12th OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ "တော်လှန်ရေးကာလမှာ အကန့်အသတ်မျိုးစုံကြားကအလုပ်လုပ်နေတဲ့ လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိနေကြပြီး အမှန်ပြင်နိုင်ဖို့ ကိုယ်တိုင်ပါဝင်ပြီး စိတ်ရှည်သီးခံ ဆွေးနွေးအဖြေရှာဖို့သာ အခက်ဆုံးဖြစ်တယ်လို့ဆို

📌 ၂။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့တစ်ဖက်ကငြိမ်းချမ်းရေးကိုအကြောင်းပြပြီး တစ်ဖက်ကအပြစ်မဲ့ ပြည်သူတွေကို သတ်နေပြန်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးဆို

📌 ၃။ နွေဦးတော်လှန်ရေးမှာ ပဲခူးတိုင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအတွက် အောင်မြေဖြစ်နေပြီလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်ပြောကြား

📌 ၄။ ကမ္ဘာလုံးဆိုင်ရာ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်မှု တွင် မြန်မာပြည်သူများအား ချန်လှပ် မထားခဲ့ရန် ကုလသမဂ္ဂမှာသံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

📌 ၅။ CDM ပြုလုပ်လာသည့် တပ်ကြပ်ကြီးစာရေး()ဦးနှင့်  ၎င်း၏ ဇနီးအား ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ပြီးဆုငွေ (၁၁)သိန်းကျပ် ချီးမြှင့်ပေးခဲ့

📌 ၆။ မုန်လိုင်ခက်စစ်ရှောင်စခန်းမှ ပြည်သူများထပ်မံစစ်ဘေးရှောင်နေရပြီး မိသားစု ၁၃၀ ကျော်နဲ့ လူဦးရေ ၆၀၀ ကျော် အတွက် အစားအစာနဲ့အသုံးအဆောင်ပစ္စည်းများလိုအပ်နေ

📌 ၇။ မြန်မာ့နွေဉီးတက္ကသိုလ်(MNOU) မှ ဖွင့်လှစ်သင်ကြားမညိ့ Formal Courses ပုံမှန်သင်တန်းများအား တတိယအသုတ်(ဒုတိယအကြိမ်) အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့မှစ၍ စတင်လက်ခံပြီလို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "တော်လှန်ရေးကာလမှာ အကန့်အသတ်မျိုးစုံကြားကအလုပ်လုပ်နေတဲ့ လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိနေကြပြီး အမှန်ပြင်နိုင်ဖို့ ကိုယ်တိုင်ပါဝင်ပြီး စိတ်ရှည်သီးခံ ဆွေးနွေးအဖြေရှာဖို့သာ အခက်ဆုံးဖြစ်တယ်လို့ဆို


အောက်တိုဘာ၁၂ရက်


"တော်လှန်ရေးကာလမှာ အကန့်အသတ်မျိုးစုံကြားကအလုပ်လုပ်နေတဲ့ လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိနေကြပြီး အမှန်ပြင်နိုင်ဖို့ ကိုယ်တိုင်ပါဝင်ပြီး စိတ်ရှည်သီးခံ ဆွေးနွေးအဖြေရှာဖို့သာ အခက်ဆုံးဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကပြောပါတယ်။


အောက်တိုဘာ၁၂ရက် လူမှုကွန်ရက်မှာပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကပြောပါတယ်။


"တော်လှန်ရေးကာလမှာ အစစ အရာရာ အကန့်အသတ်မျိုးစုံကြားက ကြိုးစား ရုန်းကန်ပြီး အလုပ်လုပ်နေတဲ့ လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိနေကြတာ အမှား ဆိုတာ လက်ညိုးထိုးမလွဲဘူး။ ဒီလို အခြေအနေမျိုးမှာ အမှားထောက်ပြတာဟာ အင်မတန်လွယ်ကူတဲ့ အလုပ်ဖြစ်ပြီး၊ ပညာတတ်စရာတောင်မလိုဘူး၊ အမှန်ပြင်နိုင်ဖို့ ကိုယ်တိုင်ပါဝင်ပြီး စိတ်ရှည်သီးခံ ဆွေးနွေးအဖြေရှာဖို့သာ အခက်ဆုံးဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ ဝေဖန်ထောက်ပြမှုများကို လက်ခံ၍ ပြည်သူ့အသံကိုအမြဲနားစိုက်လျက်ပြုပြင်ပြောင်းလဲမှုလည်းလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့တစ်ဖက်ကငြိမ်းချမ်းရေးကိုအကြောင်းပြပြီး တစ်ဖက်ကအပြစ်မဲ့ ပြည်သူတွေကို သတ်နေပြန်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးဆို


အောက်တိုဘာ၁၂ရက်


အကြမ်းဖက်စစ်ကောင်စီအနေနဲ့တစ်ဖက်ကငြိမ်းချမ်းရေးကိုအကြောင်းပြပြီး တစ်ဖက်ကအပြစ်မဲ့ ပြည်သူတွေကို သတ်နေပြန်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီး ခွန်ဗဟန်းထန်ကပြောကြားလိုက်ပါတယ်။


အောက်တိုဘာလအတွင်းလူ့အခွင့်ရေးဒုဝန်ကြီး ခွန်ဗဟန်းထန်ကပြောပါတယ်။


"အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အစ္စရေး/ပါလက်စတိုင်း ပဋိပက္ခမှာ အစ္စရေးမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့အဆင်သင့်ပဲလို့ အရှက်မရှိ ပြောတယ်။ 

တစ်ဖန် ငြိမ်းချမ်းရေးကိုလိုလားကြောင်း ကမ္ဘာကိုပြချင်တာနဲ့ NCA လက်မှတ်ထိုးထားတဲ့ အချို့သော EAOs အဖွဲ့တွေနဲ့ NCAနှစ်ပတ်လည်အတွက် အားကျိုးမာန်တက် စိုင်းပြင်း ပြင်ဆင်နေပြန်တယ်။တစ်ဖက်မှာ ကိုယ့်နိုင်ငံအတွင်းမှာ ရှိတဲ့ပြည်သူတွေကို လူမဆန်စွာပဲ လိုင်ဇာဘက်ကစစ်ဘေးရှောင်ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ပြီး နိုင်ငံတကာက သတ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေပြန်တယ်။တစ်ဖက်ကငြိမ်းချမ်းရေးကိုအကြောင်းပြပြီး တစ်ဖက်ကအပြစ်မဲ့ ပြည်သူတွေကို သတ်နေပြန်တယ်"လို့ဆိုပါတယ်။


အောက်တိုဘာလ ရက် ၊ည (၁၁:၂၃)အချိန်တွင် ကချင်ပြည်နယ် လိုင်ဇာမြို့မုန်လိုင်ခက်ကျေးရွာ၌ တည်ရှိသော စစ်ဘေးရှောင်စခန်းအား  အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


ထိုသို့ ပစ်ခတ်သည့် အထဲတွင် အင်အားပြင်းထန်သည့် ဗုံးသီးများပါဝင်ပြီး  ပေါက်ကွဲသည့်တည်နေရာနှင့် ပေ ၂၀၀ ၀န်းကျင်အထိ သက်ရောက်မှုရှိခဲ့ကာ  ကလေးငယ်များအပါအ၀င် ဒေသခံနှင့် စစ်ရှောင်ပြည်သူများ ၃၀ဦး သေဆုံး ကာ၅၇ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 


========================


📌📌 ၃။ နွေဦးတော်လှန်ရေးမှာ ပဲခူးတိုင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအတွက် အောင်မြေဖြစ်နေပြီလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်ပြောကြား


အောက်တိုဘာ၁၂ရက်


နွေဦးတော်လှန်ရေးမှာ ပဲခူးတိုင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအတွက် အောင်မြေဖြစ်နေပြီလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်ဦးမောင်မောင်ဆွေကပြောပါတယ်။


အောက်တိုဘာ၁၁ရက် ပြည်သူလူထုထံသို့ နွေဦးတော်လှန်ရေး အောင်ပွဲသတင်းများ တင်ပြရာမှာကာကွယ်ရေးဝန်ကြီးဌာနမှ ဒုအတွင်းဝန်ဦးမောင်မောင်ဆွေကပြောပါတယ်။


"ပဲခူးတိုင်းသည် အကြမ်းဖက်စစ်ကောင်စီအတွက် သူတို့ရဲ့အိမ်ဖြစ်တဲ့နေပြည်တော်နဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်နဲ့ထိစပ်ထားတဲ့ မဝါဗျူဟာအရေးပါသလိုပဲ ထောက်ပို့လမ်းကြောင်းအရလည်းအရေးပါတဲ့တိုင်းတစ်ခုဖြစ်ပါတယ်။အဲဒါကြောင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ မဝင်ရောက်နိူင်အောင် စစ်တောင်းမြစ်တလျှောက်မှာရော စစ်စခန်းတွေ၊ကင်းစခန်းတွေ အထပ်ထပ်ချပြီးကာကွယ်ခဲ့ပါတယ်။ဘယ်လိုပဲကာကွယ်ထားပါစေ။နွေဦးတော်လှန်ရေးမှာ ပဲခူးတိုင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအတွက် အောင်မြေဖြစ်နေပြီလို့ပြောချင်ပါတယ်"လို့ဆိုပါတယ်။


အောက်တိုဘာလ ()ရက်နေ့ နံနက်(:၃၀)နာရီခန့်တွင်လည်းအနောက်ရိုးမရှိ တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာအုပ်စု၊ ကြို့ပင်ဆိပ်ရွာ အကြမ်းဖက်စစ်ကောင်စီ၏ ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁နှင့် တပ်ခွဲ ပူးပေါင်းအဖွဲ့စစ်ကြောင်းက သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား (၁၀)ဦးသေ‌ဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပါတယ်။


========================


📌📌 ၄။ ကမ္ဘာလုံးဆိုင်ရာ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်မှု တွင် မြန်မာပြည်သူများအား ချန်လှပ် မထားခဲ့ရန် ကုလသမဂ္ဂမှာသံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား


အောက်တိုဘာ၁၂ရက်


ကမ္ဘာလုံးဆိုင်ရာ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်မှု တွင် မြန်မာပြည်သူများအား ချန်လှပ် မထားခဲ့ရန် ကုလသမဂ္ဂမှာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောကြားခဲ့ပါတယ်။


အောက်တိုဘာ၁၀ရက် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ဘာသာရပ်အစီအစဉ် (၁၈) စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် အစည်းအဝေးမှာ သံအမတ်ကြီးကပြောပါတယ်။


"စစ်တပ်သည် တိုင်းပြည်အုပ်ချုပ်ရန် တရားဝင်မှုမရှိ၊ စွမ်းဆောင် နိုင်မှု မရှိ၊ နိုင်ငံရေးစွမ်းအား လုံးဝမရှိ သည်ကို မြန်မာပြည်သူများက ပြတ်သားစွာ ထုတ်ဖော် ပြောကြားကြ ပြီးဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း သည် ပြည်သူများ၏ အသံများကို နားထောင်ပြီး စစ်အာဏာရှင် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေး ပြည်သူများ၏ဆန္ဒ ကို ထိရောက် သော ကူညီ ထောက်ခံပေးမှုများ ပံ့ပိုးပေးရန်လိုအပ်ကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက် အဝန်းမှ မြန်မာနိုင်ငံ အပေါ် တာဝန် မပျက်ကွက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်မှု တွင် မြန်မာပြည်သူများအား ချန်လှပ် မထားခဲ့ရန် ကို သေချာစွာ ဆောင်ရွက်ဖို့လိုအပ်ကြောင်း"သံအမတ်ကြီးကပြတ်သားစွာပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်အတိုင်မီက (SDGs) များအကောင်အထည်ဖော်မှု အစီရင်ခံစာ ညွှန်းကိန်းများအရ အလုံးစုံတိုးတက်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိခဲ့ သော်လည်း တရားမဝင် စစ်တပ် အာဏာသိမ်းမှုနှင့် စစ်တပ်၏ လူမဆန်သည့်လုပ်ရပ်များကြောင့် တိုးတက်မှုများအားလုံး နောက်ကြောင်းပြန်လှည့်ခဲ့ရပြီး ယခုညွှန်ကိန်းများအရ (၃၉) ရာခိုင်နှုန်းမှာ အကန့်အသတ်ဖြင့် လုပ်ဆောင်နေရပြီး (၄၂) ရာခိုင်နှုန်းမှာ ဆုတ်လျော့ခဲ့ကြောင်း သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ CDM ပြုလုပ်လာသည့် တပ်ကြပ်ကြီးစာရေး()ဦးနှင့်  ၎င်း၏ ဇနီးအား ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ပြီးဆုငွေ (၁၁)သိန်းကျပ် ချီးမြှင့်ပေးခဲ့


အောက်တိုဘာ ၁၂ရက်


CDM ပြုလုပ်လာသည့် တပ်ကြပ်ကြီးစာရေး()ဦးနှင့်  ၎င်း၏ ဇနီးအား ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ပြီးဆုငွေ (၁၁)သိန်းကျပ် ချီးမြှင့်ပေးခဲ့တယ်လို့ဆိုပါတယ်။


အောက်တိုဘာ၁၁ရက်မှာ ကဝပကဖကအတည်ပြုဖော်ပြပါတယ်။


"အကြမ်းဖက်စစ်ကောင်စီထံမှ ပြည်သူ့ရင်ခွင်သို့ ခိုလှုံ၍ (လက်နက်မပါ) CDM ပြုလုပ်လာသည့် တပ်ကြပ်ကြီးစာရေးတစ်ဦးနှင့် ၎င်း၏ ဇနီးအား ပဲခူးတိုင်းစစ်‌ဒေသခွဲ၊ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကဝမြို့နယ် ပကဖ) က ၎င်းတို့၏ ဆန္ဒအတိုင်း သွားရောက်လိုသည့် ဒေသသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ခဲ့ပြီး ဆုငွေ (၁၁)သိန်းကျပ် ချီးမြှင့်ပေးခဲ့တယ်"လို့ဆိုပါတယ်။


၎င်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင် (People's Embrace) နှင့် ချိတ်ဆက်ဆောင်ရွက်ကာ ကူညီစောင့်ရှောက်မှုများ ဆက်လက် လုပ်ဆောင်ပေးလျက်ရှိ‌တယ်လို့ဆိုပါတယ်။


ပဲခူးတိုင်းစစ်ဒေသခွဲသည်  ပြည်သူ့ထံ ခိုလှုံလာသော CDM တပ်မ‌တော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား ဝမ်းပန်းတသာ ကြိုဆိုလက်ခံပြီး ကူညီစောင့်ရှောက်မှုများ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ မုန်လိုင်ခက်စစ်ရှောင်စခန်းမှ ပြည်သူများထပ်မံစစ်ဘေးရှောင်နေရပြီး မိသားစု ၁၃၀ ကျော်နဲ့ လူဦးရေ ၆၀၀ ကျော် အတွက် အစားအစာနဲ့အသုံးအဆောင်ပစ္စည်းများလိုအပ်နေ


အောက်တိုဘာ၁၂ရက်


မုန်လိုင်ခက်စစ်ရှောင်စခန်းမှ ပြည်သူများထပ်မံစစ်ဘေးရှောင်နေရပြီး မိသားစု ၁၃၀ ကျော်နဲ့ လူဦးရေ ၆၀၀ ကျော် အတွက် အစားအစာနဲ့အသုံးအဆောင်ပစ္စည်းများလိုအပ်နေတယ်လို့သတင်းရရှိပါတယ်။


အောက်တိုဘာ၁၁ရက်မှာ ကချင်ဒေသခံအရင်းအမြစ် ဒေါ်ခွန်ဂျာကအသိပေးဆိုထားပါတယ်။


"မုန်လိုင်ခက် စစ်ရှောင်စခန်းမှာ မိသားစု၁၆၈စု၊လူဦးရေကျား၄၃၄၊မ၄၂၁ စုစုပေါင်း၆၅၈ဦး ရှိခဲ့ပါတယ်။ အဲဒီထဲက မိသားစု တခု က အားလုံး သေဆုံးသွားပါတယ်။ နေအိမ် ၁၆၈ လုံးပျက်စီးသွားပါတယ်။ အိမ်တွင်းပစ္စည်းများလည်း အကောင်းပကတိ တခုမှ မကျန်ပါဘူး။ ဒါတင်မကဘဲ မုန်လိုင်ခက် မူလ ဒေသခံများရဲ့ အိမ်၊ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဈေး များ ပျက်စီးပါတယ်။ ဒါကြောင့် တရွာလုံးနီးပါး ရွှေ့ပြောင်းရပါတယ်။ လောလောဆယ် Woichyai IDP Camp ရဲ့ ခန်းမ နဲ့ ဘုရားကျောင်း ဓမ္မာရုံမှာ ယာယီနေထိုင်နေရပါတယ်။ မနေ့က နံနက်ပိုင်းအထိ မိသားစု ၁၃၀ ကျော်နဲ့ လူဦးရေ ၆၀၀ ကျော် ရောက်နေပြီး ထပ်မံဝင်လာနေပါတယ်"လို့ဆိုပါတယ်။


အရေးပေါ် လိုအပ်တဲ့ အရာများကတော့ အိပ်ယာ၊ အဝတ်အစား၊ အခင်း၊ ဖျာ၊ ခြင်ထောင်၊  ဖိနပ်၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ သွားပွတ်တံ၊ ရေခွက်၊ ကပ်ခွာ၊သောက်ရေ၊ သုံးရေ၊အိုးခွက်ပန်းကန် မီးဖိုချောင်သုံးပစ္စည်းများတို့ပါဝင်ပါတယ်။


လိုအပ်မှုများကို စီစဉ်ပေးဖို့ ကော်မတီတရပ် ဖွဲ့စည်းထားပြီး ဖြစ်ကာ IDP Refugee Relief Committee  နဲ့ အရပ်ဘက်အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလစေတနာရှင်များ တပိုင်တနိုင် လာရောက်ကူနေပေမဲ့ အလျင်မမီသေးဘူးလို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ မြန်မာ့နွေဉီးတက္ကသိုလ်(MNOU) မှ ဖွင့်လှစ်သင်ကြားမညိ့ Formal Courses ပုံမှန်သင်တန်းများအား တတိယအသုတ်(ဒုတိယအကြိမ်) အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့မှစ၍ စတင်လက်ခံပြီလို့ဆို


အောက်တိုဘာ၁၂ရက်


မြန်မာ့နွေဉီးတက္ကသိုလ်(MNOU) မှ ဖွင့်လှစ်သင်ကြားမညိ့ Formal Courses ပုံမှန်သင်တန်းများအား တတိယအသုတ်(ဒုတိယအကြိမ်) အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့မှစ၍ စတင်လက်ခံပြီလို့ဆိုပါတယ်။


အောက်တိုဘာလ (၁၂)ရက်မှာမြန်မာ့နွေဉီးတက္ကသိုလ်(MNOU) မှ အသိပေးဆိုပါတယ်။


တတိယအသုတ် (ဒုတိယအကြိမ်) တွင် ဂုဏ်ထူးတန်း (ပထမနှစ်) H1၊တတိယနှစ်၊ ဒုတိယနှစ်၊ပထမနှစ်အတန်းများအတွက် ဝိဇ္ဇာ/သိပ္ပံဘာသာရပ်များ၊ ယဉ်ကျေးမှုနှင့်အနုပညာဘာသာရပ်များ၊ စီးပွါးရေးဘာသာရပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ဘာသာရပ်များ၊ စိုက်ပျိုးရေးသိပ္ပံမှ ဘာသာရပ်များကို ခေါ်ယူသွားမည် ဖြစ်ကြောင်းသိရပါတယ်။


အဆိုပါ အတန်းများအတွက် နေ့သင်တန်း )၂၀၂၀ တက်လက်စ second semester ဒုတိယနှစ်ဝက် ကျန်) ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ပြီးကျောင်းအပ်နှံခြင်းအစီအစဉ် တတိယအသုတ် (ပထမအကြိမ်)ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ (၁၂) ရက်နေ့မှ အောက်တိုဘာ (၂၆) ရက်နေ့အထိ  လက်ခံသွားမည် ဖြစ်ပြီး အောက်ဖော်ပြပါ ဘာသာရပ်များအား အထူးပြုတက်‌ရောက်ခဲ့သော CDM ကျောင်းသား၊ ကျောင်းသူများ အပ်နှံနိုင်မှာဖြစ်ပါတယ်။


ကျောင်းအပ်နှံခြင်းကို Myanmar Education System (MES) ပေါ်တွင် လာရောက်စာရင်းသွင်းပြီး အခမဲ့အပ်နှံရမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment