၂၀၂၃ စက်တင်ဘာလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို စစ်အုပ်စုက လုံးဝ လေးစားလိုက်နာမှု မရှိဘဲ ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များစွာကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက် ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်
📌 ၂။ လစ်သူနီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေးခဲ့
📌 ၃။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သွေးတိုးရောဂါဆိုင်ရာ အစီရင်ခံစာ ပထမအကြိမ် ထုတ်ဝေခြင်းအခမ်းအနားနှင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (UHC) ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး တက်ရောက်
📌 ၄။ ဒေါနစစ်ကြောင်းမှဆေးတပ်သားသင်တန်းအပတ်စဥ်(၇) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
📌 ၅။ မိုးကုတ်နဲ့မူဆယ်တို့မှာ တိုက်ပွဲများပြင်းထန်၍ ဒေသခံ ၉၀၀နီးပါးစစ်ဘေးရှောင်နေရ
📌 ၆။ တနင်္သာရီမြို့နယ်မှ၊ ဇဝဲရွာခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် အမှတ်-၅၅၆ တပ်ရင်းမှ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားမှုမရှိဘဲ့ ပြင်ဝန်းရွာကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တချို့ပျက်စီးကာကျေးရွာသားများထွက်ပြေးတိမ်းရှောင်နေရ
📌 ၇။ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသောနေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်၍ စကစဘက်က၂၀ ကျော် သေဆုံးခဲ့
📌 ၈။ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင် ကျေးရွာအနီးတွင် စစ်အုပ်စုနှင့် PDF ပူးပေါင်းမဟာမိတ်တပ်များ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေ၍ လမ်းပိုင်းဆိုင်ရာသတိပေးနှိုးဆော်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို စစ်အုပ်စုက လုံးဝ လေးစားလိုက်နာမှု မရှိဘဲ ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များစွာကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက် ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်
စက်တင်ဘာ၂၂ရက်
စက်တင်ဘာ၂၂ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံအခြေအနေနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ကိုယ်တိုင် တက်ရောက်သဘောတူညီခဲ့သော အာဆီယံအဖွဲ့၏ အချက် (၅) ချက်ပါ ဘုံသဘောတူညီချက် ၊ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (UN Security Council Resolution 2669) စသည်တို့ကို လုံးဝ လေးစားလိုက်နာမှု မရှိဘဲ ပြည်သူ လူထုအပေါ် အကြမ်းဖက်လုပ်ရပ်များစွာကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက် ကျူးလွန်လျက် ရှိနေပါတယ်လို့ဖော်ပြပါတယ်။
ယခုအခါ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကြောင့် မြန်မာလူထု တစ်ရပ်လုံးသည် လူမှုဘဝဘေးဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရပြီး မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီများ လိုအပ်နေပါတယ်လို့ဆိုပါတယ်။
ဤအခြေအနေတွင် မြန်မာနိုင်ငံအတွက် နိုင်ငံတကာ၏ လူသားချင်းစာနာမှုဆိုင်ရာ လှူဒါန်းကူညီမှု အများစုကို အကြမ်းဖက်စစ်အုပ်စုက ထိန်းချုပ်ကိုင်တွယ်နေခြင်း၊ အဆိုပါ အကူအညီများသည် အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံ မရောက်ရှိဘဲ စစ်အုပ်စုက လိုသလို စီမံခန့်ခွဲနေခြင်း၊ နိုင်ငံတကာမိသားစု၏ အကူအညီများစွာကို ဟန့်တားနှောင့်ယှက်နေခြင်းတို့ ဆောင်ရွက်နေကြောင်း လေ့လာတွေ့ရှိရပါတယ်လို့ဆိုပါတယ်။
သို့ဖြစ်သောကြောင့် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမျိုးစုံကို အချိန်နှင့်အမျှ ကျူးလွန်နေသော အာဏာသိမ်းစစ်အုပ်စုကို အမြန်ဆုံး ဖြုတ်ချနိုင်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရသည် ပြည်သူနှင့်လက်တွဲကာ အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ထပ်လောင်း သံန္နိဋ္ဌာန် ပြုအပ်တယ်လို့ဆိုထားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာ့နွေဦးတော်လှန်ရေးအတွက် ယခုထက် ပိုမိုထိရောက်၍ လက်တွေ့ကျသော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာ အကူအညီများ၊ ဝန်းရံအားပေး ကူညီမှုများ ပြုကြပါရန်အမျိုးသားညီညွတ်ရေးအစိုးရကဆိုထားပါတယ်။
========================
📌📌 ၂။ လစ်သူနီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေးခဲ့
စက်တင်ဘာ၂၂ရက်
လစ်သူနီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေးခဲ့တယ်လို့စက်တင်ဘာ၂၂ရက် Twitterမှာ ရေးသားဖော်ပြထားပါတယ်။
“လစ်သူနီးယား နိုင်ငံခြားရေးဝန်ကြီးGLandsbergis နှင့် အပြန်အလှန်တွေ့ဆုံခဲ့ပါတယ်။ ဒီမိုကရေစီကို ခုခံကာကွယ်ခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြပြီး မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို မြှင့်တင်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် တူညီသော ဦးစားပေးမှုများကို မြှင့်တင်သွားရန် ကတိပြုတယ်"လို့ဆိုပါတယ်။
အဆိုပါတွေ့ဆုံပွဲတွင် NUGနိုင်ငံခြားရေး ဒုဝန်ကြီးဦးမိုးဇော်ဦးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ပါဝင်ခဲ့ပါတယ်။
Lithuania(လစ်သူနီးယား)နိုင်ငံခြားရေးဝန်ကြီးGLandsbergisကလည်း ၄င်း၏ Twitterမှာ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့တွေ့ဆုံခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံနှင့်တကွအသိပေးဖော်ပြထားပါတယ်။
၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကိုရောက်နေကြတဲ့ အရှေ့တီမော သမ္မတ Jose Ramos-Hortaနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၃။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သွေးတိုးရောဂါဆိုင်ရာ အစီရင်ခံစာ ပထမအကြိမ် ထုတ်ဝေခြင်းအခမ်းအနားနှင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (UHC) ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး တက်ရောက်
စက်တင်ဘာလ (၂၂) ရက်
အမေရိကန်ပြည်ထောင်စု၊ New York မြို့၊ The Plaza ဟိုတယ်၌ စက်တင်ဘာလ (၁၉) ရက်မှာ ကျင်းပပြုလုပ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သွေးတိုးရောဂါဆိုင်ရာ အစီရင်ခံစာ ပထမအကြိမ် ထုတ်ဝေခြင်းအခမ်းအနားနှင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (UHC) ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး တက်ရောက်ခဲ့ပါတယ်။
အဆိုပါ အစီအစဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ Bloomberg Philanthropies နှင့် Resolve to Save Lives (RTSL) တို့မှ ပူးပေါင်း၍ ကြီးမှူးစီစဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။
အဖွင့်အမှာစကားကို WHO ၏ ညွှန်ကြားရေးမှူးချုပ်မှလည်းကောင်း၊ High-level remarks များကို Bloomberg Philanthropies တည်ထောင်သူ Mr. Michael Bloomberg နှင့် ဖိလစ်ပိုင်နိုင်ငံမှ ကျန်းမာရေးဝန်ကြီးတို့ကလည်းကောင်း အသီးသီး ပြောကြားခဲ့ပါတယ်။
ထို့နောက် နိုင်ငံအလိုက် သွေးတိုးရောဂါ ဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ RTSL ၏ ဥက္ကဋ္ဌမှ ရှင်းလင်းပြောကြားခဲ့ပြီး တွေ့ရှိချက်များကို WHO မှ NCD Director မှ တင်ဆက်ခဲ့ပါတယ်။
ထို့အပြင် တြီနီဒတ်နှင့် တိုဗေးဂိုးနိုင်ငံနှင့် ဂါနာနိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးတို့ကလည်း သွေးတိုးရောဂါ၊ ကူးစက်ရောဂါနှင့် နာတာရှည်ရောဂါတို့ နှင့်စပ်လျဉ်း၍ ၎င်းတို့နိုင်ငံ၏ အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးသည် New York မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ နံနက် (၁၁း၀၀) နာရီတွင် ကျင်းပပြုလုပ်သည့် UNGA78 High-Level Side Event အစီအစဉ်သို့ Chatham House Commission on Universal Health ၏ အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့ပါတယ်။
ယင်းအစီအစဉ်တွင် နှစ်ပိုင်းခွဲခြား ကျင်းပခဲ့ပြီး ပထမပိုင်းအစီအစဉ်တွင် စိန့်မာတင်နိုင်ငံမှ ဝန်ကြီးချုပ်နှင့် မော်လ်ဒိုက်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးတို့က အဖွင့် အမှာစကားပြောကြားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဝန်ကြီးချုပ်မှ အပိတ်အမှာစကား ပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ ဒေါနစစ်ကြောင်းမှဆေးတပ်သားသင်တန်းအပတ်စဥ်(၇) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
စက်တင်ဘာ၂၂ရက်
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်တွင် နယ်မြေစစ်ဆင်ရေး လိုအပ်ချက်အရ ၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးတပ်သားသင်တန်းအပတ်စဉ် (၇)သင်တန်းအခမ်းအနားကို ဒေါနစစ်ကြောင်းမှ ဦးစီးကျင်းပြီး စက်တင်ဘာလ(၂၁)ရက်နေ့တွင် အခြေခံဆေးပညာ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။
အခြေခံဆေးတပ်သားသင်တန်းတွင် မွန်ပြည်နယ်အခြေစိုက် ပူးပေါင်းအဖွဲ့များဖြစ်သည့် ရေးပြောက်ကျားတပ်ဖွဲ့ (YGF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO)၊ KNLA တပ်ရင်း (၂၇)၊နှင့် ABSDF တပ်ရင်း (၁)တို့မှ ရဲဘော်များလည်း သင်တန်းတက်ရောက်ခဲ့ကြပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဒေါနစစ်ကြောင်းမှူးက အမှာစကား ပြောကြားခဲ့ပြီး နယ်မြေခံဆေးဘက်ဆိုင်ရာမှ ဆရာမ တစ်ဦးကလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
ဆေးသင်တန်းကာလတလျှောက်လုံး စာတွေ့၊ လက်တွေ့များ သင်ကြားခဲ့၍ အရည်ချင်းစစ်စာမေးပွဲများပြုလုပ်ကာ ပထမ၊ ဒုတိယ၊ တတိယနှင့် သင်တန်းကာလတစ်လျှောက်လုံး ဇွဲအရှိဆုံး ဇွဲဆုများကိုလည်းပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
========================
📌📌 ၅။ မိုးကုတ်နဲ့မူဆယ်တို့မှာ တိုက်ပွဲများပြင်းထန်၍ ဒေသခံ ၉၀၀နီးပါးစစ်ဘေးရှောင်နေရ
စင်တင်ဘာ၂၂ရက်
မိုးကုတ်နဲ့မူဆယ်တို့မှာ TNLAနဲ့စကစတပ်များ နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး ဒေသခံ ၉၀၀နီးပါးစစ်ဘေးရှောင်နေရတယ်လို့ သတင်းရရှိပါတယ်။
မိုးကုတ်မြို့နယ်တိုက်ပွဲအတွင်း ထိုအနီးအနားရှိ ဒေသခံ(၅၀၀)နီးပါးနှင့် မူဆယ်မြို့နယ်တွင် နမ့်ကတ်ရွာ၊ မန်ကန်ရွာ၊ မိုင်းဆက်ရွာနှင့် စယ်လန့်ရွာမှ ဒေသခံ(၄၀၀)နီးပါးသည် တုန်ခွမ်းရွာဇရပ်နှင့် နမ့်ခမ်းမြို့တို့တွင် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်မှ မိုးကုတ်မြို့စစ်ဗျူဟာကုန်းမှ အရပ်သားပြည်သူများအပေါ် လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အထက်ညောင်ကုန်းရွာရှိ နေအိမ်အပေါ်ကျရောက်ပေါက်ကွဲကာ နေအိမ်အတွင်းရှိ သားအဖနှစ်ဦးအား ထိမှန်ခဲ့ပြီး သားဖြစ်သူ အသက်(၅)နှစ်အရွယ် မောင်အောင်ကိုမြတ် သေဆုံးခဲ့ရပါတယ်။
ထို့အပြင် ညောင်ကုန်းရွာမှ အသက်(၄၀)ရှိ ဒေါ်ယာမယ်ရီနှင့် ဦးရှမ်းကြီးတို့နှစ်ဦးလည်း စကစပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ထိုနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး စက်တင်ဘာလ ၁၉ ရက်နေ့တွင် ညောင်ဖြူရွာမှ အမျိုးသားနှစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်အကြား ဇူလိုင်လ (၂၃)ရက်နေ့မှ စက်တင်ဘာလ (၂၁)ရက်နေ့အထိ တိုက်ပွဲစုစုပေါင်း(၅၆)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
========================
📌📌 ၆။ တနင်္သာရီမြို့နယ်မှ၊ ဇဝဲရွာခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် အမှတ်-၅၅၆ တပ်ရင်းမှ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားမှုမရှိဘဲ့ ပြင်ဝန်းရွာကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တချို့ပျက်စီးကာကျေးရွာသားများထွက်ပြေးတိမ်းရှောင်နေရ
စက်တင်ဘာ ၂၂
တနင်္သာရီမြို့နယ်မှ၊ ဇဝဲရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် အမှတ်-၅၅၆ တပ်ရင်းမှ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားမှုမရှိဘဲ့ ပြင်ဝန်းရွာကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တချို့ပျက်စီးကာကျေးရွာသားများထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စက်တင်ဘာ၂၂ရက်မှာ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဆိုပါတယ်။
"တနင်္သာရီမြို့နယ်မှ၊ ဇဝဲရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် အမှတ်-၅၅၆ တပ်ရင်းမှ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားမှုမရှိဘဲ့ ပြင်ဝန်းရွာကို စက်တင်ဘာ၂၂နံနက် ၁၀:၃၀ နာရီခန့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ ပျက်စီးခဲ့ပြီး ကျေးရွာသားများမှာနီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်"လို့ဆိုပါတယ်။
အမှတ်(၅၅၆)တပ်ရင်းသည် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း တပ်မဟာ(၆)နယ်မြေတွင် KNLAထံ လက်နက်နှင့်အတူ ရဲဘော်နှစ်ဦး အလင်းဝင်ခဲ့သည့် တပ်ရင်းလည်းဖြစ်ပါတယ်။
ခရီးသွားပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များမှ ထုတ်ပြန်ထားသည့် သတိပြုရန်အချက်များကို အလေးထားလိုက်နာပေးကြရန်အသိပေးကြေညာထားပါတယ်။
========================
📌📌 ၇။ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသောနေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်၍ စကစဘက်က၂၀ ကျော် သေဆုံးခဲ့
စက်တင်ဘာ၂၂ရက်
တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသောနေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်၍ စကစဘက်က၂၀ ကျော် သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၂၂ရက်မနက်ပိုင်းတွင် စကစတပ်များရှိသည့်နေရာများကို တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးအင်အားစုအချို့ထံမှ သိရပါတယ်။
ဒေါင်းမင်းဆီဆိုင်ဟောင်းနေရာ နှင့် လဝက ရုံးနေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်က ရဲနဲ့စကစတပ်များအပါအဝင် ပျူ ၂၀ ကျော် သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၄ လက် နှင့် ခဲယမ်းမျိုးစုံ ၁၀၀၀ ခန့် သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၈။ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင် ကျေးရွာအနီးတွင် စစ်အုပ်စုနှင့် PDF ပူးပေါင်းမဟာမိတ်တပ်များ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေ၍ လမ်းပိုင်းဆိုင်ရာသတိပေးနှိုးဆော်
စက်တင်ဘာ၂၂ရက်
ဟုမ္မလင်းHPDF-124က ဟုမ္မလင်းမြို့နယ် နောင်ပိုအောင် ကျေးရွာအနီးတွင် စစ်အုပ်စုနှင့် PDF ပူးပေါင်းမဟာမိတ်တပ်များ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေ၍ စက်တင်ဘာ၂၂ရက်မှာ လမ်းပိုင်းဆိုင်ရာ သတိပေးနှိုးဆော်ထားပါတယ်။
ဟုမ္မလင်းမြို့နယ် နောင်ပိုအောင် ကျေးရွာအနီးတွင် စစ်အုပ်စုနဲ့ SNA တပ်များဟာ PDF ပူးပေါင်းမဟာမိတ်တပ်များ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပါသဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြပါရန် မေတ္တာရပ်ခံ သတိပေးအပ်ပါတယ်လို့ဆိုပါတယ်။
နောင်ပိုအောင် - ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းတစ်လျှောက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပါ၍ ပြည်သူများအနေဖြင့် ဤလမ်းပိုင်းများအား ယာယီ ဖြတ်သန်းသွားလာခြင်းမပြုကြရန်သတိပေးထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment