၂၀၂၃ စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့အခါမှာ “မိတ်ဆွေများကို ရန်သူမလုပ်ရေးမူ” အပေါ်မှာအခြေခံသင့်တယ်လို့ ယာယီသမ္မတပြောကြား
📌 ၂။ ဩစတေးလျနိုင်ငံ၊ South Australia ပြည်နယ်၊ Adelaide မြို့၌ ကျင်းပပြုလုပ်သော မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေး
📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
📌 ၄။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပွဲနှင့် စစ်အာဏာရှင်စနစ် ရှုတ်ချရေး ဆန္ဒပြပွဲကို စက်တင်ဘာ၂၄ရက်နေ့ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ်
📌 ၅။ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာ
📌 ၆။ ဝင်းရေးမြို့နယ် ကျေးရွာအတွင်းရှိ ပြည်သူပိုင် အိုးအိမ်များအား အကြမ်းဖက် စစ်ကောင်စီတပ်မှ ဝင်ရောက် မွှေနှောက်ဖျက်ဆီး
📌 ၇။ ထားဝယ်မြို့အိမ်ပြင်ရပ်ကွက် စစ်ဗိုလ်များသီးသန့်နေသည့်အိမ်ယာအား DGRFတပ်ခွဲ၂နဲ့ ဥသြစစ်ကြောင်းတပ်ခွဲ၁တို့ ပူးပေါင်းပြီး ၄၀မမနဲ့ ၁၀ချက်ခန့်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စကစဘက်ကသုံးဦးသေဆုံး
📌 ၈။ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသော နေရာတစ်နေရာသို့ အီနာဂါ အကြီး နှင့် အသေး (၁၀) လုံး ချတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့အခါမှာ “မိတ်ဆွေများကို ရန်သူမလုပ်ရေးမူ” အပေါ်မှာအခြေခံသင့်တယ်လို့ ယာယီသမ္မတပြောကြား
စက်တင်ဘာ၂၀ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး (၂ / ၂၀၂၃) ၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားခဲ့ပါတယ်။
"စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့အခါမှာ အထူး သတိမူသင့်တဲ့ အချက်တချို့ကို ပြောချင်ပါတယ်။ အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့ မိတ်ဖက် အစုအဖွဲ့တွေထဲမှာ ရန်သူ အသစ် မမွေးမိဖို့ လိုပါတယ်။ ဒါဟာ အထူး သတိထားရမယ့်ကိစ္စလို့ ယူဆပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံရေးသဘောထားကြီးမှုကို ထင်ထင်ရှားရှားပြသရပါလိမ့်မယ်။ ဒါ့အပြင် မိမိတို့ရဲ့ စိတ်ကိုဖွင့်ထားပြီး ဒေသတွင်း အင်အားစု အသီးသီးကို လက်ကမ်းကြိုဆိုဖို့ လိုအပ်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက အင်အားစုအသီးသီးနဲ့ ကျစ်လစ်သော နိုင်ငံရေးညီညွတ်မှုကို ဖော်ဆောင်နိုင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အရေးပေါ် လုပ်ငန်းစဉ်တစ်ခုလို့ ယူဆတယ်လို့ ယာယီသမ္မတကပြောပါတယ်။
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး (FSCC) ကို ပြည်ထောင်စု ဝန်ကြီးချုပ်နှင့်တကွ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များနဲ့ FSCC ကော်မရှင်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ဩစတေးလျနိုင်ငံ၊ South Australia ပြည်နယ်၊ Adelaide မြို့၌ ကျင်းပပြုလုပ်သော မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေး
စက်တင်ဘာလ (၂၀) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့သည် စက်တင်ဘာလ (၁၆) ရက်နေ့ ညနေပိုင်းတွင် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ မြန်မာမိသားစုများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဒေါက်တာထွန်းအောင်ရွှေတို့က မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး ပြည်သူ့ဘက်တော်သား အနုပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် အကယ်ဒမီ မင်းမော်ကွန်းကလည်း တေးသီချင်းများဖြင့် သီဆိုတီးခတ်ဖျော်ဖြေခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒေါက်တာထွန်းအောင်ရွှေတို့က ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ တက်ရောက်လာသူများက ဂစ်တာနှင့် ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားများကို လေလံဆွဲ၍ ဝယ်ယူခြင်း အပါအဝင် နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
စက်တင်ဘာ ၂၀ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၃၂/၂၀၂၃)ကို စက်တင်ဘာ၂၀ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏနှင့် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ခူးထဲဘူးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက်ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည့်လုပ်ငန်းများအား မှာကြားဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပွဲနှင့် စစ်အာဏာရှင်စနစ် ရှုတ်ချရေး ဆန္ဒပြပွဲကို စက်တင်ဘာ၂၄ရက်နေ့ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ်
စက်တင်ဘာ၂၀ရက်
တောင်ကိုရီးယားနိုင်ငံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပွဲနှင့် စစ်အာဏာရှင်စနစ် ရှုတ်ချရေး ဆန္ဒပြပွဲကို စက်တင်ဘာ၂၄ရက်နေ့မှာ ကျင်းပမယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC )က အသိပေးဆိုထားပါတယ်။
"အခု စက်တင်ဘာလမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ နှစ်စဉ်အထွေထွေညီလာခံ စတင်ကျင်းပပါပြီ။ ဒီနှစ်မှာလည်း ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ပြည်သူ့အစိုးရ NUG နဲ့ ပြည်သူ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို လက်ခံအသိအမှတ်ပြုပေးဖို့ ပြည်သူများက မဖြစ်မနေ တောင်းဆို တိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်။ ဒီတရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း၊ ဆင်နွှဲကြသွားကြမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ကုလသမဂ္ဂ စင်မြင့်ထက်မှာ ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စုကို လုံးဝ လက်မခံဖို့၊ အသိအမှတ် မပြုဖို့ တောင်းဆိုကြရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC )နှင့်အတူ တော်လှန်ပြည်သူများ စုပေါင်း၍ စက်တင်ဘာ၂၄ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ဦးကျော်မိုးထွန်းအား ထောက်ခံပွဲနှင့် စစ်အာဏာရှင်စနစ် ရှုတ်ချရေး ဆန္ဒပြပွဲသို့ လာရောက်ဝန်းရံပေးပါရန် အသိပေးကြေညာထားပါတယ်။
========================
📌📌 ၅။ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာ
စက်တင်ဘာ၂၀ရက်
၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာတယ်လို့ စက်တင်ဘာ၂၀ရက်မှာ UN OCHA Myanmarက အသိပေးဖော်ပြပါတယ်။
"နိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ အထူးသဖြင့် နိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ ဆက်လက်ဖြစ်ပွားနေတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ စဥ်ဆက်မပြတ် ဖြစ်ပွားနေသလို အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ဆက်လက်ဖြစ်ပေါ်နေပါတယ်။ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေကြောင့် နေရာအများအပြားမှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ရှိရင်းစွဲဒုက္ခတွေနဲ့ရင်ဆိုင်ရသူတွေရဲ့ နေထိုင်ရေးကို ပိုမိုဆိုးရွားစေတယ်လို့ အစီရင်ခံစာကဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ စက်တင်ဘာလ ၈ ရက်နေ့က ရေကြီးရေလျှံမှုကြောင့် ရပ်ကွက် (၆)ခုက လူ ၁,၀၀၀ ခန့်ကို ဘေးကင်းရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ ဩဂုတ်လအတွင်းက ရေဘေးသင့်ပြည်သူ ၈၀,၀၀၀ ကျော်ထဲက တချို့ဟာ သူတို့ရဲ့ နေအိမ်တွေကို ပြန်ခဲ့ကြပေမယ့် အများအပြားက ရွှေ့ပြောင်းနေထိုင်နေရဆဲဖြစ်ပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်အတွက် အထူးသဖြင့် ကချင်ပြည်နယ်နဲ့ နိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာ ကန့်သတ်ချက်တွေ တိုးလာတာကြောင့် အကူအညီလိုအပ်သူတွေဆီကို အရေးပါတဲ့အကူအညီတွေပေးအပ်နိုင်ဖို့အဟန့်အတားဖြစ်နေတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ဝင်းရေးမြို့နယ် ကျေးရွာအတွင်းရှိ ပြည်သူပိုင် အိုးအိမ်များအား အကြမ်းဖက် စစ်ကောင်စီတပ်မှ ဝင်ရောက် မွှေနှောက်ဖျက်ဆီး
စက်တင်ဘာ၂၀ရက်
စက်တင်ဘာလ (၂၀) ရက်မှာ ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ဝင်းရေးမြို့နယ်၊ တံခွန်တိုင်ရဲစခန်းသို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် စက်တင်ဘာလ ၁၄ ရက်၊ နံနက် (၈း၀၀) အချိန်ခန့်မှစတင်၍ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့်နောက် KNLA - တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ နှင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုများ ရှိလာခဲ့ပါတယ်လို့ဆိုပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိုသို့ စစ်ကြောင်းထိုးလာသည့်အတွက် ဝင်းရေးမြို့နယ် ခလယ်အုပ်စုနှင့် တံခွန်တိုင်ကျေးရွာအုပ်စု တစ်ချို့ ခန့်မှန်းခြေ စစ်ဘေးရှောင် ၁ သောင်းကျော်မှာ မိမိတို့၏ ကျေးရွာနှင့် နေအိမ်များအား စွန့်ခွာ၍ မြို့ပေါ်သို့လည်းကောင်း မိမိတို့၏ ဆွေမျိုးသားချင်း နေထိုင်ရာ ကျေးရွာများသို့ သော်လည်းကောင်း တိမ်းရှောင်နေကြရပါတယ်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူများ၏ ကျေးရွာတွင်းသို့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ နေရာယူ တပ်စွဲထားကာ ပြည်သူပိုင် အိုးအိမ်များအား ဝင်ရောက်ဖျက်ဆီးခြင်း၊ အိမ်တွင်းရှိ ပစ္စည်းမှန်သမျှ မွှေနှောက်ဖျက်ဆီးခြင်း၊ တန်ဖိုးကြီး ပစ္စည်းများအား ယူဆောင်သွားခြင်း စသည်များ ပြုလုပ်နေတယ်လို့ဆိုပါတယ်။
စက်တင်ဘာလ ၁၄ ရက်မှ စက်တင်ဘာလ ၁၈ ရက်အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ဒေသခံ အိမ်ခြေပေါင်း (၅၀) ဝန်းကျင်ခန့် ထိမှန်ပျက်စီးခဲ့ပြီး ၁၇ ရက် မွန်းလွဲ (၁း၀၀) နာရီ အချိန်ခန့်တွင်လည်း ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ခလယ်ကျေးရွာ ရပ်ကွက် (၂) နေ စောတင်ထူးအောင် (၄၀) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဥ် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ပစ်ထုတ်လိုက်သော လက်နက်ကြီးကြောင့် ကျည်စ ထိမှန် အသက်ဆုံးရှုံးခဲ့ရပါတယ်။
========================
📌📌 ၇။ ထားဝယ်မြို့အိမ်ပြင်ရပ်ကွက် စစ်ဗိုလ်များသီးသန့်နေသည့်အိမ်ယာအား DGRFတပ်ခွဲ၂နဲ့ ဥသြစစ်ကြောင်းတပ်ခွဲ၁တို့ ပူးပေါင်းပြီး ၄၀မမနဲ့ ၁၀ချက်ခန့်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စကစဘက်ကသုံးဦးသေဆုံး
စက်တင်ဘာ၂၀ရက်
ထားဝယ်မြို့အိမ်ပြင်ရပ်ကွက် စစ်ဗိုလ်များသီးသန့်နေသည့် အိမ်ယာအား DGRFတပ်ခွဲ၂နဲ့ ဥသြစစ်ကြောင်းတပ်ခွဲ၁တို့ ပူးပေါင်းပြီး ၄၀မမနဲ့ ၁၀ချက်ခန့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စကစဘက်က သုံးဦးသေဆုံးခဲ့တယ်လို့ စက်တင်ဘာ၂၀ရက်မှာ စစ်ရေးသတင်းကို ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ကအသိပေးဆိုပါတယ်။
"စက်တင်ဘာ၂၀ရက် နံနက်ငါးနာရီခန့်တွင် ထားဝယ်မြို့အိမ်ပြင်ရပ်ကွက် ခုတင်၁၀၀စစ်ဆေးရုံအနီး စစ်ဗိုလ်များသီးသန့်နေသည့် အိမ်ယာအား DGRFတပ်ခွဲ၂နဲ့ ဥသြစစ်ကြောင်းတပ်ခွဲ၁တို့ ပူးပေါင်းပြီး၄၀မမနဲ့ ၁၀ချက်ခန့်ဝင်ရောက်ပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် အိမ်ယာအတွင်းရှိ စကစသုံးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်းများပြားကြောင်းသိရပါတယ်။
စစ်ဆင်ရေးတွင် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာပြန်လည်ဆုတ်ခွာခဲ့ပါတယ်။
========================
📌📌 ၈။ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသော နေရာတစ်နေရာသို့ အီနာဂါ အကြီး နှင့် အသေး (၁၀) လုံး ချတိုက်ခိုက်
စက်တင်ဘာ၂၀ရက်
စက်တင်ဘာလ (၂၀) ရက်မွန်းလွဲ(၂) နာရီအချိန်မှာ ဝေဟင် တိုက်ခိုက်မှုကိုRC Plane မောင်းသူမဲ့လေယာဥ်နဲ့ ဆင်နွှဲခဲ့တယ်လို့ မြိုင်ပကဖကအတည်ပြုဆိုပါတယ်။
" စက်တင်ဘာလ (၂၀) ရက်၊ မွန်းလွဲ (၂) နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသော နေရာတစ်နေရာသို့ အီနာဂါ အကြီး နှင့် အသေး (၁၀) လုံး ချပြီး ဝေဟင် တိုက်ခိုက်မှုကိုRC Plane မောင်းသူမဲ့လေယာဉ်တို့အသုံးပြုပြီး စကစများနေသော နေရာနှင့် အဆောင်ဝန်းကျင်သို့ တည့်မတ်စွာ ချနိုင်ခဲ့တယ်"လို့ဆိုပါတယ်။
လတ်တလောမှာ အထိအခိုက်၊ အသေအဆုံး သတင်းကို စုံစမ်းဆဲ ဖြစ်ကာ ထိုပျူရွာသို့ ပခုက္ကူတပ်မ ၁၀၁ မှ စကစတပ် အင်အား (၁၀၀) ခန့်လည်း ရောက်ရှိနေတယ်လို့သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၃)၊ တပ်ခွဲ (၅)၊ MRTF နှင့် Black Cobra အဖွဲတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
========================
📌📌 ၉။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ နိုင်ငံတဝန်း မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ လူဦးရေ၁၂၀၀ ကျော်ရှိပြီး စစ်ကိုင်းတိုင်းမှာအများဆုံးပါဝင်
စက်တင်ဘာ၂၀ရက်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများက မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူလူဦးရေ၁၂၀၀ ကျော်ရှိပြီး စစ်ကိုင်းတိုင်းမှာအများဆုံးပါဝင်တယ်လို့ စက်တင်ဘာ၂၀ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ သိရှိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများက မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး (၂၂၇) ဦး၊ အမျိုးသား (၁၀၂၀) ဦးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ (၂) ဦး စုစုပေါင်း (၁၂၄၉) ဦး ရှိပြီး စစ်ကိုင်းတိုင်းမှာ (၇၈၁) ဦးဖြင့် အများဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရတယ်။
၎င်း (၁၂၄၉) ဦးအနက် ထောင်ဒဏ် ၂၀ နှစ်နှင့် ၂၀ နှစ်အထက် ချမှတ်ခံထားရသူ စုစုပေါင်း (၃၁) ဦး၊ တစ်သက်တစ်ကျွန်းချမှတ်ခံထားရသူ စုစုပေါင်း (၉၂) ဦး၊ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၈) ဦး၊ တစ်သက်တစ်ကျွန်းနှင့်သေဒဏ် နှစ်ခုပေါင်း ချမှတ်ခံထားရသူ စုစုပေါင်း (၇) ဦး ပါဝင်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment