၂၀၂၃ စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မဟာမိတ်တွေရဲ့နယ်မြေတွေမှာ အုပ်ချုပ်ရေးအလုပ်တွေကို စတင်လုပ်ဆောင်နိုင်လာပြီးတော်လှန်ရေးနဲ့ အုပ်ချုပ်ရေးကို ပူးတွဲလုပ်ဆောင်နိုင်ပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလဆို
📌 ၂။ သယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိတယ်လို့ဆို
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများ တွေ့ဆုံဆွေးနွေး
📌 ၄။ နွေဦးဘဏ်နဲ့ Spring Pyin Oo Lwin Investment ဝယ်ယူလို့ရ
📌 ၅။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဆန္ဒထုတ်ဖော်ပွဲနှင့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပ
📌 ၆။ ကန့်ဘလူခရိုင်အတွင်း စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ခုနှစ်သြဂုတ်လကုန်အထိ စစ်ဘေးရှောင်များမြွေဆိုးကိုက်ခံရမှုမှာ ၁၀၈ ဦးအထိရှိလာ
📌 ၇။ CDF Matupi Battalion (2)ထံ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်ပစ်ဗုံး ၂လုံး ၊ MAကျည်ဆံ အထောင့် ၁၂၂လုံး နှင့်အတူ အလင်းဝင်ရောက်လာ
📌 ၈။ ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ တပ်မမှူး ထွက်ပြေးတယ်လို့သတင်းထွက်ပေါ်
📌 ၉။ ကုန်ကျစရိတ်တစ်လက်ကို ကျပ်၆သိန်းရှိတဲ့ ၉မမ semi auto ပစ္စတိုများ ယက္ခညီနောင် PDF Mandalay ကထုတ်လုပ်အောင်မြင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မဟာမိတ်တွေရဲ့နယ်မြေတွေမှာ အုပ်ချုပ်ရေးအလုပ်တွေကို စတင်လုပ်ဆောင်နိုင်လာပြီးတော်လှန်ရေးနဲ့ အုပ်ချုပ်ရေးကို ပူးတွဲလုပ်ဆောင်နိုင်ပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလဆို
စက်တင်ဘာ၂၄
မဟာမိတ်တွေရဲ့နယ်မြေတွေမှာ အုပ်ချုပ်ရေးအလုပ်တွေကို စတင်လုပ်ဆောင်နိုင်လာပြီးတော်လှန်ရေးနဲ့ အုပ်ချုပ်ရေးကို ပူးတွဲလုပ်ဆောင်နိုင်ပြီလို့စက်တင်ဘာလ (၂၄)ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ ဆိုရှယ်မီဒီယာမှတဆင့် သတင်းစကားပါးဆိုပါတယ်။
“မိမိတို့ မဟာမိတ်တွေရဲ့နယ်မြေတွေမှာ အုပ်ချုပ်ရေးအလုပ်တွေကို စတင်လုပ်ဆောင်နိုင်လာတာ တွေ့ရပါတယ်။ ဒါဟာ တော်လှန်ရေးနဲ့ အုပ်ချုပ်ရေးကို ပူးတွဲလုပ်ဆောင်နေနိုင်ပြီဆိုတာကို ထင်ထင်ရှားရှား ပြသနေတာပါ။”လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်းလျှောက်လှမ်းလျက်ရှိပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့စစ်ရေး၊နိူင်ငံရေးပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၂။ သယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိတယ်လို့ဆို
စက်တင်ဘာ၂၄ရက်
စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃၈/၂၀၂၃)ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က ရှင်းလင်းတင်ပြခဲ့ပါတယ်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲခြင်းကဏ္ဍတွင် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဖွဲ့စည်းကာ ပုံမှန်တွေ့ဆုံမှုများ ပြုလုပ်၍ မူဝါဒဆိုင်ရာလမ်းညွှန်မှုများ ချမှတ်ခြင်း၊ အရေးပေါ်ကြေညာချက်များ ထုတ်ပြန်ခြင်း၊ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့များ ဖွဲ့စည်းခြင်း စသည့်လုပ်ငန်းများအပြင် သယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
၎င်းအပြင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်းကဏ္ဍတွင် အခြေခံပညာ အွန်လိုင်းကျောင်းများတွင် အသိပညာပေးသင်ခန်းစာများအား ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်ခြင်း၊ လူမှုကွန်ရက်များတွင် ပြည်သူလူထုအသိပညာပေးလုပ်ငန်းများ စီစဥ် ဆောင်ရွက်ခြင်း၊ CDM ဝန်ထမ်း (၄၂၆၂)ဦးအတွက် ငွေကြေးထောက်ပံ့ပေးနိုင်ခဲ့ခြင်းနှင့် (၄၁၀) ဦးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းတို့အပါအဝင် ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဥ်များအား အသေးစိတ်တင်ပြဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများ တွေ့ဆုံဆွေးနွေး
စက်တင်ဘာ၂၄
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၃)ကို စက်တင်ဘာ၂၄ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးသို့ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် မြေပြင်တရားရုံးများမှ တရားသူကြီးများ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
ပထမဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် တရားရုံးအသီးသီးအား လိုအပ်သည့်သင်တန်းများ ပို့ချခဲ့ပြီးဖြစ်သည့်အပြင် နောက်ပိုင်းတွင်လည်း လုပ်ငန်းခွင်သင်တန်းများ ထပ်မံပို့ချရန်ရှိကြောင်း၊ မြေပြင်တွင်လည်း သက်ဆိုင်ရာကာကွယ်ရေး၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရန်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ အဓိကအားဖြင့် ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြေပြင်မြို့နယ်တရားရုံးအသီးသီးရှိ တရားသူကြီးများ အတူတကွပူးပေါင်းကာ ရှေ့လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်အောင် ပေါင်းစပ်ညှိနှိုင်းခြင်းလမ်းစဉ်ဖြင့် ကြိုးပမ်းဆောင်ရွက် အားထုတ်သွားကြရန်"ဆိုခဲ့ပါတယ်။
ထို့နောက်တက်ရောက်လာသူ တရားသူကြီးများမှ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများမှ အသီးသီးပြန်လည် ဖြေကြားခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ခဲ့ပါတယ်။
========================
📌📌 ၄။ နွေဦးဘဏ်နဲ့ Spring Pyin Oo Lwin Investment ဝယ်ယူလို့ရ
စက်တင်ဘာ၂၄
နွေဦးဘဏ်နဲ့ Spring Pyin Oo Lwin Investment ဝယ်ယူလို့ရတယ်လို့ စက်တင်ဘာ၂၃ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်က အသိပေးဆိုထားပါတယ်။
"နွေဦးတော်လှန်ရေးမှာ မိမိ တတ်နိုင်တဲ့အပိုင်းက ပါဝင်တော်လှန်ကြရင်း မိသားစုအနာဂတ်အတွက်ပါ စိတ်အေးရအောင် ကြိုတင်စုဆောင်းလို့ရတဲ့ နည်းလမ်းကောင်းတွေ နွေဦးဘဏ်မှာ ရှိနေတာ သိပြီးပြီလား။ နွေဦးဘဏ်နဲ့ Spring Pyin Oo Lwin Investment မှာ ဝယ်ထားမယ်။ EOD Project တစ်ခုဖြစ်တဲ့ Spring Pyin Oo Lwin ရဲ့ မြေကွက်တွေကို ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ နွေဦးဘဏ်စနစ်ကို အသုံးပြုပြီး ငွေချေဝယ်ယူထားမယ်ဆိုရင် မိမိအနာဂတ်အတွက်လည်း အိမ်မက်နေရာလေးတစ်ခု ကြိုတင်စုဆောင်းပြီး ဖြစ်သလို တော်လှန်ရေးအတွက်လည်း ထောက်ပို့ပါဝင်ပြီးဖြစ်ပါတယ်"လို့ဆိုထားပါတယ်။
The End of Dictatorship (EOD) ၏ အစီအစဉ်တစ်ရပ် အဖြစ် Spring Pyin Oo Lwin Investment “နွေဦး ပြင်ဦးလွင် ရင်းနှီးမြုပ်နှံမှု စီမံကိန်း” ကို မတရားအာဏာသိမ်း စစ်တပ်ပိုင်မြေများအနက်မှ တပ်မတော်နည်းပညာတက္ကသိုလ်အနီး မြေဧက ၃၀၀ ခန့်ကို စီးပွားရေးလုပ်ငန်းသုံးနှင့် အိမ်ရာမြေများ ဖော်ထုတ်ရန် စီစဉ်ထားပါတယ်။
စီးပွားရေးလုပ်ငန်းသုံးအဖြစ် ပေ ၁၀၀ x ပေ ၂၀၀ အကွက်များအား မန္တလေး-လားရှိုးလမ်းမကြီးဘက်ခြမ်းတွင် ဖော်ဆောင်မည် ဖြစ်ပြီး စီမံကိန်းအတွင်းဖက်တွင် ပေ ၄၀ x ပေ ၈၀ အကွက်၊ ပေ ၈၀ x ပေ ၈၀ အကွက်နှင့် ၁ ဧက အကွက်များအား လူနေအိမ်ရာမြေကွက်များအဖြစ် ဖော်ထုတ်ရောင်းချပေးသွားမှာဖြစ်ပါတယ်။
မြေပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပြီး၊ ကာလပေါက်စျေး၏ သုံးပုံတစ်ပုံခန့် တန်ဖိုးဖြင့်သာ ရောင်းချပေးမှာ ဖြစ်ကာငွေပေးချေမှုကိုလည်း တော်လှန်ရေး ကာလအတွင်းနှင့် တော်လှန်ရေး ကာလအပြီးဟု ပိုင်းခြားပေးသွင်းရမှာ ဖြစ်ပါတယ်။
========================
📌📌 ၅။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဆန္ဒထုတ်ဖော်ပွဲနှင့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပ
စက်တင်ဘာ၂၄ရက်
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဆန္ဒထုတ်ဖော်ပွဲနှင့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တယ်လို့ စက်တင်ဘာ၂၄ရက်မှာ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC)ကအသိပေးဆိုပါတယ်။
" မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC) နှင့် တော်လှန်ပြည်သူများ စုပေါင်း၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဆန္ဒထုတ်ဖော်ပွဲနှင့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ရှိ ဂင်မြောင်ဒယ်ဘူတာရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။
MFDMCရဲဘော်များနှင့် ကျောင်းသား ပြည်သူများမှ တော်လှန်ရေးခရီးအတွက် ထောက်ပို့တပ်သားအရေးပါမှု၊ နွေဦးတော်လှန်ရေးတွင် တော်လှန် အမျိုးသမီးများ၏ အရေးကြီးသည့်အခန်းဂဏ္ဍတွင် ပါဝင်မှု၊ စစ်ကောင်စီအား အသက်ဆက်နေသည့် စစ်တပ်ထုတ်ကုန်များ လုံးဝမသုံးစွဲရေး ဟောပြောမှု၊ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား UNတွင် ဆက်လက်ထားရှိရေး ထောက်ခံမှု ၊ တော်လှန်ကဗျာရွတ်ဖတ်မှု၊ တော်လှန်သီချင်းများကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။
အဆိုပါအခမ်းအနားသို့ ကိုရီးယားရောက်မြန်မာအင်အားစုများလာရောက်ဝန်းရံခဲ့ပါတယ်။
========================
📌📌 ၆။ ကန့်ဘလူခရိုင်အတွင်း စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ခုနှစ်သြဂုတ်လကုန်အထိ စစ်ဘေးရှောင်များမြွေဆိုးကိုက်ခံရမှုမှာ ၁၀၈ ဦးအထိရှိလာ
စက်တင်ဘာ၂၄ရက်
စက်တင်ဘာ၂၄ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အသိပေးဆိုပါတယ်။
"ကန့်ဘလူခရိုင်အတွင်း စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ခုနှစ်သြဂုတ်လကုန်အထိ စစ်ဘေးရှောင်များမြွေဆိုးကိုက်ခံရမှုမှာ ၁၀၈ ဦးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။ အမျိုးသား ၇၇ ဦးနှင့် အမျိုးသမီး ၃၁ ဦး စုစုပေါင်းမြွေဆိုးကိုက်ခံရသည့် စစ်ရှောင်ပြည်သူ ၁၀၈ ဦးရှိခဲ့ပြီး၊ ၎င်းတို့အနက် အမျိုးသား ၁၀ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ အသက်ဆုံးရှုံးခဲ့ရပါတယ်"လို့ဆိုပါတယ်။
မြွေဆိုးကိုက်ခံရ၍ သေဆုံးသူများမှာ ကန့်ဘလူမြို့နယ်တွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်များဖြစ်ကြပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ကိုးထောင်ဘို့၊ ချပ်သင်း၊ ပင့်သာ၊ ထန်းကုန်း၊ ဇီးကုန်း စသည့်တိုက်နယ်များမှာ မကြာခဏ စစ်ကြောင်းထိုးခံနေရသည့်တိုက်နယ်များဖြစ်ကြပါတယ်။
ကန့်ဘလူမြို့နယ်အတွင်း အမြဲစစ်ဘေးရှောင်ရွာပေါင်း ၃၀ အထက်မှာရှိပြီး စစ်ဘေးရှောင်ဦးရေ သုံးသောင်းအကျော်မှာရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။
========================
📌📌 ၇။ CDF Matupi Battalion (2)ထံ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်ပစ်ဗုံး ၂လုံး ၊ MAကျည်ဆံ အထောင့် ၁၂၂လုံး နှင့်အတူ အလင်းဝင်ရောက်လာ
စက်တင်ဘာ၂၄ရက်
CDF Matupi Battalion (2)ထံ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးလက်ပစ်ဗုံး ၂လုံး ၊ MAကျည်ဆံ အထောင့် ၁၂၂လုံး နှင့်အတူ အလင်းဝင်ရောက်လာတယ်လို့ စက်တင်ဘာ၂၄ရက်မှာ CDF Matupi Battalion (2) မှအသိပေးဆိုပါတယ်။
စက်တင်ဘာလ (၁၈)ရက်၊၂၀၂၃ ခုနှစ်တွင် ရဲဘော်မိုးအောင် နှင့် ရဲဘော်တိုးနိုင်ဝေ တို့သည် လက်ပစ်ဗုံး ၂လုံး နှင့် MAကျည်ဆံ အထောင့် ၁၂၂လုံး နှင့်အတူ CDF Matupi Battalion- 2 ထံအလင်းဝင်ရောက်လာခဲ့တယ်။
စက်တင်ဘာလ(၉)ရက်နေ့ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး CDF Matupi Battalion -2 ထံလက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ကာ ဆုကြေးငွေများပေးအပ်ခဲ့ပါတယ်။
========================
📌📌 ၈။ ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ တပ်မမှူး ထွက်ပြေးတယ်လို့သတင်းထွက်ပေါ်
စက်တင်ဘာ၂၄ရက်
ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ တပ်မမှူး ထွက်ပြေးတယ်လို့သတင်းထွက်ပေါ်နေတယ်လို့ စက်တင်ဘာ၂၄ရက်မှာ ကျိုက်ထို KITကဆိုပါတယ်။
"တွေးမိတာတော့ နေပြည်တော်မှာ အဖမ်းခံ စစ်ဆေးခံနေရတဲ့ သူတွေနဲ့ ကွင်းဆက်ပါတာကြိုသိလို့ ဖြစ်မယ်။ စက်တင်ဘာ၂၃ရက်နေ့ကတည်းက ရွာတွေဘက်ကို အသည်းအသန်လိုက်ရှာနေတာပဲ။ ပျောက်တာကတော့သူတစ်ယောက်ထဲပါပဲ"လို့ ကျိုက်ထို KITကအတည်ပြုပြောပါတယ်။
ကျိုက်ထိုမြို့နယ် အခြေစိုက် တပ်မ ၄၄ တပ်မမှူး ထွက်ပြေးသွားသည့်အတွက် တပ်မ ၄၄ လက်အောက်ခံ အကြမ်းဖက်စစ်သားများမှ အပူးတပြင်း လိုက်ရှာနေကြတယ်လို့သိရပါတယ်။
တပ်မ ၄၄ တပ်မမှူးသည် ဘယ်နေ့က ထွက်ပြေးသွားသည်ကို မသိရသေးသော်လည်း အကြမ်းဖက်စစ်သားများသည် ကျိုက်ထိုမြို့နယ် တပ်မ ၄၄ နှင့် နီးစပ်သည့် ကျေးရွာများဖြစ်တဲ့ ငှက်ပျောတော၊ တကေးချောင်းဖျား၊ ဒူးရင်းမြောင်၊ ပျဥ်းမစခန်း၊ ကျွန်းတော စတဲ့ ကျေးရွာများကို အင်းအားများစွာဖြင့် ဖြန့်ကျက်ကာ တစ်အိမ်တက် တစ်အိမ်ဆင်း စစ်သားတစ်ယောက် ထွက်ပြေးသွားသည်ကို တွေ့ရှိသလားဟု ယမန်နေ့ မနက်ပိုင်းတွင် လိုက်မေးနေကြောင်း ရွာခံတွေမှ ပြောပြတယ်လို့သိရပါတယ်။
========================
📌📌 ၉။ ကုန်ကျစရိတ်တစ်လက်ကို ကျပ်၆သိန်းရှိတဲ့ ၉မမ semi auto ပစ္စတိုများ ယက္ခညီနောင် PDF Mandalay ကထုတ်လုပ်အောင်မြင်
ကုန်ကျစရိတ်တစ်လက်ကို ကျပ်၆သိန်းရှိတဲ့ ၉မမ semi auto ပစ္စတိုများ ယက္ခညီနောင် PDF Mandalay ကထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ စက်တင်ဘာ၂၄ရက်မှာ ယက္ခညီနောင် PDF Mandalay က ရဲဘော်တစ်ဦးကအတည်ပြုပြောပါတယ်။
"အလက်ရေများများမထုတ်သေးနိုင်ပါဘူး။ တစ်လက်ကိုကုန်ကျစရိတ်ကျပ်ခြောက်သိန်းရှိပါတယ်။ မိုလ်နဲ့ထုတ်လုပ်တာပါ"လို့ဆိုပါတယ်။
ပြည်သူ့များ၏ ကူညီထောက်ပံ့မှုဖြင့် အရွယ်အစားသေးငယ်အောင်ပြုလုပ်ထားသော ၉မမ semi auto ပစ္စတိုများကိုထုတ်လုပ်အောင်မြင်တယ်လို့ ယက္ခညီနောင် PDF Mandalay ကအသိပေးဆိုထားပါတယ်။
"ထုတ်လုပ်မှုအောင်မြင်တော့ အလက်ရေများများထုတ်ချင်ပါတယ်"လို့ ယက္ခညီနောင် PDF Mandalay ကဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment