၂၀၂၃ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်တွင်းပြည်ပက လူသားချင်းစာနာမှုရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ ဝိုင်းဝန်းပူးပေါင်းကူညီပေးကြဖို့ယာယီသမ္မတတိုက်တွန်း
📌 ၂။ စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို နည်းမျိုးစုံနဲ့ သိမ်းကြုံးနိုင်ဖို့ စည်းရုံးနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီသဘာပတိအဖွဲ့ဝင် နိုင်သုဝဏ္ဏဆို
📌 ၃။ နွေဦးတော်လှန်ရေးဟာ သီအိုရီကို အသေ ကိုင်စွဲသူတွေ နားမလည်နိုင်တဲ့ တော်လှန်ရေး ဖြစ်တယ်လို့ဆို
📌 ၄။ စစ်ဘေးရှောင်များကို ကယ်ထုတ်ပြီး မြင်းမူမြို့နယ်ခြေရာတော်ကျေးရွာဘက်သို့ ပြန်လာတဲ့တော်လှန်ရေးရဲဘော်များကို အရှင်ဖမ်းဆီးရမိသော်လည်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားသုံးဦးအပါအဝင် လူနှစ်ဆယ်ကျော်ကို အရှင်လတ်လတ်ရက်စက်စွာသတ်ဖြတ်
📌 ၅။ မူဆယ်နှင့် ကွတ်ခိုင်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲ ၃ နေရာဖြစ်ပွားပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ
📌 ၆။ ကရင်ပြည်နယ်၊ တပ်မဟာ (၆) နယ်မြေအတွင်းရှိ ရွှေအေးမြိုင်ဘုရားကုန်း၌ တပ်စွဲထားသော ခမရ (၅၅၉) စစ်ကောင်စီခြေကုတ်စခန်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ (၁)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာ ရရှိ
📌 ၇။ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာအတွင်းသို့ စကစစစ်ကြောင်း ရောက်ရှိလာပြီး ပြည်သူနေအိမ် (၆) လုံးအားမီးရှို့ဖျက်ဆီး၍ ပြည်သူပိုင် ပစ္စည်းဉစ္စာများကိုလှည်းများဖြင့် သယ်ဆောင်ခိုးယူ
📌 ၈။ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရုံလျှံသည်အထိ လာရောက် အားပေးခဲ့ကြသည့် The WAY Musical Film ပြသပွဲမှ USB Stick များ နှင့် အိတ်များကို လေလံဆွဲခဲ့ကြရာမှ မြန်မာငွေကျပ် သိန်း ၂၆၀ ကျော် ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်တွင်းပြည်ပက လူသားချင်းစာနာမှုရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ ဝိုင်းဝန်းပူးပေါင်းကူညီပေးကြဖို့ယာယီသမ္မတတိုက်တွန်း
စက်တင်ဘာ၂၃ရက်
စက်တင်ဘာလ (၂၃) ရက်နေ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ အခုလိုပြောပါတယ်။
“အတိဒုက္ခခံစားနေရတဲ့ ပြာပုံကြားက ပြည်သူတွေက အမေ့လျော့ခံတွေ၊ ပစ်ပယ်ခံထားရသူတွေ မဟုတ်ဘူးဆိုတာကို ဒီနေ့ဆွေးနွေးပွဲက သက်သေပြနေပါတယ်။ နှီးနှောဖလှယ်ပွဲမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ အခက်အခဲတွေကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို အတူပူးပေါင်းရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်တွင်းပြည်ပက လူသားချင်းစာနာမှုရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ ဝိုင်းဝန်းပူးပေါင်းကူညီပေးကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်”လို့ဆိုပါတယ်။
နှီးနှောဖလှယ်ပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ ဖက်ဒရယ်ယူနစ်အသီးသီးနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်ကြီးများ၊ အလှူရှင်နိုင်ငံများမှ ကိုယ်စားပြု တက်ရောက်ကြသူများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြေပြင်သပိတ်အင်အားစုများအပါအဝင် လူဦးရေစုစုပေါင်းနှစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို နည်းမျိုးစုံနဲ့ သိမ်းကြုံးနိုင်ဖို့ စည်းရုံးနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီသဘာပတိအဖွဲ့ဝင် နိုင်သုဝဏ္ဏဆို
စက်တင်ဘာ၂၃ရက်
စက်တင်ဘာ၂၃ရက်ကျင်းပတဲ့၂၉ ကြိမ်မြောက် MSFC ပုံမှန်အစည်းအဝေးတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီသဘာပတိအဖွဲ့ဝင် နိုင်သုဝဏ္ဏဆိုပါတယ်။
"စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို နည်းမျိုးစုံနဲ့ သိမ်းကြုံးနိုင်ဖို့ စည်းရုံးနေပြီး ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်၊ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ ထပ်မံ အယုံသွင်းနေကြပြန်ပါတယ်။ ဒီကာလမှာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအနေနဲ့ နှစ်ပေါင်းများစွာ ဖိနှိပ်ခံလာခဲ့ရတာကို သင်ခန်းစာယူပြီး စစ်အုပ်စုရဲ့ အယောင်ပြ ငြိမ်းချမ်းရေးကို အယုံအကြည် စိုးစဉ်မျှ မရှိတော့ဘူးလို့ မိမိတို့အနေနဲ့ ယုံကြည်ပါတယ်။"
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအချို့ကို ငြိမ်းချမ်းရေးအယောင်ပြ၍ စည်းရုံးသိမ်းသွင်းလျက်ရှိနေပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးဟာ သီအိုရီကို အသေ ကိုင်စွဲသူတွေ နားမလည်နိုင်တဲ့ တော်လှန်ရေး ဖြစ်တယ်လို့ဆို
စက်တင်ဘာ၂၃ရက်
နွေဦးတော်လှန်ရေးဟာ သီအိုရီကို အသေ ကိုင်စွဲသူတွေ နားမလည်နိုင်တဲ့ တော်လှန်ရေး ဖြစ်တယ်လို့ အလုပ်သမားဒုဝန်ကြီးဦးကျော်နီကသုံးသပ်ဆိုထားပါတယ်။
"သပိတ်တွေစုံပြီးမှ သူပုန်ထခဲ့တယ်။ ကျေးလက်ကို အခြေခံပြီး မြို့ပြကို ဝိုင်းနေတယ်။ လမ်းအားလုံး နေပြည်တော်ကို ဦးတည်နေတယ်
ရှိပြီးသား တော်လှန်ရေး သီအိုရီတွေနဲ့လည်း ညီတယ်။ အသစ်တွေလည်းပေါ်လာပါလိမ့်မယ်။ နွေဦးတော်လှန်ရေးက အဟောင်းအဟောင်းတွေကြားကနေ အသစ်အသစ်တွေ ပေါ်ထွန်းလာလိမ့်မယ်။ ရှောင်တခင်မဟုတ်ဘူး ဆိုတဲ့စကား မိမိ စိတ်အလိုအတိုင်းမဟုတ်ဘူးဆိုတဲ့ စကားတွေကို လက်တွေ့ ပြတဲ့ တော်လှန်ရေးပဲ သီအိုရီကို အသေ ကိုင်စွဲသူတွေ နားမလည်နိုင်တဲ့ တော်လှန်ရေး ဖြစ်တယ်"လို့ဆိုပါတယ်။
၂၀၂၁ခု နှစ် ဖေဖော်ဝါရီ၁ရက်စစ်တပ်ကနိုင်ငံတော်အာဏာကိုလုယူပြီးနောက်ပိုင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနှင့်အတူ နွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၄။ စစ်ဘေးရှောင်များကို ကယ်ထုတ်ပြီး မြင်းမူမြို့နယ်ခြေရာတော်ကျေးရွာဘက်သို့ ပြန်လာတဲ့တော်လှန်ရေးရဲဘော်များကို အရှင်ဖမ်းဆီးရမိသော်လည်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားသုံးဦးအပါအဝင် လူနှစ်ဆယ်ကျော်ကို အရှင်လတ်လတ်ရက်စက်စွာသတ်ဖြတ်
စစ်ဘေးရှောင်များကို ကယ်ထုတ်ပြီး မြင်းမူမြို့နယ် ခြေရာတော်ကျေးရွာဘက်သို့ ပြန်လာတဲ့တော်လှန်ရေးရဲဘော်များကို အရှင်ဖမ်းဆီးရမိသော်လည်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားသုံးဦးအပါအဝင် လူနှစ်ဆယ်ကျော်ကို အရှင်လတ်လတ်ရက်စက်စွာသတ်ဖြတ်ခဲ့တယ်လို့စက်တင်ဘာ၂၃ရက်မှာ ဗိုလ်တောက်ထွန်း (မြောင်)က အတည်ပြုပြောပါတယ်။
"ကျွန်တော်တို့သတင်းရတာကတော့ ကားနဲ့သွားတယ်။ ကျော့မင်းကျေးရွာကနေ ခြေတော်ရာကို အသွားမှာ လမ်းမှာတားခံလိုက်ရတာပေါ့။ အတားခံရပြီးအဖမ်းခံလိုက်ရတယ်။ မနေ့ည၈နာရီကပေါ့။ ဒီနေ့မှ အလောင်းတွေတွေ့လိုက်ရတာပေါ့ အားလုံး၂၅လောင်းပေါ့။ မိသွားတာ အရှင်ဖမ်းမိသွားတာပါ။ ရဲဘော်တွေက ပြန်ပစ်ချိန်မရလိုက်ဘူး"လို့ဆိုပါတယ်။
ဖြစ်စဥ်တွင် ရဲဘော်များ၏ လက်လုပ်သေနတ်များနဲ့ တစ်တောင့်ထိုးသေနတ်များ အကြမ်းဖက်စစ်တပ်က သိမ်းဆည်းရယူသွားခဲ့တယ်လို့ဆိုပါတယ်။
သတ်ဖြတ်ခံရသည့်အထဲတွင် ကျော့မင်းကျေးရွာမှ ပကဖ ရဲဘော် ၁၇ ဦးနှင့် ပြည်သူ ၃ဦးအပါအဝင် စစ်ကိုင်းခရိုင်တပ်ရင်းမှ ရဲဘော်၅ဦးတို့ပါဝင်ပါတယ်။
အကြမ်းဖက်စစ်တပ်၏ စစ်လော်ဘီတယ်လီဂရန်များမှ ထုတ်ပြန်ရာတွင် ရင်ဆိုင်တိုက်ပွဲသဖွယ် ထုတ်ပြန်ထားသော်လည်း သူရဲဘောကြောင်စွာ ဖမ်းဆီးရမိသည့်တော်လှန်ရေးရဲဘော်များကို လက်နက်သိမ်းကာသတ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၅။ မူဆယ်နှင့် ကွတ်ခိုင်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲ ၃ နေရာဖြစ်ပွားပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ
စက်တင်ဘာလ ၂၃ ရက်
စက်တင်ဘာ၂၃ရက်မှာ စစ်ရေးသတင်းကို PSLF/TNLAက အတည်ပြုဆိုပါတယ်။
"တအာင်းပြည်နယ် တပ်မဟာ(၁)စစ်ဒေသ မူဆယ်မြို့နယ် ဆိုင်ခေါင်ရွာအနီး၊ ဟိုပေါ်ရွာအနီးနှင့် တပ်မဟာ(၅)စစ်ဒေသ ကွတ်ခိုင်မြို့နယ် ကောင်မှုရာအနီးတွင် ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ တစ်နေ့တွင်း စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA တို့ တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားခဲ့တယ်"လို့ဆိုပါတယ်။
မူဆယ်မြို့နယ်တွင် နံနက်(၁၁း၅၀)အချိန် ဆိုင်ခေါင်ရွာအနီးသို့လည်းကောင်း၊ နေ့လည်(၂း၀၀)အချိန်တွင် ဟိုပေါ်ရွာအနီးသို့လည်းကောင်းနေရာခြေကုတ်ရယူနိုင်ရန် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် တပ်မ - ၉၉/ ခြေမြန်တပ်ရင်း - ၄၁၉၊ လုံထန်ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
ထို့အပြင် နေ့လည်(၁း၀၀)အချိန်တွင် တအာင်းတပ်မတော် တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် တအာင်းတပ်မတော်ရှိရာ ကောင်မူရာအနီးသို့ စစ်ကောင်စီတပ် စကခ - ၁၇/ ခြေမြန်ရင်း - ၅၇၄၊ ၅၇၇/ ရမခ/ခြေလျှင်ရင်း - ၄၅ နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာနေစဉ် ကောင်မှုရာအနီးတွင် တအာင်းတပ်မတော် - TNLAနှင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဒရုန်းဖြင့် နံနက်(၉း၂၀)တွင် (၂)ကြိမ် (၁၀း၅၀)အချိန်တွင် (၂)ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
ထို့အပြင် နေ့လည်(၁း၀၀)အချိန်နှင့် (၃း၅၀)အချိန်တွင် လားရှိုးမှ Mi 35 လေယာဉ်ဖြင့် (၂)ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ် လွယ်ကီလောက်တပ်စခန်းနှင့် နမ့်ဖက်ကာတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် နာထန်ရွာ၊ မန်ကန်ရွာ၊ ခိုမုန်းရွာ၊ ဟိုပေါ်ရွာအနီးသို့ လက်နက်ကြီးဖြင့် အကြိမ်(၅၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
စက်တင်ဘာလ ၂၂ ရက်နေ့ တစ်နေ့အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ(၃)နေရာအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး ၎င်းတို့ထံမှ သေနတ်(၃)လက်၊ လက်ထောက်(၂)လက်၊ ၆၀ မမ (၆)လုံး၊ ဗုံးသီးအပြင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ကရင်ပြည်နယ်၊ တပ်မဟာ (၆) နယ်မြေအတွင်းရှိ ရွှေအေးမြိုင်ဘုရားကုန်း၌ တပ်စွဲထားသော ခမရ (၅၅၉) စစ်ကောင်စီခြေကုတ်စခန်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ (၁)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာ ရရှိ
စက်တင်ဘာ၂၃ရက်
ကရင်ပြည်နယ်၊ တပ်မဟာ (၆) နယ်မြေအတွင်းရှိ ရွှေအေးမြိုင်ဘုရားကုန်း၌ တပ်စွဲထားသော ခမရ (၅၅၉) စစ်ကောင်စီခြေကုတ်စခန်းကိုတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ (၁)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ FreedomFighterက အတည်ပြုပါတယ်။
"စက်တင်ဘာ၂၃ရက်နေ့၊ မနက် (၁၁း၄၀)နာရီအချိန်ခန့်တွင် ကရင်ပြည်နယ်၊ တပ်မဟာ (၆) နယ်မြေအတွင်းရှိ ရွှေအေးမြိုင်ဘုရားကုန်း၌ တပ်စွဲထားသော ခမရ (၅၅၉) စစ်ကောင်စီခြေကုတ်စခန်းကို ဦးစွာ စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့၊ Cobra Column 2 VENOM နှင့် KTLA Freedom Fighter ဌာနချုပ်စစ်ကြောင်း ပူးပေါင်းအဖွဲ့တို့ ပူးပေါင်း၍ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ (၁)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာ ရရှိသွားကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများကို နေ့လည် (၁း၄၀)နာရီအချိန်တွင် ဝေါ်လေသို့ ခေါ်ဆောင်သွားကြောင်း သိရပါတယ်။
========================
📌📌 ၇။ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာအတွင်းသို့ စကစစစ်ကြောင်း ရောက်ရှိလာပြီး ပြည်သူနေအိမ် (၆) လုံးအားမီးရှို့ဖျက်ဆီး၍ ပြည်သူပိုင် ပစ္စည်းဉစ္စာများကိုလှည်းများဖြင့် သယ်ဆောင်ခိုးယူ
စက်တင်ဘာ၂၃ရက်
ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာအတွင်းသို့စကစစစ်ကြောင်း ရောက်ရှိလာပြီး ပြည်သူနေအိမ် (၆) လုံးအားမီးရှို့ဖျက်ဆီး၍ ပြည်သူပိုင် ပစ္စည်းဉစ္စာများကိုလှည်းများဖြင့် သယ်ဆောင်ခိုးယူသွားခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ်၁တပ်ရင်းက စက်တင်ဘာ၂၃ရက်မှာ အသိပေးဆိုပါတယ်။
"စက်တင်ဘာ၂၂ ရက်နေ့တွင် မြောက်ခင်ရန်းပျူရွာဘက်မှ ထွက်ခွာလာသော စကစနဲ့ပျူအင်အား (၁၅၀) ပါ စစ်ကြောင်းသည် စက်တင်ဘာ ၂၃ရက် တွင် တောင်ခင်ရန်းရွာအတွင်းသို့ ရောက်ရှိလာပြီး ပြည်သူနေအိမ် (၆) လုံးအားမီးရှို့ဖျက်ဆီး၍ ပြည်သူပိုင် ပစ္စည်းဉစ္စာများကိုလှည်းများဖြင့် သယ်ဆောင်ယူသွားခဲ့ပါတယ်"လို့ဆိုပါတယ်။
ခလရ (၅၀)မှ လာသော စစ်ကြောင်းမှာ ကန်ရွာ အရှေ့တည့်တည့်သို့ ထွက်ခွာသွားခဲ့ပြီး ပြည်သူများအနေဖြင့် စကစ စစ်ကြောင်းသတင်းများကို နားစွင့်ကာ ဂရုစိုက် ရှောင်ရှားကြပါရန် နှိုးဆော်ထားပါတယ်။
========================
📌📌 ၈။ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရုံလျှံသည်အထိ လာရောက် အားပေးခဲ့ကြသည့် The WAY Musical Film ပြသပွဲမှ USB Stick များ နှင့် အိတ်များကို လေလံဆွဲခဲ့ကြရာမှ မြန်မာငွေကျပ် သိန်း ၂၆၀ ကျော် ရရှိ
စက်တင်ဘာ၂၃
စက်တင်ဘာလ ၂၃ ရက်နေ့ တိုကျိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် The Way Musical Filmပွဲတွင် လက်မှတ် အစောင်ရေ ၁၄၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ပရိသတ်မှာ ရုံအပြည့် လာရောက်အားပေးခဲ့ကြပြီး ဇာတ်ကားဖန်တီးရှင် ဒါရိုက်တာလင်းလင်း နှင့် သရုပ်ဆောင် ချစ်သုဝေတို့ လက်မှတ်ရေးထိုးထားသော USB Stick များ နှင့် အိတ်များကို လေလံဆွဲခဲ့ကြရာမှ မြန်မာငွေကျပ် သိန်း ၂၆၀ ကျော် ရရှိကြောင်း သိရသည်။
အဆိုပါ ပွဲတွင်ရုပ်ရှင် အမှတ်တရ အင်္ကျီနှင့်အိတ်များအပြင် မချစ်သုဝေ၏ ဆန်းသစ်ထူးခြားသော အိုင်ဒီယာအတိုင်း တီထွင်ဖန်တီးထားသည့် ကက်ဆက်တိတ်ခွေ ပုံစံ USB Stick များကိုပါ ရောင်းချခဲ့ခြင်းဖြစ်ပါတယ်။
ထို့အပြင် ရုပ်ရှင်ဇာတ်ကားထဲမှ ပါးခြစ်လေးများအတိုင်း ဆေးခြယ်ခြင်း၊ The WAY Frame ဖြင့် ချက်ချင်းရိုက် ချက်ချင်းထုတ်ယူ အမှတ်တရ ဓာတ်ပုံရိုက်ခြင်း ၊ ယန်း ၅၀၀ ကံစမ်းမဲနှိုက်ခြင်း စသည့် အစီအစဉ်များကိုပါ ထည့်သွင်းပြုလုပ်ခဲ့ကြပါတယ်။
ရုပ်ရှင်ပွဲမှ ရရှိလာသော ငွေကြေးအမြတ်များ အားလုံးကို "The WAY" အဖွဲ့အစည်းကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းမှတဆင့် မြေပြင်ရှိ လိုအပ်နေသော နေရာများသို့ ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
The WAY Musical Filmကို ဂျပန်နိုင်ငံ၏ အခြားမြို့ကြီး ခုနှစ်မြို့ဖြစ်သည့် ခန်းဆိုင်ဒေသ (အိုဆာကာ/ကျိုတို/ကိုဘေး) ၊ ရှိဇုအိုက ၊ ကျူးရှူး နာကစု ၊ ကျူးရှူး ဆာဂ ၊ အိုခီနာဝါ နှင့်ဟိုကိုင်းဒိုးတို့တွင် စက်တင်ဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ အပတ်စဉ်အလိုက်ပြသသွားမှာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment