ရှိ အကြမ်းဖက်စကစ စစ်ကြောင်းအား ဒရုန်းဖြင့်ဗုံးသီး ၁၁ လုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်"လို့ စက်တင်ဘာ၁၇ရက်မှာ စစ်ရေးသတင်းကို GTRMMU တပ်ဖွဲ့က အတည်ပြုဆိုထားပါတယ်။
ဗုံးထိမှန်၍ အထိခိုက်အကျဆုံးများနိုင်သော်လည်း GTRMMU တပ်ဖွဲ့မှ စုံစမ်းနေဆဲဖြစ်ပါတယ်။
ထိုကဲ့သို့ တိုက်ခိုက်ချိန်တွင် အကြမ်းဖက်စကစများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် မြင်းမူမြို့ပေါ်ရှိ ရပ်ကွက်များသို့ ရမ်းသမ်းပြစ်ခတ်ကြဲချခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူလေးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပါတယ်။
၎င်းတိုက်ခိုက်မှုအား စစ်ကိုင်းခရိုင် တပ်ရင်း ( ၂ )၊တပ်ခွဲ ( ၂ )နှင့် ပူးပေါင်း၍ Ghost Team Ranger Myinmu (GTR-MMU)၊ Myin Mu Defence Force (MMDF)၊ မြင်းခြံခရိုင် တပ်ရင်း (၆) တို့မှ လုပ်ဆောင်ခဲ့ပါတယ်။
========================
📌📌 ၇။ မြောင်မြို့နယ်ရှိကျေးရွာများကို စစ်ကြောင်းထိုးတဲ့ စကစတပ်များကို ကာကွယ်ရေးတပ်များ ပတ်လည်ဝိုင်းစနစ်နဲ့ တိုက်ခိုက်ရာ စကစဘက်က ထိခိုက်သေဆုံးသူများရှိနိုင်
စက်တင်ဘာ၁၇ရက်
မြောင်မြို့နယ်ရှိကျေးရွာများကို စစ်ကြောင်းထိုးတဲ့စကစတပ်များကို ကာကွယ်ရေးတပ်များပတ်လည်ဝိုင်းစနစ်နဲ့တိုက်ခိုက်ရာ စကစဘက်ကထိခိုက်သေဆုံးသူများရှိနိုင်ပါတယ်လို့ စက်တင်ဘာ၁၆ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့တပ်မတော်(မြောင်) Myaung Union Armyက အတည်ပြုဆိုပါတယ်။
"စက်တင်ဘာလ ၁၄ရက် နံနက်၄နာရီခန့်တွင် စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ဆီမီးခုံဆိပ်ကမ်းမှ နေပူကုန်းရွာသို့ စခများသည် စက်လှေများကပ်၍ စစ်ကြောင်း စတင်ဝင်ရောက်ခဲ့ပြီး နဂါးပေါက်ရွာသို့ စကစတပ် (၁၀၀)ခန့်နှင့် ဘုန်းကောင်းရွာသို့ စကစ (၁၀၀)ခန့် စစ်ကြောင်းနှစ်ကြောင်းဖြန့်ဆင်းကာ စက်တင်ဘာလ ၁၅ရက် နေ့လည် ၁၂နာရီခန့်တွင် ထုံးကြိုင်ရွာသို့ ၎င်းစစ်ကြောင်းများ ပြိုင်တူဝင်ရောက်ခဲ့ပြီး နေ့လည်၁နာရီခန့်တွင် ထုံးကြိုင်ရွာမှ မြောက်ဘက်သို့အထွက်တွင် မိမိတို့ဘက်မှရဲဘော်များသည် ထုံးကြိုင်ရွာတွင်းသို့ အမြန်ဝင်ရောက်ကာ အဓိကစစ်ကြောင်းအဖြစ် ပတ်လည်ဝိုင်းနေရာယူ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ(၃)နာရီခန့် ကြာမြင့်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ညနေ၄နာရီခန့်တွင် ဆီမီးခုံဆိပ်ကမ်းမှ နောက်ချန်ထားခဲ့သော စခများမှ စစ်ကူရောက်ရှိလာ၍ အဝိုင်းခံရမည်စိုးသောကြောင့် မိမိတို့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်စဥ်အတွင်း ရန်သူ့ဘက်မှ သေဆုံးဒဏ်ရာရသူများကို ထမ်းစင်ဖြင့်သယ်ထုတ်သွားသည်ကို မျက်မြင်တွေ့ရှိခဲ့ရပါတယ်။
အထက်ပါ တိုက်ပွဲအား အတူပါဝင်ဆင်နွှဲခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှာ Myaung Union Army ပြည်သူ့တပ်မတော်(မြောင်)၊စစ်ကိုင်းခရိုင် တပ်ရင်း(၂)၊ တပ်ခွဲ(၃)၊ မြင်းခြံခရိုင် တပ်ရင်း(၂)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၆)၊ မြောင်မြို့နယ် ပလဖ (အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM၊ အားမာန် တိုက်နယ် ပကဖအဖွဲ့ နှင့်၊ နယ်မြေခံအဖွဲ့များ အတူတကွ ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်နိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ မတ္တရာမြို့နယ် အောင်ချမ်းသာရွာဘက်သို့ ဦးတည်ထွက်လာသော စကစတပ်ခြေလျင်စစ်ကြောင်းကို မတ္တရာမျိုးမှန်တပ်ဖွဲ့မှ နှစ်ကြိမ်ဆက်တိုက်မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့
စက်တင်ဘာ၁၇ရက်
မတ္တရာမြို့နယ် အောင်ချမ်းသာရွာဘက်သို့ ဦးတည်ထွက်လာသော စကစတပ်ခြေလျင်စစ်ကြောင်းကို မတ္တရာမျိုးမှန်တပ်ဖွဲ့မှ နှစ်ကြိမ်ဆက်တိုက်မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့တယ်လို့ စက်တင်ဘာ၁၇ရက်မှာ စစ်ရေးသတင်းကို မတ္တရာမျိုးမှန်တပ်ဖွဲ့ကအသိပေးဆိုပါတယ်။
"စက်တင်ဘာ၁၆ရက် မတ္တရာအရှေ့ပိုင်းနယ် ကျောက်တံတားရွာ - ညောင်ပင်သာရွာ - ရွှေသိမ်တော်တောကျောင်း - မကျည်းကုန်းရွာ ဘုန်းတော်ကြီးကျောင်း မြောက်ဘက်မှ မြောင်းဘောင်လမ်းကြောင်းအတိုင်း အောင်ချမ်းသာရွာဘက်သို့ ဦးတည်ထွက်လာသော စကစခြေလျင်စစ်ကြောင်းကို မကျည်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း အရှေ့ဘက်အရောက်တွင် မတ္တရာမျိုးမှန်တပ်ဖွဲ့မှ မိုင်းဖြင့် နှစ်ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
မိုင်းဆွဲခံရသော စကစတပ်များသည် ရှေ့သို့ ဆက်မတက်နိုင်တော့ပဲ မကျည်းကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းအတွင်းသို့ ဝင်ရောက်သွားကြောင်းနှင့် မြေပြင်မျက်မြင်သတင်းပေးပို့ချက်များအရ မိုင်းထိမှန်သွားသော စကစများကို ကျောင်းအတွင်းသို့ ပွေ့ယူသယ်ဆောင်နေကြကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment