18th OCT 2023 - Evening Daily News by Radio NUG

 


၂၀၂၃ အောက်တိုဘာလ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUG ကိုယ်စားလှယ်အဖွဲ့ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာ့အရေးဆွေးနွေး

📌 ၂။ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ် အတွင်းရှိ စစ်ရှောင်ပြည်သူများကို လိုအပ်သည်များ NUG ကူညီပံ့ပိုး

📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၄။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၅။ စစ်ကောင်စီရဲ့ NCA ရှစ်နှစ်ပြည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိကြောင်း APHR ထုတ်ပြန်

📌 ၆။ KNU နယ်မြေ ကျောက်ကြီးမြို့နယ်အတွင်း လယ်ဧက ထောင်ကျော် ရေနစ်မြုပ်၊ လူ ၅ထောင်ကျော် အကူအညီလိုအပ်နေ

📌 ၇။ ရေလယ်ကျွန်းဒေသရှိ ပရဟိတဆေးခန်းမှ ဆေးဝါးများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

📌 ၈။ အကြမ်းဖက်စစ်တပ်က မိုးဗြဲဆည်မှ ဘီလူးချောင်းရေကို အဆမတန်ဖွင့်ချလိုက်သဖြင့် စပါးခင်း ဧက ၅ဝဝ နှင့် ငါးကန် ၁ဝဝ ဝန်းကျင်ပျက်စီး

📌 ၉။ ချင်းတွင်းမြစ်ကြောင်းအတိုင်း လက်နက်ခဲယမ်းနှင့်ရိက္ခာများသယ်လာသော စစ်တပ်ရေယာဉ်အုပ်စုကို တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်

📌 ၁၀။ နတ်တလင်းမြို့နယ်တွင် စစ်ကာင်စီစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUG ကိုယ်စားလှယ်အဖွဲ့ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာ့အရေးဆွေးနွေး


ချက်သမ္မတနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်အဖွဲ့နှင့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Jan Lipavsky တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့က ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့မှာ ပြုလုပ်နေတဲ့ Forum 2000 ညီလာခံပွဲအတွင်း တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုသို့တွေ့ဆုံရာတွင် ချက်သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတွင် အားပေးထောက်ခံမှုကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး ချက်သမ္မတနိုင်ငံအနေဖြင့် ယခုထက်ပိုမိုပြီး တနိုင်ငံချင်းဖြစ်စေ၊ ဥရောပနိုင်ငံများနှင့် ပူးပေါင်း၍ဖြစ်စေ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ဒီမိုကရေစီအရေးအတွက် ဆက်လက်ပြီး ကြိုးပမ်းသွားပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ချက်သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အမြဲတမ်း အားပေးထောက်ခံလျက်ရှိပြီး ဆက်လက်ပြီးလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တောင်းဆိုလှုပ်ရှားသူများအတွက် ရပ်တည်သွားမည်ဖြစ်ကြောင်းပြန်လည်ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၂။ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ် အတွင်းရှိ စစ်ရှောင်ပြည်သူများကို လိုအပ်သည်များ NUG ကူညီပံ့ပိုး


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန မှ လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့က အဆိုပါ မြို့နယ်များ အတွင်းရှိကျေးရွာများမှ စစ်ရှောင်ပြည်သူများအား NUG မှ  ထောက်ပံ့ငွေ ၇၀၀,၀၀၀ ကျပ် (ကျပ်ခုနှစ်သိန်းတိတိ) နှင့် အာဟာရဒါနအတွက် ငွေ ၃၀၀,၀၀၀ ကျပ် (ကျပ်သုံးသိန်းတိတိ) ကို သက်ဆိုင်ရာ မြို့နယ် MOWYCA တာဝန်ခံများနှင့် ပအဖ တာဝန်ခံများက ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ကြတယ်လို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၀/၂၀၂၃) ကို အောက်တိုဘာလ ၁၇ ရက် နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးချစ်ထွန်းမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။

အဆိုပါ တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှ ဦးဆောင်ကာ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၄။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အမှတ်စဉ် (၄၁/၂၀၂၃) အား အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တွဲဖက်အတွင်းဝန်နှင့် ပြည်သူ့ရဲတပ်ဖွဲ့  ရဲချုပ်တို့မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါတယ်။

ထို့နောက် တက်ရောက်လာတဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့ခေါင်းဆောင်များမှ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေမှုများ၊ ဥပဒေဆိုင်ရာ သိရှိလိုသည့် အချက်များ၊ မြေပြင် အခြေအနေ အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ရာ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အတွင်းဝန် နှင့် ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ ဆွေးနွေးတင်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် စစ်ကိုင်းနှင့် မကွေး ပြည်သူ့လုံခြုံရေးအဖွဲ့များမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီရဲ့ NCA ရှစ်နှစ်ပြည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိကြောင်း APHR ထုတ်ပြန်


အရပ်သားတွေကို အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အယုံအကြည်မရှိဘူးလို့ အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ APHR အဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ စစ်ကောင်စီက ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်ပြည့်အခမ်းအနားနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားမတိုင်ခင် ရက်အနည်းငယ် အတွင်းမှာပဲ စစ်ကောင်စီတပ်က ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီလို အခမ်းအနား ငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုးတွေ ကျင်းပပြရုံနဲ့ စစ်ကောင်စီက ငြိမ်းချမ်းရေး လိုလားနေတယ်ဆိုပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထင်ယောင်ထင်မှား မဖြစ်ကြဖို့လည်း ပြောထားပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက တက်ရောက်ခဲ့တာကိုလည်း စိတ်ပျက်မိတယ်လို့ APHR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ကျင်းပတဲ့ NCA ရှစ်နှစ်ပြည့် အခမ်းအနားကို မြောက်ကိုးရီးယားသံအမတ် အပါအဝင် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ဆော်ဒီအာရေဗျနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက သံအမတ်တွေ တက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း (Deng Xijun) တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲမှ ခုနစ်ဖွဲ့သာ တက်ရောက်ခဲ့ပြီး KNU CNF ABSDF မှ ကိုယ်စားလှယ်တွေတော့ တက်ရောက်ခဲ့ခြင်း မရှိဘူးလို့လည်း သတင်းရရှိပါတယ်။


========================


📌📌 ၆။ KNU နယ်မြေ ကျောက်ကြီးမြို့နယ်အတွင်း လယ်ဧက ထောင်ကျော် ရေနစ်မြုပ်၊ လူ ၅ထောင်ကျော် အကူအညီလိုအပ်နေ


ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ ကျောက်ကြီးမြို့နယ်အတွင်းက လယ်ဧက ၇ထောင်ကျော် ရေကြီးရေလျှံမှုတွေကြောင့် ရေနစ်မြုပ်ခဲ့ပြီး ပြည်သူလူထု ၅ထောင်ကျော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းမှာ ယခုနှစ် ဩဂုတ်လကနေ လက်ရှိအချိန်အထိ ရေကြီးရေလျှံမှုတွေကြောင့် မြေပြန့်ဒေသက ကျေးရွာတွေနဲ့ လယ်ကွင်းအများစု ရေနစ်မြှုပ်ခဲ့ကြရပြီး ပြည်သူလူထုစိုက်ပျိုးထားတဲ့ စပါးခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။ 

ကျေးရွာအဆင့် မြေယာကော်မတီတွေက ပေးပို့လာတဲ့ စာရင်းများအရဆိုရင် ရေကြီးရေလျှံတာကြောင့် ကျေးရွာ ၁၈ ရွာက အိမ်ထောင်စု ၈၄၉ စု လူဦးရေစုစုပေါင်း ၄၇၈၈ ဦးဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ လိုအပ်နေပြီး အဲဒီကျေးရွာတွေက လယ် ၇၁၇၇ ဒသမ ၄၉ ဧက ရေနစ်မြုပ်ခဲ့တာမှာ ၂၉၅၇ ဒသမ ၇၈ ဧက ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံပြည်သူတွေဟာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ဖို့၊ကျန်းမာရေးအတွက် ဆေးကုသမှုခံယူဖို့ စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ရေလယ်ကျွန်းဒေသရှိ ပရဟိတဆေးခန်းမှ ဆေးဝါးများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး


မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ စစ်ကြောင်းထိုး၊ မီးရှို့နေတဲ့ စစ်ကောင်စီတပ်က နွေဦးကံ့ကော် ပရဟိတဆေးခန်းမှ ဆေးဝါးပစ္စည်းများကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၁၅ ရက်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားတာလို့ အဆိုပါဆေးခန်း တာဝန်ရှိသူက ဆိုပါတယ်။

"ပျက်စီးဆုံးရှုံးမှုကတော့ နယ်မြေအခြေအနေအရ အတိအကျ မသိရသေးပေမယ့် ဆေးဈေးတွေကလည်း အဆမတန် တက်နေပြီ။ ဆေးဝယ်သလောက်တောင် မရဘဲ ခွဲဝယ်နေရတဲ့ အချိန်မှာ အခုလို ဖျက်ဆီးခံရတဲ့အတွက် အများကြီး ဆုံးရှုံးနစ်နာမှုများ ဖြစ်ခဲ့ရပါတယ်" ဟု နွေဦးကံ့ကော်ဆေးခန်း တာဝန်ရှိသူက ပြောထားပါတယ်။

ဆေးပစ္စည်းများ ဖျက်ဆီးခံရသော်လည်း စိတ်ဓါတ်မကျဘဲ ပြည်သူများအတွက် ဆက်လက် ရပ်တည်သွားမယ်လို့ နွေဦးကံ့ကော်ဆေးခန်းက ကတိပြုထားပါတယ်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းဟာ အောက်တိုဘာလ ၁၂ ရက်က စတင်ပြီး ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေကာ ဒေသခံ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာအချို့မှ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၈။ အကြမ်းဖက်စစ်တပ်က မိုးဗြဲဆည်မှ ဘီလူးချောင်းရေကို အဆမတန်ဖွင့်ချလိုက်သဖြင့် စပါးခင်း ဧက ၅ဝဝ နှင့် ငါးကန် ၁ဝဝ ဝန်းကျင်ပျက်စီး


ကယားပြည်နယ်မှာရှိတဲ့ မိုးဗြဲမြို့မှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မိုးဗြဲဆည်ကနေ ဘီလူးချောင်းရေကို အဆမတန်ဖွင့်ချလိုက်တဲ့အတွက် ဆည်အောက်မှာရှိတဲ့ ရိတ်သိမ်းခါနီး စပါးခင်း ဧက ၅ဝဝ ဝန်းကျင်နဲ့ ငါးမွေးမြူရေးကန် ဧက ၁ဝဝ ဝန်းကျင် ပျက်စီးသွားတယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့က ခုလိုဆည်ရေတွေကို အဆမတန်ဖွင့်ချလိုက်တဲ့အတွက် ဘီလူးချောင်း ဘေးမှာနေထိုင်ပြီး လုပ်ကိုင်စားသောက်နေရတဲ့ စစ်ဘေးရှောင်ဦးရေ ၅ဝဝ ဝန်းကျင်နေထိုင်ရာနေရာနဲ့ တပိုင်တနိုင်စိုက်ပျိုးထားတဲ့ စပါးခင်းအားလုံး ဆည်ရေဝင်လို့ နစ်မြုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ 

ဒါအပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တာမရှိဘဲ စည်ကား ရပ်ကွက်နဲ့ ဒုန်းဒူထန်ရပ်ကွက်မှ ပြည်သူပိုင်နေအိမ် လုံးကိုလည်း အောက်တိုဘာလ ၁၅ ရက်နေ့ ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့လည်း အသိပေးထားပါတယ်။

မိုးဗြဲမြို့မှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ညောင်ဝိုင်းရပ်ကွက်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ဒီလို ပြည်သူလူထုကို စိတ်သောကပေးရုံသာမက ဒုက္ခမျိုးစုံပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ  အမြစ်ပြတ်သွားအောင် တော်လှန်သွားမယ်လို့ မိုးဗြဲ PDF က အသိပေးထားပါတယ်။

ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ မိမိတို့လုံခြုံရေးကို အဓိကထား သွားလာနေထိုင်ကြဖို့၊ နေရပ်ပြန်လာကြတဲ့ စစ်ဘေးရှောင်တွေနဲ့ ခရီးသွားပြည်သူတွေ သတိရှိစွာသွားလာနေထိုင်ကြဖို့ အမှတ်-၁၀၀၁ မိုးဗြဲ ပြည်သူ့ ကာကွယ်ရေးတပ်က တိုက်တွန်းထားပါတယ်။


========================


📌📌 ၉။ ချင်းတွင်းမြစ်ကြောင်းအတိုင်း လက်နက်ခဲယမ်းနှင့်ရိက္ခာများသယ်လာသော စစ်တပ်ရေယာဉ်အုပ်စုကို တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်


ဧရာဝတီမြစ်ကနေ ချင်းတွင်းမြစ်ကြောင်းအတွင်း ဝင်လာတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေသယ်လာတဲ့ စစ်တပ်ရေယာဉ်အုပ်စုကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီခွဲလောက်က ချင်းတွင်းမြစ်ကြောင်းအတွင်း ဝင်လာတဲ့ ဖလပ်ခွံ ရေယာဉ် စင်းကို ပွိုင့် ဝမ်း၊ ပွိုင့် တူး ဆိုပြီး နေရာ ခွဲတိုက်ခိုက်ခဲ့တာလို့ Brave Heart Army က အသိပေးထားပါတယ်။ 

ပွိုင့် ဝမ်း အနေနဲ့ ပေါင်းဝကျေးရွာအနီးမှာ ရှေ့ထွက်ပြောင်း လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပွိုင့် တူးကိုတော့ ရွှေကုန်းအနီးမှာ ရှေ့ထွက်ပြောင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

လတ်တလောမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး မဟာမိတ် ရဲဘော်တွေ ဘေးကင်းခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း - ၁၀၊ တပ်ခွဲ () Chindwin Fighter Group အဖွဲ့သားတွေက ဦးဆောင်ခဲ့ပြီး Brave Heart Army နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


========================


📌📌 ၁၀။ နတ်တလင်းမြို့နယ်တွင် စစ်ကာင်စီစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းများကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာမှာ စစ်သား ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ မနက် နာရီခွဲလောက်မှာ သပြေပင် သုံးလုံးပြူးဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်းက ရဲဘော်တွေနဲ့ Phoenix DF ရဲဘော်တွေ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာမှာ စစ်သား ၂ဦး သေဆုံးပြီး ဒဏ်ရာရသွားသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ ဆင်တွေနဲ့ ဆင်ဝိုင်းကမိသားစုတွေကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားပြီး မိုင်းကွင်းတွေကို ကျော်ဖြတ်ခဲ့တယ်လို့ Phoenix DF က ပြောပါတယ်။

အဲဒီလို လူသားဒိုင်းကာတွေနဲ့ မိုင်းကွင်းတွေကိုကျော်ဖြတ်ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ ဉာဏ်လယ်ဗိုလ်တဲကုန်းကို ရောက်ရှိချိန် မွန်းတည့် ၁၂ နာရီအချိန်မှာ Phoenix DF က ရဲဘော်တွေ စနိုက်ဘာနဲ့ ပစ်ခဲ့တာကြောင့် စစ်သား တစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဗိုလ်တဲကုန်းကနေဆက်ပြီးထွက်လာတဲ့ စစ်ကြောင်းကိုတော့ စမ်းကြီးရွာအနီးမှာ ထပ်မံပြီး မိုင်ဆွဲ တိုက်ခိုက်ခဲ့တာမှာတော့ စစ်သား ဦး သေဆုံးပြီး ဒဏ်ရာရသွားသူတွေရှိခဲ့တယ်လို့ပြောပါတယ်။

အခုလို တော်လှန်ရေးရဲဘော်တွေ တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ခေါ်လာတဲ့ ဆင်တွေနဲ့ ဆင်ဝိုင်းကမိသားစုတွေရော တော်လှန်ရေးရဲဘော်တွေရော အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ 

ပဲခူးရိုးမနယ်တဝိုက်မှာ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်အုပ်စုတွေအနီးမှာ နေထိုင်တာ၊ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူ ခရီးသွားတာတွေမလုပ်ဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ () Phoenix DF က အသိပေးထားပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment